မိသားစုပျော်ရွှင်မှု၏သော့ချက်များ
ယောက္ခမများနှင့် ဆက်ဆံရေးကောင်း ရှိခြင်း
ဂျဲန်နီ * ဤသို့ပြောပြသည်– ရိုင်ယန်ရဲ့အမေက အခွင့်အရေးရတာနဲ့ ကျွန်မကို အပြစ်ရှာတော့တာပဲ။ ကျွန်မမိဘအိမ် သွားလည်ရင် ရိုင်ယန်လည်း အဲဒီလိုပဲ အပြစ်ရှာခံရတယ်။ တခြားသူတွေကို ကျွန်မမိဘတွေ အဲဒီလို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ နှစ်ဖက်မိဘတွေဆီ သွားလည်တဲ့အခါ ကျွန်မတို့နှစ်ယောက်စလုံး စိတ်ဆင်းရဲရတယ်။
ရိုင်ယန် ဤသို့ပြောပြသည်– သားသမီးတွေအပေါ် သူ့လောက်ဘယ်သူမှ ကောင်းမှာမဟုတ်ဘူးလို့ အမေက ထင်နေတယ်လေ။ ဒါကြောင့် ဂျဲန်နီကို တွေ့တာနဲ့ အပြစ်ရှာတော့တာပဲ။ ဂျဲန်နီမိဘတွေလည်း ကျွန်တော့်ကို အဲဒီအတိုင်းပဲ အမြဲအပြစ်ရှာကြတယ်။ မိဘတွေဆီ သွားလည်ပြီးရင် ဂျဲန်နီနဲ့ကျွန်တော် ကိုယ့်မိဘဘက်က ကာကွယ်ပြောဆိုရင်း စကားများကြတော့တာပဲ။
ယောက္ခမများနှင့် ပဋိပက္ခဖြစ်ရသည့်အကြောင်းကို လူရွှင်တော်များက ရယ်စရာအဖြစ် ပြက်လုံးထုတ်ကြသော်လည်း လက်တွေ့ဘဝတွင် ရယ်စရာ မဟုတ်ပေ။ အိန္ဒိယနိုင်ငံမှ ဇနီးဖြစ်သူ ရီနားက ဤသို့ဆိုသည်– “ယောက္ခမက ကျွန်မတို့အိမ်ထောင်ရေးမှာ နှစ်အတော်ကြာတဲ့အထိ ဝင်စွက်ဖက်ခဲ့တယ်။ ယောက္ခမကို ဘာမှပြန်ပြောလို့မရတော့ ကုလားမနိုင် ရခိုင်မဲဆိုသလို ကျွန်မအမျိုးသားကိုပဲ မကြာခဏ ဒေါသပေါက်ကွဲရတော့တာပေါ့။ အဲဒီအခါ သူ့ခမျာ ခင်ပွန်းကောင်းပဲဖြစ်ရမလား၊ သားအလိမ္မာပဲဖြစ်ရမလား မသိတော့ဘဲ ဗျာများနေရတဲ့ပုံပဲ။”
ယောက္ခမအချို့သည် သားသမီးများ၏ အိမ်ထောင်ရေးတွင် အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်ကြသနည်း။ နိဒါန်းပိုင်းတွင် ဖော်ပြခဲ့သော ဂျဲန်နီသည် ဖြစ်နိုင်ခြေတစ်ခုကို ဤသို့ပြောပြသည်– “ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိတဲ့သူက သူတို့သားသမီးကို ပြုစုစောင့်ရှောက်နေတာ ကြည့်ပြီး စိတ်ပျက်နေကြတယ်။” ရီနား၏ခင်ပွန်းဖြစ်သူ ဒီလစ်က အကြောင်းပြချက် နောက်တစ်ခုကို ဤသို့ဖော်ပြသည်– “သားသမီးတွေကို ကျွေးမွေးပြုစုပြီး အနစ်နာခံခဲ့တဲ့ မိဘတွေက သူတို့ဘေးချိတ်ခံလိုက်ရပြီလို့ ခံစားသွားတာ ဖြစ်နိုင်တယ်။ ဒါအပြင် သားသမီးတွေက အိမ်ထောင်ကို ထူထောင်နိုင်ပါ့မလားဆိုပြီး စိတ်ရင်းမှန်နဲ့ သူတို့ စိုးရိမ်တာလည်း ဖြစ်နိုင်တယ်။”
