ယေဇကျေလ ၃၇:၁-၂၈

  • အရိုးခြောက်ပြည့်နေတဲ့ ချိုင့်ဝှမ်းအကြောင်း စိတ်အာရုံ (၁-၁၄)

  • တုတ်နှစ်ချောင်းကို ဆက်ပေး (၁၅-၂၈)

    • လူမျိုးတစ်မျိုးတည်း၊ ဘုရင်တစ်ပါးတည်း (၂၂)

    • ထာဝရ ငြိမ်းချမ်းရေးပဋိညာဉ် (၂၆)

၃၇  ကျွန်တော့်အပေါ် ယေဟောဝါရဲ့လက်တော် သက်ရောက်လာတယ်။ ယေဟောဝါက ကျွန်တော့်ကို စွမ်းအားတော်နဲ့ခေါ်သွားပြီး အရိုးတွေပြည့်နေတဲ့ ချိုင့်ဝှမ်းလွင်ပြင်အလယ်မှာ ချလိုက်တယ်။+ ၂  ပြီးတော့ ကျွန်တော့်ကို  အရိုးတွေပတ်လည်မှာ လျှောက်သွားခိုင်းတယ်။ ချိုင့်ဝှမ်းလွင်ပြင်မှာ အမြောက်အမြားရှိနေတဲ့ အရိုးတွေဟာ ခြောက်သွေ့နေတာကို တွေ့လိုက်ရတယ်။+ ၃  ဘုရားသခင်က “လူသား၊ အဲဒီအရိုးတွေ အသက်ပြန်ရှင်နိုင်မလား” လို့မေးတော့ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဒါကို ကိုယ်တော်ပဲ သိပါတယ်”+ လို့ ကျွန်တော်ဖြေလိုက်တယ်။ ၄  အဲဒီအခါ ဘုရားသခင် မိန့်မှာတာက “ဒီအရိုးတွေနဲ့ပတ်သက်ပြီး မင်း ပရောဖက်ပြုပါ။ ‘ခြောက်သွေ့နေတဲ့အရိုးတို့၊ ယေဟောဝါ ပြောတာကို နားထောင်ကြ။ ၅  “‘ဒီအရိုးတွေကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းတို့ထဲ ထွက်သက်ဝင်သက်ကို ငါသွင်းပေးမှာဖြစ်လို့ မင်းတို့ အသက်ပြန်ရှင်လာလိမ့်မယ်။+ ၆  မင်းတို့ကို အရွတ်တွေ၊ အသားတွေဖြည့်ပေးပြီး အရေပြားနဲ့ ဖုံးပေးမယ်။ ထွက်သက်ဝင်သက်ကိုလည်း သွင်းပေးမယ်။ အဲဒီအခါ မင်းတို့ အသက်ပြန်ရှင်လာပြီး ငါဟာ ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။”’” ၇  ကျွန်တော်လည်း မိန့်မှာထားတဲ့အတိုင်း ပရောဖက်ပြုတယ်။ ပရောဖက်ပြုပြီးတာနဲ့ တချောက်ချောက် မြည်သံတွေ ထွက်ပေါ်လာပြီး အရိုးတစ်ခုနဲ့တစ်ခု ဆက်သွားတယ်။ ၈  အဲဒီနောက် အရိုးပေါ်မှာ အရွတ်တွေ၊ အသားတွေ တက်လာပြီး အရေပြား ဖုံးသွားတာကို တွေ့လိုက်ရတယ်။ အသက်တော့ မရှူသေးဘူး။ ၉  အဲဒီနောက် ဘုရားသခင်က “လူသား၊ လေကို ပရောဖက်ပြုလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အို လေတို့၊* ကွပ်မျက်ခံရတဲ့ ဒီလူတွေ အသက်ပြန်ရှင်လာအောင် သူတို့အပေါ် အရပ်လေးမျက်နှာကနေ တိုက်ခတ်ပါ”’ ဆိုပြီး လေကို ပရောဖက်ပြုလိုက်ပါ” လို့ ကျွန်တော့်ကို မှာတယ်။ ၁၀  ကျွန်တော်လည်း မိန့်မှာတဲ့အတိုင်း