မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲဒုက္ခတွေ ပပျောက်ချိန် နီးပြီ

ဆင်းရဲဒုက္ခတွေ ပပျောက်ချိန် နီးပြီ

ဆင်းရဲဒုက္ခတွေ လွတ်ငြိမ်းတဲ့ကမ္ဘာ၊ နောက်တစ်နည်းအားဖြင့် ရာဇဝတ်မှု၊ စစ်မှု၊ ဖျားနာမှု၊ သဘာဝဘေးဒဏ်တွေ မရှိတော့တဲ့ ကမ္ဘာမှာ အသက်ရှင်နေရတယ်လို့ ဆိုပါစို့။ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ စီးပွားရေးပြဿနာအတွက် စိုးရိမ်စရာမရှိဘဲ လန်းဆန်းတက်ကြွစွာ မနက်တိုင်း နိုးထရတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ဒီအရာတွေအားလုံး အမှန်ပဲ ဖြစ်လာမလား။ ဘယ်လူသား၊ ဘယ်လူ့အဖွဲ့အစည်းကမှ အဲဒီလိုအခြေအနေမျိုးကို မလုပ်ဆောင်ပေးနိုင်ပါဘူး။ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ အပါအဝင် လူ့ဆင်းရဲဒုက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေအားလုံးကို ပယ်ဖျက်ပေးမယ်လို့ ဘုရားသခင် ကတိပေးထားပါတယ်။ သမ္မာကျမ်းစာမှာပါတဲ့ အောက်ပါကတိတော်တွေကို ဖတ်ကြည့်ပါ။

အုပ်ချုပ်မှုကောင်း

‘ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။’—ဒံယေလ ၂:၄၄၊ ၄၅

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်ကနေ အုပ်ချုပ်မယ့် အစိုးရဖြစ်ပါတယ်။ အုပ်စိုးရှင်အဖြစ် ယေရှုခရစ်ကို ဘုရားသခင် ရွေးချယ်ထားပြီးပါပြီ။ ယေရှုရဲ့အုပ်ချုပ်မှုက လူ့အုပ်ချုပ်မှုအားလုံးရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ကောင်းကင်မှာရော၊ မြေကြီးမှာပါ ဘုရားသခင့်အလိုတော်အတိုင်း ဆောင်ရွက်သွားမယ်လို့ အာမခံထားတယ်။ (မဿဲ ၆:၉၊ ၁၀) အဲဒီအုပ်ချုပ်မှုက “ငါတို့၏သခင်၊ ကယ်တင်ရှင်ဖြစ်သော ယေရှုခရစ်၏ ထာဝရနိုင်ငံတော်” ဖြစ်တဲ့အတွက် လူ့အုပ်ချုပ်မှုတစ်ခုခုနဲ့ အစားထိုးမှာမဟုတ်ဘူး။ ငြိမ်သက်လုံခြုံမှုဟာ ထာ၀စဉ်တည်မြဲသွားမယ်လို့လည်း ကတိပေးထားတယ်။—၂ ပေတရု ၁:၁၁

ဘာသာရေးအတုအယောင်တွေ ရှိတော့မှာမဟုတ်

“စာတန်ပင်လျှင် အလင်း၏ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ ထို့ကြောင့် သူ၏အမှုဆောင်များသည် ဖြောင့်မတ်ခြင်းတရားဆိုင်ရာ အမှုဆောင်များ ဖြစ်ယောင်ဆောင်နေလျှင်ပင် အဆန်းမဟုတ်။ သို့သော် သူတို့၏အဆုံးသည် သူတို့၏လုပ်ရပ်အတိုင်း ဖြစ်လိမ့်မည်။”—၂ ကောရိန္သု ၁၁:၁၄၊ ၁၅

ဘာသာရေးအတုအယောင်တွေဟာ စာတန်ရဲ့လက်ချက်ဖြစ်တယ်လို့ ဖော်ထုတ်ခံရပြီး ကမ္ဘာပေါ်ကနေ ဖယ်ရှားခံရတော့မှာဖြစ်တယ်။ ဘာသာရေးကြောင့်ဖြစ်ပေါ်လာရတဲ့ အစွန်းရောက်မှုနဲ့ သွေးထွက်သံယိုမှုရှိသမျှလည်း ကွယ်ပျောက်သွားလိမ့်မယ်။ ဒါကြောင့် “အသက်ရှင်၍ စစ်မှန်သော ဘုရားသခင်” ကို ချစ်မြတ်နိုးသူအားလုံးဟာ “ယုံကြည်” ချက်တစ်ခုတည်းနဲ့ “စွမ်းအားတော်၏ လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ” ဝတ်ပြုကိုးကွယ်ခွင့် ရကြလိမ့်မယ်။ အဲ့ဒီအချိန်မှာ လူတွေဘယ်လောက်တောင် ငြိမ်းချမ်းပြီး စည်းလုံးလိုက်ကြမလဲ။—၁ သက်သာလောနိတ် ၁:၉; ဧဖက် ၄:၅; ယောဟန် ၄:၂၃

