လူငယ်များအမေး
ငါ့မှာ ဘာဖြစ်လို့ သူငယ်ချင်းတစ်ယောက်မှ မရှိရတာလဲ
သင်က အင်တာနက်ဖွင့်ပြီး ပါတီပွဲမှာ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကြည့်နေတယ်။ သူငယ်ချင်းအားလုံး အဲဒီပွဲမှာ ရှိနေပြီး ကောင်းကောင်းပျော်နေကြတယ်။ ဒါပေမဲ့ အဲဒီပျော်စရာကောင်းတဲ့ အုပ်စုထဲမှာ သင်မပါဘူး။
‘ငါ့ကိုကျတော့ ဘာဖြစ်လို့ မဖိတ်တာလဲ’ လို့ စဉ်းစားနေမိတယ်။
သိချင်စိတ်ကနေ နာကြည်းစိတ်တွေ ဖြစ်သွားတယ်။ သူငယ်ချင်းတွေ ငါ့ကို သစ္စာဖောက်တယ်လို့ ခံစားရတယ်။ သူငယ်ချင်းတွေနဲ့ ကိုယ်ရဲ့ ဆက်ဆံရေးက သဲနဲ့အိမ်ဆောက်သလိုပါပဲလား။ အထီးကျန်စိတ်တွေ ဝင်ပြီး ‘ငါ့မှာ ဘာဖြစ်လို့ သူငယ်ချင်းတစ်ယောက်မှ မရှိရတာလဲ’ လို့ မေးမိတယ်။
အထီးကျန်မှုနဲ့ပတ်သက်တဲ့မေးခွန်း
မှန်သလား၊ မှားသလား
-
၁။ သူငယ်ချင်းအများကြီးရှိရင် ဘယ်တော့မှ အထီးမကျန်ဘူး။
-
၂။ အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက်ကို သုံးရင် ဘယ်တော့မှ အထီးမကျန်ဘူး။
-
၃။ ဖုန်းနဲ့ ကိုယ့်စိတ်ကြိုက် စာတွေပို့နေရရင် ဘယ်တော့မှ အထီးကျန်မှာ မဟုတ်ဘူး။
-
၄။ သူများအကြိုက် လိုက်လုပ်ပေးနေရင် ဘယ်တော့မှ အထီးမကျန်ဘူး။
လေးခုစလုံးရဲ့ အဖြေကတော့ မှားတယ်။
ဘာကြောင့်လဲ။
သူငယ်ချင်းဖွဲ့ခြင်းနဲ့ အထီးကျန်စိတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာများ
-
သူငယ်ချင်းအများကြီးရှိတာက ဘယ်တော့မှ အထီးမကျန်ဘူးဆိုတဲ့ အာမခံချက် မဟုတ်ပါ။
“သူငယ်ချင်းတွေကို ကျွန်မ ဂရုစိုက်တယ်။ ဒါပေမဲ့ တစ်ခါတလေ သူတို့ ကျွန်မကို ဂရုမစိုက်ဘူးလို့ ခံစားရတယ်။ သူငယ်ချင်းတွေ အများကြီးရှိပေမဲ့ သူတို့က ကိုယ့်ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုရင် အဆိုးဆုံး အထီးကျန်မှုကို ခံစားရနိုင်တယ်။”—အန်း။
-
အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက်ကိုသုံးတာက ဘယ်တော့မှ အထီးမကျန်ဘူးဆိုတဲ့ အာမခံချက် မဟုတ်ပါ။
“တချို့သူတွေက အရုပ်တွေစုသလိုမျိုး အွန်လိုင်းပေါ်မှာ သူငယ်ချင်း အများကြီးထားကြတယ်။ အရုပ်တွေ အခန်းပြည့်ရှိနေရုံနဲ့ အချစ်ခံရတယ်လို့ မခံစားရသလိုပါပဲ၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆက်ဆံရေးမျိုးမရှိဘူးဆိုရင် အွန်လိုင်းသူငယ်ချင်းတွေက ကိုယ့်အတွက်တော့ သက်မဲ့အရုပ်တွေလိုပါပဲ။”—အီလိန်း။
-
ဖုန်းနဲ့ ကိုယ့်စိတ်ကြိုက် စာတွေပို့နေရရင် ဘယ်တော့မှ အထီးကျန်မှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက် မဟုတ်ပါ။
