မာတိကာဆီ ကျော်သွား

ဆယ်ဖို့တစ်ဖို့အကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ

ဆယ်ဖို့တစ်ဖို့အကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ

ကျမ်းစာ အဖြေ

 ရှေးခေတ် အစ္စရေးလူမျိုးဟာ စစ်မှန်တဲ့ ဝတ်ပြုရေးကို ထောက်ပံ့တဲ့အနေနဲ့ မိမိတို့ရဲ့ တစ်နှစ်စာဝင်ငွေကနေ ဆယ်ဖို့တစ်ဖို့ aကို အလှူငွေအနေနဲ့ ပေးလှူဖို့ တောင်းဆိုခံရတယ်။ “နှစ်တိုင်း ကိုယ့်လယ်ထွက်သီးနှံထဲကနေ ဆယ်ဖို့တစ်ဖို့ကို မပျက်မကွက် ပေးရမယ်” လို့ ဘုရား မိန့်မှာခဲ့တယ်။—တရားဟောရာ ၁၄:၂၂

 ရှေးအစ္စရေးတွေကို ပေးခဲ့တဲ့ မောရှေပညတ်မှာ ဆယ်ဖို့တစ်ဖို့ ပေးဖို့ပညတ် ပါတယ်။ ခရစ်ယာန်တွေဟာ မောရှေပညတ်အောက်မှာ မရှိတဲ့အတွက် ဆယ်ဖို့တစ်ဖို့ ပေးစရာ မလိုဘူး။ (ကောလောသဲ ၂:၁၃၊ ၁၄) အဲဒီအစား “စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်းကြပါ။ နှမြောတဲ့စိတ်၊ မလှူမနေရ ဆိုတဲ့စိတ်နဲ့ မလှူပါစေနဲ့။ စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်” ဆိုတဲ့ ကျမ်းစကားနဲ့အညီ ခရစ်ယာန်တွေ လှူဒါန်းကြတယ်။—၂ ကောရိန္သု ၉:၇

 ဓမ္မဟောင်းကျမ်းမှာပါတဲ့ ဆယ်ဖို့တစ်ဖို့ ပေးခြင်း

 ဓမ္မဟောင်းကျမ်းလို့ လူသိများတဲ့ ကျမ်းစာအပိုင်းမှာ ဆယ်ဖို့တစ်ဖို့အကြောင်း အကြိမ်များစွာ ဖော်ပြထားတယ်။ အကြိမ်အတော်များများကတော့ မောရှေကတစ်ဆင့် အစ္စရေးတွေကို ပညတ်တရား ပေးပြီးနောက်ပိုင်း အချိန်နဲ့ ဆက်စပ်တယ်။ ဒါပေမဲ့ ဖြစ်ရပ်နှစ်ခုကတော့ ပညတ်မပေးခင်အချိန်နဲ့ ဆက်စပ်တယ်။

မောရှေပညတ် မပေးခင်

 ဆယ်ဖို့တစ်ဖို့ကို ပထမဆုံးပေးခဲ့သူက အာဗြံ (အာဗြဟံ) ဖြစ်တယ်။ (ကမ္ဘာဦး ၁၄:၁၈-၂၀။ ဟီဘရူး ၇:၄) ဘုရင်နဲ့ ပုရောဟိတ်ဖြစ်တဲ့ ဆာလင်မင်းကို အာဗြံ ဆယ်ဖို့တစ်ဖို့ ပေးတာ ဒီတစ်ကြိမ်ပဲ ဖြစ်ပုံရတယ်။ အာဗြဟံနဲ့ အာဗြဟံရဲ့သားမြေးတွေ နောက်ထပ် ဆယ်ဖို့တစ်ဖို့ ထပ်ပေးတယ်ဆိုတဲ့ အထောက်အထား ကျမ်းစာမှာ မတွေ့ရဘူး။

