သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
“ကျွန်မကို ယေဟောဝါဘုရား ပစ်မထားဘူး”
-
မွေးဖွားတဲ့နှစ်- ၁၉၂၂
-
နေရင်းနိုင်ငံ- စပိန်
-
နောက်ခံ- ဘာသာရေးအကြောင်း သင်ကြားပေးသူ
အတိတ်-
စပိန်နိုင်ငံ မြောက်ပိုင်း ဘေလ်ဘောင်မြို့၊ လူလတ်တန်းစားမိသားစုကနေ ကျွန်မ မွေးဖွားလာခဲ့တယ်။ မွေးချင်းလေးယောက်ထဲမှာ ကျွန်မက ဒုတိယမြောက်သမီးပါ။ ကျွန်မတို့ မိသားစုဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်ဘာသာဝင်တွေပါ။ ကျွန်မ နေ့တိုင်း ပွဲတော်သွားတက်တယ်။ ကျွန်မ အသက် ၂၃ နှစ်မှာ ဆရာမဖြစ်လာပြီး အရမ်းနှစ်သက်တဲ့ ဒီအလုပ်ကို နှစ်ပေါင်း ၄၀ ကြာတဲ့အထိ လုပ်ခဲ့တယ်။ အခြားဘာသာရပ်တွေနဲ့အတူ ကက်သလစ်ဘာသာတရားအကြောင်းကို သင်ပေးရတဲ့အတွက် အရမ်းဂုဏ်ယူမိတယ်။ မိန်းကလေးတွေ ပွဲတော်စားနိုင်ဖို့ ကက်သလစ်ဘာသာတရားကို ညနေပိုင်းတွေမှာ သင်ပေးရတယ်။
သာယာချမ်းမြေ့တဲ့ အိမ်ထောင်သက် ၁၂ နှစ် ကြာပြီးတဲ့နောက် ခင်ပွန်းဆုံးသွားတယ်။ ဒါကြောင့် ကျွန်မဟာ မုဆိုးမဘဝနဲ့ သမီးလေးယောက်ကို ကျွေးမွေးစောင့်ရှောက်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မအသက်က ၃၃ နှစ်ပဲ ရှိသေးတာ။ ဘာသာတရားနဲ့ စိတ်ဖြေသိမ့်နိုင်ဖို့ ကြိုးစားပေမဲ့ မရခဲ့တဲ့အပြင် စဉ်းစားစရာမေးခွန်းတွေ တစ်သီတစ်တန်းကြီး ပေါ်လာတယ်။ ဥပမာ၊ ‘လူတွေ ကယ်တင်ခြင်းရဖို့ ခရစ်တော် အသေခံခဲ့တယ်ဆိုရင် ဘာကြောင့် လူတွေ သေဆုံးနေရသေးတာလဲ။ လူကောင်းတွေ ကောင်းကင်ရောက်သွားပြီဆိုရင် ဘုရားသခင်နိုင်ငံတော်လာဖို့ ဘာဖြစ်လို့ ဆုတောင်းနေရဦးမှာလဲ။’ အသိချင်ဆုံးမေးခွန်းကတော့ ‘ကျွန်မတို့ သေတာနဲ့ ဘုရားသခင် တရားစီရင်တယ်ဆိုရင် နောက်ထပ် အပြီးသတ်စီရင်ခံရဖို့ ကောင်းကင်၊ ငရဲ၊ ငရဲကလေးကနေ ဘာဖြစ်လို့ ထွက်လာရဦးမှာလဲ’။
ဓမ္မဆရာတချို့ကို အဲဒီမေးခွန်းတွေ မေးခဲ့တယ်။ ဓမ္မဆရာတစ်ယောက်က “ငါလည်း မသိဘူး။ ဘုန်းတော်ကြီးကို သွားမေးကြည့်ပေါ့။ ဒါက ဘာများအရေးကြီးလို့လဲ။ ဘုရားသခင်ကို ခင်ဗျားယုံတာပဲ မဟုတ်လား။ ကျန်တာတွေကိုတော့ ထားလိုက်စမ်းပါ” လို့ပြောတယ်။ ဒါပေမဲ့ အဲဒီမေးခွန်းတွေအတွက် ကျွန်မ အဖြေဆက်ရှာခဲ့ပြီး တခြားခရစ်ယာန်အဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေရဲ့ ဟောပြောပွဲတွေကို သွားတက်ခဲ့တယ်။ ကျွန်မမေးခွန်းတွေအတွက်တော့ ကျေနပ်လောက်တဲ့ အဖြေမရခဲ့ဘူး။
သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲပေးခဲ့ပုံ-
ကျွန်မအသက် ၆၀ ကျော်မှာ ၇ နှစ်အရွယ် တပည့်လေးတစ်ယောက်က ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတစ်ခုကို လာတက်ဖို့ ဖိတ်တယ်။ အဲဒီအစည်းအဝေးမှာ ကြားရ၊ မြင်ရတာတွေကို ကျွန်မ သဘောကျသွားတယ်။ ဒါပေမဲ့ အလုပ်များလွန်းလို့ ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ်မလုပ်ဖြစ်ခဲ့ဘူး။ နှစ်နှစ်ကြာပြီးတဲ့နောက် ဟွာန်နဲ့ မိုင်တာလို့ခေါ်တဲ့ သက်သေခံဇနီးမောင်နှံ ကျွန်မအိမ်ကို ရောက်လာတယ်။ ကျမ်းစာမေးခွန်းတွေကို သုံးလလုံးလုံး သူတို့နဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး နောက်ဆုံး ကျမ်းစာသင်ဖို့ လက်ခံလိုက်တယ်။
ကျမ်းစာသင်ရတာကို ကျွန်မ အရမ်းနှစ်သက်တယ်။ သက်သေခံတွေရဲ့ သွန်သင်ချက် မှန်မမှန်ဆိုတာကို ဘာသာပြန်ကျမ်းသုံးကျမ်းနဲ့ ကျွန်မ သေချာဆန်းစစ်ခဲ့တယ်။
ဘာသာတရားနဲ့ပတ်သက်ပြီး ဆယ်စုနှစ်ပေါင်းများစွာ စိတ်ရှုပ်ထွေးခဲ့ရတာဟာ ဘာကြောင့်လဲဆိုတာ မကြာခင်မှာပဲ သဘောပေါက်လာတယ်။ ကျွန်မယုံကြည်ခဲ့ရာတွေနဲ့ ကျမ်းစာကနေ သိလာတဲ့အရာတွေက လုံးဝခြားနားနေတယ်ဆိုတာ သိရလို့ ထိတ်လန့်သွားတယ်။ သစ်ပင်တစ်ပင်ကို အမြစ်ကနေ ဆွဲနုတ်သလို ကျွန်မရဲ့ ယုံကြည်ချက်တွေကို လုံးဝပြောင်းလဲပစ်ရတော့မယ်။လေ့လာခဲ့တဲ့အရာတွေက တကယ်တန်ဖိုးရှိတယ်ဆိုတာ ကျွန်မ သိနေတယ်
အဲဒီနောက် ကျွန်မရဲ့ ဒုတိယခင်ပွန်းလည်း အပြင်းဖျားပြီး သေဆုံးသွားတယ်။ အဲဒီအချိန်လောက်မှာ ကျွန်မလည်း အလုပ်ကနေ ပင်စင်ယူပြီး ဘေလ်ဘောင်မြို့ကနေ ခဏထွက်လာခဲ့တယ်။ ဟွာန်နဲ့ မိုင်တာလည်း တခြားနေရာကို ပြောင်းသွားတယ်။ ဒီလိုနဲ့ ကျွန်မလည်း ကျမ်းစာ ဆက်မသင်ဖြစ်တော့ဘူး။ ဒါပေမဲ့ လေ့လာခဲ့တဲ့အရာတွေက တကယ်တန်ဖိုးရှိတယ်ဆိုတာ ကျွန်မ သိနေလို့ အဲဒါတွေကို အမြဲအမှတ်ရနေတယ်။
နောက်အနှစ် ၂၀ လောက်အကြာ ကျွန်မအသက် ၈၂ နှစ်မှာ ဟွာန်နဲ့မိုင်တာတို့ ကျွန်မဆီ ပြန်လာလည်တယ်။ သူတို့ကို ပြန်တွေ့ရလို့ ကျွန်မအရမ်းပျော်သွားတယ်။ ကျွန်မကို ယေဟောဝါဘုရား ပစ်မထားဘူးဆိုတာ ချက်ချင်းသိလိုက်ပြီး ကျမ်းစာ ပြန်လေ့လာခဲ့တယ်။ မေးပြီးသားမေးခွန်းတွေကိုပဲ ခဏခဏပြန်မေးပေမဲ့ ဟွာန်နဲ့မိုင်တာက စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးတယ်။ နှစ်ပေါင်းများစွာ စွဲမြဲလာခဲ့တဲ့ ကျွန်မရဲ့ ယုံကြည်ချက်အမှားတွေကို ဖယ်ရှားပစ်ဖို့ ကျမ်းစာအကြောင်းပြချက်တွေကို ထပ်ခါထပ်ခါ ကြားရဖို့လိုတယ်။ အဲဒီအပြင် မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကိုလည်း ကျမ်းစာအမှန်တရားအကြောင်း ကောင်းကောင်းရှင်းပြတတ်ချင်တယ်။