လူ့မွေးရာပါ အပြစ်ပြုလိုစိတ် ရှိတော့မှာမဟုတ်

“ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄

လူသားတွေကို အသက်ပေးခဲ့တဲ့ သားတော် ယေရှုအားဖြင့် အဲဒီအရာတွေကို ယေဟောဝါဘုရား ပြုလုပ်ပေးမှာဖြစ်တယ်။ (ယောဟန် ၃:၁၆) ယေရှုရဲ့ အုပ်ချုပ်မှုအောက်မှာ လူသားတွေဟာ မွေးရာပါအပြစ်ပြုလိုစိတ် ပျောက်ကွယ်သွားပြီး ပြည့်ဝစုံလင်လာကြလိမ့်မယ်။ “ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူရှိ” ပြီး “သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကိုသုတ်” ပေးမှာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ရှိတော့မှာမဟုတ်ဘူး။ မကြာခင်မှာ လူ့မွေးရာပါ အပြစ်ပြုလိုစိတ်နဲ့ ဆင်းရဲဒုက္ခတွေအားလုံး အတိတ်ကဖြစ်ရပ်အနေနဲ့ ကျန်ရစ်ခဲ့ပါတော့မယ်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉

နတ်ဆိုးတွေ ရှိတော့မှာမဟုတ်

‘သူ [ယေရှုခရစ်] သည် မာရ်နတ် စာတန်ဖြစ်သူ မူလမြွေ နဂါးကြီးကို ဖမ်းဆီး၍ အနှစ်တစ်ထောင် ချည်နှောင်လေ၏။ လူမျိုးတို့ကို နောက်တစ်ဖန် မလှည့်ဖြားနိုင်စေရန် ကောင်းကင်တမန်သည် သူ့ကို တွင်းနက်ကြီးထဲသို့ ပစ်ချ၍ တွင်းကို ပိတ်ပြီးလျှင် တံဆိပ်ခတ်လေ၏။’—ဗျာဒိတ် ၂၀:၂၊ ၃

စာတန်မာရ်နတ်နဲ့ နတ်ဆိုးတွေကို ချုပ်နှောင်ပြီး “တွင်းနက်ကြီး” ထဲကို ပစ်ချလိုက်သလိုမျိုး လုံးဝမလှုပ်ရှားနိုင်အောင် လုပ်လိုက်တဲ့အခါ သူတို့ရဲ့ လွှမ်းမိုးမှုလည်း ကုန်ဆုံးသွားလိမ့်မယ်။ ဒါကြောင့် သူတို့ဟာ လူသားတွေရဲ့ အရေးကိစ္စအပေါ် မကောင်းတဲ့သြဇာ မလွှမ်းမိုးနိုင်တော့ဘူး။ စာတန်မာရ်နတ်နဲ့ နတ်ဆိုးတွေရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်သွားတဲ့ ကမ္ဘာပေါ်မှာ နေထိုင်ရမယ်ဆိုရင် ဘယ်လောက်စိတ်ချမ်းသာစရာ ကောင်းလိုက်မလဲ။

“နောက်ဆုံးသောနေ့ရက်များ” အဆုံးသတ်တော့မယ်

“နောက်ဆုံးသောနေ့ရက်များ” ဟာ ယေရှုပြောခဲ့တဲ့ “ကြီးစွာသောဒုက္ခ” မှာ အဆုံးသတ်သွားပါလိမ့်မယ်။ “ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်သည့် ကြီးစွာသောဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်” လို့ ယေရှု ပြောခဲ့တယ်။—မဿဲ ၂၄:၂၁

ကြီးစွာသောဒုက္ခမှာ တစ်ခါမှမဖြစ်ဖူးတဲ့ ကပ်ဘေးတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။ ကြီးစွာသောဒုက္ခဟာ “အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့် စစ်ပွဲ” ဖြစ်တဲ့ အာမဂေဒုန်မှာ အထွတ်အထိပ်တိုင်သွားပါလိမ့်မယ်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆

ဖြောင့်မတ်ရာကို ချစ်မြတ်နိုးတဲ့ နေရာအနှံ့က လူတွေဟာ ဒီလောကစနစ် ကုန်ဆုံးသွားမယ့်အချိန်ကို စောင့်မျှော်နေကြပါတယ်။ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ရရှိမယ့် ဆုကျေးဇူးတချို့ကို သုံးသပ်ကြည့်ရအောင်။

