မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

နာခံတတ်ဖို့ ယေရှု သင်ယူခဲ့

နာခံတတ်ဖို့ ယေရှု သင်ယူခဲ့

တစ်ခါတလေမှာ နာခံမှုပြဖို့ ကလေးတို့အတွက် ခက်သလား။— * အဲဒါက အံ့ဩစရာ မဟုတ်ပါဘူး။ နာခံမှုပြဖို့ လူတိုင်းအတွက် တစ်ခါတလေ ခက်တယ်။ ယေရှုတောင်မှ နာခံတတ်ဖို့ သင်ယူခဲ့ရတယ်ဆိုတာ ကလေးတို့ သိကြသလား။—

လူငယ်တွေအားလုံး ဘယ်သူ့ကို နာခံရမယ်ဆိုတာ ကလေးတို့ သိသလား။— ဟုတ်တယ်၊ မိဘတွေကိုပေါ့။ “ဘုရားသခင်၏ အလိုတော်နှင့်အညီ မိဘတို့ကို နာခံကြလော့” ဆိုပြီး သမ္မာကျမ်းစာက ပြောထားတယ်လေ။ (ဧဖက် ၆:၁) ယေရှုရဲ့ အဖေက ဘယ်သူလဲ။— ဟုတ်တယ်၊ ယေဟောဝါဘုရားသခင်က ယေရှုရဲ့အဖေ ဖြစ်သလို တို့တွေရဲ့ အဖေလည်း ဖြစ်တယ်။ (မဿဲ ၆:၉၊ ၁၀) ဒါပေမဲ့ ယေရှုရဲ့ အဖေနဲ့ အမေက ယောသပ်နဲ့ မာရိ မဟုတ်လားဆိုပြီး ကလေးတို့ ပြောရင်လည်း မှန်ပါတယ်။ သူတို့က ယေရှုရဲ့ မိဘတွေ ဘယ်လို ဖြစ်လာသလဲဆိုတာ ကလေးတို့ သိသလား။—

မာရိက ယောက်ျားတစ်ယောက်နဲ့ မပေါင်းဘဲ မိခင်တစ်ယောက် ဖြစ်လာမယ့်အကြောင်း ကောင်းကင်တမန် ဂါဗြေလက မာရိကို ပြောပြတယ်။ ယေဟောဝါဘုရားသခင်က မာရိ ကိုယ်ဝန်ရအောင် တန်ခိုးနဲ့ ပြုလုပ်ပေးခဲ့တယ်။ ဂါဗြေလက မာရိကို ဒီလိုရှင်းပြခဲ့တယ်– “အမြင့်ဆုံးသောအရှင်၏ တန်ခိုးတော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် မွေးဖွားမည့်သူငယ်သည် ဘုရားသခင်၏ သားတော်၊ သန့်ရှင်းတော်မူသောသူဟု ခေါ်ဆိုခြင်းကို ခံရလိမ့်မည်။”—လုကာ ၁:၃၀-၃၅

ဒါနဲ့ ဘုရားသခင်က ကောင်းကင်မှာရှိတဲ့ သားတော်ယေရှုရဲ့ အသက်ကို မာရိရဲ့သားအိမ်ထဲ ရွှေ့ပြောင်းလိုက်တယ်။ မိခင်ရဲ့ သားအိမ်ထဲမှာ ကလေးကြီးထွားလာသလို မာရိရဲ့သားအိမ်ထဲမှာ ယေရှုလည်း တဖြည်းဖြည်း ကြီးလာတယ်လေ။ ကိုးလလည်းကြာရော ယေရှု မွေးလာတာပေါ့။ အဲဒီအချိန်မှာ မာရိကို ယောသပ် လက်ထပ်လိုက်တော့ ယေရှုရဲ့ အဖေအရင်းက ယောသပ်ဆိုပြီး လူတွေ ထင်ကြတယ်။ တကယ်တော့ ယောသပ်က ယေရှုရဲ့ မွေးစားအဖေပါ။ ဒါကြောင့် ယေရှုမှာ အဖေနှစ်ယောက်ရှိတယ်လို့ ပြောကြတာပေါ့။

ယေရှု အသက် ၁၂ နှစ်အရွယ်မှာ ကောင်းကင်ခမည်းတော် ယေဟောဝါကို ဘယ်လောက်ချစ်သလဲဆိုတာ ဖော်ပြခဲ့တယ်။ အဲဒီတုန်းက ထုံးစံအရ ပသခါပွဲတက်ဖို့ ယေရှုရဲ့မိသားစုက ဂျေရုဆလင်မြို့ကို ခရီးဝေးထွက်ကြတယ်။ ပွဲပြီးတဲ့နောက် နာဇရက်မြို့ကို ပြန်တဲ့ခရီးမှာ ယေရှုပါမလာဘူးဆိုတာ ယောသပ်နဲ့မာရိ သတိမထားမိလိုက်ဘူး။ သူတို့က ယေရှုကို ဘာဖြစ်လို့ မေ့သွားသလဲဆိုတာ ကလေးတို့ စဉ်းစားမိသလား။—

