ရွှင်လန်းဖွယ် အခါသမယဖြစ်တဲ့ ရုရှားနိုင်ငံက နွေရာသီ ခရိုင်စည်းဝေးကြီးများ
ရွှင်လန်းဖွယ် အခါသမယဖြစ်တဲ့ ရုရှားနိုင်ငံက နွေရာသီ ခရိုင်စည်းဝေးကြီးများ
နွေရာသီရောက်တိုင်း မြို့ကြီးပြကြီးက ရုရှားလူမျိုးအတော်များများဟာ သူတို့နေထိုင်ရာ တိုက်ခန်းတွေကနေထွက်ပြီး ကျေးလက်တောရွာတွေဆီ သွားလည်ကြတယ်။ ပြီးတော့ အပန်းဖြေအိမ်ငယ်လေး (ရုရှားလို ဒါချာ) တွေမှာ တည်းခိုပြီး သဘာဝအလှအပကို ရှုစားကြတယ်။ သူတို့အတွက် အဲဒီအချိန်က ဗျာများလှတဲ့ဘဝပုံစံကနေ တစ်ခဏ အနားရစေတဲ့ အချိန်အခါဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နွေရာသီတွေမှာ ရုရှားနိုင်ငံက ယေဟောဝါသက်သေတွေလည်း ကျေးလက်တောရွာတွေဘက်ကို အုပ်စုလိုက် ထွက်သွားကြပါတယ်။ ဒါပေမဲ့ သွားရတဲ့ရည်ရွယ်ချက်ချင်းတော့ မတူပါဘူး။
မြို့ကြီးတချို့မှာ ဟောပြောခြင်းလုပ်ငန်းကို ကန့်သတ်ချုပ်ချယ်ထားပေမဲ့ ရုရှားယေဟောဝါသက်သေတွေဟာ ဘာသာရေးလွတ်လပ်မှုနဲ့ပတ်သက်တဲ့ အခြေခံဥပဒေလုပ်ပိုင်ခွင့်နဲ့အညီ ပေါ်ပေါ်ထင်ထင်ဘဲ စုဆုံဝတ်ပြုကိုးကွယ်ကြတယ်။ ဒါပေမဲ့ အခြေအနေတချို့မှာ သတင်းမှားပေးခံရတဲ့ အာဏာပိုင်တွေ ရုရှားသြသဒေါက်စ်ဓမ္မဆရာတွေရဲ့ ဆန့်ကျင်မှု၊ ဖိအားပေးမှုတွေကြောင့် နှစ်စဉ်ကျင်းပတဲ့ နွေရာသီခရိုင်စည်းဝေးကြီးတွေအတွက် လိုအပ်တဲ့ အဆောက်အအုံနဲ့ ပစ္စည်းပစ္စယတွေကို အသုံးပြုခွင့်မရခဲ့ဘူး။ ဒါကြောင့် သက်သေခံတွေဟာ သစ်တော ဒါမှမဟုတ် ကွင်းပြင်မှာ စည်းဝေးကြီးတွေ ကျင်းပဖို့ စီစဉ်ခဲ့ကြတယ်။ ၂၀၀၇ ခုနှစ်ကစပြီး ၂၀၀၉ ခုနှစ်အထိ ရုရှားနိုင်ငံတစ်ဝန်းလုံးက နေရာပေါင်း ၂၅ နေရာမှာ အဲလိုစည်းဝေးကြီးမျိုး ကျင်းပလာခဲ့တာ အကြိမ် ၄၀ လောက်ရှိနေပြီ။
ရုရှားစည်းဝေးကြီးတွေကို နှစ်ပေါင်းများစွာ တက်ရောက်ခဲ့တဲ့ သက်သေခံတစ်ယောက်က ဒီလိုပြောပြတယ်– “လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင် မြို့ကြီးတွေမှာ အားကစားကွင်းတွေ၊ အဆောက်အအုံတွေ ငှားပြီး စည်းဝေးကြီးတွေလုပ်ခဲ့တယ်။ အဲဒီတုန်းက စိတ်ရင်းမှန်တဲ့သူတွေနဲ့ အာဏာပိုင်တွေက ကျွန်တော်တို့အဖွဲ့အစည်းဟာ ဘယ်လောက်