 ဆယ်ဖို့တစ်ဖို့ ပေးတဲ့ ဒုတိယပုဂ္ဂိုလ်အဖြစ် ကျမ်းစာမှာ ဖော်ပြထားသူကတော့ အာဗြဟံရဲ့မြေး ယာကုပ် ဖြစ်တယ်။ ဘုရားသခင် ကောင်းချီးပေးမယ်ဆိုရင် သူရမယ့်ထဲက “ဆယ်ဖို့တစ်ဖို့ကို” ပေးမယ်လို့ ဘုရားကို ယာကုပ် ကတိပေးခဲ့တယ်။ (ကမ္ဘာဦး ၂၈:၂၀-၂၂) ကျမ်းပညာရှင်တချို့ရဲ့ အဆိုအရ ယာကုပ်ပေးတဲ့ ဆယ်ဖို့တစ်ဖို့က တိရစ္ဆာန်ပူဇော်သက္ကာတွေ ဖြစ်နိုင်တယ်။ ကတိအတိုင်း ဆယ်ဖို့တစ်ဖို့ ပေးခဲ့ပေမဲ့ မိမိရဲ့မိသားစုဝင်တွေ ဆယ်ဖို့တစ်ဖို့ ပေးရမယ်လို့ ယာကုပ် မပြောခဲ့ဘူး။

မောရှေပညတ် ပေးပြီးနောက်

 ဘာသာရေးလုပ်ဆောင်မှုတွေကို ထောက်ပံ့တဲ့ နည်းတစ်နည်းအဖြစ် ဆယ်ဖို့တစ်ဖို့ ပေးဖို့ ရှေးအစ္စရေးတွေကို မိန့်မှာခဲ့တယ်။

  •   ဆယ်ဖို့တစ်ဖို့ပေးတာက အချိန်ပြည့် ဘာသာရေးအမှုထမ်းတွေဖြစ်တဲ့ လေဝိသားတွေ၊ ပုရောဟိတ်တွေကို ထောက်ပံ့ဖို့ဖြစ်တယ်။ သူတို့မှာ ထွန်ယက်စိုက်ပျိုးဖို့ ကိုယ်ပိုင်မြေ မရှိကြဘူး။ (တောလည်ရာ ၁၈:၂၀၊ ၂၁) ပုရောဟိတ်မဟုတ်တဲ့ လေဝိသားတွေဟာ လူတွေဆီကနေ ဆယ်ဖို့တစ်ဖို့ ရကြတယ်။ သူတို့ရတဲ့ “ဆယ်ဖို့တစ်ဖို့ထဲကနေ ဆယ်ဖို့တစ်ဖို့ကိုယူပြီး” ပုရောဟိတ်တွေအတွက် ပြန်လှူဒါန်းရတယ်။—တောလည်ရာ ၁၈:၂၆-၂၉

  •   နှစ်စဉ်ပေးရတဲ့ ဆယ်ဖို့တစ်ဖို့ နောက်တစ်မျိုး ရှိပုံရတယ်။ အဲဒါကနေ လေဝိသားရော လေဝိသားမဟုတ်သူတွေပါ အကျိုးခံစားရတယ်။ (တရားဟောရာ ၁၄:၂၂၊ ၂၃) အစ္စရေးမိသားစုတွေဟာ အဲဒီဆယ်ဖို့တစ်ဖို့ကို အထူးပွဲတော်တွေမှာ အသုံးပြုတယ်။ တချို့နှစ်တွေမှာ အဲဒီဆယ်ဖို့တစ်ဖို့နဲ့ ဆင်းရဲသားတွေကို ထောက်ပံ့တယ်။—တရားဟောရာ ၁၄:၂၈၊ ၂၉။ ၂၆:၁၂

 ဆယ်ဖို့တစ်ဖို့ကို ဘယ်လို ရေတွက်သလဲ။ အစ္စရေးတွေဟာ နှစ်စဉ် မိမိတို့ပိုင်တဲ့မြေယာက ထွက်သမျှရဲ့ ဆယ်ဖို့တစ်ဖို့ကို ဖယ်ထားတယ်။ (ဝတ်ပြုရာ ၂၇:၃၀) အကယ်၍ အဲဒီဆယ်ဖို့တစ်ဖို့ကို မြေယာထွက် ပစ္စည်းတွေအစား ငွေနဲ့ ပေးဖို့ ဆုံးဖြတ်တယ်ဆိုရင် တန်ရာတန်ကြေးအပြင် အဲဒီတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုပေးရတယ်။ (ဝတ်ပြုရာ ၂၇:၃၁) “တိရစ္ဆာန်အုပ်ထဲက . . . ဆယ်ကောင်မြောက်အကောင်ကို” လည်း ပေးဖို့ ပညတ်ထားတယ်။—ဝတ်ပြုရာ ၂၇:၃၂

