ယာကုပ် ၂:၁-၂၆
၂ ညီအစ်ကိုတို့၊ ခင်ဗျားတို့က ဘုန်းကြီးတဲ့ သခင်ယေရှုခရစ်ကို ယုံကြည်သူတွေ ဖြစ်လျက်နဲ့ မျက်နှာလိုက်နေကြသလား။+
၂ ခင်ဗျားတို့ စည်းဝေးတဲ့နေရာကို လူနှစ်ယောက် ဝင်လာတယ် ဆိုပါစို့။ တစ်ယောက်က ရွှေလက်စွပ် ဝတ်ပြီး သားသားနားနား ဝတ်ထားတယ်။ နောက်တစ်ယောက်ကတော့ ဆင်းရဲပြီး ဟောင်းနွမ်းညစ်ပေတဲ့ အဝတ် ဝတ်ထားတယ်။
၃ သားသားနားနား ဝတ်ထားသူကို မျက်နှာသာပေးပြီး “ဒီနေရာကောင်းမှာ ထိုင်ပါ” လို့ ပြောမယ်၊ ဆင်းရဲသူကိုတော့ “ဟိုမှာ ရပ်နေလိုက်” ဒါမှမဟုတ် “ခြေတင်ခုံနားမှာ ထိုင်လိုက်”+ လို့ ပြောမယ်ဆိုရင်၊
၄ ခင်ဗျားတို့ အဆင့်အတန်း ခွဲနေတာပဲ မဟုတ်လား။+ မတရားဆုံးဖြတ်တဲ့ တရားသူကြီးတွေနဲ့ တူနေမယ် မဟုတ်လား။+
၅ ချစ်ရတဲ့ ညီအစ်ကိုတို့၊ နားထောင်ကြပါ။ ဆင်းရဲသားလို့ ဒီလောက သတ်မှတ်တဲ့သူတွေကို ဘုရားသခင်က ယုံကြည်ခြင်းမှာ ကြွယ်ဝသူတွေ ဖြစ်စေဖို့ ရွေးချယ်ထားတယ် မဟုတ်လား။+ ဘုရားက မိမိကို ချစ်တဲ့သူတွေကို ကတိပေးထားတဲ့အတိုင်း နိုင်ငံတော်အမွေခံတွေ ဖြစ်စေဖို့ သူတို့ကို ရွေးချယ်ထားတယ်။+
၆ ခင်ဗျားတို့က ဆင်းရဲသားတွေကို နှိမ်တတ်ကြတယ်။ တကယ်တော့ ချမ်းသာသူတွေကသာ ခင်ဗျားတို့ကို ဖိနှိပ်ပြီး+ တရားရုံးဆီ ဆွဲခေါ်သွားတာ မဟုတ်လား။
၇ ခင်ဗျားတို့ ခံယူထားတဲ့ ကောင်းမြတ်တဲ့ နာမည်ကို စော်ကားပြောဆိုတာလည်း သူတို့ပဲ မဟုတ်လား။
၈ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ”+ ဆိုပြီး ကျမ်းစာမှာ ပြောထားတဲ့အတိုင်း တော်ဝင်ပညတ်ကို ခင်ဗျားတို့ လိုက်နာနေတယ်ဆိုရင် ကောင်းတာပေါ့။
၉ ဒါပေမဲ့ မျက်နှာလိုက်မြဲလိုက်နေရင်တော့+ အပြစ်ကျူးလွန်တာပဲ။ ခင်ဗျားတို့ဟာ အပြစ်ကျူးလွန်သူတွေ ဖြစ်မှန်း တော်ဝင်ပညတ်က ဖော်ပြနေပြီ။+
၁၀ ပညတ်အားလုံးကို လိုက်နာစောင့်ထိန်းပေမဲ့ တစ်ခုကို ချိုးဖောက်မိရင် ပညတ်အားလုံးကို မလိုက်နာတာနဲ့ အတူတူပဲ။+
၁၁ “အိမ်ထောင်ရေး မဖောက်ပြန်နဲ့”+ လို့ မိန့်မှာတဲ့သူက “လူ့အသက် မသတ်နဲ့”+ လို့လည်း မိန့်မှာထားတယ်။ ခင်ဗျားက အိမ်ထောင်ရေးတော့ မဖောက်ပြန်ဘူး၊ ဒါပေမဲ့ လူ့အသက် သတ်မယ်ဆိုရင် ပညတ်ကို ချိုးဖောက်တာပဲ။
၁၂ ခင်ဗျားတို့ဟာ လွတ်လပ်သူတွေ ဖြစ်လို့ ခင်ဗျားတို့အတွက် ချမှတ်ထားတဲ့ ပညတ်အတိုင်း စီရင်ခံရလိမ့်မယ်။ ဒါကြောင့် အဲဒီပညတ်နဲ့အညီ ပြုမူပြောဆိုကြပါ။+
