မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ယောနသန်

‘ယေဟောဝါ​ဘုရားကို ဘာကမှ မတားဆီး​နိုင်ဘူး’

‘ယေဟောဝါ​ဘုရားကို ဘာကမှ မတားဆီး​နိုင်ဘူး’

ကျောက်ဆောင်​ထူထူ၊ ခြောက်ကပ်​ကပ် မြင်ကွင်း​ကို ကင်းတပ်​တစ်တပ် အပေါ်စီး​က စောင့်ကြည့်​နေတယ်လို့ မြင်ယောင်​ကြည့်ပါ။ ငြီးငွေ့စရာ​ကောင်းတဲ့ မြင်ကွင်း​ထဲ စိတ်ဝင်စားစရာ​တစ်ခု ပေါ်လာတာ​ကို ဖိလိတိ​စစ်သည်တွေ မြင်​လိုက်ရတယ်။ လျှိုမြောင် တစ်ဖက်​ခြမ်း​မှာ အစ္စရေး​နှစ်ယောက် ရပ်နေ​ပါလား။ အန္တရာယ်​လို့ မမြင်​တဲ့​အတွက် စစ်သည်တွေ ရယ်​လိုက်ကြတယ်။ အစ္စရေးတွေကို ဖိလိတိ​တွေ နှိပ်ကွပ်​ထားတာ ကြာလှပြီ။ အစ္စရေး​တွေဟာ လယ်ယာသုံး​ကိရိယာ​တွေ သွေး​ဖို့​တောင် ရန်သူ​ဖိလိတိ​တွေ​ဆီ အကူအညီ သွား​တောင်း​ရတဲ့​ဘဝ ရောက်​နေကြတာ။ ဒါကြောင့် အစ္စရေး​စစ်သည်တွေ​မှာ စစ်လက်နက် မရှိကြဘူး။ အခု တွေ့ရတာ​က​လည်း နှစ်ယောက်​တည်း။ လက်နက်​ပါတဲ့ စစ်သည် ဖြစ်ရင်​လည်း ဘာ​အန္တရာယ် ပေး​နိုင်မှာ​မို့လို့​လဲ။ ဖိလိတိ​တွေ လှောင်​ရယ် ရယ်​ရင်း “တက်ခဲ့​ကြ​စမ်း။ မင်းတို့ကို ပညာ​ပြ​ရမယ်” လို့ စိန်ခေါ်​ကြတယ်။​—၁ ရှမွေလ ၁၃:၁၉-၂၃။ ၁၄:၁၁၊ ၁၂

တကယ်တမ်း ပညာ​ပြ​ခံ​လိုက်ရ​တာ ဖိလိတိ​တွေ​ပဲ။ အစ္စရေး​နှစ်ယောက် လျှိုမြောင်​ထဲ ပြေးဆင်း​သွားပြီး​နောက် ရန်သူ​ရှိတဲ့​ဘက်ခြမ်း​ကို တက်​ကြတယ်။ မတ်စောက်​လွန်း​တဲ့ ကမ်းပါး​ကို ခြေလက်​တွေ​နဲ့ ကုပ်​တွယ်​တက်​သွား​လိုက်တာ ဖိလိတိ​ကင်းတပ်​ရှိတဲ့ နေရာ​တည့်တည့်​ကို ရောက်​သွားကြတယ်။ (၁ ရှမွေလ ၁၄:၁၃) ရှေ့​က​လာတဲ့​သူ​မှာ လက်နက်​ပါ​မှန်း ခုမှ ဖိလိတိ​တွေ သိလိုက်​ရတယ်။​ သူ့​လက်နက်ကိုင်​လည်း လိုက်​တက်​လာတယ်။ မြို့စောင့်​တပ် တစ်တပ်လုံး​ကို နှစ်ယောက်​တည်း လာ​တိုက်​တာ​လား။ ဒီ​လူ ရူး​များ ရူး​နေ​လား။

မရူး​ပါဘူး။ သူဟာ ယုံကြည်ခြင်း ခိုင်ခံ့​သူပါ။ နာမည်က ယောနသန်။ သူ့ဆီကနေ အခုခေတ် ခရစ်ယာန်စစ်​တွေ သင်ခန်းစာ ယူ​စရာတွေ ရှိတယ်။ ကျွန်တော်တို့ တကယ့်​စစ်ပွဲမှာ တိုက်ခိုက်​နေတာ မဟုတ်ပေမဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိလာဖို့ လိုအပ်တဲ့ သတ္တိ​ရှိ​ခြင်း၊ သစ္စာရှိ​ခြင်း၊ တစ်ကိုယ်​ကောင်း မဆန်​ခြင်း စတဲ့ အရည်အသွေးတွေ​နဲ့​ပတ်သက်ပြီး ယောနသန်​ဆီက သင်ယူစရာ အများကြီး ရှိတယ်။​—ဟေရှာယ ၂:၄။ မဿဲ ၂၆:၅၁၊ ၅၂

