မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး
လက်မထပ်ခင် အတူနေသင့်သလား
လက်မထပ်ခင် အတူနေတဲ့ အတွဲတွေ အများကြီးပဲ။ တစ်ယောက်နဲ့တစ်ယောက် ကိုက်ညီမှုရှိမရှိ သိအောင်၊ အောင်မြင်တဲ့ အိမ်ထောင်ရေး တည်ဆောက်လို့ရမရ သိနိုင်အောင် အတူနေကြည့်တာလို့ ဆိုကြတယ်။ လက်မထပ်ခင် အတူနေတာဟာ တကယ်ပဲ ပညာရှိတဲ့လုပ်ရပ်လား။
ဒီဆောင်းပါးမှာ သိရမှာက
ကျမ်းစာအဆိုက ဘာလဲ
အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်ဆက်ဆံခြင်းကို ကျမ်းစာ ပြစ်တင်ရှုတ်ချထားတယ်။ ဥပမာ၊ “လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်” ပါလို့ ဆိုထားတယ်။ (၁ သက်သာလောနိတ် ၄:၃။ ၁ ကောရိန္သု ၆:၁၈) နောက်ပိုင်းလက်ထပ်ဖို့ ရည်ရွယ်ချက်ရှိရင်တောင် လက်မထပ်ဘဲ အတူနေတာဟာ လိင်အကျင့်ယိုယွင်းမှုပါပဲ။ a ကျမ်းစာစံနှုန်းတွေကို လိုက်နာတာက လက်မထပ်ဘဲ ကိုယ်ဝန်ရတာအပါအဝင် တခြားဆိုးကျိုးတွေကနေ ကာကွယ်ပေးတယ်။
အိမ်ထောင်ရေးအစီအစဉ်ကို ဘုရားသခင် အစပြုခဲ့တုန်းက အခုလိုဆိုတယ်– “ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။” (ကမ္ဘာဦး ၂:၂၄) လက်ထပ်ထိမ်းမြားခြင်းဟာ မေတ္တာလွှမ်းခြုံပြီး တည်မြဲခိုင်မာတဲ့ မိသားစုဘဝ တည်ဆောက်ရာမှာ အခြေခံအုတ်မြစ်ပါပဲ။
လက်မထပ်ခင် အတူနေတာက အိမ်ထောင်သည်ဘဝအတွက် ပြင်ဆင်ပေးရာရောက်သလား
အတူနေကြည့်တဲ့အခါ အိမ်အလုပ်တွေ အတူလုပ်နိုင်ပြီး တစ်ယောက်ရဲ့အကျင့်ကို တစ်ယောက် ကောင်းကောင်းလေ့လာနိုင်လို့ အိမ်ထောင်သည်ဘဝအတွက် ပြင်ဆင်ပေးရာရောက်တယ်လို့ တချို့ ယူဆကြတယ်။ တကယ်တော့ အောင်မြင်တဲ့အိမ်ထောင်ရေး တည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့အရာဟာ ကတိသစ္စာပြုခြင်းပါ။
ဆိုးတူကောင်းဖက် ဘဝလက်တွဲဖော်တွေ ဖြစ်နိုင်အောင် ဘာက ကူညီပေးသလဲ။ တစ်ယောက်ကိုတစ်ယောက် လက်တွဲမဖြုတ်ဖို့ ကတိသစ္စာပြုထားပြီး ဘဝပြဿနာတွေကို အတူရင်ဆိုင်ခြင်းပါ။ အချိန်မရွေး ပြတ်စဲလို့ရတဲ့ အဖော်နဲ့ အတူနေထိုင်ခြင်း မဟုတ်ပါဘူး။
အဓိကအချက်။ လက်မထပ်ဘဲ အတူနေတဲ့အတွဲတွေဟာ တကယ်တော့ လက်ထပ်ဖို့ ပြင်ဆင်နေသူတွေမဟုတ်ဘဲ ခွဲခွာဖို့ ပြင်ဆင်နေသူတွေပါ။
