ယောန ၄:၁-၁၁
၄ ယောနကတော့ အကြီးအကျယ် မကျေမနပ်ဖြစ်ပြီး ဒေါသထွက်တယ်။
၂ အဲဒီအခါ ယေဟောဝါဆီ သူဆုတောင်းတာက– “ယေဟောဝါဘုရား၊ ဒီလိုဖြစ်လာမယ်ဆိုတာ နေရင်းပြည်မှာရှိကတည်းက ကျွန်တော်တွေးပူမိသားပဲ။ ဒါကြောင့် တာရှိပြည်ကို+ ချက်ချင်းပြေးခဲ့တာ။ ကိုယ်တော်ဟာ သနားစာနာတတ်ပြီး ကရုဏာရှိတဲ့ဘုရား၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာ ကြီးမားတဲ့ဘုရား၊+ ဘေးဆိုးအတွက် စိတ်မကောင်းဖြစ်တတ်တဲ့ ဘုရားပဲဆိုတာ ကျွန်တော် သိတာပေါ့။
၃ ယေဟောဝါဘုရား၊ အခု ကျွန်တော့်အသက်ကို နုတ်ယူလိုက်ပါတော့။ အသက်ရှင်နေရတာထက် သေသွားတာကမှ ပိုကောင်းဦးမယ်။”+
၄ အဲဒီအခါ ယေဟောဝါက “မင်း ဒီလောက် စိတ်ဆိုးသင့်သလား” လို့မေးတယ်။
၅ အဲဒီနောက် ယောနက မြို့ပြင်ထွက်သွားတယ်။ မြို့ရဲ့အရှေ့ဘက်မှာ တဲထိုးပြီး အရိပ်အောက် ထိုင်နေရင်း မြို့ထဲမှာ ဘာများဖြစ်လာမလဲလို့ စောင့်ကြည့်နေတယ်။+
၆ ယေဟောဝါက ယောနအတွက် အရိပ်ရအောင်၊ စိတ်သက်သာရာရအောင် ဘူးပင်တစ်ပင်* ပေါက်စေတယ်။ အဲဒီဘူးပင်ကြောင့် ယောန သိပ်ကျေနပ်သွားတယ်။
၇ ဒါပေမဲ့ နောက်တစ်နေ့ အရုဏ်တက်ချိန်မှာ စစ်မှန်တဲ့ဘုရားသခင်က ပိုးကောင်ကို စေလွှတ်လိုက်တယ်။ ပိုးကိုက်လို့ ဘူးပင် ခြောက်သွားတယ်။
၈ နေမြင့်လာတဲ့အခါ ဘုရားသခင်က ချစ်ချစ်တောက်ပူတဲ့ အရှေ့လေကိုလည်း တိုက်စေတယ်။ နေရှိန်ပြင်းလွန်းတော့ ယောန နုံးချည့်လာတယ်။ ဒါကြောင့် သေပါရစေလို့သာ တစာစာတောင်းဆိုပြီး “အသက်ရှင်နေရတာထက် သေတာကမှ ပိုကောင်းဦးမယ်” လို့ပဲ ပြောနေတော့တယ်။+
၉ အဲဒီအခါ ဘုရားသခင်က “ဘူးပင်တစ်ပင်အတွက် မင်း ဒီလောက်တောင် စိတ်ဆိုးသင့်သလား”+ လို့မေးတော့၊
ယောနက “စိတ်ဆိုးသင့်တာပေါ့။ သေချင်လောက်အောင်ကို စိတ်ဆိုးပါတယ်” လို့ဖြေတယ်။
၁၀ ယေဟောဝါကလည်း “ကိုယ်တိုင် မစိုက်ဘဲ၊ မပြုစုဘဲ ညတွင်းချင်းပေါက်ပြီး ညတွင်းချင်းသေသွားတဲ့ ဘူးပင်ကို မင်း နှမြောနေတယ်။
၁၁ ဒါဆိုရင် တိရစ္ဆာန်အများကြီးကို မပြောနဲ့ဦး၊+ အမှားအမှန်ကိုတောင်* ခွဲခြားမသိနိုင်တဲ့ လူ ၁၂၀,၀၀၀ ကျော်ရှိတဲ့ နိနဝေမြို့ကြီးကို ငါ ပိုမနှမြောသင့်ဘူးလား”+ လို့ပြောတယ်။