သစ္စာ​ရှိတဲ့​သား၊ ရဲရင့်​တဲ့ စစ်သည်

အဲဒီ​ကင်းတပ်​ကို ယောနသန် ဝင်​တိုက်​ရတဲ့ အကြောင်းကို နားလည်ဖို့​ဆိုရင် သူ့​နောက်ကြောင်းကို ပြန်​ကြည့်​ရမယ်။ ယောနသန်ဟာ အစ္စရေး ပထမ​ဘုရင် ရှောလုရဲ့ သားကြီး ဖြစ်တယ်။ ဘုရင်အဖြစ် ရှောလု ဘိသိက်ပေး​ခံရချိန်မှာ ယောနသန်ဟာ အသက် ၂၀ ဝန်းကျင်​လောက် ရှိနေပြီ။ ရှောလုဟာ သားတော် ယောနသန်​ကို အတွင်းရေး​တွေ အသိပေး​တတ်တာ​ကို ကြည့်ရင် သားအဖ​နှစ်ယောက် ရင်းနှီး​ကြ​ပုံ​ရှိတယ်။ အဲဒီ​အချိန်တုန်းက ယောနသန်ရဲ့ ခမည်းတော်​ဟာ ဒေါင်​ကောင်းကောင်း​နဲ့ ရုပ်​ဖြောင့်​သူ၊ သတ္တိရှိရှိ တိုက်ခိုက်​တတ်​သူ ဖြစ်​ရုံ​မက ပို​အရေးကြီးတဲ့ အရည်အချင်း ရှိသေးတယ်၊ ယုံကြည်ခြင်း ရှိပြီး စိတ်​နှိမ့်ချတဲ့​သူ ဖြစ်တယ်။ ခမည်းတော်ကို ဘုရင်အဖြစ် ယေဟောဝါ ဘာကြောင့် ရွေးချယ်​ခဲ့​မှန်း ယောနသန် သဘောပေါက်​တယ်။ အစ္စရေး​တွေ​ထဲမှာ ရှောလု​လို​လူ မရှိဘူးလို့ ပရောဖက် ရှမွေလ​က​တောင် ပြောခဲ့တာ။​—၁ ရှမွေလ ၉:၁၊ ၂၊ ၂၁။ ၁၀:၂၀-၂၄။ ၂၀:၂

ယေဟောဝါ​လူမျိုးရဲ့ ရန်သူတွေကို ခမည်းတော်​အမိန့်နဲ့ တိုက်ခိုက်​ရလို့ ယောနသန် ဂုဏ်ယူ​ဝင့်ကြွား​ခဲ့​မှာ​ပဲ။ အဲဒီ​တိုက်ပွဲ​တွေ​က အခုခေတ် လူမျိုးစု​တိုက်ပွဲ​တွေ​နဲ့ မတူဘူး။ မိမိ​ကိုယ်စားလှယ်​အဖြစ် ယေဟောဝါ ရွေးချယ်​ထားတဲ့ အစ္စရေး​လူမျိုးကို မှားယွင်းတဲ့​ဘုရား ကိုးကွယ်​သူတွေ ဝိုင်း​တိုက်​နေချိန် ဖြစ်တယ်။ ဒါဂုန်​ဘုရားကို ကိုးကွယ်တဲ့ ဖိလိတိ​တွေ​က ယေဟောဝါရဲ့ လူမျိုးကို ဖိနှိပ်​ထား​ရုံ​မက ဖျက်ဆီး​ချေမှုန်း​ပစ်ဖို့ ကြိုးပမ်း​လေ့​ရှိကြတယ်။