နောက်ဆုံးတော့ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးပွဲတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ပေးဆက်တဲ့အနေနဲ့ ကျွန်မ နှစ်ခြင်းခံခဲ့တယ်။ အဲဒီနေ့က ကျွန်မဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ပါ။ အဲဒီအချိန်မှာ ကျွန်မအသက် ၈၇ နှစ် ရှိနေပြီ။ နှစ်ခြင်းခံမယ့်သူတွေနဲ့ အထူးသက်ဆိုင်တဲ့ ဟောပြောချက်တစ်ခုကို ကြားခဲ့တယ်။ အဲဒီဟောပြောချက်က ကျွန်မကို ယေဟောဝါဘုရား တိုက်ရိုက်စကားပြောနေသလို ခံစားလာရလို့ မျက်ရည်တောင် ကျခဲ့ရတယ်။ နှစ်ခြင်းခံပြီးနောက်မှာ သက်သေခံအများကြီး ကျွန်မကို လာနှုတ်ဆက်ကြပြီး သူတို့ထဲက အများစုကို မြင်တောင်မမြင်ဖူးဘူး။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
သမ္မာကျမ်းစာမှာ ယေရှုကို “လမ်းခရီး” လို့ခေါ်ထားတယ်ဆိုတာ ကျွန်မ အရင်ကတည်းက သိခဲ့ပါတယ်။ (ယောဟန် ၁၄:၆) လမ်းခရီးဖြစ်တဲ့ ယေရှုက ယေဟောဝါဘုရားဆီ ပို့ဆောင်ပေးနေပါလားဆိုတာကိုတော့ ကျမ်းစာလေ့လာမှပဲ ကျွန်မသိလာတယ်။ အခုဆိုရင် ချစ်ရတဲ့ အဖေတစ်ယောက်လို၊ မိတ်ဆွေတစ်ယောက်လို ဘုရားကို ကျွန်မ ဆုတောင်းစကားပြောလို့ရပြီ။ ယေဟောဝါထံ ချဉ်းကပ်လော့ * စာအုပ်ကလည်း ကျွန်မဘဝကို ပြောင်းလဲဖို့ အထောက်အကူပေးခဲ့တယ်။ ပထမတစ်ခေါက်မှာ အဲဒီစာအုပ်ကို တစ်ညတည်းနဲ့ အပြီးဖတ်လိုက်တယ်။ ယေဟောဝါဘုရားက ဘယ်လောက်တောင် ကရုဏာရှိတယ်ဆိုတာ ကျွန်မသိလိုက်ရလို့ ဘုရားကို ပိုပြီး ချစ်လာတယ်။
ဘာသာရေးအမှန်တရားကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့တဲ့အကြောင်း ပြန်စဉ်းစားလိုက်ရင် ယေရှုရဲ့ ဒီစကားတွေကို အမှတ်ရမိတယ်– “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်မြဲခေါက်ကြလော့။ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်။” (မဿဲ ၇:၇) အခုတော့ ကျွန်မသိချင်နေတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို သိရပါပြီ။ တခြားသူတွေကိုလည်း ဒီအကြောင်းတွေ ပြန်ပြောပြရတာ ကျွန်မ အရမ်းပျော်ရွှင်နေပါတယ်။
ကျွန်မအသက် ၉၀ ရှိပြီဖြစ်ပေမဲ့ ယေဟောဝါဘုရားအကြောင်း သင်ယူစရာတွေအများကြီး ကျန်သေးတယ်။ ဝတ်ပြုရာခန်းမမှာ ကျင်းပတဲ့ စည်းဝေးတိုင်းဟာ ကျွန်မအတွက်တော့ အထူးအချိန်အခါတွေပါပဲ။ အဲဒီမှာ ကျမ်းစာအသိပညာရတဲ့အပြင် ချစ်ရတဲ့ ညီအစ်ကို ညီအစ်မတွေနဲ့ ပေါင်းသင်းခွင့်လည်းရတယ်။ ဘုရားကတိပေးထားတဲ့အတိုင်း ကမ္ဘာတစ်ခုလုံး ဧဒင်ဥယျာဉ်လိုမျိုး လှပလာပြီး လူအားလုံး နုပျိုကျန်းမာလာတဲ့အခါ ကျွန်မ ဆရာမ ပြန်ဖြစ်ချင်တယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) သေဆုံးသွားတဲ့ ကျွန်မချစ်ရသူတွေ အသက်ပြန်ရှင်လာတဲ့အခါ သူတို့ကို ကျမ်းစာအကြောင်း ပြောပြဖို့ ကျွန်မစောင့်မျှော်နေပါတယ်။ (တမန်တော် ၂၄:၁၅) ကျွန်မအသက်ကြီးလာမှ ယေဟောဝါဘုရားဆီကရတဲ့ ဆုလက်ဆောင်အကြောင်း သူတို့ကို ပြောပြချင်လိုက်တာ။
^ စာပိုဒ်၊ 15 ယေဟောဝါသက်သေတွေ ထုတ်ဝေပါတယ်။