မဿဲ ၂၀:၁-၃၄

  • စပျစ်ခြံလုပ်သားတွေ လုပ်ခတန်းတူရ (၁-၁၆)

  • ယေရှု သေဆုံးမယ့်အကြောင်း ထပ်မံကြိုပြော (၁၇-၁၉)

  • နိုင်ငံတော်မှာ ရာထူးရဖို့ တောင်းဆိုကြ (၂၀-၂၈)

    • လူအများအတွက် ရွေးဖိုးဖြစ်တဲ့ ယေရှု (၂၈)

  • မျက်မမြင်နှစ်ယောက်ကို ကုသပေး (၂၉-၃၄)

၂၀  “ကောင်းကင်နိုင်ငံဟာ လုပ်သားတွေကို ငှားဖို့ မနက်စောစော ထွက်သွားတဲ့ စပျစ်ခြံပိုင်ရှင်နဲ့ တူတယ်။+ ၂  သူက လုပ်သားတွေကို တစ်နေ့ ဒေနာရိ* တစ်ပြား ပေးမယ်လို့ သဘောတူပြီးနောက် စပျစ်ခြံဆီ လွှတ်လိုက်တယ်။ ၃  အဲဒီနောက် မနက် ၉ နာရီ* လောက်မှာ ပြန်ထွက်သွားပြီး အလုပ်မရှိဘဲ စျေးမှာ ရပ်နေသူတွေကို တွေ့တဲ့အခါ၊ ၄  ‘ခင်ဗျားတို့လည်း ကျွန်တော့်စပျစ်ခြံကို သွားကြ။ ထိုက်သင့်တဲ့ အခကို ပေးမယ်’ လို့ ပြောတယ်။ ၅  သူတို့လည်း သွားကြတယ်။ စပျစ်ခြံပိုင်ရှင်က နေ့လယ် ၁၂ နာရီ* နဲ့ ညနေ ၃ နာရီ* လောက်မှာ ပြန်ထွက်သွားပြီး အရင်လိုပဲ လူတွေကို ဖိတ်ခေါ်တယ်။ ၆  ညနေ ၅ နာရီ* လောက်မှာ ပြန်ထွက်သွားပြီး ရပ်နေတဲ့လူတွေကို တွေ့တဲ့အခါ ‘တစ်နေကုန် အလုပ်မလုပ်ဘဲ ဒီမှာ ဘာလို့ ရပ်နေကြတာလဲ’ လို့ မေးတယ်။ ၇  ‘ကျွန်တော်တို့ကို ငှားမယ့်သူ မရှိလို့ပါ’ ဆိုပြီး ဖြေကြတဲ့အခါ ‘ကျွန်တော့်စပျစ်ခြံမှာ သွားအလုပ်လုပ်ပါ’ လို့ ပြောလိုက်တယ်။ ၈  “ညနေစောင်းတော့ စပျစ်ခြံပိုင်ရှင်က ‘လုပ်သားတွေကို ခေါ်လာခဲ့။ နောက်ဆုံး ဝင်လာသူတွေကနေ စပြီး အရင်ဆုံး ဝင်လာသူတွေအထိ လုပ်ခကို ပေးလိုက်’+ လို့ ခြံတာဝန်ခံကို မှာတယ်။ ၉  ညနေ ၅ နာရီ* ကျမှ အလုပ်ဝင်သူတွေက လာပြီး ဒေနာရိတစ်ပြားစီ ရကြတယ်။ ၁၀  အရင်ဆုံးအလုပ်ဝင်သူတွေ လာတဲ့အခါ လုပ်ခ ပိုရမှာပဲလို့ ထင်ပေမဲ့ ဒေနာရိတစ်ပြားစီပဲ ရကြတယ်။ ၁၁  သူတို့က လုပ်ခလည်း ရရော ခြံပိုင်ရှင်ကို၊ ၁၂  ‘ဒီလူတွေဟာ နောက်ဆုံးမှ ရောက်လာပြီး တစ်နာရီလေးပဲ အလုပ်လုပ်ပေမဲ့ နေပူကျဲကျဲမှာ တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်ရတဲ့ ကျွန်တော်တို့နဲ့ တန်းတူ လုပ်ခ ပေးရကောင်းလား’ လို့ မကျေမနပ် ပြောကြတယ်။ ၁၃  ဒါပေမဲ့ ခြံပိုင်ရှင်က သူတို့ထဲက တစ်ယောက်ကို ‘ဒီမှာ၊ ကျွန်တော် မတရား မလုပ်ဘူး။ လုပ်ခက ဒေနာရိတစ်ပြားဆိုပြီး ကျွန်တော်တို့ သဘောတူထားတယ် မဟုတ်လား။+ ၁၄  ခင်ဗျားရဲ့ လုပ်ခကို ယူပြီး ပြန်ပါတော့။ နောက်ဆုံး ဝင်လာသူတွေကိုလည်း ခင်ဗျားကို ပေးသလောက် ပေးချင်တယ်။ ၁၅  ကိုယ့်ငွေကို ကိုယ်ကြိုက်သလို လုပ်ခွင့်မရှိဘူးလား။ ကျွန်တော် သဘောကောင်းတာကို ခင်ဗျား မနာလို ဖြစ်စရာလား’+ လို့ ပြောလိုက်တယ်။ ၁၆  အဲဒီလိုပဲ နောက်ဆုံးက လူတွေ ရှေ့ဆုံးကို ရောက်လိမ့်မယ်။ ရှေ့ဆုံးက လူတွေလည်း နောက်ဆုံးကို ရောက်လိမ့်မယ်။”+ ၁၇  ဂျေရုဆလင်မြို့ကို တက်သွားတဲ့ လမ်းမှာ ယေရှုက တပည့် ၁၂ ယောက်ကိုပဲ ခေါ်ပြီး၊+ ၁၈  “အခု ကျွန်တော်တို့ ဂျေရုဆလင်မြို့ကို သွားနေတာ။ လူသားကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေလက်ထဲ အပ်လိမ့်မယ်။ သူတို့ သေဒဏ်စီရင်ကြလိမ့်မယ်။+ ၁၉  လူသားကို လူမျိုးခြားတွေလက်ထဲ အပ်တဲ့အတွက် လှောင်ပြောင်ရိုက်နှက်၊ သစ်တိုင်ပေါ် တင်ပြီး သတ်ကြလိမ့်မယ်။+ အဲဒီနောက် သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ ပြောပြတယ်။ ၂၀  ဇေဗေဒဲရဲ့ ဇနီးဟာ+ ယေရှုဆီမှာ တောင်းဆိုစရာ ရှိတဲ့အတွက် သားနှစ်ယောက်နဲ့အတူ လာပြီးဦးညွှတ်တယ်။+ ၂၁  ယေရှုက “ဘာလိုချင်သလဲ” လို့ မေးတော့ “သခင့်နိုင်ငံမှာ ကျွန်မရဲ့ သားနှစ်ယောက်ကို ဘယ်ဘက်မှာ တစ်ယောက်၊ ညာဘက်မှာ တစ်ယောက် ထိုင်ခွင့်ပေးပါ”+ လို့ တောင်းဆိုတယ်။ ၂၂  ဒါနဲ့ ယေရှုက “ခင်ဗျားတို့ ဘာတောင်းနေမှန်း ခင်ဗျားတို့ မသိဘူး။ ကျွန်တော် သောက်မယ့်ခွက်ကို* သောက်နိုင်လို့လား”+ ဆိုပြီး မေးတော့ “သောက်နိုင်ပါတယ်” လို့ သူတို့ ဖြေတယ်။ ၂၃  ယေရှုက “ကျွန်တော် သောက်မယ့် ခွက်ကို ခင်ဗျားတို့ သောက်ရမှာပေါ့။+ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဘယ်ညာနှစ်ဖက်မှာ ဘယ်သူတွေ ထိုင်ရမယ်ဆိုတာကို ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အဖဘုရားပဲ ဆုံးဖြတ်လိမ့်မယ်”+ လို့ ပြောတယ်။ ၂၄  အဲဒီအကြောင်းကို ကျန်တဲ့ တပည့်ဆယ်ယောက် ကြားတဲ့အခါ ညီအစ်ကိုနှစ်ယောက်ကို စိတ်ဆိုးတယ်။+ ၂၅  ယေရှုက သူတို့ကို ခေါ်ပြီး “လောကအုပ်စိုးရှင်တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်မှန်း၊ ခေါင်းဆောင်တွေလည်း အာဏာပြတတ်မှန်း ခင်ဗျားတို့ အသိပဲ။+ ၂၆  ခင်ဗျားတို့ကတော့ အဲဒီလိုမဖြစ်ရဘူး။+ ကြီးမြတ်ချင်သူတိုင်း အစေခံ ဖြစ်ရမယ်။+ ၂၇  ပထမနေရာ ရချင်သူတိုင်း ကျွန် ဖြစ်ရမယ်။+ ၂၈  လူသားလည်း သူတစ်ပါးကို စေခိုင်းဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါး အစေကို ခံပြီး+ လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကို ပေးဖို့ ရောက်လာတာ”+ လို့ ပြောတယ်။ ၂၉  ယေရိခေါမြို့ကနေ ထွက်သွားချိန်မှာ လူတွေက ယေရှုနောက်ကနေ အုပ်လိုက်ကြီး ပါလာတယ်။ ၃၀  လမ်းဘေးမှာ ထိုင်နေတဲ့ မျက်မမြင်နှစ်ယောက်က ယေရှု ဖြတ်သွားတာကို ကြားတဲ့အခါ “သခင်၊ ဒါဝိဒ်ရဲ့ သား၊ ကျွန်တော်တို့ကို သနားပါဦး”+ လို့ အော်ကြတယ်။ ၃၁  လူအုပ်က သူတို့ကို တိတ်တိတ်နေဖို့ တားပေမဲ့ “သခင်၊ ဒါဝိဒ်ရဲ့ သား၊ ကျွန်တော်တို့ကို သနားပါဦး” ဆိုပြီး ပိုလို့တောင် အော်ကြတယ်။ ၃၂  ယေရှုက ရပ်လိုက်ပြီး “ခင်ဗျားတို့ကို ဘာလုပ်ပေးစေချင်သလဲ” လို့ ခေါ်မေးတဲ့အခါ၊ ၃၃  “သခင်၊ ကျွန်တော်တို့ကို မျက်စိမြင်အောင် လုပ်ပေးပါလား” လို့ အသနားခံတယ်။ ၃၄  အဲဒီအခါ ယေရှုဟာ သနားစိတ် ယိုဖိတ်လာတဲ့အတွက် သူတို့ရဲ့ မျက်စိကို တို့ထိလိုက်တဲ့အခါ+ ချက်ချင်း မျက်စိပြန်မြင်လာပြီး ယေရှုနောက်ကို လိုက်ကြတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “နေထွက်ပြီးနောက် ၃ ချက်တီး။”
မူရင်း၊ “နေထွက်ပြီးနောက် ၆ ချက်တီး။”
မူရင်း၊ “နေထွက်ပြီးနောက် ၉ ချက်တီး။”
မူရင်း၊ “နေထွက်ပြီးနောက် ၁၁ ချက်တီး။”
မူရင်း၊ “နေထွက်ပြီးနောက် ၁၁ ချက်တီး။”
ဘုရားကို စော်ကားပြောဆိုသူဆိုတဲ့ စွဲချက်နဲ့ ယေရှုသေဆုံးဖို့ ဘုရားအလိုရှိတာကို ဆိုလို။