၂ ပေတရု ၃:၁-၁၈

  • လာမယ့် တရားစီရင်ခြင်းကို လှောင်ပြောင်သူများ (၁-၇)

  • ယေဟောဝါ မနှောင့်နှေး (၈-၁၀)

  • ဘယ်လိုလူစားမျိုး ဖြစ်သင့်တယ်ဆိုတာ စဉ်းစားဆင်ခြင်ပါ (၁၁-၁၆)

    • ကောင်းကင်သစ်နဲ့ မြေကြီးသစ် (၁၃)

  • လမ်းမလွဲသွားဖို့ သတိထား (၁၇၊ ၁၈)

 ချစ်ရသူတို့၊ ဒါဟာ ခင်ဗျားတို့ဆီရေးလိုက်တဲ့ ဒုတိယစာပါ။ ပထမစာတုန်းကလိုပဲ  ခင်ဗျားတို့ရဲ့  ရှင်းလင်းတဲ့ စဉ်းစားနိုင်စွမ်းကို နှိုးဆွပေးပြီး ကိစ္စတချို့အကြောင်း သတိပေးချင်တာနဲ့ အခုလို ရေးလိုက်တယ်။+ ၂  သန့်ရှင်းတဲ့ပရောဖက်တွေ  အရင်တုန်းက ဟောခဲ့တဲ့စကားတွေ၊ တမန်တော်တွေကတစ်ဆင့် ကြားခဲ့ရတဲ့ ကယ်တင်ရှင် သခင်ရဲ့မိန့်မှာချက်တွေကို သတိရကြပါ။ ၃  ဦးဆုံး၊ ခင်ဗျားတို့ သိထားရမှာက  နောက်ဆုံးကာလမှာ လှောင်ပြောင်တတ်သူတွေ ပေါ်လာပြီး ကဲ့ရဲ့လှောင်ပြောင်ကြလိမ့်မယ်။ သူတို့က ကိုယ့်အလိုဆန္ဒအတိုင်း  လုပ်ဆောင်ပြီး၊+ ၄  “ခရစ်တော် ရောက်ရှိမယ်ဆိုတဲ့ ကတိက ဘယ်မှာလဲ။+ ဘိုးဘေးတွေ သေခြင်းမှာ အိပ်ပျော်ချိန်ကတည်းက ဘာမှ မပြောင်းလဲပါဘူး။ လူကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တုန်းကလိုပဲ အရာအားလုံးဟာ အဲဒီအတိုင်း ဆက်ဖြစ်နေတာပဲ”+ လို့ ပြောကြတယ်။ ၅  သူတို့ တမင်လျစ်လျူရှုထားတာက ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကြောင့်  ဟိုးအချိန်ကတည်းက  မိုးကောင်းကင်  တည်ရှိခဲ့တာ၊  မြေကြီးဟာ ရေထဲကနေ ပေါ်ထွက်လာပြီး ရေထုကြားမှာ  တည်ရှိခဲ့တာ၊+ ၆  ရေလွှမ်းမိုးတုန်းက အဲဒါတွေကြောင့် အဲဒီခေတ်ကလူတွေ  ပျက်စီးခဲ့တာဆိုတဲ့ အချက်တွေပဲ။+ ၇  အခုတည်ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးကလည်း ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကြောင့်ပဲ မီးနဲ့ဖျက်ဆီးဖို့ သတ်မှတ်ခံထားရပြီး ဘုရားတရားမဲ့သူတွေကို ဖျက်ဆီးမယ့်နေ့၊ တရားစီရင်မယ့်နေ့ မရောက်မချင်း တည်ရှိနေလိမ့်မယ်။+ ၈  ချစ်ရသူတို့၊ ယေဟောဝါ*  အတွက်  တစ်ရက်ဟာ အနှစ်တစ်ထောင်၊ အနှစ်တစ်ထောင်ဟာ တစ်ရက်ပဲဆိုတာကို   မမေ့ပါနဲ့။+ ၉  နှောင့်နှေးတယ်လို့ လူတချို့ ထင်ပေမဲ့ တကယ်တော့ ယေဟောဝါဟာ* မိမိကတိနဲ့ပတ်သက်လာရင် မနှောင့်နှေးပါဘူး။+ ဘုရားသခင် စိတ်ရှည်ရတဲ့ အကြောင်းရင်းက ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့ပါ။+ ၁၀  ယေဟောဝါရဲ့* နေ့ဟာ+ သူခိုးလာသလို ရောက်လာမယ်။+ အဲဒီနေ့မှာ ကောင်းကင်ဟာ ကျယ်လောင်တဲ့အသံနဲ့ ပျောက်ကွယ်သွားမယ်။+ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာတွေဟာ အလွန်ပူပြင်းပြီး အရည်ပျော်သွားမယ်။ မြေကြီးနဲ့ မြေကြီးပေါ်ကအရာတွေလည်း  ဖော်ထုတ်ခံရလိမ့်မယ်။*+ ၁၁  အဲဒါတွေအားလုံးဟာ ဒီနည်းနဲ့ အရည်ပျော်သွားမှာဖြစ်လို့ ဘယ်လို လူစားမျိုး ဖြစ်သင့်တယ်ဆိုတာ စဉ်းစားဆင်ခြင်ကြပါ။ သန့်ရှင်းတဲ့အမူအကျင့်တွေ ကျင့်ကြံပြီး ဘုရားတရား ကိုင်းရှိုင်းကြပါ။ ၁၂  ယေဟောဝါ* ရဲ့နေ့+ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်းပြီး စောင့်မျှော်နေကြပါ။ အဲဒီနေ့မှာ ကောင်းကင်ဟာ မီးနဲ့ဖျက်ဆီးခံရလိမ့်မယ်၊+ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာတွေဟာ အလွန်ပူပြင်းပြီး အရည်ပျော်ကုန်လိမ့်မယ်။ ၁၃  ဒါပေမဲ့ ဘုရားသခင်  ကတိပေးထားတဲ့အတိုင်း ဖြောင့်မတ်ခြင်း တည်တံ့မယ့်+ ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။+ ၁၄  ဒါကြောင့် ချစ်ရသူတို့၊ ဒါတွေကို ခင်ဗျားတို့ စောင့်မျှော်နေတဲ့အတွက် ဘုရားသခင်  နောက်ဆုံးစစ်ဆေးတဲ့အခါ အစွန်းအထင်း၊ အပြစ်အနာအဆာ မရှိဘဲ ငြိမ်သက်ခြင်းရှိနေဖို့ အစွမ်းကုန်ကြိုးစားကြပါ။+ ၁၅  ဘုရားသခင် စိတ်ရှည်လို့ ကယ်တင်ခြင်းရတာဆိုပြီး ယူမှတ်ကြပါ။ ချစ်ရတဲ့ညီအစ်ကို ပေါလုကလည်း ဘုရားပေးတဲ့ ဉာဏ်ပညာကို အခြေခံပြီး ခင်ဗျားတို့ဆီ အဲဒီအတိုင်း ရေးခဲ့တာပဲ။+ ၁၆  သူရေးတဲ့စာအားလုံးမှာ အဲဒီအကြောင်းတွေ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ့စာထဲမှာ နားလည်ရခက်တဲ့ အကြောင်းအရာတချို့ ပါတယ်။ နားမလည်တဲ့သူတွေ၊ စိတ်မတည်ငြိမ်သူတွေက အဲဒီအချက်တွေကို တလွဲအဓိပ္ပာယ် ကောက်ကြတယ်။ တခြားကျမ်းစောင်တွေကိုလည်း အဲဒီလိုပဲ တလွဲအဓိပ္ပာယ်ကောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေကြတယ်။ ၁၇  ချစ်ရသူတို့၊ ဒါတွေကို ခင်ဗျားတို့ ကြိုသိထားတဲ့အတွက် တရားမဲ့သူတွေရဲ့ မှားယွင်းတဲ့လမ်းစဉ်နောက် မလိုက်ပါသွားဖို့၊ မှန်ကန်တဲ့လမ်းစဉ်မှာ   မြဲမြံနေဖို့  သတိထားကြပါ။+ ၁၈  ခင်ဗျားတို့ မဟာကရုဏာတော် ပိုခံစားရပါစေ၊ ကယ်တင်ရှင် သခင်ယေရှုခရစ်နဲ့ ပတ်သက်တဲ့ အသိပညာ တိုးပွားလာပါစေ။ ယေရှုရဲ့ ဘုန်းအသရေဟာ အခုရော နောင်ထာဝရကာလအထိပါ ထင်ရှားပါစေ။ အာမင်။*

အောက်ခြေမှတ်ချက်များ

ဖော်ထုတ်ခံရပြီး လောင်ကျွမ်းသွားမှာကို ဆိုလို။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”