ဒီတော့ ယောနသန် တိုက်ပွဲဝင်​နေတာဟာ ယေဟောဝါ​ဘုရားကို သစ္စာ​ရှိရှိ အမှုထမ်း​နေတာပဲ။ ယေဟောဝါကလည်း ယောနသန်ရဲ့ ကြိုးပမ်းမှု​ကို ကောင်းချီး​ပေးတယ်။ ရှောလု ဘုရင် ဖြစ်ပြီး မကြာခင် ယောနသန်​ကို လူ ၁,၀၀၀ အုပ်​အဖြစ် ခန့်​တဲ့အခါ ယောနသန်​က မိမိ​လူတွေကို ခေါ်ပြီး ဂေဘ​မြို့မှာ​ရှိတဲ့ ဖိလိတိ​မြို့စောင့်​တပ်​ကို ချေမှုန်း​ပစ်တယ်။ စစ်လက်နက်​တွေ မရှိပေမဲ့ ယေဟောဝါရဲ့ ကူညီမှုကြောင့် ယောနသန် အနိုင်ရ​ခဲ့တယ်။ ဒါနဲ့ အစ္စရေးတွေကို တိုက်ခိုက်​ဖို့ ဖိလိတိ​စစ်သည် အမြောက်​အများ စုရုံး​ကြတယ်။ ရှောလုရဲ့ စစ်သည် အတော်များများ ထိတ်လန့်​တုန်လှုပ်​နေကြတယ်။ တချို့က ထွက်ပြေး​ပုန်းရှောင်​ကြတယ်။ ဖိလိတိ​တွေ​ဆီ ဘက်​ပြောင်း​သွား​သူတွေတောင် ရှိတယ်။ ဒါပေမဲ့ ယောနသန်​ကတော့ မတုန်လှုပ်​ပါဘူး။​—၁ ရှမွေလ ၁၃:၂-၇။ ၁၄:၂၁

အစမှာ ဖော်ပြ​ထားတဲ့​အတိုင်း အဲဒီ​နေ့မှာ ယောနသန်​နဲ့ သူ့​လက်နက်ကိုင် ထွက်သွားတာကို ဘယ်သူမှ မသိလိုက်ဘူး။ ယောနသန်​က မိတ်မတ်​မြို့မှာ ရှိတဲ့ ဖိလိတိ​ကင်းတပ်​ဆီ ချဉ်းကပ်​သွား​ရင်း လက်နက်ကိုင်​ကို အစီအစဉ် ပြောပြတယ်။ အပေါ်စီး​မှာ​ရှိနေတဲ့ ဖိလိတိ​စစ်သည်တွေကို လူရိပ်​ပြ​ကြမယ်။ ဖိလိတိ​တွေ​က ငါတို့ကို တိုက်​ဖို့ တက်လာ​ခဲ့လို့ စိန်ခေါ်​ခဲ့ရင် ယေဟောဝါဘုရား ကူညီမယ်​ဆိုတဲ့ နိမိတ်​ပဲ​လို့ ပြောတယ်။ လက်နက်ကိုင်​က​လည်း သဘောတူတယ်။ “လူအများကြီးကို​ဖြစ်ဖြစ်၊ နည်းနည်းလေး​ကို​ဖြစ်ဖြစ် သုံးပြီး ယေဟောဝါဘုရား ကယ်တင်​နိုင်ပါတယ်။ ကိုယ်တော့်​ကို ဘာကမှ မတားဆီး​နိုင်ဘူး” ဆိုတဲ့ ယောနသန်ရဲ့ စကား​ကြောင့် အားရှိသွား​လို့ ဖြစ်မယ်။ (၁ ရှမွေလ ၁၄:၆-၁၀) ယောနသန် ဘာကို ပြောချင်တာ​လဲ။

ယောနသန်ဟာ ဘုရားသခင်​အကြောင်း ကောင်းကောင်း သိတယ်။ အင်အား​များတဲ့ ရန်သူတွေကို မိမိရဲ့ လူမျိုး အောင်ပွဲ​ခံဖို့ ယေဟောဝါ ကူညီပေး​ခဲ့​ဖူး​ကြောင်း သိထားတယ်။ တစ်ခါတလေ လူ​တစ်ယောက်တည်း​နဲ့ အောင်ပွဲခံ​စေခဲ့တယ်။ (တရားသူကြီး ၃:၃၁။ ၄:၁-၂၃။ ၁၆:၂၃-၃၀) ဒါကြောင့် ဘုရား​လူမျိုး​အနေနဲ့ စစ်သည်​အရေအတွက်၊ လူ​အင်အား၊ လက်နက်​အင်အား ဘာတစ်ခုမှ မှု​စရာ​မလိုဘူး၊ ယုံကြည်ခြင်း​သာ အဓိက ဖြစ်မှန်း ယောနသန် သိထားတယ်။ ဒီ​ယုံကြည်ခြင်း​ကြောင့် သူတို့​နှစ်ယောက် ဖိလိတိ​ကင်းတပ်​ကို သွား​တိုက်ခိုက်​သင့်​မသင့် ယေဟောဝါ ဆုံးဖြတ်ဖို့ ထား​လိုက်တယ်။ ယေဟောဝါ​ဆီက ခွင့်ပြုချက် နိမိတ်​တစ်ခုကို သတ်မှတ်​လိုက်တယ်။ ခွင့်ပြုချက်​လည်း ရ​ရော ယောနသန် တစ်ဟုန်ထိုး တက်​သွားတော့တယ်။