သန့်ရှင်းပြီး အစီအစဉ်ကျနတယ်ဆိုတာကို တွေ့မြင်ခဲ့ကြတဲ့အတွက် အဖွဲ့အစည်းနဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်လို့ရသွားတယ်။ အခုတော့ လူသူမနေတဲ့ သစ်တောမှာ စည်းဝေးကြီးတွေ လုပ်ရတော့မယ်။ ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာကို တိရစ္ဆာန်လေးတွေကပဲ တွေ့ကြတော့မှာပေါ့။ လူမျိုးနဲ့နောက်ခံအမျိုးမျိုး၊ ဘာသာတရားအမျိုးမျိုးကလူတွေ တက်ရောက်လာကြတဲ့ စည်းဝေးကြီးတွေကို လူတွေ တွေ့ခွင့်မရတာ နှမြောစရာကြီး။”အဲလိုစည်းဝေးကြီးတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်အခါတွေ ဖြစ်ပေမဲ့ သက်သေခံတစ်ယောက်က ဒီလိုပြောပြတယ်– “ခက်ခဲတဲ့အခြေအနေတွေမှာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ ကိုယ်ကျိုးစွန့်မှုနဲ့ သစ္စာစောင့်သိမှုကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာမိတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ကျွန်တော်တို့ကို စည်းဝေးကြီးမကျင်းပဖြစ်အောင် လုပ်တဲ့အခါ ကြုံရတဲ့အခက်အခဲတွေကြောင့် စိတ်ရောကိုယ်ရော ပင်ပန်းကြရတယ်။ ဒါ့အပြင် အနှိုင်းမဲ့တန်ခိုးရှိတဲ့ ဘုရားသခင်ကို တင့်တင့်တယ်တယ် ဝတ်ပြုကိုးကွယ်ဖို့ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကိုလည်း ကန့်သတ်ထားကြတယ်။” အဲဒီလိုအခက်အခဲတွေကို ရုရှားနိုင်ငံက ယေဟောဝါသက်သေတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့ကြသလဲ။
နိုင်ငံတစ်ဝန်းက သစ်တောတွေမှာ ကျင်းပခဲ့တဲ့ ခရိုင်စည်းဝေးကြီးများ
ငှားရမ်းမှု သဘောတူညီချက်တွေက အနီးကပ်မှ ဖျက်သိမ်းခံရတတ်တဲ့အတွက် စည်းဝေးကြီးစီစဉ်သူတွေဟာ ထောင်နဲ့ချီတဲ့ စည်းဝေးကြီးကိုယ်စားလှယ်တွေအတွက် နောက်အစီအစဉ်တစ်မျိုးလုပ်ဖို့ အချိန်နည်းနည်းပဲရတယ်။ ဥပမာ၊ ၂၀၀၈ ခုနှစ်တုန်းက ချူးဗက်ရှ်ပြည်သူ့သမ္မတနိုင်ငံ ချီဘော့ခ်စရီမြို့မှာ ဗော်လ်ဂါမြစ်ကို အပေါ်စီးကနေ မြင်ရပြီး ဘုဇပတ်ပင်တွေရှိတဲ့ ကွင်းပြင်ကြီးတစ်ခုမှာ ခရိုင်စည်းဝေးကြီးတစ်ခု ကျင်းပခဲ့ကြတယ်။ ညီအစ်ကိုညီအစ်မတွေ အတော့်ကို အလုပ်များခဲ့ရပါတယ်။ စည်းဝေးကြီးကိုယ်စားလှယ် ၁,၉၃၀ ယောက်ရှိတဲ့အထဲက ၁,၇၀၀ ဟာ အဲဒီကွင်းပြင်ကြီးမှာပဲ နေရတယ်။ သူတို့အတွက် ရေပူရေအေးရတဲ့ ရေချိုးခန်းတွေ၊ လက်ဆေးကန်တွေ၊ သန့်စင်ခန်းတွေနဲ့ လျှပ်စစ်မီးလိုအပ်တယ်။ ပြီးရင် သူတို့အတွက် အစားအစာလည်း လိုအပ်သေးတယ်။