 တိရစ္ဆာန်အုပ်ရဲ့ ဆယ်ပုံတစ်ပုံကို သတ်မှတ်ရာမှာ ခြံထဲက ထွက်လာတဲ့ တိရစ္ဆာန်တွေထဲက ဆယ်ကောင်မြောက် အကောင်တိုင်းကို ဖယ်ထားရတယ်။ ဖယ်ထားတဲ့အကောင်တွေကို မစစ်ဆေးရဘူး၊ တခြားအကောင်နဲ့ မလဲရဘူး၊ ငွေနဲ့လည်း လဲလှယ်လို့မရဘူးဆိုပြီး ပညတ်တရားမှာ ဖော်ပြထားတယ်။ (ဝတ်ပြုရာ ၂၇:၃၂၊ ၃၃) ဒါပေမဲ့ နှစ်စဉ်ကျင်းပတဲ့ ပွဲတော်တွေမှာ သုံးတဲ့ နောက်ထပ်ဆယ်ဖို့တစ်ဖို့ကိုတော့ ငွေနဲ့ ပေးလို့ရတယ်။ ဒါက ပွဲတော်တွေတက်ဖို့ ခရီးဝေးကနေ လာရတဲ့ အစ္စရေးတွေအတွက် အဆင်ပြေလွယ်ကူစေတဲ့ အစီအစဉ် ဖြစ်တယ်။—တရားဟောရာ ၁၄:၂၅၊ ၂၆

 ဆယ်ဖို့တစ်ဖို့ကို ဘယ်အချိန်မှာ ပေးရသလဲ။ အစ္စရေးတွေဟာ နှစ်တိုင်း ဆယ်ဖို့တစ်ဖို့ ပေးရတယ်။ (တရားဟောရာ ၁၄:၂၂) ဒါပေမဲ့ ၇ နှစ်မြောက်တဲ့ နှစ်မှာတော့ ခြွင်းချက်ရှိတယ်။ အဲဒီနှစ်က ဥပုသ်နှစ်၊ အစ္စရေးတွေ ကောက်ပဲသီးနှံတွေ မသိမ်းတဲ့ အနားယူရာနှစ် ဖြစ်တယ်။ (ဝတ်ပြုရာ ၂၅:၄၊ ၅) အဲဒီ အထူးအခြေအနေကြောင့် ဆယ်ဖို့တစ်ဖို့ မကောက်ဘူး။ ဥပုသ်နှစ် ၇ နှစ်အတွင်းမှာရှိတဲ့ တတိယမြောက်နှစ်နဲ့ ခြောက်နှစ်မြောက်နှစ်တိုင်းမှာ အစ္စရေးတွေဟာ ဆယ်ဖို့တစ်ဖို့ နောက်တစ်မျိုးကို ယူလာပြီး ဆင်းရဲသားတွေ၊ လေဝိသားတွေကို ခွဲပေးရတယ်။—တရားဟောရာ ၁၄:၂၈၊ ၂၉

 ဆယ်ဖို့တစ်ဖို့ မပေးရင် ဘယ်လို ပြစ်ဒဏ်ခံရသလဲ။ ဆယ်ဖို့တစ်ဖို့ မပေးရင် ဘယ်လို ပြစ်ဒဏ်ခံရမယ်ဆိုတာ ပညတ်တရားမှာ မဖော်ပြထားဘူး။ ဆယ်ဖို့တစ်ဖို့ပေးတာက ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ရမယ့်တာဝန် ဖြစ်တယ်။ အစ္စရေးတွေက ဘုရားသခင်ရှေ့မှာ ဆယ်ဖို့တစ်ဖို့ ပေးပါပြီ၊ အဲဒီလို ပေးတဲ့အတွက် ဘုရားကောင်းချီးပေးပါလို့ တောင်းခံခဲ့ကြတယ်။ (တရားဟောရာ ၂၆:၁၂-၁၅) ဆယ်ဖို့တစ်ဖို့ မပေးတာကို မိမိဆီက လုယက်တာလို့ ဘုရားသခင် ရှုမြင်တယ်။—မာလခိ ၃:၈၊ ၉