ယောနသန်ရဲ့ ယုံကြည်ခြင်း လုပ်ရပ်​နှစ်ခု​ကို သတိပြုပါ။ ပထမ၊ ယေဟောဝါ​ဘုရားကို အလွန် ရိုသေ​လေးစားတယ်။ အနန္တ​တန်ခိုးရှင် ဘုရားသခင်ဟာ မိမိရဲ့ ရည်ရွယ်ချက် အကောင်အထည် ပေါ်​ဖို့ လူသား​အကူအညီ မလို​ပေမဲ့ သစ္စာ​ရှိရှိ အမှုထမ်း​သူတွေကို ကောင်းချီး​ပေး​တတ်​မှန်း ယောနသန် သိထားတယ်။ (၂ ရာဇဝင်ချုပ် ၁၆:၉) ဒုတိယ၊ လုပ်ငန်း​မစ​ခင် ယေဟောဝါရဲ့ ခွင့်ပြုချက် ရဖို့ ကြိုးစားတယ်။ အခု​ချိန်မှာ ကျွန်တော်တို့ တစ်ခုခု လုပ်​ခါနီး ဘုရား​ခွင့်ပြုချက် ရ​မရ သဘာဝလွန် နိမိတ်​တွေ ရဖို့ မရှာကြံ​ကြဘူး။ စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာ​တစ်အုပ်လုံး ရထားလို့ ဘုရား​အလိုတော်ကို သိမြင်​နိုင်ကြတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) အရေးကြီး ဆုံးဖြတ်ချက်တွေ မချခင် ကျမ်းစာ​အကြံပြုချက်ကို အသေအချာ သုံးသပ်​သလား။ ဒါဆိုရင် ယောနသန်​လို​ပဲ ကိုယ့်​ဆန္ဒ​ထက် ဘုရား​အလိုတော်ကို အလေးထား​ရာ​ရောက်တယ်။

စစ်သည်​ယောနသန်​နဲ့ လက်နက်ကိုင်​ဟာ မတ်စောက်​လွန်း​တဲ့ ကမ်းပါး​ကို ကုပ်တွယ်​တက်​သွား​လိုက်တာ ဖိလိတိ​ကင်းတပ်​ကို ရောက်​သွားကြတယ်။ သူတို့ကို လာ​တိုက်ခိုက်​နေမှန်း သိ​သွားတဲ့အခါ ဖိလိတိ​တွေ​က ကျူးကျော်​လာ​သူ​နှစ်ဦး​ကို တိုက်ထုတ်​ဖို့ စစ်သည်တွေ လွှတ်လိုက်တယ်။ ဖိလိတိ​တွေ​က စစ်သည်​အင်အား ပို​များ​ရုံ​မက အသာစီး​အနေအထား​မှာ ရှိနေလို့ အဲဒီ​နှစ်ယောက်ကို အသာလေး ရှင်း​လိုက်​နိုင်တယ်။ ဒါပေမဲ့ ယောနသန်​က ဖိလိတိတွေကို စပြီး တိုက်ခိုက်တယ်။ လက်နက်ကိုင်​က နောက်ကနေ လိုက်​သတ်​တယ်။ အဲဒီ​တစ်ဝိုက်​လေးမှာ​ပဲ ရန်သူ ၂၀ နီးပါး သတ်​လိုက်ကြတယ်။ ဒီထက်မက ယေဟောဝါ ကူညီ​ပေးခဲ့တယ်။ “တပ်​စခန်း​ထဲ​က စစ်သည်တွေ၊ ကင်းတပ်​မှာ​ရှိတဲ့ စစ်သည်တွေ ထိတ်လန့်​သွားတယ်။ တိုက်ခိုက်​လုယူ​တဲ့ တပ်ဖွဲ့​တွေ​လည်း ထိတ်လန့်​သွားတယ်။ အဲဒီအချိန်မှာ မြေငလျင် လှုပ်​လာတယ်။ အဲဒါတွေ ဖြစ်အောင် လုပ်တာ ဘုရားသခင်ပဲ” လို့ ဖတ်​ရတယ်။​—၁ ရှမွေလ ၁၄:၁၅