အဲဒီလိုအပ်ချက်တွေကို သက်သေခံညီအစ်ကိုညီအစ်မတွေ ကြိုးစားဖြည့်ဆည်းပေးခဲ့ကြတယ်။ စေတနာ့ဝန်ထမ်း သက်သေခံ ၃၅၀ ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြတယ်။ သူတို့တွေထဲမှာ တချို့က လက်သမားတွေ၊ တချို့က မီးသမားတွေနဲ့ တချို့က ပိုက်ဆက်သမားတွေ ဖြစ်ကြတယ်။ အဲဒီအထဲက သက်သေခံ ၁၄ ယောက်ဆိုရင် အဲဒီကွင်းပြင်မှာပဲ ဆယ်ရက်နေပြီး အလုပ်လုပ်ခဲ့ကြတယ်။ လွှနဲ့တိုက်ထားတဲ့ ပျဉ်ချပ်တွေ၊ သယ်လာတဲ့ ကောက်ရိုးတွေနဲ့ တဲတွေ၊ ရေချိုးခန်းတွေ၊ သန့်စင်ခန်းတွေ ဆောက်လုပ်ကြတယ်။ နောက်အုပ်စုတစ်စုကတော့ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေဝယ်ဖို့ မြို့ထဲကို ခေါက်တုံ့ခေါက်ပြန် သွားလာကြတယ်။ အစားအသောက်သိုလှောင်တဲ့ အအေးခန်း မရှိတဲ့အတွက် ညီအစ်ကိုတွေဟာ စည်းဝေးကြီးကျင်းပတဲ့နေရာမှာပဲ တစ်နေ့ကို သုံးနပ် အစားအစာ ပူပူနွေးနွေး ချက်ပြုတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကွင်းပြင်ကို စီမံခန့်ခွဲတဲ့သူတွေကလည်း အကူအညီပေးတဲ့အနေနဲ့ ကိုယ်စားလှယ်တွေအတွက် ချက်ပြုတ်ပေးဖို့ သက်သေခံမဟုတ်တဲ့ အပြင်လူတွေ ငှားပေးကြတယ်။ စည်းဝေးကြီးကျင်းပချိန်ရောက်တော့ ကိုယ်စားလှယ်အယောက် ၅၀၀ က သူတို့ရဲ့ ကိုယ်ပိုင်တဲရှင်တွေ ယူလာကြတယ်။ ကိုယ်စားလှယ်အယောက် ၁၅၀ က အနီးအနားကအိမ်တွေမှာ ငှားရမ်းနေထိုင်ကြတယ်။ ကိုယ်စားလှယ် ၁၅ ယောက်ကျတော့ မြင်းဇောင်းထဲက မြက်ခြောက်တွေပေါ်မှာ ပျော်ပျော်ရွှင်ရွှင် အိပ်စက်ခဲ့ကြတယ်။ ကျန်တဲ့သူတွေကတော့ ညီအစ်ကိုတွေဆောက်ထားတဲ့ တဲရှင်တွေမှာ နေကြတယ်။
ကိုယ်စားလှယ်တွေ ရောက်လာတဲ့အခါ သပ်သပ်ရပ်ရပ် ချထားတဲ့ အပြာရောင်ပလတ်စတစ် ထိုင်ခုံတွေကို တွေ့လိုက်ရတော့ ပင်လယ်ကို မြင်လိုက်ရသလိုပါပဲ။ ရှေ့ဆုံးမှာ ပန်းတွေနဲ့ အလှဆင်ထားတဲ့ စင်မြင့်နှစ်ခုရှိတယ်၊ တစ်ခုက ရုရှားအစီအစဉ်အတွက်ဖြစ်ပြီး နောက်တစ်ခုက ချူးဗက်ရှ်ဘာသာစကားပြော အစီအစဉ်အတွက်ဖြစ်တယ်။ တက်ရောက်လာသူတိုင်းဟာ အစီအစဉ်တွေမှာ တင်ဆက်တဲ့ ကျမ်းစာဟောပြောချက်တွေကို အရမ်းနှစ်သက်ခဲ့ကြပြီး စေတနာ့ဝန်ထမ်းတွေရဲ့ ပင်ပင်ပန်းပန်း လုပ်ဆောင်မှုတွေကို ကျေးဇူးတင်လေးမြတ်ခဲ့ကြတယ်။ အစားအသောက်ပြင်ဆင်ပေးတဲ့ သူတစ်ယောက်က ဒီလိုပြောပြတယ်– “ခင်ဗျားတို့ အဖွဲ့အစည်းက ဖြစ်ဖြစ်မြောက်မြောက် စည်းစနစ်တကျ လုပ်ဆောင်နိုင်တာကို ကျွန်တော့်မျက်စိနဲ့ တပ်အပ်မတွေ့ခဲ့ဘူးဆိုရင် ယုံမှာမဟုတ်ဘူး။” တချို့က စည်းဝေးကြီးအစီအစဉ်တွေကို ကျမ်းစာခေတ်က အစ္စရေးလူတွေ ကျင်းပခဲ့တဲ့ တဲနေပွဲနဲ့ နှိုင်းယှဉ်ခဲ့ကြတယ်။
