မျက်နှာဖုံးဆောင်းပါး
သင့်အတွက် ဘုရားသခင် ပြုလုပ်ပေးထားရာများ
“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆၊ သမ္မာကျမ်း။
ဒီကျမ်းချက်ဟာ လူသိအများဆုံး၊ အကိုးကားဆုံး ကျမ်းချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ ဒီကျမ်းချက်မှာပဲ “ဘုရားသခင်က လူတွေကိုဆက်ဆံပုံနဲ့ လူသားတွေ ကယ်တင်ခြင်းရစေမယ့်နည်းလမ်းကို တိုတိုနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်” လို့ ပြောကြတယ်။ ဒါကြောင့် နိုင်ငံတချို့မှာ “ယောဟန် ၃:၁၆” ဒါမှမဟုတ် အဲဒီကျမ်းစာသားတွေကို အခမ်းအနား၊ ကား၊ အဆောက်အအုံနံရံစတဲ့ နေရာတွေမှာ ဖော်ပြထားတတ်ကြတယ်။
အဲဒီကျမ်းစာသားကို ဖော်ပြတဲ့သူတွေဟာ ဘုရားသခင့်မေတ္တာကြောင့် ကယ်တင်ခြင်းရဖို့ သေချာတယ်လို့ ယုံကြည်နေကြပုံရတယ်။ သင်ကော အဲဒီလိုယုံကြည်သလား။ ဘုရားသခင့်မေတ္တာကြောင့် သင် ဘယ်လိုခံစားရသလဲ။ သင့်ကို ဘုရားသခင်ချစ်လို့ သင့်အတွက် ဘာတွေ လုပ်ပေးထားသလဲ။
‘ဘုရားသခင်သည် လောကီသားတို့ကိုချစ်’
စကြဝဠာ၊ သဘာဝတရားနဲ့ လူတွေကို ဖန်ဆင်းထားတဲ့ ဘုရားသခင်ကို လူများစွာက စိတ်လိုကိုယ်လျောက် ဂုဏ်တင်လေးစားကြတယ်။ သက်ရှိအားလုံးကို စနစ်တကျ ကောင်းကောင်းပြုလုပ်ထားတာကိုကြည့်ရင် ဉာဏ်ပညာကြီးမားတဲ့အရှင်ရှိတယ်ဆိုတာ သိနိုင်ပါတယ်။ လူအတော်များများက အသက်ရှင်ခွင့်ရထားတဲ့အတွက် ဘုရားကို နေ့စဉ် ကျေးဇူးတင်ကြတယ်။ အခြေခံလိုအပ်ရာတွေဖြစ်တဲ့ ရေ၊ လေ၊ အစားအစာနဲ့ သဘာဝဖြစ်စဉ်တွေကို ဘုရားပေးထားလို့သာ သူတို့ဆက်အသက်ရှင်နိုင်ပြီး သူတို့လုပ်ဆောင်တဲ့ အရာတွေအပေါ် ပျော်မွေ့နိုင်ကြတယ်ဆိုတာကိုလည်း အသိအမှတ်ပြုကြတယ်။
အရာခပ်သိမ်းကို ပြုလုပ်ပြီး ထောက်မပေးထားတဲ့ ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်သင့်ပါတယ်။ (ဆာလံ ၁၀၄:၁၀-၂၈; ၁၄၅:၁၅၊ ၁၆; တမန်တော် ၄:၂၄) ကျွန်ုပ်တို့ ဆက်အသက်ရှင်နိုင်ဖို့ ဘုရား ပြုလုပ်ပေးနေတဲ့အရာအားလုံးကို စဉ်းစားလိုက်တိုင်း ကိုယ်တော်ရဲ့မေတ္တာကို နားလည်နိုင်ပါတယ်။ ကျမ်းရေးသူ ပေါလု ဒီလိုဖော်ပြတယ်– ‘ဘုရားသခင်သည် လူအပေါင်းတို့ကို အသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ အရာခပ်သိမ်းကို ပေးတော်မူ၏။ ငါတို့သည် ကိုယ်တော် ကြောင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြပါ၏။’—တမန်တော် ၁၇:၂၅၊ ၂၈။