ယောနသန်​တို့​နှစ်ယောက် လက်နက်​ပါတဲ့​ရန်သူ ကင်း​တပ်​တစ်တပ်လုံး​ကို တက်​တိုက်ခိုက်

ဖိလိတိ​တပ်​စခန်း​တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ထိတ်လန့်​နေတာ၊ အချင်းချင်း သတ်ဖြတ်​နေကြတာ​ကို ရှောလု​နဲ့ အပေါင်းပါ​တွေ လှမ်းမြင်​ကြတယ်။ (၁ ရှမွေလ ၁၄:၁၆၊ ၂၀) အစ္စရေး​စစ်သည်တွေ​လည်း သတ္တိ​မွေး​ပြီး တိုက်ခိုက်​ကြတယ်။ ကျဆုံးသွား​တဲ့ ဖိလိတိ​တွေရဲ့ လက်နက်တွေကို ယူ​တိုက်​ကြ​တာ ဖြစ်မယ်။ ယေဟောဝါလည်း အဲဒီ​နေ့မှာ မိမိ​လူမျိုးကို အကြီးအကျယ် အောင်ပွဲခံ​စေတယ်။ အဲဒီ​အချိန်တုန်းက​လို​ပဲ ယေဟောဝါ မပြောင်းလဲ​သေး​ပါဘူး။ ယောနသန်​နဲ့ အမည်​မသိ လက်နက်ကိုင်​လို ကျွန်တော်တို့လည်း ဘုရားကို ယုံကြည်​မယ်​ဆိုရင် နောင်တရ​စရာ​အကြောင်း ရှိ​မှာ မဟုတ်ဘူး။​—မာလခိ ၃:၆။ ရောမ ၁၀:၁၁

“ဒီနေ့ သူ လုပ်ခဲ့တာတွေကို ဘုရားသခင် ကူညီ​ပေးခဲ့တယ်”

ဒီ​အောင်ပွဲ​အပေါ် ရှောလု​နဲ့ ယောနသန်ရဲ့ သဘောထား​ပုံ မတူကြဘူး။ ရှောလုဟာ အမှား​ကြီး​တစ်ခု ကျူးလွန်​ထားတယ်။ ယေဟောဝါရဲ့ ပရောဖက် ရှမွေလ​စကားကို မနာခံ​ဘဲ လေဝိ​အမျိုးသား ပရောဖက်​သာ ဆက်သ​ရမယ့် ပူဇော်သက္ကာ​ကို ဆက်သ​လိုက်တယ်။ အဲဒီလို မနာခံတဲ့​အတွက် ရှောလုရဲ့ နန်း​ဆက် တည်မြဲ​မှာ မဟုတ်ဘူးလို့ ရှမွေလ ပြောတယ်။ စစ်သည်တွေ စစ်တိုက်​ထွက်​ခါနီး​မှာလည်း ရှောလု​က “ငါ့​ရန်သူတွေကို လက်စားချေ​လို့ မပြီး​ခင်၊ ညဦး​ပိုင်း မရောက်ခင် အစာစား​တဲ့​သူ ကျိန်စာသင့်​ပါစေ” ဆိုပြီး ကြံ​ကြီး​စည်​ရာ ကျိန်ဆို​ခိုင်း​လိုက်​သေးတယ်။​—၁ ရှမွေလ ၁၃:၁၀-၁၄။ ၁၄:၂၄

ရှောလုရဲ့ စကားဟာ စိတ်ထား​ပြောင်းလဲနေ​ပြီ​ဆိုတာ​ကို ဖော်ပြတယ်။ စိတ်နှိမ့်ချသူ၊ ဘုရား​မျက်နှာသာ ရခဲ့​သူဟာ ရည်မှန်းချက်​ကြီးတဲ့ တစ်ကိုယ်​ကောင်း​သမား ဖြစ်သွား​ပြီလား။ သတ္တိရှိရှိ၊ အားသွန်ခွန်စိုက် တိုက်ပွဲဝင်​နေတဲ့ စစ်သည်တွေ​အပေါ် အဲဒီလို မလျော်ကန်တဲ့ တားမြစ်ချက် ထုတ်​ဖို့ ယေဟောဝါ မညွှန်ကြား​ဖူး​ဘူး။ “ငါ့​ရန်သူတွေကို လက်စားချေ​လို့ မပြီး​ခင်” ဆိုတဲ့ စကားက​ကော။ ဒီ​တိုက်ပွဲ​ဟာ သူ့​တိုက်ပွဲ​လို့ ရှောလု ဆိုလိုချင်တာ​လား။ သူ့ရဲ့ လက်စားချေ​လို​စိတ်၊ ဂုဏ်​သတင်း၊ အောင်နိုင်​ခြင်းက အဓိက မဟုတ်ဘဲ ယေဟောဝါရဲ့ တရား​မျှတမှု​ကြောင့် ခုလို တိုက်ပွဲဝင်​နေတယ်​ဆိုတာ ရှောလု မေ့သွား​ပြီလား။

