၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉ ရက်
နိုင်ဂျီးရီးယား
နိုင်ဂျီးရီးယားနိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ကျမ်းစာပညာပေးအဆောက်အအုံတွေ
မကြာသေးခင်က နိုင်ဂျီးရီးယားဌာနခွဲနယ်မြေမှာ ကျမ်းစာပညာပေးအဆောက်အအုံနှစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ နှစ်ခုစလုံးကို သတင်းကောင်းဟောပြောသူများအတွက် သင်တန်း (SKE) ကျင်းပဖို့ အဓိက အသုံးပြုမှာပါ။ နိုင်ဂျီးရီးယား၊ အူလီမြို့က ပထမသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ကျင်းပပြီး နိုင်ဂျီးရီးယား၊ အက်ဘာဒန်မြို့က ပထမသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန် ၂ ရက်မှာ စတင်ကျင်းပခဲ့တယ်။ နှစ်နေရာစလုံးကို တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးများအတွက် သင်တန်း ကျင်းပရာမှာလည်း အသုံးပြုပါလိမ့်မယ်။
အဆောက်အအုံနှစ်ခုစလုံးကို ရှိနှင့်ပြီးသား စည်းဝေးပွဲခန်းမ မြေကွက်ထဲမှာ ဆောက်ထားတာပါ။ စာသင်ခန်းတစ်ခန်း၊ စာကြည့်တိုက်တစ်ခုနဲ့ ကျောင်းသားတွေ နေဖို့အခန်းတွေ ပါတယ်။ နိုင်ဂျီးရီးယားမှာ တစ်နှစ်တစ်နှစ်ကို SKE လျှောက်လွှာတင်သူပေါင်း ၅၀၀ ကျော် ရှိလို့ တစ်နေရာစီမှာ တစ်နှစ်ကို သင်တန်း ၄ ကြိမ် ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ သင်တန်းတွေကို အင်္ဂလိပ်၊ အစ်ဂဘို၊ ပီဂျင် (အနောက်အာဖရိက)၊ ယိုရူးဘား စကားတွေနဲ့ ကျင်းပသွားပါမယ်။
အူလီမြို့က SKE သင်တန်းကို မကြာသေးခင်က တက်ရောက်ခဲ့သူတွေက သင်တန်းကျောင်းဝန်းကျင်ရဲ့ ဆိတ်ငြိမ်မှု၊ သက်သောင့်သက်သာရှိမှုနဲ့ပတ်သက်ပြီး အခုလို ကျေးဇူးတင်စာ ရေးခဲ့တယ်– “စာသင်ခန်းဝန်းကျင်က ဆိတ်ငြိမ်တယ်။ အိပ်ရာနဲ့ အခန်းတွေက သက်သောင့်သက်သာရှိတယ်။ ဒီတော့ စိတ်ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း လေ့လာသင်ယူနိုင်တာပေါ့။ အဆောက်အအုံမှာ အမှုဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတွေက ကျွန်တော်တို့ကို ဂရုစိုက်ပေးဖို့ မမောနိုင်မပန်းနိုင် ကူညီပေးကြရှာတယ်။ သူတို့ရဲ့ ပုံသက်သေကြောင့် ခရစ်ယာန်မေတ္တာကို အပြည့်အဝ ခံစားရတယ်။”
ဆောက်လုပ်ပြီးခါစ ကျမ်းစာပညာပေးအဆောက်အအုံတွေမှာ ကျင်းပတဲ့ သင်တန်းတွေကို တက်ပြီး နိုင်ဂျီးရီးယားက ညီအစ်ကို၊ ညီအစ်မတွေ “ဘုရားပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်” နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။—၂ တိမောသေ ၄:၅။