ထွက်မြောက်ရာ ၃၂:၁-၃၅
၃၂ မောရှေက တောင်ပေါ်တက်သွားတာ ကြာလှပြီ။+ မဆင်းလာသေးတော့ လူတွေဟာ အာရုန်ဆီ လာပြီး “ကျုပ်တို့ကို ဦးဆောင်ခေါ်သွားမယ့် ဘုရားတစ်ဆူ လုပ်ပေးစမ်းပါ။+ အီဂျစ်ပြည်ကနေ ကျုပ်တို့ကို ခေါ်ထုတ်လာတဲ့ မောရှေတစ်ယောက် ဟိုမှာ ဘာဖြစ်နေမှန်း မသိဘူး” လို့ ဝိုင်းပြောကြတယ်။
၂ အာရုန်လည်း “ကဲ၊ ခင်ဗျားတို့ရဲ့ သားမယားတွေ ဝတ်ထားတဲ့ ရွှေနားဆွဲတွေ ယူလာခဲ့”+ လို့ပြောတယ်။
၃ လူတွေက ဝတ်ထားတဲ့ ရွှေနားဆွဲတွေကို ချွတ်ပြီး အာရုန်ဆီ ယူလာကြတယ်။
၄ အာရုန်လည်း ရွှေတွေကို ယူပြီး နွားရုပ်တစ်ခု လုပ်ပေးလိုက်တယ်။+ လူတွေက “အစ္စရေးတို့၊ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတာ ဒီဘုရားသခင်ပဲ”+ ဆိုပြီးပြောကြတယ်။
၅ ဒါကို အာရုန်မြင်တော့ နွားရုပ်ရှေ့မှာ ယဇ်ပလ္လင်တည်ပြီး “မနက်ဖြန်ကျရင် ယေဟောဝါဘုရားအတွက် ပွဲတော်ရှိတယ်” လို့ကြေညာလိုက်တယ်။
၆ နောက်နေ့မနက်စောစောမှာ လူတွေက မီးရှို့ရာအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သကြတယ်။ အဲဒီနောက် စားသောက်ပြီး မြူးထူးပျော်ပါးကြတယ်။+
၇ ယေဟောဝါက မောရှေကို “အခုချက်ချင်း တောင်အောက်ကို ဆင်းပါ။ အီဂျစ်ပြည်ကနေ မင်းခေါ်ထုတ်လာတဲ့လူတွေ ဖောက်ပြန်ကုန်ပြီ။+
၈ ငါမိန့်မှာထားတဲ့လမ်းစဉ်ကနေ လွဲသွားတာ မြန်လိုက်ကြတာ။+ နွားရုပ်လုပ်ပြီး ဦးချနေကြပြီ။ နွားရုပ်ရှေ့မှာ ပူဇော်ပြီး ‘အစ္စရေးတို့၊ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတာ ဒီဘုရားသခင်ပဲ’ လို့ပြောနေကြပြီ” ဆိုပြီးပြောတယ်။
၉ ယေဟောဝါက “ဒီလူတွေ တော်တော်ခေါင်းမာမှန်း* ငါသိတယ်။+
၁၀ ငါအမျက်ထွက်လွန်းလို့ သူတို့ကို ဖျက်ဆီးမယ်။ ငါ့ကိုမတားနဲ့။ မင်းကိုတော့ လူမျိုးကြီး ဖြစ်စေမယ်” လို့ပြောတယ်။+
၁၁ အဲဒီအခါ မောရှေက ယေဟောဝါဘုရားကို အသနားခံတယ်–+ “ယေဟောဝါဘုရား၊ လူမျိုးတော်ကို ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့ လက်နဲ့ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာပြီးခါမှ ဘာလို့ အမျက်ထွက် နေရတာပါလဲ။+