ယောနသန်​ကတော့ ခမည်းတော်​ရဲ့ အမြော်အမြင် ကင်းမဲ့တဲ့ ကျိန်ဆိုချက်​အကြောင်း ဘာမှ မသိ​ဘူး။ တိုက်ခိုက်လို့ မောပန်း​လာချိန်​မှာ တောင်ဝှေး​ကို ပျားအုံ​ထဲ နှစ်ပြီး ယူ​စား​ကြည့်​တော့ အားပြည့်​လန်းဆန်း​သွားတယ်။ အဲဒီအခါ စစ်သည်​တစ်ယောက်က ဘုရင့်​တားမြစ်ချက်​ကို ပြောပြတယ်။ ဒါနဲ့ “ခမည်းတော်​က လူတွေ အကြီးအကျယ် ဒုက္ခ​ရောက်အောင် လုပ်လိုက်တာ​ပဲ။ အခု ငါ ပျားရည် နည်းနည်း စား​လိုက်ရ​တော့ အားပြည့်​လန်းဆန်း​လာတာ ကြည့်ပါ​လား။ တကယ်လို့ စစ်သည်တွေ​သာ ရန်သူတွေကို တိုက်ခိုက်​ပြီး ရလာတာတွေ​ကို စိတ်ကြိုက်​စား​လိုက်ရ​ရင် ပို​အားပြည့်​လာပြီး ဖိလိတိ​လူတွေကို ဒီထက် ပို​ချေမှုန်း​နိုင်မှာ​ပဲ” လို့ ပြောတယ်။ (၁ ရှမွေလ ၁၄:၂၅-၃၀) ယောနသန် ပြောတာ မှန်တယ်။ ယောနသန်ဟာ ရှောလုရဲ့ သစ္စာ​ရှိတဲ့​သား မှန်ပေမဲ့ မျက်စိ​စုံမှိတ်​ပြီး သစ္စာစောင့်သိ​သူ မဟုတ်ဘူး။ မစဉ်းစား​မဆင်ခြင်ဘဲ ခမည်းတော် ဘာလုပ်လုပ်၊ ဘာ​ပြောပြော ခေါင်း​ညိမ့်​လက်ခံသူ​လည်း မဟုတ်ဘူး။ ဒီလို​မျှတတဲ့​အမြင် ရှိလို့ လူအများ​ရဲ့ လေးစားမှု ရထားတာ။

တားမြစ်ချက်​ကို ယောနသန် ချိုးဖောက်​မိ​ကြောင်း သိလိုက်ရ​ချိန်မှာတောင် သူ့ရဲ့ အမိန့် ဘယ်လောက် မိုက်ရူးရဲ​ဆန်​တယ်​ဆိုတာ ရှောလု သဘောမပေါက်​သေး​ဘူး။ သား​အရင်း ဖြစ်နေရင်တောင် သေဒဏ် ပေး​ပစ်​မယ်​လို့ ပြောတယ်။ ယောနသန်ဟာ အကျိုးအကြောင်း ပြောပြတာ၊ အသနားခံ​တာ မလုပ်ခဲ့ဘူး။ ကိုယ်ကျိုး​မငဲ့ဘဲ “သေဒဏ်​ခံရမယ်ဆို​ရင်​လည်း အသင့်​ပါပဲ” လို့ ပြန်ဖြေ​ခဲ့​တာ ဘယ်လောက် ထူးခြား​သလဲ။ ဒါပေမဲ့ အစ္စရေး​စစ်သည်တွေ​က “အစ္စရေးတွေကို အခုလို အကြီးအကျယ် အောင်ပွဲခံ​စေခဲ့တဲ့ ယောနသန် သေရ​မှာ​လား။ ဒါ လုံးဝ မဖြစ်​သင့်​ပါဘူး။ ဒီနေ့ သူ လုပ်ခဲ့တာတွေကို ဘုရားသခင် ကူညီ​ပေးခဲ့တယ်။ ဒါကြောင့် အသက်ရှင်​နေတဲ့​ဘုရား ယေဟောဝါကို တိုင်တည်ပြီး ကျွန်တော်တို့ ပြောမယ်။ သူ့​ဆံ​ခြည်​တစ်​မျှင်​မှ မြေပေါ် မကျ​စေ​ရ​ဘူး” ဆိုပြီး ရှောလု​ကို ပြော​ကြတယ်။ ဒါနဲ့ ရှောလု အလျှော့ပေး​လိုက်ရတယ်။ “လူတွေ ကယ်​လိုက်လို့ ယောနသန် သေဘေး​ကနေ လွတ်​သွားတယ်” လို့ မှတ်တမ်း​တင်ထားတယ်။​—၁ ရှမွေလ ၁၄:၄၃-၄၅

“သေဒဏ် ခံရမယ်ဆို​ရင်​လည်း အသင့်​ပါပဲ”