ဘုရားသခင် ဒီထက်မက လုပ်ဆောင်ပေးဦးမယ်

“လူအုပ်ကြီး” က အေးချမ်းငြိမ်သက်တဲ့ ကမ္ဘာသစ်မှာ နေထိုင်ခွင့် ရရှိကြမယ်– မရေမတွက်နိုင်တဲ့ “လူအုပ်ကြီး” ဟာ “ကြီးစွာသောဒုက္ခ” ထဲကနေ ထွက်လာပြီး ဖြောင့်မတ်တဲ့ ကမ္ဘာသစ်မှာ နေထိုင်ခွင့်ရရှိကြလိမ့်မယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄; ၂ ပေတရု ၃:၁၃) အဲဒီလူအုပ်ကြီးဟာ “လောက၏ အပြစ်ကို ဖယ်ရှားသော ဘုရားသခင်၏ သိုးသငယ်” ယေရှုခရစ်ကြောင့် ကယ်တင်ခြင်းရတာလို့ အသိအမှတ်ပြုကြလိမ့်မယ်။—ယောဟန် ၁:၂၉

ဘုရားသခင်ဆီကရတဲ့ ပညာရေးကနေ အကျိုးများစွာ ရရှိကြလိမ့်မယ်– ကမ္ဘာသစ်မှာ “မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၉) ဘုရားသခင်ဆီကရတဲ့ ပညာရေးထဲမှာ လူသားချင်းနဲ့ သင့်မြတ်အောင်၊ ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ ညွှန်ကြားချက်ပါတယ်။ ဘုရားသခင်က ဒီလိုကတိပေးထားတယ်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။”—ဟေရှာယ ၄၈:၁၇

ချစ်မြတ်နိုးရတဲ့ သေလွန်သူတွေ သင်္ချိုင်းကနေ ထွက်လာကြလိမ့်မယ်– ယေရှု ကမ္ဘာပေါ်မှာရှိတုန်းက မိတ်ဆွေဖြစ်သူ လာဇရုကို သေခြင်းကနေ အသက်ပြန်ရှင်လာအောင် ပြုလုပ်ပေးခဲ့တယ်။ (ယောဟန် ၁၁:၁၊ ၅၊ ၃၈-၄၄) အဲဒါက ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်အောက်မှာ ဒီထက်ကြီးမားတဲ့ အတိုင်းအတာနဲ့ သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ နမူနာပြသွားတာဖြစ်တယ်။—ယောဟန် ၅:၂၈၊ ၂၉

ငြိမ်းချမ်းမှုနဲ့ ဖြောင့်မတ်မှုတို့ ထာဝစဉ်တည်ရှိသွားမယ်– ခရစ်တော်ရဲ့ အုပ်ချုပ်မှုအောက်မှာ မတရားမှုတွေ အတိတ်မှာကျန်ရစ်ခဲ့ပါလိမ့်မယ်။ ဘာကြောင့်လဲ။ လူ့စိတ်နှလုံးကို ထိုးဖောက်သိရှိနိုင်တဲ့ ယေရှုဟာ အဲဒီအစွမ်းကို အသုံးပြုပြီး ဖြောင့်မတ်သူတွေနဲ့ ဆိုးညစ်သူတွေကို ခွဲခြားစီရင်သွားမှာဖြစ်လို့ပဲ။ ဆိုးညစ်တဲ့လမ်းစဉ်ကို မစွန့်လွှတ်တဲ့သူတွေကို ဘုရားသခင်ရဲ့ ကမ္ဘာသစ်မှာ နေထိုင်ခွင့်ပြုမှာ မဟုတ်ဘူး။—ဆာလံ ၃၇:၉၊ ၁၀; ဟေရှာယ ၁၁:၃၊ ၄; ၆၅:၂၀; မဿဲ ၉:၄

ကျွန်ုပ်တို့ သုံးသပ်သွားတဲ့ အချက်တွေဟာ အနာဂတ်မှာ ဖြစ်ပျက်လာမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတဲ့ ကောင်းမွန်တဲ့အချက်တွေထဲက အနည်းငယ်ပဲရှိပါသေးတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်က ကမ္ဘာတစ်ဝန်းလုံးကို အုပ်ချုပ်သွားမှာဖြစ်ပြီး “များပြားသောငြိမ်သက်ခြင်း” ဟာ ထာဝစဉ် တည်မြဲသွားပါလိမ့်မယ်။ (ဆာလံ ၃၇:၁၁၊ ၂၉) လူသားတွေ ခံစားနေရတဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းအားလုံး မကြာခင် ပပျောက်သွားပါတော့မယ်။ ဘုရားသခင်ရဲ့ ဒီကတိကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်– ‘ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ပြုလုပ်လျက်ရှိ၏။ ဤစကားတို့သည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။’—ဗျာဒိတ် ၂၁:၅