မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချိန်အခါမရွေး ရိုးသား သင့်သလော

အချိန်အခါမရွေး ရိုးသား သင့်သလော

အချိန်အခါမရွေး ရိုးသား သင့်သလော

လူတိုင်းသည် တစ်ခါတစ်ရံတော့ ရိုးသားကြပါသည်။ လူများစွာကမူ အများအားဖြင့် ရိုးသားကြပေမည်။ သို့သော် အချိန်အခါမရွေး ရိုးသားဖို့ကြိုးစားနေသူ မည်မျှကို သင်သိကျွမ်းပါသနည်း။

ယနေ့ခေတ်တွင် မရိုးသားမှုသည် ဘ၀ကဏ္ဍအတော်များများတွင် ပျံ့နှံ့လျက်ရှိ၏။ သို့သော် ရိုးသားမှုနှင့်ပတ်သက်၍ ဘုရားသခင့်အမြင်ကို လူတိုင်းသိကြပါသည်။ ဥပမာ၊ လူအများစုသည် ပညတ်တော်ဆယ်ပါးတွင် ရှစ်ခုမြောက်ဖြစ်သော “သူ့ဥစ္စာကို မခိုးနှင့်” ဟူသည့်ပညတ်ကို သိထားကြသည်။ (ထွက်မြောက်ရာ ၂၀:၁၅) သို့သော် တစ်ခါတစ်ရံ သူ့ဥစ္စာကိုခိုးခြင်း သို့မဟုတ် အခြားမရိုးသားသော လုပ်ရပ်များသည် အခြေအနေအရ လက်ခံနိုင်ဖွယ်ရှိသည်ဟု လူများစွာက ယူဆကြ၏။ မမှားပါဟူ၍ လူတို့ဆင်ခြေပေးလေ့ရှိသော အကြောင်းရင်းသုံးခုကို သုံးသပ်ကြည့်ကြစို့။

ဆင်းရဲသောကြောင့် သူ့ဥစ္စာခိုးခြင်းသည် လက်ခံနိုင်ဖွယ်ရာလော

တစ်ချိန်က ရောမနိုင်ငံရေးခေါင်းဆောင်တစ်ဦး ဤသို့ဆိုခဲ့သည်– “ဆင်းရဲမွဲတေမှုသည် ရာဇဝတ်မှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းဖြစ်၏။” ဆင်းရဲသောကြောင့် သူ့ဥစ္စာခိုးခြင်းသည် လက်ခံနိုင်ဖွယ်ရာဖြစ်သည်ဟု ဆင်ခြေပေးပေမည်။ အချို့ကလည်း ယင်းကို သဘောတူပေမည်။ ထိုကိစ္စကို ယေရှု မည်သို့သဘောထားခဲ့သနည်း။ ကိုယ်တော်သည် ဆင်းရဲနွမ်းပါးသူများကို အလွန်သနားကြင်နာစွာ ဆက်ဆံခဲ့၏။ သူတို့ကို ကိုယ်တော် “သနားတော်မူ၏။” (မဿဲ ၉:၃၆) သို့သော် ကိုယ်တော်သည် သူ့ဥစ္စာခိုးခြင်းကို မည်သည့်အခြေအနေကြောင့်မျှ ခွင့်မပြုခဲ့ပါ။ သို့ဆိုလျှင် ဆင်းရဲမွဲတေသူတစ်ဦးသည် အဘယ်အရာပြုလုပ်သင့်သနည်း။

ဘုရားသခင်သည် မိမိအား စိတ်ရင်းမှန်ဖြင့် နာခံဖို့ကြိုးစားသူများကို သနားကြင်နာပြီး လိုအပ်ရာများရရှိဖို့ သူတို့၏ကြိုးစားမှုများအတွက် ကောင်းချီးပေးတော်မူမည်။ (ဆာလံ ၃၇:၂၅) ‘ဖြောင့်မတ်သောသူကို ထာ၀ရဘုရားသခင် မွတ်သိပ်စေတော်မမူ။ ဆိုးသောသူတို့၏ အလိုဆန္ဒကိုကား ကန့်ကွက်တော်မူ၏’ ဟု ကျမ်းစာတွင် ကတိပြုထားသည်။ (သု. ၁၀:၃သမ္မာ) ဆင်းရဲသားတစ်ဦးသည် ထိုကတိတော်ကို ယုံကြည်စိတ်ချနိုင်သလော။ ဗစ်တိုရင်း ယုံကြည်စိတ်ချခဲ့၏။

