သင် သိပါသလား
သင် သိပါသလား
တမန်တော်ပေါလုကနေတစ်ဆင့် ဖိလိပ္ပိမြို့သားတွေဆီ မေတ္တာပို့သလိုက်တဲ့ ‘ကဲသာ၏နန်းတော်၌နေသောသူတို့’ က ဘယ်သူတွေလဲ။
▪ တမန်တော်ပေါလုဟာ ရောမမြို့ကနေ ဖိလိပ္ပိအသင်းတော်ဆီကို စီအီး ၆၀၊ ၆၁ လောက်မှာ စာရေးခဲ့တယ်။ သူ့ရဲ့စာထဲမှာ ဖော်ပြထားတဲ့ ကဲသာဆိုတာ ရောမဧကရာဇ်မင်း နီရိုကို ပြောတာပါ။ ဒါပေမဲ့ ဧကရာဇ်မင်း နီရိုရဲ့ “နန်းတော်” မှာရှိနေတဲ့ ဘယ်သူတွေက ဖိလိပ္ပိမြို့မှာရှိတဲ့ ခရစ်ယာန်တွေဆီကို မေတ္တာပို့သလိုက်တာလဲ။—ဖိလိပ္ပိ ၄:၂၂။
‘ကဲသာ၏နန်းတော်၌နေသောသူတို့’ လို့ပြောတဲ့အခါ နန်းတော်တစ်ခုထဲမှာ နေထိုင်တဲ့ ဘုရင့်ဆွေမျိုးတွေနဲ့ တခြားမင်းမှုထမ်းတွေကို ပြောနေတာမဟုတ်ပါဘူး။ အဲဒီအစား ရောမမြို့နဲ့ ရောမလက်အောက်ခံနယ်မြေတွေမှာ မင်းမှုထမ်းနေတဲ့ ကျွန်တွေ၊ ကျွန်မဟုတ်တဲ့သူတွေအပါအဝင် အားလုံးကို ပြောနေတာဖြစ်တယ်။ အဲဒီမင်းမှုထမ်းတွေက ထောင်နဲ့ချီရှိနိုင်ပါတယ်။ သူတို့ဟာ ဧကရာဇ်မင်းရဲ့ နန်းတော်တွေ၊ ခြံမြေတွေနဲ့ တခြားမြေယာတွေမှာ အစေအပါးအလုပ်ကအစ အုပ်ချုပ်မှုပိုင်းဆိုင်ရာအဆုံး တာဝန်အမျိုးမျိုးကို ထမ်းဆောင်ကြရတယ်။ တချို့ဆိုရင် အစိုးရစီမံခန့်ခွဲရေးတာဝန်တွေတောင် ထမ်းဆောင်ကြရတယ်။
ရောမမြို့က ဧကရာဇ်မင်းရဲ့ အမှုထမ်းတချို့ဟာ ခရစ်ယာန်တွေဖြစ်လာတယ်ဆိုတာ ထင်ရှားတယ်။ ရောမမြို့မှာ တမန်တော်ပေါလုရှိနေတုန်း သတင်းကောင်း ဟောပြောခဲ့လို့ သူတို့ ခရစ်ယာန်တွေ ဖြစ်လာတာလားဆိုတာတော့ မသေချာပါဘူး။ ဘယ်လိုကြောင့်ပဲဖြစ်ပါစေ ဖိလိပ္ပိအသင်းတော်ကို သူတို့ အထူးစိတ်ဝင်စားတယ်ဆိုတာတော့ သေချာတယ်။ ဖိလိပ္ပိမြို့ဟာ ရောမလက်အောက်ခံ မြို့တစ်မြို့ဖြစ်ပြီး စစ်မှုထမ်းဟောင်းတွေနဲ့ အစိုးရအမှုထမ်းတွေ နေထိုင်ကြတယ်။ သူတို့တွေထဲက ခရစ်ယာန်ဖြစ်လာသူတချို့ဟာ တမန်တော်ပေါလုကနေတစ်ဆင့် မေတ္တာပို့သလိုက်တဲ့သူတွေရဲ့ မိတ်ဆွေတွေ ဖြစ်နိုင်ပါတယ်။