ဘက်မလိုက်တမ်းဆိုရလျှင် တစ်ခါတစ်ရံ ယောက္ခမများကို ဝင်ရောက်စွက်ဖက်ခွင့်ပြုမိတတ်ခြင်း ဖြစ်သည်။ ဥပမာ၊ ဩစတြေးလျနိုင်ငံမှ မိုက်ကယ်နှင့် လီယန်းနာတို့၏ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ မိုက်ကယ်က ဤသို့ပြောပြသည်– “လီယန်းနာရဲ့ မိသားစုက စည်းလုံးတော့ ကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်း သူတို့ ပြောဆိုဆွေးနွေးတတ်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်ထပ်ပြီးနောက်မှာ လီယန်းနာက ကျွန်တော်တို့ဇနီးမောင်
နှံ ချရမယ့် ဆုံးဖြတ်ချက်တွေကို သူ့အဖေနဲ့ သွားတိုင်ပင်တယ်လေ။ သူ့အဖေက ကျွန်တော့်ထက် အသိပညာပိုရှိတာမှန်ပေမဲ့ ကျွန်တော်နဲ့မတိုင်ပင်တဲ့အတွက် စိတ်ထိခိုက်မိတယ်။”ရှင်းနေသည်မှာ ယောက္ခမများကြောင့် အိမ်ထောင်တွင် ပြဿနာ ဖြစ်နိုင်သည်။ သင့်အိမ်ထောင်တွင်လည်း ထိုအတိုင်း ဖြစ်နေသလော။ သင်တို့သည် နှစ်ဖက်ယောက္ခမများနှင့် သင့်မြတ်အောင် မည်သို့ပြုလုပ်နိုင်သနည်း။ ပေါ်ပေါက်လာနိုင်သည့် စိန်ခေါ်ချက်နှစ်ခု၊ ယင်းတို့နှင့်ပတ်သက်၍ သင်ပြုလုပ်နိုင်သည့်အရာများကို သုံးသပ်ကြည့်ပါ။
စိန်ခေါ်ချက် ၁-
သင့်ကြင်ဖော်သည် မိဘများကို အလွန်တွယ်တာပုံ ရပေမည်။ စပိန်နိုင်ငံမှ ခင်ပွန်းဖြစ်သူ လူးဝစ်က ဤသို့ပြောပြသည်– “ကျွန်တော့်ဇနီးက မိဘတွေအနားမှာမနေရင် မိဘတွေကို ကျေးဇူးမသိတတ်ရာကျတယ်လို့ ခံစားရတယ်။ သားလေးမွေးလာတဲ့အခါ ကျွန်တော့်မိဘတွေက နေ့တိုင်းလိုလို လာလည်နေတဲ့အတွက် သူ စိတ်ရှုပ်ရပြန်တယ်။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် ခဏခဏ စကားများခဲ့ကြရတယ်။”
ဆွေးနွေးသုံးသပ်စရာများ-
သမ္မာကျမ်းစာတွင် အိမ်ထောင်ရေး အစီအစဉ်ကို ဖော်ပြပြီးနောက် ဤသို့ဆိုသည်– “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။” (ကမ္ဘာဦး ၂:၂၄) “တစ်သားတစ်ကိုယ်တည်း” ဟူသည် နှစ်ယောက်အတူ နေထိုင်ခြင်းထက်မက အဓိပ္ပာယ်ရှိ၏။ ယင်းက ဇနီးမောင်နှံသည် မိသားစုအသစ် တစ်ခုကို တည်ထောင်ခြင်းဖြစ်ပြီး မိသားစုအရင်းအချာများထက် မိမိကြင်ဖော်ကို ပိုဦးစားပေးရမည်ဟု ဆိုလိုသည်။ (၁ ကောရိန္သု ၁၁:၃) မှန်ပါသည်၊ ဇနီးမောင်နှံ နှစ်ဦးစလုံးသည် နှစ်ဖက်မိဘများကို ဆက်၍ရိုသေပြီး သူတို့ကို မကြာခဏ ဂရုစိုက်ပေးဖို့လိုသည်။ (ဧဖက် ၆:၂) သို့သော် သင့်ကြင်ဖော်က မိဘများကို ဂရုစိုက်သည့်အခါ မိမိကို လျစ်လျူရှုထားသည်ဟု သင် ခံစားရလျှင်ကော အသို့နည်း။