ဒါပေမဲ့ လူသားတွေ အသက်ဆက်ရှင်ဖို့ အခြေခံလိုအပ်ရာတွေကို ဖြည့်ဆည်းပေးရုံလောက်နဲ့ပဲ ဘုရားမေတ္တာပြတာမဟုတ်ပါဘူး။ တိရစ္ဆာန်တွေနဲ့မတူအောင် လူတွေမှာ ဘုရားကို အားကိုးတတ်တဲ့စိတ် ထည့်ပေးထားပြီး အဲဒီစိတ်ဆန္ဒ ပြည့်ဝအောင်လည်း ကူညီပေးထားပါတယ်။ (မဿဲ ၅:၃) ဒါကြောင့် ဘုရားကို နာခံမှုရှိတဲ့လူသားတွေဟာ ကိုယ်တော်ရဲ့ မိသားစုဝင်၊ “သားသမီး” တွေဖြစ်ခွင့် ရရှိကြတယ်။—ရောမ ၈:၁၉-၂၁။
ဘုရားသခင်က သားတော်ယေရှုကို မြေကြီးပေါ် စေလွှတ်ပြီး ကျွန်ုပ်တို့ကို မေတ္တာပြတယ်လို့ ယောဟန် ၃:၁၆ မှာ ဖော်ပြထားတယ်။ သားတော်ကို စေလွှတ်ရတဲ့အကြောင်းရင်းက ဘုရားသခင်အကြောင်း သင်ပေးဖို့နဲ့ လူတွေအတွက် အသေခံပေးဖို့ဖြစ်တယ်။ ဒါပေမဲ့ လူတွေအတွက် ယေရှု အသေခံပေးဖို့ ဘာကြောင့် လိုအပ်တာလဲ၊ ယေရှုရဲ့သေခြင်းက ဘုရားရဲ့မေတ္တာကို ဘယ်လို ဖော်ပြသလဲဆိုတာကို လူအတော်များများ နားမလည်ကြဘူး။ ယေရှု အသေခံပေးရတဲ့အကြောင်းရင်းနဲ့ ရရှိမယ့်အကျိုးကျေးဇူးကို သမ္မာကျမ်းစာမှာ ဘယ်လိုရှင်းပြထားသလဲဆိုတာ ဆက်ကြည့်ရအောင်။
“မိမိ၌တစ်ပါးတည်းသော သားတော်ကိုစွန့်”
လူသားအားလုံးဟာ သေမျိုးတွေဖြစ်ပြီး ဖျားနာမှု၊ အိုမင်းရင့်ရော်မှု၊ သေခြင်းတို့ရဲ့ ဒဏ်ကို ခံစားနေရတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာဖို့ ဘုရား မရည်ရွယ်ခဲ့ပါဘူး။ ပထမဆုံးလူသားတွေဖြစ်တဲ့ အာဒံနဲ့ဧဝတို့ဟာ သာယာလှပတဲ့ ကမ္ဘာမြေကြီးပေါ်မှာ ထာဝစဉ်နေထိုင်သွားဖို့ ကိုယ်တော် ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ဘက်က လုပ်ရမယ့်အရာရှိတယ်– ဘုရားရဲ့စကားကို သူတို့ နားထောင်ရမယ်။ နားမထောင်ဘူးဆိုရင် သူတို့ သေရလိမ့်မယ်လို့ ဘုရား ပြောခဲ့တယ်။ (ကမ္ဘာဦး ၂:၁၇) အာဒံဟာ ဘုရားစကား နားမထောင်တဲ့အတွက် သူရော၊ သူ့ရဲ့သားစဉ်မြေးဆက်အားလုံးပါ သေခြင်းတရားအောက် ရောက်ခဲ့ရတယ်။ ဒါကြောင့် ပေါလု ဒီလိုရှင်းပြတယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။”—ရောမ ၅:၁၂။