မြို့တချို့မှာ သက်သေခံတွေဟာ စည်းဝေးကြီးအတွက် နောက်တစ်နေရာပြင်ဆင်ဖို့ တစ်ရက်ပဲ အချိန်ရခဲ့ကြတယ်။ နိဇ်နီ နိုဂရက်မြို့မှာ အဲဒီအဖြစ်မျိုး ကြုံခဲ့ကြတယ်။ အဲဒီမှာ စေတနာ့ဝန်ထမ်းတွေဟာ လူတစ်ယောက်ပိုင်တဲ့ ကွင်းပြင်တစ်ခုမှာ နေ့ဆိုင်းညဆိုင်း လုပ်ခဲ့ကြတယ်။ သစ်ပင်တွေကို ခုတ်လှဲ၊ ချုံတွေကို ခုတ်ထွင်ရှင်းလင်း၊ မြက်
တွေကိုရိတ်ပြီး ပိုးမွှားကင်းစင်အောင် လုပ်လိုက်ကြတယ်။ သောကြာနေ့မနက်မှာ ကိုယ်စားလှယ်တွေ ရောက်လာတဲ့အခါ စေတနာ့ဝန်ထမ်းတွေက ပလတ်စတစ်ထိုင်ခုံ ၂,၀၀၀၊ သယ်ရရွှေ့ရလွယ်တဲ့ အိမ်သာခန်း ဆယ်လုံး ယူလာကြတယ်။ လက်ဆေးကန်တွေ လုပ်ကြတယ်၊ စင်မြင့်တစ်ခုကို ဆောက်ကြတယ်။ မီးစက်တစ်လုံးနဲ့ အသံချဲ့စက်တစ်လုံး တပ်ဆင်လိုက်ကြတယ်။ ညီအစ်ကိုတစ်ယောက်က ဒီလိုပြောပြတယ်– “အံ့ဩစရာ အကောင်းဆုံးကတော့ နေ့ဆိုင်းညဆိုင်းလုပ်ခဲ့တဲ့ ညီအစ်ကိုတွေဟာ သူတို့ကို လူစွမ်းကောင်းတွေလို အထူးဆက်ဆံတာမျိုး မလိုချင်ကြဘူး။ စည်းဝေးကြီးအတောအတွင်း တခြားသူတွေရဲ့အကျိုးအတွက် နှိမ့်ချစွာ ဆက်လုပ်ဆောင်ပေးကြတယ်။ သူတို့ဟာ ညီအစ်ကိုညီအစ်မတွေ သက်သောင့်သက်သာနဲ့ ၀တ်ပြုစည်းဝေးနိုင်အောင် အစွမ်းကုန် အားတက်သရော လုပ်ဆောင်ပေးခဲ့ကြတယ်။”နောက်ညီအစ်ကိုတစ်ယောက်ကလည်း ဒီလိုပြောပြတယ်– “ညီအစ်ကိုတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့စိတ်ဓာတ် ရှိကြတယ်။ ညီအစ်ကိုတွေအတွက် လဟာပြင်မှာ စည်းဝေးကြီးကျင်းပဖို့ စီစဉ်တာ ဒါက ဦးဆုံးအကြိမ်ဖြစ်ပေမဲ့ အစီအစဉ်အတွင်း အတတ်နိုင်ဆုံး စိတ်အနှောင့်အယှက်ကင်းအောင် အစစအရာရာ စဉ်းစားပြီး လုပ်ဆောင်ခဲ့ကြတယ်။ အဲဒီနောက် ကျွန်တော်တို့ ပင်ပန်းတယ်လို့ မခံစားခဲ့ရဘူး။ အလုပ်မြန်မြန်ပြီးအောင် ကျွန်တော်တို့ကို ဘုရားသခင် ခွန်အားပေးခဲ့တယ်။”
ဘုရားသခင့်စွမ်းအားတော်ရဲ့ အကူအညီနဲ့ လုပ်ဆောင်ခဲ့ကြ
