ဩဂုတ် ၇၊ ၂၀၁၉
အာဂျင်တီးနား
ညီအစ်မ စီစီလျာ အယ်ဗာရဇ်ဟာ ၂၅ နှစ်အတွင်း သွေးမသွင်းဘဲ ခွဲစိတ်ကုသမှု ၄၃ ကြိမ် ခံယူခဲ့ရ
အာဂျင်တီးနားနိုင်ငံက ညီအစ်မ စီစီလျာ အယ်ဗာရဇ်ဟာ ဘဝတစ်လျှောက်လုံး ကျန်းမာရေးပြဿနာနဲ့ လုံးပန်းခဲ့ရတယ်။ ၁၆ ရက်သားအရွယ်မှာ ပထမဆုံးအကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်။ ၁၉၉၄၊ မေ ၁၈ ရက်နေ့မှာ အာဂျင်တီးနား ဆရာဝန်တွေက သူ့ရဲ့ မွေးရာပါ ကျောရိုးချွတ်ယွင်းမှုကို ပြုပြင်ပေးကြတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အဲဒီရက်ကစပြီး စီစီလျာဟာ နောက်ထပ် ခွဲစိတ်ကုသမှု ၄၂ ကြိမ် ခံယူခဲ့ရတယ်။ ခွဲစိတ်မှုအများစုက ကလေးဘဝမှာ ဖြစ်တယ်။ နောက်ဆုံးအကြိမ်အနေနဲ့ ဒီနှစ်အစောပိုင်းမှာ ဘယ်ဘက်တင်ပါးကို ခွဲစိတ်ကုသခဲ့တယ်။ အရင်တုန်းက လုပ်ခဲ့တဲ့ ခွဲစိတ်ကုသမှု အားလုံးလိုပဲ သွေးမသွင်းဘဲ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်။
စီစီလျာ ဒီလို ဝန်ခံတယ်– “ခွဲစိတ်ကုသမှု အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရလို့ အတော်လေး စိတ်ဖိစီးတယ်။” ဒါပေမဲ့ အပြုသဘောထား ဆက်တင်ပြပြီး ယေဟောဝါကို ဆက်ယုံကြည်အားကိုးခဲ့တယ်။ မိဘတွေရဲ့ ထောက်မမှုနဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်အတိုင်း နေထိုင်ဖို့ ကြိုးစားခဲ့တယ်။ စီစီလျာ ဒီလိုပြောတယ်– “ခွဲစိတ်ကုသမှုမခံယူခင် ကျွန်မကိုယ်ခန္ဓာကို အသင့်ပြင်ဆင်ထားဖို့က အဓိကအချက်ပဲ။ ကိုယ်ခန္ဓာမှာ သွေးအားကောင်းနေစေဖို့ သံဓာတ်၊ ဖောလစ်အက်ဆစ် စတဲ့ဆေးတွေ သောက်ရတယ်။ သွေးအားတိုးစေတဲ့ အစားအစာတွေ စားရတယ်။”
နှစ်တွေတစ်လျှောက် စီစီလျာကို ကူညီပေးခဲ့တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့ပတ်သက်ပြီး ဒီလိုပြောပြတယ်– “ဆရာဝန်တွေရဲ့ ကုသပေးမှုတွေအတွက် ကျေးဇူးအများကြီးတင်တယ်။ ကျွန်မရဲ့ အသက်ကို ကယ်ပေးတာကြောင့်ပဲ မဟုတ်ဘူး၊ သွေးမသွင်းဘဲ ကုသချင်တဲ့ ကျွန်မရဲ့ဆန္ဒကို လေးစားကြလို့လည်း ပါတယ်။”
ကုသပေးကြတဲ့ ဆရာဝန်တွေကလည်း စီစီလျာနဲ့ ကူညီပေးနေကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို လေးစားကြတယ်။ စီစီလျာရဲ့ အကြီးစား ကျောရိုးခွဲစိတ်ကုသမှု အကြိမ်ရေအတော်များများမှာ ပါဝင်ခဲ့သူ ဗျူးနို့အေရီမြို့ ယွမ် ပီ. ဂယ်ရဟမ် ကလေးဆေးရုံက ကျောရိုးရောဂါဗေဒ ဥက္ကဋ္ဌဟောင်း ဒေါက်တာ အာနက်စတို ဘာစူစကီ ဒီလိုပြန်ပြောပြတယ်– “စီစီလျာကို ခွဲစိတ်ကုသတဲ့ အချိန်တိုင်း သူ့ရဲ့ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်ချက်အကြောင်း ရှင်းပြတာတွေကို ရှင်းရှင်းလင်းရှင်း တွေ့မြင်ခဲ့ရတယ်။ သူနဲ့စကားပြောတဲ့အခါ ကုသမှု ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ရှင်းပြတယ်။ သွေးမသွင်းဘဲ ကုသပေးမယ်လို့လည်း ပြောပြတယ်။”
ယွမ် ပီ. ဂယ်ရဟမ် ကလေးဆေးရုံက ရှေ့နေတစ်ဦးလည်းဖြစ်၊ ဆေးပညာကျင့်ဝတ် ကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဒေါက်တာ ဆူဇန်းနား စရူစီ ဒီလိုပြောတယ်– “ယေဟောဝါသက်သေတွေနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ ကောင်းကောင်း ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်မတို့ ယေဟောဝါသက်သေတွေနဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ သွေးမသွင်းဘဲ အစားထိုးကုသနည်းတွေ ရှာတွေ့နိုင်ဖို့ ဆရာဝန်တွေအနေနဲ့ အတွေးအခေါ်တွေ၊ အသုံးပြုတဲ့ နည်းပညာတွေ ပြောင်းလဲရတယ်။”
စီစီလျာဟာ အရည်အချင်းပြည့်ဝတဲ့ ဆရာဝန်တွေကိုသာမက ယုံကြည်ခြင်းတူတဲ့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ ကူညီပေးမှုကိုလည်း အလွန်ကျေးဇူးတင်တယ်။ သူဒီလိုပြောတယ်– “ဆေးရုံဆက်သွယ်ရေး ကော်မတီ (HLC) နဲ့ လူနာလည်ပတ်ရေးအဖွဲ့ကို ကျေးဇူးအများကြီး တင်ပါတယ်။ ညီအစ်ကိုတွေမှာ မိသားစုနဲ့ တခြားတာဝန်တွေ ရှိပေမဲ့ ကိုယ်ကျိုးစွန့် ကူညီပေးကြတယ်။ ကျွန်မအတွက် အဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေပါ။”
စီစီလျာဟာ နာကျင်မှု အမြဲခံစားနေရပြီး ဘီးတပ်ကုလားထိုင်နဲ့ပဲ သွားလာရပေမဲ့ အခု အသက် ၂၅ နှစ်ရှိပါပြီ။ သူ့ရဲ့ အပြုသဘောထားကို လူတွေ သတိထားမိကြတယ်။ သူဒီလိုပြောတယ်– “ကျွန်မမှာ အရည်အသွေးကောင်းတွေ ရှိလာအောင်၊ ခရစ်ယာန်အရည်အသွေးတွေ မွေးမြူနိုင်အောင် ဒီခက်ခဲတဲ့ အတွေ့အကြုံတွေက ဖြစ်စေခဲ့တာလို့ ကျွန်မ ယုံကြည်တယ်။”
ဒီလိုလည်း ဆက်ပြောတယ်– “ခွဲစိတ်ကုသမှုတစ်ခု ပြီးသွားတဲ့အချိန်မှာ HLC အဖွဲ့ဝင် ညီအစ်ကိုတစ်ယောက် လာလည်ပတ်တယ်။ သူက ‘ယေဟောဝါရဲ့ကောင်းချီးက ကြွယ်ဝစေတယ်။ အဲဒီကြွယ်ဝမှုမှာ [ထာဝရ] နာကျင်စရာတွေ မရောဘူး’ ဆိုတဲ့ ပညာအလိမ္မာ ၁၀:၂၂ ကို ဖတ်ပြတယ်။ အဲဒီကျမ်းချက်ကို စိတ်ထဲစွဲသွားတယ်။ အမြဲအမှတ်ရနေမှာ။”
ညီအစ်မ စီစီလျာဟာ ၂၀၁၉၊ မေ ၁ ရက်နေ့မှာ အထူးကောင်းချီးတစ်ခုဖြစ်တဲ့ မှန်မှန်ရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ ကျွန်တော်တို့ ချစ်ရတဲ့ညီအစ်မကို ယေဟောဝါဘုရား နှစ်သိမ့်မှုနဲ့ ခွန်အားပေးတယ်ဆိုတာ ရှင်းနေပါတယ်။ အခု သူဟာ တခြားသူတွေကို နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းစာသတင်းစကားကို ဝမ်းသာအားရ ဝေမျှနေပါတယ်။
ယေဟောဝါဘုရားက စီစီလျာကို ထောက်မပေးသလိုပဲ စမ်းသပ်မှုအမျိုးမျိုးကြုံနေရတဲ့ ကျွန်တော်တို့အားလုံးကိုလည်း ဆက်ပြီး နှစ်သိမ့်ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—၂ ကောရိန္သု ၁:၄။