ကျောင်းနေအရွယ်သားသမီး ငါးဦးရှိသော မုဆိုးမဖြစ်သူ ဗစ်တိုရင်း၏ဘဝသည် ချောင်လည်လှသည်မဟုတ်။ အစိုးရထောက်ပံ့မှု အနည်းငယ်သာရရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတွင် သူ နေထိုင်သည်။ အများအားဖြင့် အပြင်ထွက်အလုပ်လုပ်ရသည့်အတွက် သူတစ်ပါး၏ပစ္စည်းကိုခိုးရန် အခွင့်အရေးများ ရတတ်သည်။ သို့သော် ဗစ်တိုရင်းသည် ထိုသို့ပြုလုပ်ရန် မကြိုးစားခဲ့ပေ။ ယင်းအစား သူသည် ရိုးသားသော လမ်းဘေးစျေးသည်တစ်ဦးအဖြစ် တစ်နေ့စာတစ်နေ့အတွက် အလျဉ်မီရုံ ရှာနေရသည်။ သူ အဘယ်ကြောင့် ထိုသို့ရိုးသားနေရသနည်း။

“ပထမတစ်ချက်က ရိုးသားတဲ့အရှင် ဘုရားသခင်ကို ကျွန်မ အတုယူမယ်ဆိုရင် ဘုရားသခင်ကလည်း ကျွန်မကို ရိုးရိုးသားသား ဆက်ဆံမယ်ဆိုတာ ယုံကြည်တယ်။ ဒုတိယအချက်က ကျွန်မရိုးသားတယ်ဆိုတာ ကလေးတွေတွေ့မှ သူတို့လည်း ရိုးသားတတ်လာမယ်လေ။”

သို့ဆိုလျှင် စားဝတ်နေရေးကို သူ မည်သို့ဖြေရှင်းခဲ့သနည်း။ “ကျွန်မတို့မှာ စားစရာ၊ ဝတ်စရာနဲ့ နေစရာရှိတယ်။ ဒါပေမဲ့ တစ်ခါတလေ မမျှော်လင့်ဘဲကုန်ရတဲ့ ဆေးဖိုးဝါးခတွေအတွက် မိတ်ဆွေတွေဆီကနေ အကူအညီတောင်းခဲ့ရတာတွေလည်း ရှိပါတယ်။ ကျွန်မအကူအညီလိုတိုင်း အမြဲရခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ကိုယ့်အခြေအနေကို အမှန်အတိုင်း ရိုးရိုးသားသားပြောပြတယ်၊ လိုတာထက်ပိုပြီး အခွင့်အရေးမယူဘူးဆိုတာ သူတို့သိလို့ပါ။”

“ကလေးတွေက ရိုးသားတဲ့သူတွေအဖြစ် ကြီးပြင်းလာတယ်။ အိမ်နီးချင်းတစ်ယောက်က စားပွဲပေါ်မှာ ပိုက်ဆံတွေ တင်ထားတာတွေ့တော့ ကျွန်မကို မေးတယ်။ ကလေးတွေ ယူလိုက်မှာကို မစိုးရိမ်ဘူးလားတဲ့။ ကလေးတွေက ဒီပိုက်ဆံကို လုံး၀ယူမှာမဟုတ်ဘူးလို့ ကျွန်မပြန်ပြောတော့ သူ မယုံနိုင်ဘူး။ ဒါကြောင့် ကျွန်မကို အသိမပေးဘဲ ကလေးတွေကို စမ်းသပ်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ငွေတစ်ရာတန် အကြွေနှစ်စေ့ကို ကလေးတွေ မြင်သာတဲ့နေရာမှာ သူ တိတ်တိတ်လေးထားခဲ့တယ်။ နောက်တစ်နေ့ သူ ပြန်လာတဲ့အခါ ပိုက်ဆံတွေကို ဒီအတိုင်းပဲတွေ့လိုက်ရလို့ သူ အရမ်းအံ့သြသွားတယ်။ ရိုးသားတဲ့သားသမီးတွေကို ပိုင်ဆိုင်ရတာက ရုပ်ပစ္စည်းအများကြီးပိုင်ဆိုင်ရတာထက် ပိုကောင်းတယ်။”

“လူတိုင်းခိုးကြတာပဲလေ”