စည်းဝေးကြီးကျင်းပတဲ့အခါ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်းကြတဲ့အတွက် ဒေသခံညီအစ်ကိုညီအစ်မတွေဟာ ပိုပြီးစည်းလုံးလာတဲ့အပြင် ဘုရားသခင့်စွမ်းအားတော်က ဘယ်လိုအကူအညီပေးခဲ့တယ်ဆိုတာကိုလည်း တွေ့မြင်ခဲ့ရတယ်။ စမာလန်စ်ခ်မြို့မှာ တည်းခိုဖို့အတွက် ကြိုတင်စာရင်းပေးထားတာတွေက စည်းဝေးကြီးမတိုင်ခင်ညမှာ ပယ်ဖျက်ခံလိုက်ရတယ်။ အကြီးအကဲတစ်ယောက်က ဒီလိုပြောပြတယ်– “မနက် တစ်နာရီမှာ ဘတ်စကားနဲ့ ကိုယ်စားလှယ်တွေ ရောက်လာတော့ သူတို့အတွက် နေစရာမရှိဘူး။ သူတို့အတွက် ကျွန်တော် ဘာမှမလုပ်ပေးနိုင်လို့ ငိုချလိုက်တယ်။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းလိုက်တယ်။ တစ်နာရီကြာမှ သူတို့တည်းခိုဖို့ နေရာရသွားတဲ့အတွက် ကျွန်တော် အရမ်းပျော်သွားတယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့သူ အကူအညီလိုအပ်ချိန်မှာ ပစ်မထားဘူးဆိုတာ သိလိုက်ရလို့ အံ့ဩမိတယ်။” သစ်တောမှာကျင်းပတဲ့ နောက်စည်းဝေးကြီးတစ်ခုမှာတော့ ညီအစ်ကိုတွေဟာ တည်းခိုဖို့ ဒေသခံရွာကို အကူအညီတောင်းခဲ့ကြတယ်။ အဲဒီဒေသမှာ သက်သေခံတွေက နာမည်ကောင်းရထားတဲ့အတွက် ရွာသားတွေက စည်းဝေးကြီးအတွင်း ကိုယ်စားလှယ် ၂,၀၀၀ ကို သူတို့အိမ်မှာ တလိုတလား ပေးတည်းခဲ့ကြတယ်။
“စည်းဝေးကြီး ကျင်းပနိုင်ခဲ့တာကိုကြည့်ပြီး အခြေအနေတိုင်းမှာ ယေဟောဝါဘုရားသခင်ကို အားကိုးဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလိုက်ရတယ်” လို့ သက်သေခံတစ်ယောက်က ပြောပြတယ်။ အထူးသဖြင့် စည်းဝေးကြီးအစီအစဉ်ပျက်အောင် လူတချို့ လာနှောင့်ယှက်တဲ့အခါမျိုးမှာ ဖြစ်တယ်။ နိုဗာရှာခ်တင်စ်ခ်မြို့မှာ ရုရှားသြသဒေါက်စ်ဓမ္မဆရာတွေနဲ့ ကန့်ကွက်တဲ့သူတွေ စည်းဝေးကြီးကိုရောက်လာကြပြီး ဟောပြောသူရဲ့အသံကို ဖုံးလွှမ်းသွားအောင် မိုက်ခရိုဖုန်းတွေနဲ့ ခရစ်ယာန်ဓမ္မသီချင်းတွေ အော်ဆိုကြတယ်။ ဒါပေမဲ့ ရဲတွေရောက်လာပြီး အစီအစဉ်ကို အနှောင့်အယှက်မပေးဖို့ သူတို့ကို အမိန့်ပေးတယ်။ အဲဒီကန့်ကွက်တဲ့သူတွေထဲမှာ ဩသဒေါက်စ်အမျိုးသမီးတစ်ယောက်ဟာ ပူအိုက်လွန်းလို့ သတိလစ်သွားတဲ့အခါ ညီအစ်ကိုတွေက သူ့ကို ရှေးဦးသူနာပြုဌာနကိုခေါ်သွားပြီး သတိပြန်ရအောင် လုပ်ပေးလိုက်ကြတယ်။ သူ့ကို အကူအညီပေးတဲ့သူတွေက ညီအစ်ကိုညီအစ်မတွေဖြစ်နေတာကို တွေ့လိုက်ရတော့ သူ အရမ်းအံ့သြသွားတယ်။
တွေ့ မြင်ခဲ့ရာတွေကြောင့် အံ့အားသင့်ခဲ့ရ