သတ္တိ​ရှိ​ခြင်း၊ ဝီရိယ​ရှိ​ခြင်း၊ ကိုယ်ကျိုးမငဲ့​တဲ့​စိတ်ဓာတ်​တို့​ကြောင့် ယောနသန် နာမည်ကောင်း ရခဲ့တယ်။ နာမည်ကောင်း ရှိလို့ အန္တရာယ်​ရောက်နေ​ချိန်မှာ အသက် ချမ်းသာ​ရာ​ရခဲ့တယ်။ ကျွန်တော်တို့​ကော တစ်နေ့ တစ်နေ့ ဘယ်လို​နာမည်​မျိုး ရ​နေသလဲ​ဆိုတာ ဆင်ခြင်​သင့်တယ်။ နာမည်ကောင်း​ဟာ သိပ်​တန်ဖိုးရှိ​တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဒေသနာ ၇:၁) ယောနသန်​လို​ပဲ ကျွန်တော်တို့လည်း ယေဟောဝါ​ရှေ့ နာမည်ကောင်း ရှိဖို့ ဂရုစိုက်​မယ်​ဆိုရင် အလွန် အဖိုးထိုက်​ပါလိမ့်မယ်။

မိုက်တွင်း​နက်​လာ

ရှောလု အမှားတွေ လုပ်မိ​ပေမဲ့ ယောနသန်ဟာ ခမည်းတော်​ဘက်က​နေ သစ္စာ​ရှိရှိ နှစ်ပေါင်းများစွာ တိုက်ခိုက်​ပေးခဲ့တယ်။ ခမည်းတော်​ကတော့ နာခံမှု မရှိ မာန​ထောင်​လာလို့ ယောနသန် ဘယ်လောက် စိတ်​ဆင်းရဲ​လိုက်မလဲ မြင်ယောင်​ကြည့်နိုင်တယ်။ မိုက်တွင်း​နက်​လာတဲ့ ခမည်းတော်ကို တားဆီး​နိုင်စွမ်း မရှိ ဖြစ်နေတယ်။

အာမလက်​လူမျိုးကို တိုက်ခိုက်​ဖို့ ရှောလု​ကို ယေဟောဝါ တာဝန်ပေး​တဲ့အချိန်​မှာ ပြဿနာ ပေါ်လာ​တော့​တယ်။ ကမ်းကုန်​အောင် ဆိုးလွန်းလို့ အဲဒီ​အာမလက်တွေကို ဖျက်ဆီး​ပစ်​မယ့်​အကြောင်း မောရှေ​ခေတ်မှာ ယေဟောဝါ ကြိုပြောခဲ့​ဖူး​တယ်။ (ထွက်မြောက်ရာ ၁၇:၁၄) တိရစ္ဆာန်တွေပါ​မကျန် အကုန်​ဖျက်ဆီး​ပြီး အာမလက်​ဘုရင် အာဂတ်​ကို သတ်ပစ်ဖို့ ရှောလု​ကို ပြောတယ်။ ရှောလု အနိုင်​ရတဲ့ အဲဒီ​တိုက်ပွဲ​မှာ ယောနသန်ဟာ ခါ​တိုင်း​လို​ပဲ ခမည်းတော်​အမိန့်နဲ့ ရွပ်ရွပ်​ချွံချွံ တိုက်ပွဲဝင်​ခဲ့​တာ သေချာတယ်။ ရှောလု​ကတော့ ယေဟောဝါ ပြောတဲ့​အတိုင်း မလုပ်​ဘူး။ အာဂတ်​ကို အသက်ချမ်းသာ​ပေးပြီး တိရစ္ဆာန်တွေ၊ ပစ္စည်း​ကောင်း​လေး​တွေကို ချန်​ထားတယ်။ ဒါကြောင့် “မင်း​က ယေဟောဝါ​ဘုရားရဲ့ စကားကို ပစ်ပယ်​တဲ့​အတွက် ကိုယ်တော်​က​လည်း မင်းကို ဘုရင်​အဖြစ်​ကနေ ပယ်​လိုက်ပြီ” ဆိုတဲ့ ယေဟောဝါရဲ့ နောက်ဆုံး စီရင်ချက်​ကို ပရောဖက် ရှမွေလ ပြောပြတယ်။​—၁ ရှမွေလ ၁၅:၂၊ ၃၊ ၉၊ ၁၀၊ ၂၃