အဲဒီအချိန်မှာ ယောသပ်နဲ့ မာရိဆီမှာ တခြားကလေးတွေလည်း ရှိနေပြီ။ (မဿဲ ၁၃:၅၅၊ ၅၆) သူတို့နဲ့ ခရီးသွားနေတဲ့သူတွေထဲမှာ ဆွေမျိုးတွေလည်း ပါတယ်။ ဇေဗေဒဲနဲ့ မာရိရဲ့ ညီမဖြစ်နိုင်တဲ့ ရှာလုံရဲ့သား ယာကုပ်နဲ့ ယောဟန်လည်း ပါတယ်။ ဒါကြောင့် တခြားဆွေမျိုးတွေနဲ့အတူ ယေရှု ပါလာမှာပဲလို့ မာရိ ထင်နေတာ။—မဿဲ ၂၇:၅၆။ မာကု ၁၅:၄၀။ ယောဟန် ၁၉:၂၅

ယေရှု ပါမလာမှန်း ယောသပ်နဲ့ မာရိ သိသွားတဲ့အခါ ဂျေရုဆလင်မြို့ကို သူတို့ သုတ်ခြေတင် ပြန်ပြေးတော့တာပဲ။ သူတို့ရဲ့သားကို အသည်းအသန် လိုက်ရှာလိုက်ကြတာ။ သုံးရက်ကြာတော့မှပဲ ဝတ်ပြုရာအိမ်တော်မှာ ယေရှုကို တွေ့တယ်လေ။ မာရိက “ငါတို့အား အဘယ်ကြောင့် ဤသို့ပြုသနည်း။ သင့်အဖနှင့် ငါသည် စိတ်ပူပန်လျက် သားကို ရှာကြပြီ” လို့ပြောတဲ့အခါ ယေရှုက “မိဘတို့သည် အဘယ်ကြောင့် ကျွန်ုပ်ကို ရှာကြပါသနည်း။ ကျွန်ုပ်သည် အဖ၏အိမ်တော်၌ ရှိနေမည်အကြောင်းကို မသိကြသလော” ဆိုပြီး ပြန်ပြောတယ်။—လုကာ ၂:၄၅-၅၀

ယောသပ်နဲ့ မာရိက ယေရှုကို ဝတ်ပြုရာအိမ်တော်မှာ ဦးဆုံးရှာသင့်တယ်ဆိုပြီး ကလေးတို့ ဘာဖြစ်လို့ ထင်တာလဲ

အမေကို ယေရှု အဲဒီလိုပြန်ပြောတာ မှားတယ်လို့ ကလေးတို့ ထင်သလား။— တကယ်တော့ ဘုရားသခင့်အိမ်တော်မှာ ကိုးကွယ်တာကို ယေရှု နှစ်သက်တယ်ဆိုတာ မိဘတွေ သိထားတယ်။ (ဆာလံ ၁၂၂:၁) ဒါကြောင့် ဘုရားသခင်ရဲ့ ဝတ်ပြုရာအိမ်တော်မှာ ဦးဆုံးလာရှာသင့်တယ်လို့ ယေရှုပြောတာ မှန်တယ်မဟုတ်လား။— ယေရှု ဒီလိုပြန်ပြောတာကို မာရိက စိတ်ထဲမှာ ကောင်းကောင်း မှတ်ထားလိုက်တယ်။

ယောသပ်နဲ့ မာရိကို ယေရှု ဘယ်လို သဘောထားသလဲ။— “ယေရှုသည် မိဘတို့နှင့်အတူ ဆင်းသွား၍ နာဇရက်မြို့သို့ ရောက်သော် သူတို့ကို လက်အောက်ခံလျက်နေ၏” ဆိုပြီး သမ္မာကျမ်းစာမှာ ပြောထားတယ်။ (လုကာ ၂:၅၁၊ ၅၂) ယေရှုရဲ့ ပုံနမူနာကနေ တို့တွေ ဘာသင်ခန်းစာ ယူနိုင်သလဲ။— ဟုတ်တယ်၊ တို့တွေလည်း မိဘကို နာခံဖို့ လိုတယ်။

လူသားမိဘတွေကိုတောင် မပြောနဲ့၊ ကောင်းကင်ခမည်းတော်ကိုတောင် နာခံဖို့ ယေရှုအတွက် အမြဲမလွယ်ကူခဲ့ဘူး။

မသေခင်ညမှာ ယေရှုက ယေဟောဝါဘုရားသခင် ပြုလုပ်စေချင်တာတွေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့စိတ်တော် ပြောင်းလဲမလားဆိုပြီး မေးခဲ့သေးတယ်။ (လုကာ ၂၂:၄၂) ဒါပေမဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်ဖို့ မလွယ်ကူမှန်း ယေရှု သိရက်သားနဲ့ နာခံခဲ့တယ်လေ။ ယေရှုက “ဆင်းရဲဒုက္ခခံခြင်းဖြင့် နာခံမှုကို သင်ယူတော်မူ၏” ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ (ဟေဗြဲ ၅:၈) တို့တွေလည်း ခက်ခဲတဲ့အချိန်မှာတောင် နာခံတတ်ဖို့ သင်ယူနိုင်တယ်လို့ ကလေးတို့ ထင်သလား။—

^ အပိုဒ်၊ 3 သင်သည် သင့်ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်းမေးရန် အားပေးသည့် အမှတ်အသား ဖြစ်သည်။