ကျမ်းပိုဒ် ရှင်းပြချက်များ
ယောဟန် ၃:၁၆—“ဘုရားသခင်သည် ... လောကီသားတို့ကို ချစ်တော်မူ၏”
“ဘုရားသခင်က လူ့လောကကို အလွန် ချစ်တယ်။ ဒါကြောင့် မိမိရဲ့ သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။”—ယောဟန် ၃:၁၆၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။
“ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆၊ ယုဒသန်ကျမ်း။
ယောဟန် ၃:၁၆ ရဲ့ အဓိပ္ပာယ်
ကျွန်တော်တို့ကို ဘုရားသခင် ချစ်တယ်။ ထာဝရအသက် ရစေချင်တယ်။ ဒါကြောင့် သားတော် ယေရှုခရစ်ကို ကမ္ဘာမြေဆီ စေလွှတ်ခဲ့တယ်။ ယေရှုက ကမ္ဘာပေါ်မှာ အရေးကြီးတဲ့အရာများစွာ လုပ်ဆောင်ခဲ့တယ်။ တစ်ခုကတော့ မိမိနောက်လိုက်တွေကို အဖဘုရားသခင်အကြောင်း သွန်သင်ပေးခြင်းပါ။ (၁ ပေတရု ၁:၃) နောက်တစ်ခုက လူတွေအတွက် အသက်ပေးခဲ့တာ ဖြစ်တယ်။ ထာဝရအသက် ရနိုင်ဖို့ ယေရှုကို ယုံကြည်သက်ဝင်ကြရမယ်။
“တစ်ပါးတည်းသော သားတော်ကို စွန့်” တယ်ဆိုတဲ့ အသုံးအနှုန်းက ဘုရားရဲ့ နက်ရှိုင်းတဲ့မေတ္တာကို ပေါ်လွင်စေတယ်။” a ယေရှုဟာ ဘုရားသခင်ရဲ့ ထူးခြားတဲ့ သားပါ။ ဘယ်လို ထူးခြားသလဲ။ ယေရှုတစ်ပါးတည်းကို ယေဟောဝါ တိုက်ရိုက် ဖန်ဆင်းခဲ့တယ်။ (ကောလောသဲ ၁:၁၇) သူဟာ “ဖန်ဆင်းရာအားလုံးမှာ သားဦး” ဖြစ်တယ်။ (ကောလောသဲ ၁:၁၅) ကောင်းကင်တမန်တွေ အပါအဝင် တခြားဖန်ဆင်းရာအားလုံးကို ယေရှုကတစ်ဆင့်၊ ယေရှုအားဖြင့် ဖန်ဆင်းခဲ့တယ်။ ဒါတောင် ယေဟောဝါ b ဘုရားသခင်က အချစ်ဆုံး သားတော် ယေရှုကို “သူတစ်ပါး အစေကို ခံပြီး လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကို ပေးဖို့” စေလွှတ်ခဲ့တယ်။ (မဿဲ ၂၀:၂၈) ယေရှု ဝေဒနာခံစားပြီး သေဆုံးသွားတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပထမဆုံးလူသား အာဒံဆီကနေ အမွေရခဲ့တဲ့ အပြစ်နဲ့ သေခြင်းရဲ့ ကျွန်ဘဝကနေ လွတ်မြောက်လာတယ်။—ရောမ ၅:၈၊ ၁၂။
ယေရှုကို ယုံကြည်သက်ဝင်တယ်ဆိုတာ ယေရှုကို ယုံကြည်ရုံ၊ ကျွန်တော်တို့အတွက် ယေရှု လုပ်ဆောင်ပေးခဲ့တာကို သိထားရုံလောက်ပဲ မဟုတ်ဘူး။ ယေရှုကို နာခံခြင်း၊ ယေရှုခြေရာကို လိုက်လျှောက်ခြင်းအားဖြင့် လက်တွေ့ပြရမယ်။ (မဿဲ ၇:၂၄-၂၇။ ၁ ပေတရု ၂:၂၁) “ဘုရားရဲ့သားကို ယုံကြည်သက်ဝင်သူဟာ ထာဝရအသက် ရလိမ့်မယ်။ သူ့စကားကို နားမထောင်တဲ့သူကတော့ အသက်ရမှာ မဟုတ်ဘူး။”—ယောဟန် ၃:၃၆။
ယောဟန် ၃:၁၆ ရဲ့ အထက်အောက်စကား
နိကောဒင်လို့ ခေါ်တဲ့ ဂျူးဘာသာရေးခေါင်းဆောင်နဲ့ ပြောဆိုချိန်မှာ ယေရှု အဲဒီလို ပြောခဲ့တာပါ။ (ယောဟန် ၃:၁၊ ၂) အဲဒီစကားပြောခန်းမှာ ယေရှုက ဘုရားသခင့်နိုင်ငံတော်အကြောင်း c အသေးစိတ်အချက်တွေ၊ “တစ်ဖန်မွေးဖွားခြင်း” အကြောင်းတွေ ပြောပြခဲ့တယ်။ (ယောဟန် ၃:၃) မိမိ ဘယ်လို သေဆုံးရမယ်ဆိုတာကိုပါ ကြိုပြောတယ်။ “လူသားလည်း မြှောက်ထားခံရလိမ့်မယ်။ ဒါမှ လူသားကို ယုံကြည်သူအားလုံး ထာဝရအသက် ရနိုင်ကြမယ်။” (ယောဟန် ၃:၁၄၊ ၁၅) အသက်ရှင်ရေးအတွက် ဒီအခွင့်အလမ်း ပွင့်သွားတာဟာ ဘုရားသခင်ရဲ့ ကြီးမားတဲ့ မေတ္တာကြောင့်ဆိုပြီး ယေရှု အလေးပေးပြောခဲ့တယ်။ အသက်ရနိုင်ဖို့ ယုံကြည်ကြောင်း တင်ပြရမယ်။ ဘုရားသခင် နှစ်သက်တာတွေ လုပ်ရမယ်။—ယောဟန် ၃:၁၇-၂၁။
a “တစ်ပါးတည်းသော” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံး မိုနိုဂျီနစ်ဟာ “တစ်ဦးတည်းသော၊ တစ်မျိုးတည်းသော၊ တစ်ခုတည်းသော” လို့ အဓိပ္ပာယ်ရတယ်။”—ဓမ္မသစ်ကျမ်းနဲ့ ရှေးခရစ်ယာန် စာပေများ ဂရိ-အင်္ဂလိပ် အဘိဓာန်၊ စာမျက်နှာ ၆၅၈။
b ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။
c “ကောင်းကင်နိုင်ငံတော်” လို့လည်း ခေါ်တဲ့ ဘုရားသခင့် နိုင်ငံတော်ဟာ ကောင်းကင်အစိုးရ ဖြစ်တယ်။ (မဿဲ ၁၀:၇။ ဗျာဒိတ် ၁၁:၁၅) ဘုရားသခင်က ခရစ်တော်ကို နိုင်ငံတော်ဘုရင်အဖြစ် ခန့်အပ်တယ်။ ဘုရားသခင့် နိုင်ငံတော်က ကမ္ဘာမြေအတွက် ဘုရားရည်ရွယ်ချက်ကို ပြည့်စုံစေမယ်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀) ထပ်သိချင်ရင် “ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။