အလုပ်ခွင်တွင် ခိုးခြင်းသည် အဆန်းမဟုတ်ချေ။ ထို့ကြောင့် လူအချို့က ‘လူတိုင်း ခိုးကြတာပဲလေ။ ငါလည်း ခိုးတော့ ဘာဖြစ်မှာမို့လို့လဲ’ ဟု တွေးကြသည်။ သို့သော် ယင်းနှင့်ဆန့်ကျင်လျက် ကျမ်းစာက “လူများနောက်သို့လိုက်၍ မတရားသဖြင့် မပြုရ” ဟုဆိုသည်။ (ထွက်မြောက်ရာ ၂၃:၂) ထိုသတိပေးချက်ကို ဗစ်ထွား လိုက်နာခဲ့သည်။ ယင်းကြောင့် အကျိုးရှိခဲ့သလော။

အသက် ၁၉ နှစ်အရွယ်၌ စားအုန်းဆီထုတ်လုပ်သည့်စက်ရုံတွင် ဗစ်ထွား အလုပ်ရခဲ့သည်။ ထိုတွင်အလုပ်လုပ်သော အမျိုးသမီး ၄၀ သည် ဆီအုန်းစေ့များကို ခြင်းတောင်းထဲ ခိုးထည့်သွားတတ်ကြသည်။ ထို့နောက် စနေ၊ တနင်္ဂနွေနေ့တွင် ထိုဆီအုန်းစေ့များကို ရောင်းချကြရာ သုံးလေးရက်စာ နေ့စားခနှင့်ညီမျှသော ငွေကို သူတို့ ရရှိကြသည်။ ဗစ်ထွား ဤသို့ပြောပြသည်– “လူတိုင်း အဲဒီလို ခိုးကြတယ်။ ကျွန်မကိုလည်း သူတို့လို ခိုးစေချင်တယ်။ ရိုးသားမှုက ကျွန်မရဲ့ဘ၀လမ်းစဉ်ပဲလို့ပြောပြီး ငြင်းလိုက်တယ်။ ဒါနဲ့ ကျွန်မကို ကဲ့ရဲ့ပြီး အခွင့်အရေးကောင်းကို မယူတတ်တဲ့ လူအ,ပဲလို့ ပြောကြတယ်။

“တစ်နေ့ ကျွန်မတို့အားလုံး စက်ရုံကနေ တန်းစီထွက်လာတဲ့အချိန်မှာ မန်နေဂျာက ရုတ်တရက် ရောက်လာတယ်။ အားလုံးရဲ့ ခြင်းတောင်းကို သူ လိုက်စစ်တဲ့အခါ ကျွန်မကလွဲလို့ အားလုံးရဲ့ခြင်းတောင်းထဲမှာ ဆီအုန်းစေ့တွေကို တွေ့သွားတယ်။ မိသွားတဲ့သူတွေထဲမှာ တချို့က အလုပ်ထုတ်ခံရပြီး တချို့ကျတော့ နှစ်ပတ်စာ နေ့စားခမရဘဲ အလုပ်ဆင်းရတယ်လေ။ ကျွန်မက လူအ,မဟုတ်ဘူးဆိုတာကို အဲဒီနှစ်ပတ်အတွင်းမှာ အလုပ်ဖော်တွေ ကောင်းကောင်းသိသွားကြတယ်။”

“တွေ့ရင်တော့ ယူမှာပဲ”

သူတစ်ပါး ကျပျောက်သွားသော အဖိုးတန်ပစ္စည်းတစ်ခုကို သင် တွေ့ရှိသောအခါ မည်သို့ခံစားရသနည်း။ လူများစွာသည် ထိုပစ္စည်းကို လိုချင်စိတ် ချက်ချင်းပေါ်လာပြီး ပြန်ပေးမည်ဟူသောအတွေးကို ဘေးဖယ်ထားလိုက်ကြသည်။ “တွေ့ရင်တော့ ယူမှာပဲ” ဟု သူတို့ ယူဆကြသည်။ အချို့ကမူ ယင်းသည် သူတစ်ပါးကို မထိခိုက်ပါ၊ ကောက်ရသောပစ္စည်းကို ယူခြင်းသည် ဘာမှမဖြစ်ဟု ယူဆမိပေမည်။ ထို့ပြင် ထိုပစ္စည်းပျောက်ဆုံးပြီဟု ပိုင်ရှင်က ယူမှတ်ပြီးသွားပြီဟု သူတို့ ဆင်ခြင်ကြသည်။ အချို့က ပိုင်ရှင်ကို ရှာဖွေရန် မိမိတို့တွင် တာဝန်မရှိ၊ ယင်းသည် အချိန်ကုန်လူပန်းရုံသာဖြစ်သည်ဟု ဆိုကြ၏။