ကျမ်းစာအခြေခံမူ။ “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။”—ဂလာတိ ၆:၇။
လက်မထပ်ခင် အတူနေတာက ငွေရေးကြေးရေးပိုင်း အကျိုးပြုသလား
အကျိုးပြုတယ်လို့ တချို့ပြောကြတယ်။ ဖျူးသုတေသနစင်တာရဲ့ တွေ့ရှိချက်အရ အမေရိကန်မှာ အရွယ်ရောက်သူ ဆယ်ယောက်အနက် လေးယောက်က ငွေရေးကြေးရေးကြောင့် အတူစနေဖြစ်ကြတာလို့ ဆိုတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ အတူနေပြီးနောက်မှာလည်း အများစုက ငွေကြေးပြဿနာကြောင့်ပဲ လက်မထပ်ဖြစ်ကြတာလို့ ပြောကြတယ်။
လက်မထပ်ဘဲ အတူနေတဲ့ အကျိုးဆက်ကို ပိုခံစားရသူတွေဟာ အမျိုးသမီးတွေပါ။ ဥပမာ၊ လမ်းခွဲပြီးတဲ့နောက်ပိုင်း အမျိုးသမီးတွေပဲ ကလေး ပြုစုပျိုးထောင်ရတဲ့တာဝန်ကို ယူရလေ့ရှိတယ်။
အဓိကအချက်။ လက်မထပ်ခင် အတူနေတာ အကျိုးရှိတယ်လို့ ထင်ရနိုင်ပေမဲ့ ဆိုးကျိုးက အဆမတန် ပိုများနိုင်တယ်။
ကျမ်းစာအခြေခံမူ။ ‘ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်ဖြစ်တယ်။’—ဟေရှာယ ၄၈:၁၇။
လက်မထပ်ခင် အတူနေတာက ကိုယ်နဲ့မသင့်တော်တဲ့သူနဲ့ အိမ်ထောင်မပြုမိအောင် ကာကွယ်ပေးသလား
ကာကွယ်ပေးတယ်လို့ တချို့ပြောကြတယ်။ ဒါပေမဲ့ “လက်မထပ်ခင် အတူနေလိုက်လို့ လမ်းခွဲဖို့ ပိုခက်သွားမှန်း အများစု မသိကြဘူး” လို့ အိမ်ထောင်ရေးအတွက် တိုက်ပွဲဝင်ခြင်း စာအုပ်က ဆိုတယ်။ ဘာကြောင့်လဲ။ လက်မထပ်ဘဲ အတူနေတဲ့အတွဲတွေက တစ်ယောက်နဲ့တစ်ယောက် လုံးဝမလိုက်ဖက်ဘူးဆိုတာ နောက်ပိုင်းသိလိုက်ရပေမဲ့ အိမ်မွေးတိရစ္ဆာန် အတူမွေးထားတာ၊ အိမ်ငှားစာချုပ်မှာ အတူလက်မှတ်ထိုးထားတာ၊ မမျှော်လင့်ဘဲ ကိုယ်ဝန်ရတာ စတဲ့အရာတွေကြောင့် ပိုကောင်းတဲ့ဖြေရှင်းနည်း ရှာမတွေ့တော့ဘဲ အတူဆက်နေဖြစ်ကြတယ်။ b “တကယ်ဆိုရင် လက်ထပ်ဖြစ်မှာ မဟုတ်တဲ့အတွဲတွေက ဘဝအဆင်ပြေရေးအတွက် အတူဆက်နေဖို့လိုတာနဲ့ပဲ မထူးဇာတ်ခင်းပြီး လက်ထပ်ဖြစ်ကြတာ” လို့ စာအုပ်မှာ ဆက်ဖော်ပြထားတယ်။
အဓိကအချက်။ လက်မထပ်ခင် အတူနေတာက ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီပေးမယ့်အစား အဆင်မပြေတဲ့ဆက်ဆံရေးကို ဖြတ်ရခက်စေတယ်။