“တစ်ခါတလေ အထီးကျန်စိတ်ဝင်လာတဲ့အခါ သူငယ်ချင်းတွေများ စာလေးဘာလေး ပို့ထားသလားဆိုပြီး ဖုန်းကိုစစ်ကြည့်လိုက်တယ်။ အထီးကျန်စိတ်ကလည်းဝင်နေ၊ ဘယ်သူငယ်ချင်းကမှလည်း အဆက်အသွယ် မလုပ်ဘူးဆိုရင် ပိုတောင် အထီးကျန်သွားတယ်။”—ဆရီနာ။
-
သူများအကြိုက် လိုက်လုပ်ပေးနေရင် ဘယ်တော့မှ အထီးမကျန်ဘူးဆိုတဲ့ အာမခံချက် မဟုတ်ပါ။
“သူငယ်ချင်းတွေကို ကျွန်တော် အမြဲတမ်း အိတ်စိုက် ပေါင်းသင်းခဲ့တယ်။ သူတို့ကျတော့ တစ်ပြားမှမထုတ်ဘူး။ နှမြောလို့ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့စိတ်ထားကို အံ့သြမိတယ်ဗျာ။”—ရစ်ချက်။
သိထားရမယ့်အချက်– အထီးကျန်စိတ်ဆိုတာ တကယ်တော့ ကိုယ့်စိတ်သဘောထားပါပဲ။ “အထီးကျန်စိတ်က အပြင်ကလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ ဖြစ်ပေါ်လာတာပါ” လို့ အမျိုးသမီးငယ် ဂျင်နက်တ် က ပြောပြတယ်။
သူငယ်ချင်းမရှိလို့ အထီးကျန်စိတ် ခံစားနေရရင် ဘာလုပ်နိုင်မလဲ။
အထီးကျန်စိတ်ကို အောင်မြင်နိုင်ပုံ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိအောင် ကြိုးစားပါ။
“အထီးကျန်စိတ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု မရှိတာကနေ မြစ်ဖျားခံနိုင်တယ်။ ငါ့ကို ဘယ်သူကမှ စိတ်ဝင်တစား၊ အရေးတယူလုပ်မှာ မဟုတ်ဘူးလို့ ခံစားနေရတယ်ဆိုရင် ကိုယ်ကအစပြုပြီး မိတ်ဆွေဖွဲ့နိုင်မှာ မဟုတ်ဘူး။”—ဂျင်နက်တ်။
သမ္မာကျမ်းစာပြောဆိုရာ– “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။” (ဂလာတိ ၅:၁၄) သူငယ်ချင်းနှောင်ကြိုး ခိုင်မြဲချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အတော်အတန် လေးစားမှုရှိဖို့လိုသလို တစ်ကိုယ်ကောင်းမဆန်ဖို့လည်း လိုပါတယ်။—ဂလာတိ ၆:၃၊ ၄။
ကိုယ့်ကိုယ်ကိုယ် သနားလွန်းခြင်းကို ရှောင်ပါ။
“အထီးကျန်စိတ်ဆိုတာ ရုန်းလေနစ်လေဖြစ်တဲ့ နွံနဲ့တူတယ်။ တကယ်လို့ သင်က ကိုယ့်ကိုယ်ကိုယ် သနားလွန်းနေရင် လူတွေ ကိုယ့်ကို ပေါင်းသင်းချင်စိတ်ရှိမှာမဟုတ်ဘူး။ ဒီတော့ အထီးကျန်စိတ် ပိုများလာတယ်။”—အီရင်။