၁၃ ကရုဏာ မပြတဲ့သူကို ဘုရားသခင်ကလည်း ကရုဏာ မပြဘဲ တရားစီရင်လိမ့်မယ်။+ ကရုဏာဟာ တရားစီရင်ခြင်းကို အောင်ပွဲခံတတ်တယ်။
၁၄ ညီအစ်ကိုတို့၊ တစ်ယောက်ယောက်က ဘုရားသခင်ကို ယုံကြည်ပါတယ်လို့ ပြောပြီး လက်တွေ့မကျင့်ဘူးဆိုရင် ဘာအကျိုးရှိမှာလဲ။+ အဲဒီလိုယုံကြည်ခြင်းက သူ့ကို ကယ်တင်နိုင်မှာလား။+
၁၅ ညီအစ်ကို၊ ညီအစ်မ တစ်ယောက်ယောက်မှာ ဝတ်စရာ မရှိဘူး၊ တစ်နေ့စာအတွက် စားစရာ မရှိဘူးဆိုရင်၊
၁၆ ခင်ဗျားတို့ တစ်ယောက်ယောက်က “အေးအေးဆေးဆေး ပြန်သွားပါ။ နွေးနွေးထွေးထွေး နေပါ။ ကောင်းကောင်း စားပါ” လို့ ပြောပြီး သူတို့ အသက်ရှင်သန်ဖို့ လိုအပ်ရာကို မပေးဘူးဆိုရင် ဘာအကျိုးရှိမှာလဲ။+
၁၇ ဒါကြောင့် လုပ်ရပ် မပါတဲ့ ယုံကြည်ခြင်းဟာ အသေပဲ။+
၁၈ တစ်ယောက်ယောက်က “ခင်ဗျားဟာ ယုံကြည်ခြင်း ရှိတဲ့သူ၊ ကျွန်တော်ကတော့ လက်တွေ့လုပ်တဲ့သူပဲ။ လက်တွေ့မပါတဲ့ ခင်ဗျားရဲ့ ယုံကြည်ခြင်းကို ကျွန်တော့်ကို ပြပါ။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကိုလည်း လုပ်ရပ်နဲ့ ပြမယ်” လို့ ပြောလိမ့်မယ်။
၁၉ ဘုရားသခင် တစ်ဆူတည်း ရှိတယ်ဆိုတာ ခင်ဗျား ယုံတယ် မဟုတ်လား။ ကောင်းပါတယ်။ နတ်ဆိုးတွေတောင် ယုံလို့ ဖိမ့်ဖိမ့်တုန်နေကြတာ။+
၂၀ စဉ်းစားဉာဏ် နည်းတဲ့သူ၊ လုပ်ရပ်မပါတဲ့ ယုံကြည်ခြင်းဟာ အချည်းနှီးပဲဆိုတာ မသိဘူးလား။
၂၁ ဘိုးဘေးအာဗြဟံက သားအိဇက်ကို ပူဇော်ရာပလ္လင်ပေါ်မှာ ပူဇော်ပြီးတဲ့နောက် အဲဒီလုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ် မဟုတ်လား။+
၂၂ သူ့ရဲ့ ယုံကြည်ခြင်းဟာ လုပ်ရပ်နဲ့ ဒွန်တွဲနေလို့ ရှင်သန်နေတယ်၊ လုပ်ရပ်ကြောင့် ပြည့်ဝစုံလင်သွားတယ်ဆိုတာ+ ခင်ဗျားတို့ သိပါတယ်။
၂၃ “အာဗြဟံက ယေဟောဝါကို* ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်တယ်”+ ဆိုတဲ့ ကျမ်းစကား ပြည့်စုံလာတယ်။ ယေဟောဝါရဲ့* မိတ်ဆွေလို့ သူအခေါ်ခံရတယ်။+
၂၄ လူတစ်ယောက်က မိမိယုံကြည်ခြင်းကြောင့်သာ မဟုတ်ဘဲ လုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်ဆိုတာ ခင်ဗျားတို့ အခု နားလည်သွားပြီ။
၂၅ အလားတူ ပြည့်တန်ဆာ ရာခပ်က တမန်တွေကို ဖော်ဖော်ရွေရွေ ကြိုဆိုပြီး တခြားလမ်းနဲ့ ထွက်သွားနိုင်အောင် ကူညီပေးခဲ့တယ်။+ အဲဒီလုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ် မဟုတ်လား။
၂၆ ဒါကြောင့် အသက်စွမ်းအား* မရှိတဲ့ ကိုယ်ခန္ဓာဟာ အသေ ဖြစ်သလို+ လုပ်ရပ်မပါတဲ့ ယုံကြည်ခြင်းကလည်း အသေပဲ။+