ဒါပေမဲ့ ဘုရားသခင်က ‘တရားမျှတမှုကို နှစ်သက်’ တဲ့အရှင်ဖြစ်ပါတယ်။ (ဆာလံ ၃၇:၂၈) ဒါကြောင့် အာဒံ တမင်တကာ အပြစ်ကျူးလွန်တာကို လျစ်လျူမရှုခဲ့သလို သူ့ရဲ့မနာခံမှုကြောင့် ဆင်းရဲဝေဒနာနဲ့ သေခြင်းကို လူသားအားလုံး အမြဲကြုံသွားရမယ်လို့လည်း တရားမစီရင်ခဲ့ပါဘူး။ ဘုရားသခင်က “အသက်အတွက် အသက်” ဆိုတဲ့ ကျမ်းစာအခြေခံမူကိုသုံးပြီး နာခံမှုရှိတဲ့လူသားတွေကို ထာဝရအသက် ပြန်ရနိုင်အောင် တရားမျှတတဲ့နည်းနဲ့ လုပ်ဆောင်ပေးတယ်။ (ထွက်မြောက်ရာ ၂၁:၂၃) ဒါဆိုရင် အာဒံကြောင့် ဆုံးၡုံးသွားတဲ့ အပြစ်မရှိစုံလင်တဲ့လူ့အသက်ကို ဘယ်လိုပြန်ရနိုင်မှာလဲ။ အဖြေကတော့ အာဒံပိုင်ဆိုင်ခဲ့တဲ့ အဲဒီအသက်နဲ့ညီတဲ့ လူ့အသက်ကို တစ်ယောက်ယောက်က ပြန်ပေးရမှာဖြစ်တယ်။
အာဒံကနေ ဆင်းသက်လာတဲ့ လူသားအားလုံးဟာ အပြစ်ရှိတဲ့အတွက် ယေရှုကလွဲလို့ အပြစ်မရှိစုံလင်တဲ့လူ့အသက်ကို ဘယ်သူ့မှမပေးနိုင်ပါဘူး။ (ဆာလံ ၄၉:၆-၉) ယေရှုဟာ အာဒံရဲ့အပြစ် မရရှိဘဲ မွေးလာတဲ့အတွက် အပြစ်မရှိစုံလင်တဲ့လူ့အသက်ကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် လူသားတွေအတွက် ယေရှု အသေခံပေးပြီး အပြစ်တရားအောက်ကနေ ကယ်တင်ပေးခဲ့တယ်။ အဲဒီလိုနည်းနဲ့ အာဒံနဲ့ဧဝတို့ရဲ့ သားစဉ်မြေးဆက်အားလုံး အပြစ်မရှိစုံလင်တဲ့အသက် ပြန်ရရှိအောင် လုပ်ဆောင်ပေးခဲ့တယ်။ (ရောမ ၃:၂၃၊ ၂၄; ၆:၂၃) အဲဒီလိုမေတ္တာပါလုပ်ရပ်ကနေ အကျိုးရချင်တယ်ဆိုရင် ကျွန်ုပ်တို့ဘက်က ဘာလုပ်ရမလဲ။
“သားတော်ကို ယုံကြည်သောသူအပေါင်း”
“[ယေရှု]ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်” ရရှိမယ်လို့ ယောဟန် ၃:၁၆ မှာဖော်ပြထားတဲ့အချက်ကို သတိပြုပါ။ “ထာဝရအသက်” ရရှိဖို့ လုပ်ရမယ့်အရာ ရှိတယ်ဆိုတာ ဒီကျမ်းချက်ကနေ သိရတယ်။ “ထာဝရအသက်” ကို လိုချင်တယ်ဆိုရင် ယေရှုကို ယုံကြည်ပြီး နာခံဖို့လိုတယ်။
‘နာခံမှုက ဘယ်လိုပါဝင်ပတ်သက်နေတာလဲ။ “သားတော်ကို ယုံကြည်သူအပေါင်းတို့သည်” ထာဝရအသက် ရမယ်လို့ပဲ ယေရှုပြောခဲ့တယ် မဟုတ်လား’ လို့ သင်မေးကောင်းမေးပါလိမ့်မယ်။ ယုံကြည်ခြင်းရှိဖို့ လိုအပ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ယေရှုတည်ရှိတယ်ဆိုတာ ယုံကြည်ရုံနဲ့ မပြီးဘူးဆိုတာ သတိရဖို့ အရေးကြီးတယ်။ ဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှုကို ရချင်တယ်ဆိုရင် ယေရှုဟာ ကယ်တင်ရှင်ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုရုံနဲ့ မလုံလောက်ဘူး။ ယေရှု သွန်သင်ပေးရာတွေကို စိတ်ရင်းမှန်နဲ့ ကြိုးစားလိုက်နာရမယ်။ ယုံကြည်ပါတယ်လို့ပြောပြီး လုပ်ရပ်မပါဘူးဆိုရင် အဲဒီယုံကြည်ခြင်းက အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ “အကျင့်မရှိသော ယုံကြည်ခြင်းသည် အသေဖြစ်” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယာကုပ် ၂:၂၆) ယေရှုကို ယုံကြည်ပါတယ်လို့ ပြောတဲ့သူက ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ဖော်ပြရမယ်။ ဆိုလိုတာက ယုံကြည်ခြင်းနဲ့အညီ အသက်ရှင်နေထိုင်ရမှာဖြစ်တယ်။
အဲဒီအချက်ကိုနားလည်ဖို့ ပေါလု ဒီလိုရှင်းပြတယ်– ‘ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက် နှိုးဆော်၏။ အကြောင်းမူကား တစ်ယောက်သောသူ [ယေရှု] သည် လူခပ်သိမ်းအတွက် အသေခံသည်ဟု ငါတို့ယူမှတ်ကြ၏။ ထိုသူသည် လူအပေါင်းတို့အတွက် အသေခံတော်မူသဖြင့် အသက်ရှင်သူတို့သည် ကိုယ့်အတွက် အသက်မရှင်တော့ဘဲ မိမိတို့အတွက် အသေခံတော်မူ၍ ထမြောက်တော်မူသော သခင်အတွက် အသက်ရှင်ကြမည်အကြောင်းဖြစ်၏။’ (၂ ကောရိန္သု ၅:၁၄၊ ၁၅) ယေရှု ပေးဆက်တဲ့အသက်ကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်တဲ့သူတွေဟာ ကိုယ့်အကျိုးအတွက် အသက်မရှင်တော့ဘဲ ယေရှုအတွက် အသက်ရှင်ဖို့ ကိုယ့်ဘ၀ပုံစံကို ပြောင်းလဲသင့်ပါတယ်။ ဆိုလိုတာက ကိုယ့်ဘဝမှာ ယေရှုသွန်သင်ပေးရာတွေကို ဦးစားပေးလုပ်ဆောင်ရမယ်။ ကိုယ့်စံနှုန်းတွေ၊ ရွေးချယ်မှုတွေအပြင် လုပ်ဆောင်မှုတိုင်းကို ယေရှုရဲ့ သွန်သင်ပေးချက်နဲ့အညီဖြစ်အောင် ပြောင်းလဲဖို့လိုအပ်တယ်။ ယေရှုကို ယုံကြည်ကြောင်း လုပ်ရပ်နဲ့ ဖော်ပြတဲ့သူတွေက ဘာဆုကို ရကြမှာလဲ။
“ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရ”
ယေရှုပေးဆက်တဲ့ အသက်ရဲ့တန်ဖိုးကို ယုံကြည်ကြောင်း လုပ်ရပ်နဲ့ဖော်ပြပြီး ဘုရားစံနှုန်းတွေနဲ့အညီ နေထိုင်တဲ့သူတွေရရှိမယ့် ဆုကျေးဇူးကို ယောဟန် ၃:၁၆ မှာဖော်ပြထားသေးတယ်။ ယုံကြည်ခြင်းရှိသူတွေဟာ “ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်” ရဖို့ ဘုရား စီစဉ်ထားပါတယ်။ ဘုရားရဲ့မေတ္တာကနေ အကျိုးရမယ့်သူတွေဟာ အုပ်စုနှစ်စုရှိပါတယ်။
အုပ်စုတစ်စုက ကောင်းကင်ဘုံမှာ ထာဝရအသက်ရမယ်လို့ ယေရှု ကတိပြုခဲ့တယ်။ မိမိနဲ့အတူ ကောင်းကင်ဘုံမှာ တပည့်တွေ အုပ်ချုပ်နိုင်ဖို့ နေစရာပြင်ဆင်ပေးမယ်လို့ ယေရှု အတိအကျ ပြောခဲ့တယ်။ (ယောဟန် ၁၄:၂၊ ၃; ဖိလိပ္ပိ ၃:၂၀၊ ၂၁) သေပြီးနောက် ကောင်းကင်တက်သွားတဲ့ သူတွေဟာ “ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြလိမ့်မည်။ ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင် အုပ်စိုးရလိမ့်မည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဗျာဒိတ် ၂၀:၆။
အရေအတွက်ကန့်သတ်ထားတဲ့ ခရစ်တော်ရဲ့ တပည့်တွေပဲ ကောင်းကင်မှာ အသက်ရှင်ခွင့်ရရှိကြမယ်။ ဒီအချက်ကို ယေရှု ဒီလိုပြောခဲ့တယ်– “သိုးစုငယ်၊ မကြောက်ကြနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။” (လုကာ ၁၂:၃၂) “သိုးစုငယ်” ထဲမှာ အရေအတွက် ဘယ်လောက်ရှိသလဲ။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ထို့နောက် ငါကြည့်လိုက်သော် ဇိအုန်တောင် [ကောင်းကင်] ပေါ်တွင် သိုးသငယ် [အသက်ပြန်ရှင်လာသော ယေရှုခရစ်] ရပ်နေသည်ကို ငါမြင်၏။ သူ၏နာမနှင့် ခမည်းတော်၏နာမတော်ကို နဖူးပေါ်ရေးမှတ်ထားသူ တစ်သိန်းလေးသောင်းလေးထောင်သည် သူနှင့်အတူရှိ၏။ ဘုရားသခင်နှင့် သိုးသငယ်အတွက် အဦးသီးသောအသီးများအဖြစ် လူသားတို့ထဲမှ ဝယ်ယူသောသူများ ဖြစ်ကြ၏။’ (ဗျာဒိတ် ၁၄:၁၊ ၄) ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့ကြတဲ့ သန်းပေါင်းထောင်နဲ့ချီတဲ့လူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ၁၄၄,၀၀၀ အရေအတွက်ဟာ “သိုးစုငယ်” လေးသာဖြစ်တယ်။ ဘုရင်ဖြစ်လာမယ့်သူတွေဟာ ဘယ်သူတွေကို အုပ်ချုပ်မှာလဲ။
ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုကနေ အကျိုးရရှိမယ့် ဒုတိယအုပ်စုအကြောင်း ယေရှု ဒီလိုပြောထားတယ်– “ဤသိုးခြံသို့ မဝင်သော အခြားသိုးများကိုလည်း ငါပိုင်သည်ဖြစ်၍ ထိုသိုးများကို ငါဆောင်ခဲ့ရမည်။ သူတို့လည်း ငါ့စကားသံကို နားထောင်သဖြင့် သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါးတည်း ဖြစ်ရလိမ့်မည်။” (ယောဟန် ၁၀:၁၆) “သိုး” တွေဖြစ်တဲ့ သစ္စာရှိသူတွေဟာ ကမ္ဘာမြေပေါ်မှာ အာဒံနဲ့ဧဝတို့ရရှိခဲ့တဲ့ ထာဝရအသက်ကို ရကြမှာဖြစ်တယ်။ ကမ္ဘာပေါ်မှာ သစ္စာရှိတဲ့လူသားတွေ ထာဝစဉ်အသက်ရှင်ရမယ်ဆိုတာ ဘယ်လိုသိနိုင်သလဲ။