မောရှေပညတ်အရ မုဆိုးမတစ်ဦးဟာ ခင်ပွန်းသည်ရဲ့ ဆွေမျိုးသားချင်းတစ်ဦးဦးကို လက်ထပ်တဲ့ ဓလေ့ဆိုတာ ဘာလဲ။
▪ ရှေးခေတ်က အစ္စရေးအမျိုးသားတစ်ဦးဟာ သားမရှိဘဲ သေဆုံးသွားခဲ့ရင် သူ့ရဲ့အစ်ကို ဒါမှမဟုတ် ညီ ဒါမှမဟုတ် ဆွေမျိုးသားချင်းတစ်ဦးဦးက ကွယ်လွန်သူရဲ့ မျိုးဆက်မပြတ်စေဖို့ ကျန်ရစ်သူ မုဆိုးမကို လက်ထပ်ယူရပါတယ်။ (ကမ္ဘာဦး ၃၈:၈) အဲဒီထုံးစံကို နောက်ပိုင်းမှာ မောရှေကို ဘုရားသခင်ပေးခဲ့တဲ့ ပညတ်တွေထဲ ထည့်လိုက်တယ်။ (တရားဟောရာ ၂၅:၅၊ ၆) ကွယ်လွန်သူမှာ သက်ရှိထင်ရှား ညီအစ်ကိုအရင်းတစ်ယောက်မှမရှိဘူးဆိုရင် သူ့ရဲ့ ဆွေမျိုးသားချင်းတစ်ဦးက အဲဒီတာဝန်ကိုယူရတယ်ဆိုပြီး ရုသဝတ္ထုမှာ ဖော်ပြထားတဲ့ ဗောဇရဲ့အဖြစ်အပျက်ကနေ သိနိုင်တယ်။—ရုသ ၁:၃၊ ၄; ၂:၁၉၊ ၂၀; ၄:၁-၆။
ယေရှုခေတ်မှာလည်း အဲဒီထုံးစံကို ကျင့်သုံးနေကြတယ်ဆိုတာ မာကု ၁၂:၂၀-၂၂ မှာဖော်ပြထားတဲ့ ဇဒ္ဒုကဲတွေရဲ့စကားက ဖော်ပြတယ်။ အဲဒီထုံးစံက မိသားစုအမည်ကို ထိန်းသိမ်းပေးရုံတင်မကဘဲ မိသားစုပိုင်ပစ္စည်းတွေကို ထိန်းသိမ်းပေးရတဲ့အပြင် ကျန်ရစ်သူမုဆိုးမရဲ့ အရေးကိစ္စတွေကိုပါ ဆောင်ရွက်ပေးရတယ်လို့ ပထမရာစု ဂျူးသမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖပ်စ်က ဆိုတယ်။ အဲဒီခေတ်တုန်းက ဇနီးမယားတစ်ယောက်ဟာ ခင်ပွန်းရဲ့ ပစ္စည်းဥစ္စာတွေကို အမွေဆက်ခံပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ဆွေမျိုးသားချင်းတစ်ဦးဦးက မုဆိုးမကို လက်ထပ်ယူပြီး မွေးလာတဲ့ကလေးက ကွယ်လွန်သူရဲ့ ပစ္စည်းဥစ္စာတွေကို အမွေဆက်ခံခွင့်ရှိပါတယ်။
မောရှေပညတ်အရ အဲဒီဓလေ့ကို ဆွေမျိုးသားချင်းတွေ မလိုက်နာချင်ရင်လည်း ရပါတယ်။ ဒါပေမဲ့ ‘[အစ်ကို ဒါမှမဟုတ် ညီ ဒါမှမဟုတ် ဆွေမျိုးတစ်ဦးဦး] ရဲ့မျိုးဆက်ကိုပွား’ ဖို့ ငြင်းဆန်တဲ့သူဟာ အရှက်ခွဲခံရမှာဖြစ်တယ်။—တရားဟောရာ ၂၅:၇-၁၀၊ ခမ; ရုသ ၄:၇၊ ၈။