၁၂ ‘အဲဒီဘုရားက ဒီလူတွေကို မကောင်းတဲ့အကြံနဲ့ ခေါ်ထုတ်သွားတာပဲ။ သူတို့ကို တောတောင်ထဲမှာ ကွပ်မျက်လိုက်ပြီ။ မြေပြင်ပေါ်ကနေ အပြတ်ရှင်းလိုက်ပြီ’ ဆိုပြီး အီဂျစ်တွေ ပြောစရာဖြစ်နေပါဦးမယ်။+ အမျက်တော် လျှော့လိုက်ပါဦး။ သူတို့အပေါ် ဘေးဆိုးကျရောက်စေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးပါ။
၁၃ ကိုယ်တော့်ကျွန် အာဗြဟံ၊ အိဇက်၊ အစ္စရေးကို သတိရလှည့်ပါ။ ‘မင်းရဲ့မျိုးနွယ်ကို ကောင်းကင်ကြယ်တွေလို တိုးပွားများပြားစေမယ်။+ ငါရွေးချယ်ထားတဲ့ ဒီပြည်တစ်ခုလုံးကို မင်းရဲ့မျိုးနွယ်ကို ငါပေးမယ်။ ဒီပြည်ကို သူတို့ ထာဝစဉ် ပိုင်ဆိုင်လိမ့်မယ်’+ လို့ ကိုယ့်ကိုယ်ကိုယ် တိုင်တည်ပြီး ကျိန်ဆိုခဲ့တာကို သတိရလှည့်ပါ။”
၁၄ ယေဟောဝါလည်း သူတို့အပေါ် ဘေးဆိုးကျရောက်စေမယ်လို့ ပြောခဲ့တာကို ပြန်စဉ်းစားသုံးသပ်တယ်။+
၁၅ အဲဒီနောက် မောရှေက မျက်နှာပြင်နှစ်ဖက်စလုံး ရေးထွင်းထားတဲ့ သက်သေခံချက် ကျောက်ပြားနှစ်ချပ်ကို+ ယူပြီး တောင်ပေါ်ကနေ ဆင်းသွားတယ်။+
၁၆ ကျောက်ပြားတွေဟာ ဘုရားသခင့်လက်ရာ၊ ရေးထွင်းထားတဲ့စာကလည်း ဘုရားသခင်ရေးတဲ့စာ ဖြစ်တယ်။+
၁၇ ယောရှုက လူတွေရဲ့ အော်ဟစ်ဆူညံသံကို ကြားတော့ “စခန်းမှာ စစ်တိုက်သံတွေ ကြားနေရတယ်” လို့မောရှေကို ပြောတယ်။
၁၈ ဒါပေမဲ့ မောရှေက
“ကျွန်တော်ကြားတဲ့အသံဟာ စစ်အောင်သံလည်း မဟုတ်၊စစ်ရှုံးသံလည်း မဟုတ်၊သီချင်းသံပဲ” လို့ပြောတယ်။
၁၉ မောရှေက စခန်းအနားကို ရောက်တဲ့အခါ နွားရုပ်ရှေ့မှာ+ လူတွေ ကခုန်နေတာကို မြင်တော့ ဒေါသပေါက်ကွဲသွားတယ်။ ဒါနဲ့ ယူလာတဲ့ကျောက်ပြားတွေကို တောင်ခြေရင်းမှာ ပစ်ချလိုက်တာ ကွဲကြေကုန်တယ်။+
၂၀ သူတို့လုပ်တဲ့ နွားရုပ်ကိုယူ၊ မီးရှို့ပြီး အမှုန့်ကြိတ်လိုက်တယ်။+ အမှုန့်တွေကို ရေပေါ်ဖြူးချပြီး အစ္စရေးတွေကို သောက်ခိုင်းတယ်။+
၂၁ ပြီးတော့ အာရုန်ကို “ဒီလူတွေ ဒီလောက်ကြီးလေးတဲ့အပြစ် ကျူးလွန်အောင် ခင်ဗျားကို ဘယ်လို သွေးဆောင်လိုက်တာလဲ” ဆိုပြီးမေးတယ်။
၂၂ အာရုန်ကလည်း “ကျွန်တော့်ကို စိတ်မဆိုးပါနဲ့။ ဒီလူတွေ မကောင်းတာလုပ်ချင်မှန်း သခင်သိပါတယ်။+
၂၃ သူတို့က ‘ကျုပ်တို့ကို ဦးဆောင်ခေါ်သွားမယ့် ဘုရားတစ်ဆူ လုပ်ပေးစမ်းပါ။ အီဂျစ်ပြည်ကနေ ကျုပ်တို့ကို ခေါ်ထုတ်လာတဲ့ မောရှေတစ်ယောက် ဟိုမှာ ဘာဖြစ်နေမှန်း မသိဘူး’ ဆိုပြီး ဝိုင်းပြောကြလို့ပါ။+