သမ္မာကျမ်းစာပြောဆိုရာ– “မေတ္တာသည် ... ကိုယ့်အကျိုးကို မရှာတတ်။” (၁ ကောရိန္သု ၁၃:၄၊ ၅) ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အာရုံစိုက်နေမယ်ဆိုရင် သူများကို စာနာတတ်တော့မှာမဟုတ်ဘူး။ အဲဒီအခါ သူများကလည်း ကိုယ့်ကို မပေါင်းချင်တော့ဘူး။ (၂ ကောရိန္သု ၁၂:၁၅) ကိုယ်အထီးမကျန်ဖို့က သူများအပေါ်မူတည်နေတယ်ဆိုရင် အမြဲအထီးကျန်နေမှာပဲ။ “ငါ့ကို ဘယ်သူမှ ဖုန်းမခေါ်ဘူး၊” “ငါ့ကို ဘယ်သူမှ မဖိတ်ဘူး” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သနားနေရင် ဘယ်တော့မှ ပျော်နိုင်မှာမဟုတ်ဘူး။ သူများကို လိုတာထက်ပို အရေးမစိုက်ပါနဲ့။
သူငယ်ချင်းဖြစ်ချင်တာနဲ့ပဲ ကိုယ့်ရဲ့စံနှုန်းတွေကို လျှော့မချပါနဲ့။
“အထီးကျန်နေတဲ့သူတွေဟာ ဂရုစိုက်ခံချင်ကြတယ်။ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို ဂရုစိုက်ရင်ပြီးရော ဆိုတဲ့ သဘောမျိုး ဝင်သွားနိုင်တယ်။ အဲဒီတော့ လိုချင်တဲ့ ဂရုစိုက်မှုတော့ရပါရဲ့။ ကိုယ့်ကို အမြတ်ထုတ် အသုံးချသွားတဲ့အခါ အရင်ကထက် ပိုအထီးကျန်ရပါလိမ့်မယ်။”—ဘရီအဲန်။
သမ္မာကျမ်းစာပြောဆိုရာ– “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သုတ္တံ ၁၃:၂၀) ငတ်မွတ်နေတဲ့သူတစ်ယောက်က တွေ့သမျှကို စားမှာပဲ။ အဲဒီလိုပဲ၊ သူငယ်ချင်း အရမ်းလိုချင်နေတဲ့လူတွေဟာ ဘယ်လိုလူစားမျိုးကိုပဲဖြစ်ဖြစ် သူငယ်ချင်းတော်ချင်ကြမှာ ဖြစ်တယ်။ အဲဒီလိုသူတွေဟာ ဒီလိုဖြစ်နေကျပဲ၊ ဒီထက်ကောင်းတာ ရှိမှမရှိတာလို့ စဉ်းစားပြီး တခြားသူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်တာကို ခံရတတ်ကြတယ်။
တကယ်တော့ လူတိုင်း အထီးကျန်စိတ် ဝင်တတ်ပါတယ်။ အနည်းနဲ့အများပဲကွာတယ်။ အထီးကျန်စိတ်က စိတ်ပျက်လက်ပျက်ဖြစ်စေနိုင်ပေမဲ့ တကယ်တော့ အဲဒါက ခံစားချက်တစ်ခုပါပဲ။ ခံစားချက်တွေဟာ ကိုယ့်ရဲ့စဉ်းစားတွေးခေါ်ပုံကြောင့် ဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့စဉ်းစားတွေးခေါ်ပုံကို ထိန်းချုပ်နိုင်ပါတယ်။
တခြားသူတွေဆီကနေလည်း တရားလွန် မမျှော်လင့်ပါနဲ့။ “လူတိုင်းဟာ ကိုယ်ရဲ့ အကောင်းဆုံးသူငယ်ချင်း အမြဲမဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကို ဂရုစိုက်တဲ့ သူငယ်ချင်းကောင်းတွေကို သင် ရှာတွေ့ပါလိမ့်မယ်။ ဂရုစိုက်ပေးရင်ပဲ လုံလောက်ပါပြီ။ အဲဒါက အထီးကျန်စိတ်ကို သက်သာစေတယ်” လို့ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျင်နက်တ် က ပြောပြတယ်။
နောက်ထပ်အကြုံပြုချက်တွေ လိုချင်သေးသလား။ “ သူငယ်ချင်းဖွဲ့ဖို့ စိုးရိမ်နေမှုတွေကို အောင်မြင်ကျော်လွှားခြင်း” ဆိုတဲ့အကြောင်းကို ဖတ်ပါ။ ဒါ့အပြင် “အထီးကျန်မှုကို ရင်ဆိုင်ကျော်လွှားခြင်း” PDF ဖိုင်ကို ကူးယူပါ။