ကျမ်းစာအခြေခံမူ။ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်။”—ပညာအလိမ္မာ ၂၂:၃။
ပိုကောင်းတဲ့ နည်းလမ်း ရှိသလား
လက်မထပ်ခင် အတူနေခြင်းကြောင့် ရရှိတဲ့ဆိုးကျိုးတွေ ရှောင်ရှားပြီး အောင်မြင်တဲ့အိမ်ထောင်ရေး တည်ဆောက်နိုင်ဖို့ ကြိုးစားနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ကျမ်းစာစံနှုန်းတွေ လိုက်လျှောက်ခြင်းအားဖြင့်ပါ။ အိမ်ထောင်မပြုခင်မှာ အိမ်ထောင်ဖက်အဖြစ် ရည်မှန်းထားသူအကြောင်း အချိန်ပေးပြီး သေချာသိအောင်လုပ်ပါ။ ဆွဲဆောင်မှုရှိခြင်းထက် တန်ဖိုးထားရာတွေ၊ ယုံကြည်ချက်တွေ တူညီခြင်းအပေါ် အခြေခံပြီး ရွေးချယ်တာက အကောင်းဆုံး ဘဝလက်တွဲဖော် ရရှိစေတယ်။
ပျော်ရွှင်တည်မြဲတဲ့ အိမ်ထောင်တည်ဆောက်နိုင်ဖို့ ဘယ်လိုပြင်ဆင်နိုင်သလဲဆိုတာ ကျမ်းစာအကြံပြုထားတယ်။ c ဥပမာ၊ ကျမ်းစာအခြေခံမူတွေက
အိမ်ထောင်ရေးဖောက်ပြန်တာကို ရှောင်ရှားနိုင်ဖို့
အိမ်ထောင်ဖက်ကောင်းဖြစ်စေမယ့် အရည်အသွေးတွေ မွေးမြူနိုင်ဖို့
ရည်းစားထားချိန်အတွင်း လမ်းခွဲမလား၊ ဆက်တွဲမလား သိနိုင်ဖို့ ကူညီပေးတယ်။
အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပိုသိချင်ရင် jw.org မှာ “အိမ်ထောင်ရေးနဲ့ မိသားစု” အပိုင်းကို ကြည့်ပါ။
ကျမ်းစာအခြေခံမူ။ “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် အကျိုးဖြစ်ထွန်းစေတယ်။”—၂ တိမောသေ ၃:၁၆။
a “တစ်ဦးကိုတစ်ဦးချစ်ကြရုံဖြင့် လက်မထပ်မီ သံဝါသပြုနိုင်သလော” ဆောင်းပါးကို ကြည့်ပါ။
b စကော့ အမ် စတန်လေ၊ ဂါလီနာ ခလိုင်း ရို့ဒ်နဲ့ ဟောင်းဝေါ့ဒ် ဂျေ မာ့ခ်မန် ရေးသားတဲ့ဆောင်းပါး (“Sliding Versus Deciding: Inertia and the Premarital Cohabitation Effect”) ထဲကနေ ကောက်နုတ်ထားတာဖြစ်တယ်။ မိသားစုဆက်ဆံရေး ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြထားတဲ့ဆောင်းပါးဖြစ်တယ်။
c ယဉ်ကျေးမှုတချို့မှာ မိဘတွေက သားသမီးတွေအတွက် အိမ်ထောင်ဖက် ရွေးချယ်ပေးကြတယ်။ အဲဒီလိုအခြေအနေမှာ ဘယ်လိုအရည်အသွေးတွေကို သတိထားကြည့်ရမလဲဆိုတာ သိနိုင်အောင် မိဘတွေကို ကျမ်းစာ ကူညီပေးနိုင်ပါတယ်။