၂၄ ကျွန်တော်လည်း ‘ခင်ဗျားတို့ရဲ့ရွှေတွေကို ချွတ်ပေးကြ’ လို့ပြောပြီး အဲဒီရွှေတွေကို မီးထဲပစ်ထည့်လိုက်တော့ ဒီနွားရုပ် ထွက်လာပါတယ်” လို့ပြန်ဖြေတယ်။
၂၅ အာရုန်ကြောင့် လူတွေ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ရန်သူတွေ ကဲ့ရဲ့စရာဖြစ်နေတာကို မြင်တဲ့အခါ၊
၂၆ မောရှေက စခန်းဝင်ပေါက်မှာရပ်ပြီး “ယေဟောဝါဘုရားဘက် ရပ်တည်ချင်တဲ့သူတွေ ကျွန်တော့်ဆီ လာကြ”+ လို့ပြောတယ်။ လေဝိအမျိုးသားအားလုံး သူ့ဆီ လာကြတယ်။
၂၇ မောရှေက “‘ဓားကိုယ်စီ ကိုင်ကြ။ စခန်းအဝင်ပေါက် တစ်ခုပြီးတစ်ခု သွားကြ။ ကိုယ့်ညီအစ်ကို၊ ကိုယ့်အမျိုးသားချင်း၊ ကိုယ့်မိတ်ဆွေရင်းတွေကို သတ်ကြ။’ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့အမိန့်ပဲ” လို့ပြောတယ်။+
၂၈ လေဝိအမျိုးသားတွေလည်း မောရှေပြောတဲ့အတိုင်း လုပ်တဲ့အတွက် အဲဒီနေ့မှာ ယောက်ျား ၃,၀၀၀ လောက် သေသွားတယ်။
၂၉ မောရှေက “ဒီနေ့၊ ယေဟောဝါဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ကြပါ။ ခင်ဗျားတို့က ကိုယ့်သားအရင်း၊ ညီအစ်ကိုရင်းကိုတောင် တိုက်ခိုက်ခဲ့တယ်။+ ဘုရားသခင် ကောင်းချီးပေးလိမ့်မယ်”+ လို့ပြောတယ်။
၃၀ နောက်တစ်နေ့မှာ မောရှေက “ခင်ဗျားတို့ ကြီးလေးတဲ့အပြစ်ကို ကျူးလွန်ခဲ့ကြပြီ။ ဒါကြောင့် အခု ယေဟောဝါဘုရားဆီ တက်သွားပြီး အပြစ်ပြေရာပြေကြောင်း တောင်းပန်ကြည့်မယ်”+ လို့လူတွေကိုပြောတယ်။
၃၁ မောရှေက ယေဟောဝါဆီသွားပြီး “ဒီလူတွေ ကြီးလေးတဲ့အပြစ် လုပ်လိုက်ပါပြီ။ ရွှေဘုရားလုပ်ပြီး ကိုးကွယ်ကြပါပြီ။+
၃၂ ဒါပေမဲ့ အလိုတော်ရှိရင် သူတို့အပြစ်ကို ခွင့်လွှတ်ပေးပါ။+ ဒါမှမဟုတ် ကိုယ်တော့်စာစောင်ထဲကနေ ကျွန်တော့်နာမည်ကို ပယ်ဖျက်ပေးပါ”+ လို့တောင်းပန်တယ်။
၃၃ ယေဟောဝါက မောရှေကို “ငါ့ကိုပြစ်မှားသူရဲ့နာမည်ကိုပဲ ငါ့စာစောင်ကနေ ပယ်ဖျက်မယ်။
၃၄ ငါပြောတဲ့နေရာဆီ ဒီလူတွေကို ခေါ်သွားပါ။ ငါ့ရဲ့ကောင်းကင်တမန်က ရှေ့ကနေ သွားလိမ့်မယ်။+ ဒီလူတွေရဲ့အပြစ်အတွက် ငါဒဏ်ခတ်မယ့်အချိန် ရောက်လာမယ်” လို့ပြောပြီး၊
၃၅ အာရုန်ကို နွားရုပ်လုပ်ခိုင်းတဲ့ လူတွေကို ယေဟောဝါဒဏ်ခတ်တယ်။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “လည်ပင်းခိုင်မာမှန်း။”