သင်လုပ်ဆောင်နိုင်ရာများ-
အခြေအနေကို အရှိအတိုင်း သုံးသပ်ပါ။ သင့်ကြင်ဖော်သည် မိဘများကို အမှန်ပင် အလွန်အမင်း ခင်တွယ်နေခြင်းလော၊ သို့မဟုတ် သင်သည် သင့်မိဘများနှင့် ထိုနည်းတူ ဆက်ဆံရေးမျိုး မရှိခြင်းလော။ ထိုသို့ဖြစ်နေလျှင် သင့်မိသားစုနောက်ခံသည် အခြေအနေမှန်နှင့်ပတ်သက်၍ သင့်အမြင်အပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိသနည်း။ သင် မနာလိုစိတ်ဝင်နေခြင်းကြောင့်လော။—သု. ၁၄:၃၀။ ၁ ကောရိန္သု ၁၃:၄။ ဂလာတိ ၅:၂၆။
ထိုမေးခွန်းများကို ဖြေဆိုနိုင်ရန် ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ဆန်းစစ်ပါ။ ထိုသို့ပြုလုပ်ဖို့ အရေးကြီးသည်။ ယောက္ခမများကြောင့် သင်တို့နှစ်ဦး အမြဲစကားများနေမည်ဆိုလျှင် သင်တို့၏အဓိကပြဿနာမှာ ယောက္ခမများကြောင့် မဟုတ်ဘဲ အခြားအိမ်ထောင်ရေးပြဿနာများကြောင့် ဖြစ်နိုင်သည်။
အိမ်ထောင်ရေးပြဿနာအများစုသည် ကိစ္စရပ်တစ်ခုကို အိမ်ထောင်ဖက်နှစ်ဦး၏ရှုမြင်ပုံ မတူသောကြောင့် ပေါ်ပေါက်ရခြင်းဖြစ်သည်။ သင့်ကြင်ဖော်၏ ရှုမြင်ပုံကို သိမြင်ရန် ကြိုးစားနိုင်မည်လော။ (ဖိလိပ္ပိ ၂:၄။ ၄:၅) မက္ကဆီကိုနိုင်ငံမှ ခင်ပွန်းဖြစ်သူ အဲဒ်ရီယန်က သူပြုလုပ်ခဲ့ရာကို ဤသို့ပြောပြသည်– “ကျွန်တော့်ဇနီးက အပျက်သဘော မြင်တတ်တဲ့မိသားစု အသိုင်းအဝိုင်းကနေ ကြီးပြင်းလာတာ။ ဒါကြောင့် သူ့မိဘတွေနဲ့ ကျွန်တော် ရင်းရင်းနှီးနှီး မနေဘူး။ နှစ်အတော်ကြာတဲ့အထိ သူတို့နဲ့ အဆက်အသွယ် လုံး၀မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ဇနီးက သူ့မိသားစုနဲ့ အထူးသဖြင့် သူ့အမေနဲ့ အဆက်အသွယ် လုပ်ချင်သေးတဲ့အတွက် ကျွန်တော်တို့နှစ်ယောက် စကားများခဲ့ရတယ်။”
အတန်ကြာသော် အဲဒ်ရီယန်သည် ကိစ္စရပ်အပေါ် မျှတသောအမြင်ဖြင့် စဉ်းစားခဲ့သည်။ သူဤသို့ပြောသည်– “ကျွန်တော့်ဇနီးရဲ့ မိဘတွေနဲ့ ရင်းနှီးလွန်းရင် သူတို့ရဲ့ အပျက်သဘောထားတွေ ကူးစက်နိုင်တယ်ဆိုတာ ကျွန်တော် သိတယ်။ အဆက်အသွယ် လုံးဝမလုပ်ပြန်ရင်လည်း ပြဿနာ တက်နိုင်တယ်။ ဒါကြောင့် ယောက္ခမတွေနဲ့ ဆက်ဆံရေးကောင်း ဆက်ရှိနိုင်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားတယ်။” *