ယင်းကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။ ပစ္စည်းကောက်ရသူသည် “[ပိုင်ရှင်က] လိုက်ရှာ၍ တောင်းသည်တိုင်အောင် ကိုယ်အိမ်၌ထားပြီးလျှင် သူ့အား ပြန်ပေးရမည်” ဟု ကျမ်းစာတွင် ဖော်ပြထားသည်။ (တရားဟောရာ ၂၂:၁-၃သမ္မာ) ပစ္စည်းကောက်ရသူသည် မိမိတွေ့ရှိကြောင်း အသိမပေးပါက သူခိုးဟူ၍ စွပ်စွဲခံရနိုင်သည်။ (ထွက်မြောက်ရာ ၂၂:၉) ယင်းသည် ယနေ့ခေတ်တွင် လက်တွေ့ကျပါသလော။ အမှန်ပင် လက်တွေ့ကျကြောင်း ခရစ္စတင်း ယုံကြည်သည်။

ခရစ္စတင်းသည် ပုဂ္ဂလိကကျောင်းတစ်ကျောင်း၏ ဒါရိုက်တာတစ်ဦးဖြစ်သည်။ ဗုဒ္ဓဟူးနေ့တစ်နေ့တွင် သူ လစာထုတ်လာခဲ့သည်။ အနောက်အာဖရိကရှိ လူများစွာတို့နည်းတူ သူလည်း ပိုက်ဆံကို လုံးထွေးပြီး အိတ်ထဲထိုးထည့်လိုက်သည်။ ထို့နောက် ဆိုင်ကယ်တက္ကစီကို တားလိုက်ပြီး အစည်းအဝေးသို့ အမြန်ဆုံး မောင်းခိုင်းလိုက်သည်။ အစည်းအဝေးသို့ရောက်သောအခါ အိတ်ထဲ အကြွေစေ့ရှာပြီး တက္ကစီဒရိုင်ဘာကို ကားခပေးလိုက်သည်။ မှောင်နေပြီဖြစ်၍ ငွေထုပ်ကျသွားသည်ကို သူ သတိမပြုမိလိုက်ပေ။

မိနစ်အနည်းငယ်ကြာသောအခါ အသက် ၁၉ နှစ်အရွယ် ဘလဲဇ်အမည်ရှိသော လူစိမ်းတစ်ဦး ထိုလမ်းပေါ်ရောက်လာသည်။ သူသည် မိတ်ဆွေတစ်ဦးနှင့် တွေ့ဆုံရန် ခရစ္စတင်း တက်ရောက်သောအစည်းအဝေးတွင်ပင် ချိန်းဆိုထားသည်။ ငွေထုပ်တစ်ထုပ်ကို မြင်သွားရာ အိတ်ထဲ သူ ကောက်ထည့်လိုက်သည်။ အစည်းအဝေးပြီးသွားသောအခါ စည်းဝေးခန်းမအပြင်ဘက်တွင် ပစ္စည်းတစ်ခုကောက်ရထားကြောင်း၊ ပစ္စည်းပျောက်သူသည် မိမိထံဖုန်းဆက်ကာ ပစ္စည်းအမျိုးအမည်ကို ဖော်ပြပြီး ယူနိုင်ကြောင်း သူ့မိတ်ဆွေကို သူပြောပြလိုက်သည်။

ထိုညနေခင်းတွင် ခရစ္စတင်း အိမ်ပြန်ရောက်သောအခါ လစာကျပျောက်သွားသည်ကို သိလိုက်ရ၍ အတော်ပင် လန့်ဖျပ်သွားသည်။ တစ်ပတ်ကြာပြီးနောက် ခရစ္စတင်းသည် မိမိငွေ ကျပျောက်သွားကြောင်း မိတ်ဆွေ ဂျိုစီဖင်းကိုပြောပြရာ အစည်းအဝေးလာတက်သော ဧည့်သည်တစ်ဦး ပစ္စည်းတစ်ခုကောက်ရထားကြောင်း သိလိုက်ရသည်။ သို့နှင့် ခရစ္စတင်းသည် ဘလဲဇ်ထံ ဖုန်းဆက်ပြီး ပျောက်ဆုံးသောငွေပမာဏအတိအကျကို ပြောပြသည်။ ဘလဲဇ်က ငွေကို ပြန်ပေးသောအခါ သူ အလွန်ပျော်ရွှင်သွားလေသည်။ ဘလဲဇ်ကော အသို့နည်း။ သူသည် ငွေကို တစ်ပတ်ကြာမျှ သိမ်းထားသည်။ သို့တိုင် သူက “ပိုက်ဆံကို ယူထားရတာထက် ပြန်ပေးလိုက်ရတာက ကျွန်တော့်ကို ပိုပျော်ရွှင်စေတယ်” ဟုဆိုခဲ့သည်။