ဆာလံ ၃၇:၉-၁၁; ၄၆:၈၊ ၉; ၇၂:၇၊ ၈၊ ၁၆; ဟေရှာယ ၃၅:၅၊ ၆; ၆၅:၂၁-၂၃; မဿဲ ၅:၅; ယောဟန် ၅:၂၈၊ ၂၉; ဗျာဒိတ် ၂၁:၄။ စစ်ပွဲ၊ အစာခေါင်းပါးမှု၊ ဖျားနာမှုနဲ့ သေခြင်းရှိတော့မှာမဟုတ်ဘူးလို့ အဲဒီကျမ်းချက်တွေထဲမှာ ကြိုဟောထားပါတယ်။ အဲဒီအချိန်မှာ ဘုရားအပေါ် သစ္စာရှိတဲ့သူတွေဟာ ကိုယ်တိုင် အိမ်တွေဆောက်ပြီး စိုက်ပျိုးကြမယ်၊ ငြိမ်သက်အေးချမ်းတဲ့ ဝန်းကျင်မှာ ကလေးတွေကို ပြုစုပျိုးထောင်ကြမယ်လို့ ဖော်ပြထားတယ်။ * အဲဒီလိုအနာဂတ် မျှော်လင့်ချက်က သင့်ကို စိတ်ကြည်နူးစေတယ် မဟုတ်လား။ အဲဒီမျှော်လင့်ချက်ဟာ မကြာခင် ဖြစ်လာတော့မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။
ကမ္ဘာမြေဟာ သာယာလှပတဲ့ ဧဒင်ဥယျာဉ်လိုမျိုး ပြန်ဖြစ်လာမယ်ဆိုတဲ့ ကျမ်းစာဖော်ပြချက် အများကြီးရှိတယ်။ သင့်ရဲ့ကိုယ်ပိုင်ကျမ်းစာ ဒါမှမဟုတ် jw.org ဝက်ဘ်ဆိုက်မှာ ဒီကျမ်းချက်တွေကို ဖွင့်ဖတ်ကြည့်ပါ–ဘုရားသခင် များစွာပြုလုပ်ပေးထား
သင့်အတွက်ကော၊ လူသားအားလုံးအတွက်ပါ ဘုရားသခင် ပြုလုပ်ပေးထားရာတွေကို စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်တော် အများကြီး ပြုလုပ်ပေးခဲ့ပြီးပြီဆိုတာ သိရှိလာပါလိမ့်မယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို အသက်၊ ဉာဏ်ပညာ၊ အတော်အသင့်ကျန်းမာမှုအပြင် အသက်ဆက်ရှင်နိုင်ဖို့ အခြေခံလိုအပ်ရာတွေကို ပေးထားပါတယ်။ အဲဒီအပြင် ယောဟန် ၃:၁၆ ကနေ သိရတဲ့အတိုင်း ဘုရားသခင်က ကျွန်ုပ်တို့အတွက် ယေရှုကို အသေခံစေခြင်းအားဖြင့် နောက်ထပ်ဆုကျေးဇူးတွေကိုလည်း ပြင်ဆင်ပေးထားပါတယ်။
ဖျားနာမှု၊ စစ်မှု၊ အစာခေါင်းပါးမှု၊ သေခြင်းမရှိတော့ဘဲ ငြိမ်သက်အေးချမ်းတဲ့ ဝန်းကျင်မှာ ထာဝစဉ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရပါတော့မယ်။ ဒီဆုကျေးဇူးတွေကို သင် ရမယ်၊ မရဘူးဆိုတာက သင့်အပေါ်ပဲ မူတည်ပါတယ်။ မေးစရာမေးခွန်းက သင့်ဘက်ကကော ဘုရားအတွက် ဘာပြန်လုပ်ပေးနေသလဲ။
^ စာပိုဒ်၊ 24 အဲဒီကြိုဟောချက်တွေအကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၃ ကို ဖတ်ကြည့်ပါ။