ဤနည်းကို စမ်းလုပ်ကြည့်ပါ- ယောက္ခမများနှင့်ပတ်သက်သည့် အဓိကပြဿနာကို သင်တို့နှစ်ယောက်စလုံး ချရေးပါ။ ဖြစ်နိုင်လျှင် “ငါ ဒီလိုခံစားရတယ် . . .” ဟူ၍ စရေးပါ။ ပြီးနောက် စာရွက်ချင်း လဲလိုက်ပါ။ သင်တို့၏ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းသစ်များကို နှစ်ယောက်အတူ စဉ်းစားပါ။
စိန်ခေါ်ချက် ၂-
သင့်ယောက္ခမများသည် မလိုအပ်ဘဲ အကြံဉာဏ်ပေးပြီး သင့်အိမ်ထောင်ကို အမြဲဝင်ရောက်စွက်ဖက်နေသည်။ ကာဇက်စတန်နိုင်ငံမှ ဇနီးဖြစ်သူ နယ်ရာ ဤသို့ပြောပြသည်– “ကျွန်မတို့ရဲ့ အိမ်ထောင်သက် ပထမဆုံးခုနစ်နှစ်မှာ အမျိုးသားရဲ့ မိသားစုနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်တာ၊ အိမ်မှုကိစ္စတွေ လုပ်တာတွေနဲ့ပတ်သက်ပြီး အမြဲတမ်း စကားများရတယ်။ အဲဒီအကြောင်း
ကျွန်မအမျိုးသားနဲ့ ယောက္ခမကို ပြောပြတော့ ပိုလို့တောင် စကားများရတယ်။”ဆွေးနွေးသုံးသပ်စရာများ–
အိမ်ထောင်ပြုပြီးသောအခါ သင်သည် မိဘများ၏ ဩဇာအောက်တွင် မရှိတော့ချေ။ ယင်းအစား ‘ယောက်ျား၏ဦးခေါင်းကား ခရစ်တော်၊ မိန်းမ၏ဦးခေါင်းကား ယောက်ျား’ ဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ (၁ ကောရိန္သု ၁၁:၃) မည်သို့ပင်ဖြစ်စေ၊ အစပိုင်းတွင် ဖော်ပြထားသည့်အတိုင်း ဇနီးမောင်နှံနှစ်ဦးစလုံးသည် မိဘများကို လေးစားသင့်သည်။ ကျမ်းစာတွင် ဤသို့ဆိုထားသည်– “သင့်ကိုဖြစ်ပွားစေသော အဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင် မပြုနှင့်။” (သု. ၂၃:၂၂) သို့သော် သင့်မိဘများ သို့မဟုတ် သင့်အိမ်ထောင်ဖက်၏ မိဘများက ထိုအချက်ကို လက်မခံဘဲ သူတို့အမြင်ကို လက်ခံဖို့ အတင်းအကျပ် ပြုလျှင်ကော မည်သို့နည်း။
သင် လုပ်ဆောင်နိုင်ရာများ–
သူတို့ဝင်ရောက်စွက်ဖက်ရသည့် ရည်ရွယ်ချက်ကို ထောက်ထားစာနာစိတ်ဖြင့် သိမြင်အောင် ကြိုးစားပါ။ နိဒါန်းတွင် ဖော်ပြခဲ့သော ရိုင်ယန်က “တချို့ကိစ္စတွေမှာ မိဘတွေက သားသမီးတွေရဲ့ဘဝမှာ အရေးပါနေတုန်းပဲဆိုတာ သူတို့ သိထားဖို့လိုတယ်” ဟုဆိုသည်။ တမင်တကာ ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ပါက “တစ်ဦးနှင့် တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ ခွင့်လွှတ်ကြလော့” ဟူသော သမ္မာကျမ်းစာ၏ ဆုံးမစကားကို လိုက်လျှောက်ခြင်းဖြင့် ယင်းကို ဖြေရှင်းနိုင်သည်။ (ကောလောသဲ ၃:၁၃) နှစ်ဖက်ယောက္ခမများ၏ စွက်ဖက်မှုကြောင့် သင်တို့အချင်းချင်းကြားတွင် အကြီးအကျယ် ပြဿနာ တက်လာလျှင်ကော အသို့နည်း။