အချိန်အခါမရွေး ရိုးသားရန် သူတို့ အဘယ်ကြောင့် ကြိုးစားကြသနည်း

ဗစ်တိုရင်း၊ ဗစ်ထွားနှင့် ဘလဲဇ်တို့သည် နေထိုင်ရာဒေသချင်းမတူသည့်အပြင် တစ်ဦးကိုတစ်ဦးလည်း မသိကြချေ။ သို့သော် သူတို့တွင် တူညီသောအချက်တစ်ခုရှိသည်။ ယင်းမှာ သူတို့သည် ရိုးသားမှုနှင့်ပတ်သက်၍ ကျမ်းစာသွန်သင်ရာကို လိုက်နာသော ယေဟောဝါသက်သေများဖြစ်ကြသည်။ ကမ္ဘာသစ်ရောက်လာမည်ဟူသော ဘုရားသခင့်ကတိတော် ပြည့်စုံမည့်အချိန်ကို သူတို့ စောင့်စားလျက်ရှိသည်။ “ငါတို့သည် ဖြောင့်မတ်ခြင်းတည်နေရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏။” ထိုအချိန်တွင် လူသားအားလုံး ဖြောင့်မတ်ပြီး ရိုးသားမှုရှိကြပါလိမ့်မည်။—၂ ပေတရု ၃:၁၃

ဗစ်တိုရင်းသည် ကိစ္စရပ်များကို ဘုရားသခင် ပြုပြင်ပြောင်းလဲပေးချိန်မရောက်မချင်း သူ၏ငွေရေးကြေးရေးအခြေအနေ ပိုတိုးတက်လာဖို့ သိပ်မျှော်လင့်ချက်မရှိပေ။ သို့သော် သူသည် ငွေဖြင့်ဝယ်ယူ၍မရနိုင်သောအရာကို ပိုင်ဆိုင်၏။ ယင်းမှာ ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိခြင်း ဖြစ်သည်။ ထို့ပြင် သူ၏သားသမီးများသည် ရိုးသားမှုရှိပြီး ယဉ်ကျေးသိမ်မွေ့ကြသည်။ သူတို့သည် တနင်္ဂနွေနေ့တိုင်း “ရွှင်လန်း” နေကြသည်၊ အိမ်နီးချင်းများကို ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းအကြောင်း ပြောပြကာ ကိုယ်တော်သည် “သစ္စာနှင့်ဟစ်ခေါ်သူအပေါင်းတို့” ကို မည်သို့ကျေနပ်ရောင့်ရဲစေမည်ဖြစ်ကြောင်း၊ “ကိုယ်တော်ကို ချစ်သောသူအပေါင်းတို့” ကို မည်သို့ကြည့်ရှုစောင်မတော်မူမည်ဖြစ်ကြောင်း ရှင်းပြကြသည်။—ဆာလံ ၁၄၅:၇၊ ၁၈၊ ၂၀

ဗစ်ထွားသည် နောက်ပိုင်းတွင် စားအုန်းဆီထုတ်လုပ်သောစက်ရုံမှ အလုပ်ထွက်လိုက်သည်။ ထို့နောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ကာ ပီလောပီနံမှုန့်ကို စျေးတွင် ရောင်းသည်။ သူ၏ရိုးသားမှုက စျေးဝယ်သူများစွာကို ဆွဲဆောင်မှုဖြစ်စေသည်။ မကြာမီ သူသည် စျေးထွက်ရောင်းချိန်ကို လျှော့ချကာ မရိုးသားမှုများ မရှိတော့မည့်ကမ္ဘာတွင် အသက်ရှင်ခွင့်မျှော်လင့်ချက်အကြောင်း လူတို့အား ပြောပြရန် သူ၏အချိန်ကို ပိုအသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် သူ အိမ်ထောင်ပြုလိုက်ရာ ယခု သူနှင့်သူ့ခင်ပွန်းသည်တို့သည် အချိန်ပြည့်ဓမ္မအမှုဆောင်များအဖြစ် လုပ်ဆောင်လျက်ရှိသည်။