 ဆယ်ဖို့တစ်ဖို့ပေးရတာက မနိုင်ဝန်ဖြစ်ခဲ့သလား။ မဖြစ်ခဲ့ပါဘူး။ အစ္စရေးတွေ ဆယ်ဖို့တစ်ဖို့ ပေးရင် ကောင်းချီးတွေ လိုလေသေးမရှိ သွန်းလောင်းမယ်လို့ ဘုရားသခင် ကတိပေးခဲ့တယ်။ (မာလခိ ၃:၁၀) ဆယ်ဖို့တစ်ဖို့ မပေးတော့တဲ့အခါ အစ္စရေးတွေ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ ကောင်းချီးတွေ ဆုံးရှုံးခဲ့ကြတယ်။ ပုရောဟိတ်နဲ့ လေဝိသားတွေဟာ လောကီအလုပ်တွေ ထွက်လုပ်နေရလို့ ဝတ်ပြုရေးမှာ အစ္စရေးတွေကို မကူညီပေးနိုင်တော့ဘူး။—နေဟမိ ၁၃:၁၀။ မာလခိ ၃:၇

 ဓမ္မသစ်ကျမ်းမှာပါတဲ့ ဆယ်ဖို့တစ်ဖို့ ပေးခြင်း

 လူသားအဖြစ် ယေရှု အသက်ရှင်ချိန်တုန်းက ဘုရားကို ဝတ်ပြုသူတွေ ဆယ်ဖို့တစ်ဖို့ ပေးဖို့ လိုအပ်နေဆဲပဲ။ ဒါပေမဲ့ ယေရှု သေဆုံးပြီးနောက်ပိုင်းမှာ ဒီတောင်းဆိုချက် ပျက်ပြယ်သွားတယ်။

ယေရှုအချိန်မှာ

 မြေကြီးပေါ် ယေရှုအသက်ရှင်တုန်းက အစ္စရေးတွေဟာ ဆယ်ဖို့တစ်ဖို့ ပေးဆက်ရတယ်ဆိုပြီး ဓမ္မသစ်ကျမ်းလို့ လူသိများတဲ့ ကျမ်းမှာ ဖော်ပြထားတယ်။ အစ္စရေးတွေ ဆယ်ဖို့တစ်ဖို့ ပေးရမယ့်တာဝန်ရှိမှန်း ယေရှု သိတယ်။ ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ဆယ်ဖို့တစ်ဖို့ကို အသေးအဖွဲကအစ အသေးစိတ် ပေးလှူပေမဲ့ “တရားမျှတတာ၊ သနားကရုဏာပြတာ၊ သစ္စာရှိတာစတဲ့ ပညတ်ကျမ်းထဲက ပိုအရေးကြီးတဲ့ အချက်တွေကိုတော့ လျစ်လျူရှုထားကြ” လို့ ယေရှု အပြစ်တင်ခဲ့တယ်။—မဿဲ ၂၃:၂၃

ယေရှု သေဆုံးပြီးနောက်ပိုင်း

 ယေရှု သေဆုံးပြီးနောက်မှာတော့ ဆယ်ဖို့တစ်ဖို့ ပေးစရာ မလိုတော့ဘူး။ ယေရှုရဲ့ ပူဇော်သက္ကာအဖြစ် သေဆုံးခြင်းက ‘ဆယ်ဖို့တစ်ဖို့ ကောက်ခံတဲ့ ပညတ်’ အပါအဝင် မောရှေပညတ်ကို ပယ်ဖျယ်လိုက်ပြီ။—ဟီဘရူး ၇:၅၊ ၁၈။ ဧဖက် ၂:၁၃-၁၅။ ကောလောသဲ ၂:၁၃၊ ၁၄

a ဆယ်ဖို့တစ်ဖို့ဆိုတာ “သတ်သတ်မှတ်မှတ် အရာတစ်ခုအတွက် အသုံးပြုဖို့ ဖယ်ထားတဲ့ လူတစ်ယောက်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံ ဖြစ်တယ်။ . . . ကျမ်းစာမှာ ဖော်ပြထားတဲ့ ဆယ်ဖို့တစ်ဖို့ကတော့ ဘာသာရေးအတွက် ရည်ရွယ်လေ့ရှိတယ်။”—Harper’s Bible Dictionary စာမျက်နှာ ၇၆၅။