အကြမ်းဖက်မှုဖြစ်လာမှာကို အရမ်းသတိထားနေရတဲ့အတွက် ရုရှားနိုင်ငံမှာ လူစုလူဝေးကြီးတွေကို အာဏာပိုင်တွေနဲ့၊ စပ်စုတဲ့ဒေသခံတွေက စောင့်ကြည့်တတ်ကြတယ်။ ဥပမာ၊ ဗော်ရှ်စကီမြို့က သစ်တော
မှာ ကျင်းပတဲ့ စည်းဝေးကြီးတစ်ခုကို အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ကိုယ်စားလှယ်တွေ စောင့်ကြည့်ခဲ့ကြတယ်။ အစီအစဉ်အတွင်းမှာ သူတို့ထဲက တစ်ယောက်ရဲ့ မိုဘိုင်းလ်ဖုန်း ကျပျောက်သွားတဲ့အခါ ညီအစ်ကိုတွေက ပစ္စည်းပျောက်တွေ့ဌာနမှာ သွားစုံစမ်းပြီး ပြန်ရအောင် ကူညီပေးခဲ့ကြတယ်။ မကြာပါဘူး၊ သူ့ရဲ့အထက်လူကြီးက သူ့ဆီ ဖုန်းလှမ်းဆက်ပြီး စည်းဝေးကြီးမှာ အကြမ်းဖက်မှုတွေ၊ အစွန်းရောက်မှုတွေကို လှုံ့ဆော်ပေးတာမျိုးရှိမရှိ မေးမြန်းတယ်။ အဲဒီအရာရှိက ဒီလိုပြန်ဖြေလိုက်တယ်– “အားလုံး အိုကေပါပဲ။ ဒီမှာ လူ ၅,၀၀၀ ရှိပါတယ်။ ဘယ်သူကမှ ဥပဒေ မချိုးဖောက်ကြဘူး။ ဘာအကြမ်းဖက်မှုကိုမှလည်း မတွေ့ရဘူး။ ကျွန်တော့်ဖုန်း ကျပျောက်သွားတာတောင် သူတို့ ကောက်ရပြီး ကျွန်တော့်ကို ပြန်လာပေးသေးတယ်။”စည်းဝေးကြီးကျင်းပတဲ့နေရာက အရမ်းသန့်ရှင်းနေတာကို လုံခြုံရေးအစောင့်တစ်ယောက်က တွေ့သွားပြီး သဘောကျသွားတယ်။ ပရိသတ်ထဲမှာ ကလေးတွေ အများကြီးရှိနေတာတောင် ချိုချဉ်အခွံတစ်ခုတလေမှ မတွေ့ရတဲ့အတွက် သူ အရမ်းအံ့သြသွားတယ်။ နောက်တစ်နေရာမှာတော့ ရဲအရာရှိတစ်ယောက်ဟာ ကြီးမားတဲ့ ဘာသာရေးစုဝေးမှုတစ်ခု ကျင်းပနေတယ်ဆိုပြီး သတင်းပို့ခံခဲ့ရတယ်။ ဒါနဲ့ စည်းဝေးကြီးကျင်းပခွင့်ပေးတဲ့ ကွင်းပြင်ပိုင်ရှင်ကို လာတွေ့တယ်။ ကွင်းပြင်ပိုင်ရှင်က ရဲအရာရှိကို စည်းဝေးကြီးကျင်းပတဲ့နေရာကို အပေါ်စီးကနေမြင်နိုင်အောင် အဆောက်အအုံရဲ့ တတိယထပ်မှာရှိတဲ့ လသာဆောင်ကို ခေါ်သွားပြီး ဒီလိုပြောလိုက်တယ်– “ကြည့်လိုက်ပါဦး။ ဆရာကိုယ်တိုင် တွေ့ပြီမဟုတ်လား။ တကယ့်ကို စည်းစနစ်ကျတဲ့သူတွေပဲ။” သက်သေခံတွေဟာ အရက်လည်းမသောက်၊ ဆေးလိပ်လည်းမသောက်၊ ဒီမှာစုဝေးခဲ့တယ်ဆိုတဲ့ ခြေရာလက်ရာလေးတောင် ချန်မထားခဲ့တဲ့အပြင် ကိုယ့်အမှိုက်ကိုယ်တောင် ပြန်သယ်သွားကြတာကို ပိုင်ရှင်က အရမ်းအံ့ဩသွားပြီး “ပရဒိသု (သာယာလှပတဲ့နေရာ) နဲ့တူလိုက်တာ” လို့ပြောလိုက်တယ်။
ဘုရားသခင့်လူမျိုးတွေမှာ စည်းလုံးမှုထင်ရှား