ခရစ္စတင်းသည် သူ၏ငွေကို ယေဟောဝါသက်သေများ၏ ဝတ်ပြုရာခန်းမရှေ့တွင် ကျပျောက်သွားခြင်းဖြစ်သည်။ ဘလဲဇ်သည် ထိုအစည်းအဝေးတွင် တက်ရောက်သူအနည်းအကျဉ်းကိုသာ သိသည်။ သို့သော် ထိုသူတို့သည် အချိန်အခါမရွေး ရိုးသားဖို့ကြိုးစားကြသော ခရစ်ယာန်ညီအစ်ကိုညီအစ်မချင်းများဖြစ်ကြောင်း သူ ကောင်းစွာသိသည်။

အချိန်အခါမရွေး ရိုးသားမှုရှိဖို့ စိတ်ရင်းမှန်ဖြင့် ကြိုးစားနေသူ မည်မျှကို သင်သိကျွမ်းပါသနည်း။ ရိုးသားသူ အယောက် ၅၀၊ ၁၀၀ သို့မဟုတ် ၂၀၀ ခန့်နှင့်အတူရှိနေသည်ဟု မြင်ယောင်ကြည့်ပါ။ ထိုသို့သော ရိုးသားသူများ ပျော်ရွှင်စွာ ပေါင်းသင်းနေကြသည်ကို ယေဟောဝါသက်သေများ၏ ဝတ်ပြုရာခန်းမတွင် သင် တွေ့မြင်ရမည်။ သင်လည်း ထိုနေရာသို့သွားကာ ၎င်းတို့နှင့် မိတ်ဆွေဖွဲ့ကြည့်ပါလေ။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

“ရိုးသားတဲ့သားသမီးတွေကို ပိုင်ဆိုင်ရတာက ရုပ်ပစ္စည်းအများကြီးပိုင်ဆိုင်ရတာထက် ပိုကောင်းတယ်။”—ဗစ်တိုရင်း

[စာမျက်နှာ ၁၄ ပါလေးထောင့်ကွက်]

ခိုးဝှက်ခြင်းကို ကျမ်းစာက ခွင့်ပြုသလော

ကျမ်းစာတွင် “ဆာလောင်မွတ်သိပ်သဖြင့် အစားအစာကို ခိုးယူသူကို လူတို့စက်ဆုပ်ရွံရှာကြသည်မဟုတ်” ဟုဆိုသည်။ (သု. ၆:၃၀ခမ) အဆိုပါစကားက ခိုးဝှက်မှုကို ခွင့်ပြုနေခြင်းလော။ လုံး၀မဟုတ်ပါ။ ဘုရားသခင်သည် ခိုးဝှက်သူကို သူ့အမှားအတွက် တာဝန်ယူစေကြောင်း ထိုကျမ်းချက်၏ ရှေ့နောက်ကျမ်းချက်များတွင် ဖော်ပြထားသည်။ “သို့ရာတွင် သူ့အားဖမ်း၍မိသောအခါ၌ ခုနစ်ဆကို ပေးလျော်စေတတ် ကြ၏။ ထိုသူခိုးသည် မိမိ၌ရှိသမျှ ဥစ္စာဖြင့် ပေးလျော်ရမည်” ဟု နောက်ဆက်တွဲကျမ်းချက်က ဆိုသည်။ (သု. ၆:၃၁ခမ) ဆာလောင်၍ ခိုးဝှက်သူသည် လိုဘကြီး၍ သို့မဟုတ် သူတစ်ပါးကို ဒုက္ခတွေ့စေလို၍ ခိုးသောသူလောက် အပြစ်မတင်ထိုက်သော်လည်း သူ့တွင် ပြန်လျော်ပေးဖို့တာဝန်ရှိသည်။ ဘုရားသခင့် စိတ်တော်နှင့်တွေ့လိုသူများသည် ခိုးဝှက်သောအပြစ်ကို မည်သည့်အခြေအနေမျိုးတွင်မဆို မကျူးလွန်သင့်ချေ။