ပရောဖက်ပြုတယ်။ အဲဒီအခါ အသက်စွမ်းအား ဝင်လာတဲ့အတွက် သူတို့ အသက်ရှင်လာပြီး ထရပ်ကြတယ်။+ အလုံးအရင်းကြီး ဖြစ်လာတယ်။ ၁၁  အဲဒီအခါ ဘုရားသခင်က “လူသား၊ ဒီအရိုးတွေဟာ အစ္စရေးတစ်မျိုးလုံးကို ဆိုလိုတယ်။+ သူတို့က ‘ငါတို့အရိုးတွေ ခြောက်သွေ့နေပြီ။ မျှော်လင့်ချက်လည်း ပျက်စီးသွားပြီ။+ ငါတို့ လုံးလုံး ပယ်ရှင်းခံလိုက်ရပြီ’ လို့ပြောနေတယ်။ ၁၂  ဒါကြောင့် သူတို့ကို ပရောဖက်ပြုလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ငါ့လူတို့၊ မင်းတို့ရဲ့ သင်္ချိုင်းတွေကို ငါဖွင့်မယ်။+ မင်းတို့ကို သင်္ချိုင်းထဲကနေ ခေါ်ထုတ်ပြီး အစ္စရေးပြည်ဆီ ခေါ်ဆောင်သွားမယ်။+ ၁၃  ငါ့လူတို့၊ သင်္ချိုင်းတွေကိုဖွင့်ပြီး မင်းတို့ကို ငါခေါ်ထုတ်လာတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရလိမ့်မယ်။”’+ ၁၄  ‘အသက်စွမ်းအားကို မင်းတို့ထဲ ငါသွင်းပေးမယ်။ အဲဒီအခါ မင်းတို့ အသက်ပြန်ရှင်လာမယ်။+ မင်းတို့ကို နေရင်းပြည်မှာ ငါနေရာချပေးမယ်။ ငါယေဟောဝါကိုယ်တိုင် အဲဒီလိုပြောပြီး အဲဒီအတိုင်း လုပ်ဆောင်ခဲ့မှန်း မင်းတို့သိရလိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။” ၁၅  အဲဒီနောက် ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၆  “လူသား၊ တုတ်တစ်ချောင်းယူပြီး အဲဒီပေါ်မှာ ‘ယုဒနဲ့ အတူရှိနေတဲ့ အစ္စရေးတွေအတွက်’+ ဆိုပြီးရေးပါ။ တုတ်နောက်တစ်ချောင်း ယူပြီး အဲဒီပေါ်မှာ ‘ဧဖရိမ်ရဲ့တုတ်ချောင်းဖြစ်တဲ့ ယောသပ်နဲ့အတူရှိနေတဲ့အစ္စရေး တစ်မျိုးလုံးအတွက်’+ ဆိုပြီး ရေးပါ။ ၁၇  ပြီးတော့ အဲဒီတုတ်နှစ်ချောင်းကို တစ်ချောင်းတည်း ဖြစ်သွားအောင် ပူးကိုင်ထားလိုက်ပါ။+ ၁၈  ‘ဒါ ဘာကိုဆိုလိုတယ်ဆိုတာ မပြောပြတော့ဘူးလား’ လို့ လူတွေ မေးလာတဲ့အခါ၊ ၁၉  မင်းပြန်ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ဧဖရိမ်လက်ထဲက ယောသပ်ရဲ့တုတ်ချောင်းကို ငါယူမယ်။ အဲဒီတုတ်ချောင်းဟာ ဧဖရိမ်နဲ့အတူရှိနေတဲ့ အစ္စရေးအနွယ်တွေကိုလည်း ကိုယ်စားပြုတယ်။ ငါက သူတို့ကို ယုဒရဲ့တုတ်ချောင်းနဲ့ ဆက်ပေးပြီး တုတ်တစ်ချောင်းတည်း ဖြစ်စေမယ်။+ သူတို့ဟာ ငါ့လက်ထဲမှာ တုတ်တစ်ချောင်းတည်း ဖြစ်ရလိမ့်မယ်။”’ ၂၀  မင်းရေးထားတဲ့ တုတ်ချောင်းတွေကို သူတို့မြင်အောင် ကိုင်ထားပါ။ ၂၁  “ပြီးတော့ သူတို့ကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အစ္စရေးလူတွေကို သူတို့ရောက်သွားတဲ့ လူမျိုးခြားတွေဆီကနေ ပြန်ခေါ်လာမယ်။ အရပ်ရပ်ကနေ ပြန်စုစည်းပြီး နေရင်းပြည်ဆီ ခေါ်လာမယ်။+ ၂၂  ငါက သူတို့ကို တိုင်းပြည်မှာရော အစ္စရေး တောင်တန်းတွေပေါ်မှာပါ လူမျိုးတစ်မျိုးတည်း ဖြစ်စေမယ်။+ သူတို့ကို အုပ်ချုပ်မယ့် ဘုရင်လည်း တစ်ပါးတည်း ရှိလိမ့်မယ်။+ သူတို့ဟာ လူမျိုးနှစ်မျိုး၊ နိုင်ငံနှစ်နိုင်ငံအဖြစ် ကွဲပြားနေတော့မှာ မဟုတ်ဘူး။+ ၂၃  သူတို့က ရွံမုန်းစရာရုပ်တုတွေ၊* ရွံစရာအကျင့်တွေ၊ အပြစ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတော့မှာ မဟုတ်ဘူး။+ အပြစ်ကျူးလွန်ပြီး သစ္စာမဲ့ခဲ့တဲ့အဖြစ်ကနေ သူတို့ကို ငါကယ်တင်ပြီး သန့်စင်ပေးမယ်။ သူတို့ဟာ ငါ့လူတွေဖြစ်လာမယ်။ ငါကလည်း သူတို့ရဲ့ဘုရားသခင် ဖြစ်လာမယ်။+ ၂၄  “‘“ငါ့ကျွန်ဒါဝိဒ်ဟာ သူတို့ရဲ့ဘုရင် ဖြစ်လာမယ်။+ သူတို့ဆီမှာ သိုးထိန်းတစ်ယောက်တည်း ရှိလိမ့်မယ်။+ သူတို့က ငါ့တရားစီရင်ချက်တွေအတိုင်း လိုက်လျှောက်ပြီး ငါ့ဥပဒေတွေကို ဂရုတစိုက် လိုက်နာလိမ့်မယ်။+ ၂၅  ငါ့ကျွန်ယာကုပ်ကို ငါပေးခဲ့တဲ့ပြည်၊ ဘိုးဘေးတွေ နေထိုင်ခဲ့တဲ့ ပြည်မှာ သူတို့နေထိုင်ရလိမ့်မယ်။+ သူတို့ရော သားမြေးမြစ်တွေပါ+ အဲဒီမှာ ထာဝစဉ် နေထိုင်ရလိမ့်မယ်။+ ငါ့ကျွန်ဒါဝိဒ်ဟာ သူတို့ရဲ့ခေါင်းဆောင် ထာဝစဉ်ဖြစ်လိမ့်မယ်။+ ၂၆  “‘“ငါက သူတို့နဲ့ ငြိမ်းချမ်းရေးပဋိညာဉ် ဖွဲ့မယ်။+ ဒါဟာ ထာဝရပဋိညာဉ် ဖြစ်လိမ့်မယ်။ သူတို့ကို ငါထူထောင်ပေးပြီး တိုးများစေမယ်။+ ငါ့ရဲ့ သန့်ရှင်းရာဌာနတော်ကို သူတို့ဆီမှာ ထာဝစဉ် တည်ရှိစေမယ်။ ၂၇  ငါ့တဲတော်က သူတို့နဲ့အတူ ရှိနေလိမ့်မယ်။ ငါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်လာမယ်။ သူတို့လည်း ငါ့လူတွေ ဖြစ်လာမယ်။+ ၂၈  သန့်ရှင်းရာဌာနတော်က အစ္စရေးတွေဆီမှာ ထာဝစဉ် တည်ရှိနေတဲ့အခါ ငါယေဟောဝါဟာ သူတို့ကို သန့်ရှင်းတဲ့လူမျိုးအဖြစ် သီးခြားခွဲထားတဲ့အရှင်ပဲဆိုတာ လူမျိုးတွေ သိရလိမ့်မယ်။”’”+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ထွက်သက်ဝင်သက်၊ အသက်စွမ်းအား။”
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။