မကြာခင်မှာပဲ ရှောလု​ဆီကနေ ယေဟောဝါရဲ့ စွမ်းအားတော်ကို ရုပ်သိမ်း​လိုက်တယ်။ ယေဟောဝါရဲ့ မေတ္တာ​ရိပ်​အောက် မရှိတော့တဲ့​အတွက် ရှောလုဟာ ဒေါသ ကြီး​လိုက်၊ ကြောက်စိတ် ဝင်​လိုက်နဲ့ ကယောင်​ချောက်ချား ဖြစ်လာတယ်။ သူ့ရဲ့ မကောင်းတဲ့​စိတ် ပြန်​နှောင့်ယှက်​တာ​ကို ဘုရား ခွင့်ပြု​လိုက်တယ်။ (၁ ရှမွေလ ၁၆:၁၄။ ၁၈:၁၀-၁၂) ခမည်းတော်​မင်းကြီး ဆိုးဆိုးရွားရွား ပြောင်းလဲ​သွားတာ မြင်ရလို့ ယောနသန် တော်တော် စိတ်​ဆင်းရဲ​မှာ​ပဲ။ ဒါပေမဲ့ ယေဟောဝါအပေါ် ဆက်​သစ္စာ​ရှိခဲ့တယ်။ ရှောလု​ကို ပွင့်ပွင့်လင်းလင်း ပြောစရာ ရှိတာ ပြောပြီး အတတ်နိုင်ဆုံး ကူညီ​ပေးတယ်။ မပြောင်းလဲ​တတ်တဲ့ ဖခင်၊ ယေဟောဝါဘုရား​ကိုပဲ အာရုံစိုက်​တယ်။​—၁ ရှမွေလ ၁၉:၄၊ ၅

ကိုယ်​ချစ်ခင်​ရသူ ဒါမှမဟုတ် ကိုယ့်​မိသားစုဝင်​တစ်ယောက် ဆိုး​သည်ထက် ဆိုး​လာတာကို ကြုံဖူး​ပါသလား။ နာကျင်​ခံစား​ရတယ် မဟုတ်လား။ “မိရင်းဖရင်း​က ကျွန်တော့်ကို စွန့်ပစ်ခဲ့​ရင်တောင် ယေဟောဝါ လက်ခံ​ထား​မှာပါ” ဆိုတဲ့ ဆာလံဆရာ​ရဲ့ နောက်ပိုင်း​ရေးသားချက်​က ယောနသန်ရဲ့ အဖြစ်ကို ပြန်သတိရ​စေတယ်။ (ဆာလံ ၂၇:၁၀) ယေဟောဝါ​ဘုရားက သစ္စာ​ရှိတယ်။ မစုံလင်တဲ့​လူတွေ​ကြောင့် ဘယ်လောက်​ပဲ စိတ်​ဆင်းရဲ​ရ​ပါစေ အကောင်းဆုံး​ဖခင် ဖြစ်တဲ့ ဘုရားက သင့်ကိုလည်း လက်ခံ​ထား​မှာပါ။

ရှောလု​ဆီက ဘုရင့်​အရိုက်အရာကို ယေဟောဝါ ရုပ်သိမ်းမယ်​ဆိုတာ ယောနသန် သိနေ​ပုံပဲ။ ဒါကို ယောနသန် ဘယ်လို တုံ့ပြန်​သလဲ။ သူ​သာ ထီးနန်း ဆက်ခံ​ရ​ရင် ဘယ်လို​ဘုရင်​မျိုး ဖြစ်နေ​မလဲ​ဆိုပြီး စဉ်းစားဖူးသလား။ ခမည်းတော်​လို အမှား​မျိုး မကျူးလွန်​ဘဲ သစ္စာရှိ၊ နာခံမှု ရှိတဲ့ ဘုရင်အဖြစ် စံနမူနာကောင်း ပြ​ရမယ်လို့ မျှော်လင့်ချက် ထားခဲ့​သလား။ သူ့​အတွေး​တွေကို ကျွန်တော်တို့ မသိ​နိုင်ပေမဲ့ အဲဒီ​မျှော်လင့်ချက်တွေ​အတိုင်း ဖြစ်မလာ​တာ​ကို​တော့ သိရတယ်။ ဒါက သစ္စာ​ရှိသူ ယောနသန်​ကို ယေဟောဝါ စွန့်ပစ်​လိုက်ပြီ​ဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ကျမ်းစာ​တစ်အုပ်လုံး​မှာ မိတ်ဆွေ​နှောင်ကြိုး အခိုင်မြဲ​ဆုံး စံနမူနာရှင်​တစ်ဦး​အဖြစ် ဖော်ပြပေးတယ်။ ယောနသန်​နဲ့​ပတ်သက်တဲ့ နောက်​ဆောင်းပါး​မှာ အဲဒီ​မိတ်ဆွေ​နှောင်ကြိုး​အကြောင်း ဆွေးနွေးပါမယ်။