မာတိကာဆီ ကျော်သွား

ကာအိနရဲ့ ဇနီးက ဘယ်သူလဲ

ကာအိနရဲ့ ဇနီးက ဘယ်သူလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 ပထမဦးဆုံး လူသားမောင်နှံရဲ့ သားဦးဖြစ်တဲ့ ကာအိနဟာ သူ့ညီမတစ်ယောက် ဒါမှမဟုတ် ဆွေမျိုးထဲက တစ်ယောက်ယောက်ကို လက်ထပ်ခဲ့တာ ဖြစ်နိုင်တယ်။ ဒီအချက်က သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ကာအိနနဲ့ သူ့မိသားစုအကြောင်းကို အခြေခံထားတာပါ။

ကာအိနနဲ့ သူ့မိသားစုအကြောင်း

  •   လူသားအားလုံးဟာ အာဒံနဲ့ ဧဝကနေ ဆင်းသက်လာတာဖြစ်တယ်။ “ဘုရားသခင်က လူတစ်ဦးတည်းကနေ လူအမျိုးမျိုးကို ဖန်ဆင်းပြီး မြေတစ်ပြင်လုံးမှာ နေထိုင်စေတယ်။” (တမန်တော် ၁၇:၂၆) အာဒံရဲ့ ဇနီးဖြစ်တဲ့ ဧဝဟာ “အသက်ရှင်သူ အားလုံးရဲ့ မိခင်” ဖြစ်တယ်။ (ကမ္ဘာဦး ၃:၂၀) ဒါကြောင့် ကာအိနဟာ အာဒံနဲ့ ဧဝရဲ့ သားမြေးတွေထဲက တစ်ယောက်ယောက်ကို လက်ထပ်ခဲ့တာဖြစ်ရမယ်။

  •   ကာအိနနဲ့ အာဗေလဟာ ဧဝမွေးတဲ့ ကလေးတွေထဲက ဦးဆုံး သားတွေဖြစ်တယ်။ (ကမ္ဘာဦး ၄:​၁၊ ၂) ကာအိနဟာ သူ့ညီကိုသတ်ပြီး နှင်ထုတ်ခံရတဲ့အခါ “တွေ့တဲ့သူတိုင်း ကျွန်တော့်ကို သတ်တော့မှာ” ဆိုပြီး ပြောခဲ့တယ်။ (ကမ္ဘာဦး ၄:၁၄) ဘယ်သူ့ကို ကာအိန ကြောက်နေတာလဲ။ ကျမ်းစာမှာ အာဒံဟာ “တခြား သားသမီးတွေကိုလည်း ရသေးတယ်” လို့ ဆိုထားတယ်။ (ကမ္ဘာဦး ၅:၄) ဒါကြောင့် အာဒံနဲ့ ဧဝရဲ့ သားမြေးတွေထဲက တခြားသူတွေကို ကာအိန ကြောက်တာဖြစ်မယ်။

  •   လူ့သမိုင်းအစမှာ ဆွေမျိုးနီးစပ်သူတွေ လက်ထပ်တာက မဆန်းပါဘူး။ ဥပမာ၊ ဘုရားကို သစ္စာရှိတဲ့ အာဗြဟံဟာ အဖေတူ အမေကွဲညီမကို လက်ထပ်ခဲ့တယ်။ (ကမ္ဘာဦး ၂၀:၁၂) အဲဒီလို ဆွေမျိုးနီးစပ်သူနဲ့ လက်ထပ်တာကို ဦးဆုံးတားမြစ်တာက မောရှေပညတ်မှာဖြစ်ပြီး ကာအိနအချိန်နောက်ပိုင်း နှစ်ပေါင်းများစွာကြာပြီးမှ တားမြစ်တာဖြစ်တယ်။ (ဝတ်ပြုရာ ၁၈:​၉၊ ၁၂၊ ၁၃) အဲဒီအချိန်က ဆွေမျိုးနီးစပ်သူချင်း ပေါင်းသင်းလို့ ရတဲ့ကလေးက အခုခေတ်လို သွေးသားနီးစပ်သူချင်း ပေါင်းသင်းပြီး ရတဲ့ကလေးလို မွေးရာပါ ချွတ်ယွင်းတာမျိုး မရှိသေးဘူး။

  •   အာဒံ၊ ဧဝနဲ့ သူ့မိသားစုကို တကယ်သမိုင်းဝင် ပုဂ္ဂိုလ်တွေအဖြစ် သမ္မာကျမ်းစာမှာ တိတိကျကျ ဖော်ပြထားတယ်။ အာဒံရဲ့ ဆွေစဉ်မျိုးဆက် အသေးစိတ်ကို မောရှေရေးတဲ့ ကမ္ဘာဦးကျမ်းမှာပဲ မဟုတ်ဘဲ သမိုင်းအကြောင်းရေးသူ ဧဇရနဲ့ လုကာတို့ရဲ့ ရေးသားချက်မှာလဲ တွေ့ရတယ်။ (ကမ္ဘာဦး ၅:​၃-၅။ ၁ ရာဇဝင်ချုပ် ၁:​၁-၄။ လုကာ ၃:၃၈) ကျမ်းစာရေးသူတွေက ကာအိနရဲ့ အဖြစ်အပျက်ကို သမိုင်းဆိုင်ရာ အဖြစ်အပျက်တစ်ခုအနေနဲ့ ရေးသားခဲ့ကြတာဖြစ်တယ်။​—ဟေဗြဲ ၁၁:၄။ ၁ ယောဟန် ၃:၁၂။ ယုဒ ၁၁