ဘုရားသခင့်နိုင်ငံတော်ဆိုတာ သင့်စိတ်နှလုံးထဲမှာ ရှိတဲ့အရာလား
သမ္မာကျမ်းစာ ဖြေဆိုရာ
မဟုတ်ပါဘူး။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ခရစ်ယာန်တွေရဲ့ စိတ်နှလုံးထဲမှာ ရှိတဲ့အရာ မဟုတ်ဘူး။ a ကျမ်းစာမှာ “ကောင်းကင်နိုင်ငံတော်” လို့ခေါ်ထားတာကို ကြည့်ရင် ဘုရားသခင့်နိုင်ငံတော်ရဲ့ အမှန်တကယ် တည်ရှိတဲ့နေရာကို သိနိုင်တယ်။ (မဿဲ ၄:၁၇) ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်ကနေ အုပ်ချုပ်မယ့် အစိုးရဖြစ်တယ်ဆိုတာ ကျမ်းစာဖော်ပြချက်ကို လေ့လာကြည့်ပါ–
ဘုရားသခင့်နိုင်ငံတော်မှာ ဘုရင်တွေ၊ လက်အောက်ခံတွေ၊ ဥပဒေတွေနဲ့ အခွင့်အာဏာတွေ ရှိပါတယ်။ ဘုရားရဲ့အလိုတော်တွေ ကောင်းကင်မှာရော မြေကြီးမှာပါ ပြည့်စုံဖို့ ဒီအခွင့်အာဏာတွေကို သုံးသွားမှာဖြစ်တယ်။—မဿဲ ၆:၁၀; ဗျာဒိတ် ၅:၁၀။
ဘုရားသခင့်အစိုးရ ဒါမှမဟုတ် ဘုရားသခင့်နိုင်ငံတော်က မြေကြီးမှာရှိတဲ့ “ဘာသာစကားအသီးသီးကိုပြောတဲ့ လူမျိုးအပေါင်း” ကို အုပ်ချုပ်သွားမှာဖြစ်တယ်။ (ဒံယေလ ၇:၁၃၊ ၁၄၊ ကဘ) အုပ်ချုပ်ခွင့်အာဏာရရှိတဲ့သူကို လက်အောက်ခံပြည်သားတွေ တင်မြှောက်တာမဟုတ်ဘဲ ဘုရား တိုက်ရိုက်ခန့်အပ်ထားတာဖြစ်တယ်။—ဆာလံ ၂:၄–၆; ဟေရှာယ ၉:၇။
ယေရှုက အထူးရွေးချယ်ထားတဲ့ သစ္စာရှိတပည့်တွေကို သူနဲ့အတူ ကောင်းကင်နိုင်ငံတော်ရဲ့ “ပလ္လင်ပေါ်မှာ ထိုင်” ခွင့်ရမယ်လို့ ပြောခဲ့တယ်။—လုကာ ၂၂:၂၈၊ ၃၀။
ဘုရားသခင့်နိုင်ငံတော်မှာ ရန်သူတွေရှိပြီး သူတို့ကို ဖျက်ဆီးတော့မှာဖြစ်တယ်။—ဆာလံ ၂:၁၊ ၂၊ ၈၊ ၉; ၁၁၀:၁၊ ၂; ၁ ကောရိန္သု ၁၅:၂၅၊ ၂၆။
ကျမ်းစာက ကောင်းကင်နိုင်ငံတော်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်နှလုံးကို ချုပ်ကိုင်ထားတဲ့အရာ ဖြစ်တယ်လို့ မသွန်သင်ပါဘူး။ ဒါပေမဲ့ “နိုင်ငံတော်နှင့်ဆိုင်သော တရားစကားတော်၊” “နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်း” က လူတွေရဲ့ စိတ်နှလုံးအပေါ် အကျိုးသက်ရောက်နိုင်တယ်၊ သက်ရောက်မှု ရှိသင့်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—မဿဲ ၁၃:၁၉; ၂၄:၁၄။
“ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏ အထဲ၌ရှိ” တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။
တချို့ဘာသာပြန်ကျမ်းတွေမှာ လုကာ ၁၇:၂၁ ကို ပြန်ဆိုထားချက်အရ နိုင်ငံတော် တည်ရှိတဲ့နေရာနဲ့ ပတ်သက်ပြီး လူတချို့ ရှုပ်ထွေးကုန်ကြတယ်။ ဥပမာ၊ “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်” ဆိုပြီး ယုဒသန်ဘာသာပြန်ကျမ်းမှာ ဖော်ပြထားတယ်။ ဒီကျမ်းချက်ကို မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ အထက်အောက်စကားတွေကို စဉ်းစားကြည့်ပါ။
ယေရှုက သူ့ကို မကြိုက်တဲ့အပြင် သတ်ဖို့တောင် ကြံစည်နေကြတဲ့ ဘာသာရေးခေါင်းဆောင် ဖာရိရှဲတွေနဲ့ စကားပြောနေတာဖြစ်တယ်။ (မဿဲ ၁၂:၁၄; လုကာ ၁၇:၂၀) ဒါကြောင့် ခေါင်းမာတဲ့ ဖာရိရှဲတွေရဲ့ စိတ်နှလုံးထဲမှာ နိုင်ငံတော်ရှိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ သူတို့ရဲ့ “အတွင်း၌ကား အရေခြုံမှု၊ မတရားမှုတို့နှင့် ပြည့်လျက်ရှိကြ၏” လို့ ယေရှု ပြောခဲ့တယ်။—မဿဲ ၂၃:၂၇၊ ၂၈။
တခြားဘာသာပြန်ကျမ်းတွေမှာ လုကာ ၁၇:၂၁ မှာပါတဲ့ ယေရှုစကားတွေကို ခုလို ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ပြန်ဆိုကြတယ်– “ဘုရားသခင့်နိုင်ငံတော်က သင်တို့နဲ့အတူ ရှိတယ်။” (Contemporary English Version ) “ဘုရားသခင့်နိုင်ငံတော်က သင်တို့အလယ်မှာ ရှိတယ်။” (ကမ္ဘာသစ်ဘာသာပြန်ကျမ်း) ကောင်းကင်နိုင်ငံတော်က ဖာရိရှဲတွေနဲ့ “အတူရှိတယ်၊” “အလယ်မှာရှိတယ်” လို့ ပြောတဲ့အခါ ဘုရားနိုင်ငံတော်မှာ ဘုရင်ဖြစ်မယ့် ယေရှုဟာ သူတို့ရှေ့မှာ ရပ်နေတာကို ဆိုလိုနေတာဖြစ်တယ်။—လုကာ ၁:၃၂၊ ၃၃။
a ဘုရားသခင့်နိုင်ငံတော်ဟာ လူ့စိတ်နှလုံးမှာရှိတယ်လို့ အမည်ခံခရစ်ယာန်ဂိုဏ်းအများစု သွန်သင်ကြတယ်။ ဥပမာ၊ အမေရိကန်နိုင်ငံ၊ တောင်ပိုင်းနှစ်ခြင်းခရစ်ယာန်တွေရဲ့ အစည်းအဝေးတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်ဆိုတာ “လူတစ်ဦးစီရဲ့ စိတ်နှလုံးမှာရှိတဲ့ အရာဖြစ်ပြီး သူတို့ရဲ့ ဘ၀ကိုလည်း စိုးမိုးထားတယ်” တယ်လို့ ကြေညာခဲ့တယ်။ အလားတူပဲ၊ ၁၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်က “ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာဖြစ်တယ်” လို့ သူ့ရဲ့စာအုပ် (Jesus of Nazareth ) မှာ ဖော်ပြထားတယ်။