သစ်တောမှာကျင်းပတဲ့ စည်းဝေးကြီးတစ်ခု ပြီးသွားတဲ့အခါ အနီးအနားရွာက ရွာသူကြီးက ဒီလိုပြောခဲ့တယ်– “ခင်ဗျားတို့ဟာ ရိုးရိုးကုပ်ကုပ်လေးတွေဖြစ်ပေမဲ့ တကယ့်ကိုစွမ်းဆောင်နိုင်စွမ်းရှိတဲ့ သူတွေပဲဆိုတာ ကျွန်တော် သဘောပေါက်သွားပြီ။ ကျွန်တော်တို့က ဘာသိဘာသာ နေတတ်ကြပေမဲ့ ခင်ဗျားတို့ကျတော့ စည်းလုံးနေလိုက်ကြတာ။” ကြီးမားကျယ်ပြောလှတဲ့ ရုရှားနိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေဟာ အရှေ့ဘက် ကမ်ချက်ကာမြို့ကနေ အနောက်ဘက် ကလင်နီဂရက်မြို့အထိ ဘယ်မှာပဲနေနေ စည်းဝေးကြီးတွေမှာ ဘုရားသခင့်လူမျိုးတွေ ပြသခဲ့တဲ့ စည်းလုံးမှုကို အရမ်းသဘောကျသွားကြတယ်။ သူတို့ရဲ့ အစီအစဉ်တွေဟာ မထင်မမှတ်ဘဲ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားခဲ့ရင်တောင် ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့အရာတစ်ခု ရှိတယ်။ အဲဒါကတော့ လောကအာဏာပိုင်တွေနဲ့ လူသားချင်းအပေါ် ထားရှိတဲ့ သူတို့ရဲ့ လေးစားမှုပါပဲ။
နောင်ဘယ်လိုဖြစ်မယ်ဆိုတာ မသိနိုင်ပေမဲ့ အခုချိန်မှာတော့ ရုရှားနိုင်ငံက ယေဟောဝါသက်သေတွေဟာ စည်းဝေးကြီးတွေမှာ ကျမ်းစာသွန်သင်ချက်တွေခံယူဖို့ ပျော်ပျော်ရွှင်ရွှင် စုဆုံနေကြဆဲပါပဲ။ ‘ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့အဖို့’ သူတို့ ဆုတောင်းပေးကြပါတယ်။—၁ တိမောသေ ၂:၂၊ သမ္မာကျမ်း။
[စာမျက်နှာ ၂၇ ပါ အကျဉ်းဖော်ပြချက်]
လဟာပြင် စည်းဝေးကြီးတစ်ခု ကျင်းပနိုင်ဖို့ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း သက်သေခံ တစ်ယောက်
[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]
ရုရှားနိုင်ငံက ယေဟောဝါ သက်သေတွေဟာ “ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာ” ကြိုးစားနေထိုင်ကြ
[စာမျက်နှာ ၂၈ ပါရုပ်ပုံ]
စည်းဝေးကြီးမတိုင်ခင် ကွင်းပြင်ကို သန့်ရှင်းရေးလုပ်ပြီး ထောင်နဲ့ချီတဲ့ ကိုယ်စားလှယ်တွေအတွက် အစားအသောက်တွေဝေဖို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြ
[စာမျက်နှာ ၂၉ ပါရုပ်ပုံ]
တက်ရောက်သူတိုင်း စည်းဝေးကြီးအစီအစဉ်ကို နှစ်သက်ခဲ့ပြီး စေတနာ့ဝန်ထမ်းတွေရဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို ကျေးဇူးတင်လေးမြတ်ခဲ့ကြ