ဇနီးမောင်နှံအချို့သည် မိဘများနှင့် အဆက်အသွယ်ပြုခြင်းကို ကန့်သတ်ထားဖို့လိုကြောင်း သိရှိလာကြသည်။ သို့သော် သင်တို့ ထိုသို့ကန့်သတ်ထားကြောင်း မိဘများကို ရိုင်းပျစွာ အသိပေးရမည်ဟု မဆိုလိုချေ။ * သင့်အိမ်ထောင်ဖက်သည် သင့်ဘဝ၌ ပထမနေရာတွင်ရှိကြောင်း သင့်အပြုအမူများဖြင့် ပေါ်လွင်အောင် တစ်ခါတစ်ရံ ဖော်ပြဖို့လိုသည်။ ဥပမာ၊ ဂျပန်နိုင်ငံမှ ခင်ပွန်းဖြစ်သူ မာဆာယူကီ ဤသို့ပြောပြသည်– “မိဘတွေက သူတို့ရဲ့ရှုမြင်ချက်တွေကို ပြောတဲ့အခါ ချက်ချင်း လက်မခံပါနဲ့။ မိသားစုအသစ်တစ်ခုကို သင် တည်ဆောက်နေတယ်ဆိုတာ သတိရပါ။ ဒါကြောင့် အဲဒီအကြံပြုချက်ကို သင့်အိမ်ထောင်ဖက်က ဘယ်လိုယူမှတ်သလဲဆိုတာ ဦးဆုံး မေးမြန်းပါ။”
ဤနည်းကို စမ်းလုပ်ကြည့်ပါ– မိဘများ၏ အဘယ်ဝင်ရောက်စွက်ဖက်မှုများကြောင့် သင့်အိမ်ထောင်တွင် ပြဿနာတက်နေကြောင်း သင့်ကြင်ဖော်နှင့် ဆွေးနွေးပါ။ သင့်မိဘများကို လေးစားရမည်ဖြစ်သော်လည်း အဘယ်ကန့်သတ်ချက်များကို ချပြီး ယင်းတို့ကို မည်သို့လိုက်လျှောက်ကြမည်ဖြစ်ကြောင်း နှစ်ယောက်အတူ ချရေးပါ။
ယောက္ခမများနှင့် ပဋိပက္ခဖြစ်မှုများကို လျော့နည်းစေနိုင်သည့် နည်းများမှာ သူတို့ ဝင်ရောက်စွက်ဖက်ရသည့် ရည်ရွယ်ချက်ကို ပိုင်းခြားသိမြင်ခြင်းနှင့် သင်တို့နှစ်ယောက် စကားများစေဖို့ ထိုပဋိပက္ခများကို ခွင့်မပြုခြင်းတို့ ဖြစ်သည်။ ၎င်းနှင့်ပတ်သက်၍ ဂျဲန်နီ ဤသို့ဝန်ခံသည်– “တစ်ခါတစ်လေ ကျွန်မတို့နှစ်ယောက်စလုံးရဲ့ မိဘတွေအကြောင်း ပြောနေရင်း သူတို့ရဲ့ အားနည်းချက်တွေကို စိတ်လိုက်မာန်ပါ ပြောမိကြတော့ စိတ်နာစရာတွေ ဖြစ်လာတယ်။ ဒါပေမဲ့ မိဘတွေရဲ့အားနည်းချက်ကို အသုံးချပြီး အပြန်အလှန် ထိုးနှက်နေဖို့မဟုတ်ဘဲ ပြဿနာကို ချက်ချင်းဖြေရှင်းရမယ်ဆိုတာ နောက်ဆုံးမှာ ကျွန်မတို့ သိလာကြတယ်။ အဲဒါကြောင့် ကျွန်မတို့နှစ်ယောက် ပိုပြီးချစ်ခင်ရင်းနှီးလာကြတာပေါ့။”
^ အပိုဒ်၊ 3 အမည်များ ပြောင်းထားသည်။
^ အပိုဒ်၊ 14 မိဘများသည် နောင်တမယူဘဲ ရုန့်ရင်းကြမ်းတမ်းစွာ ပြုမူဆက်ဆံနေမည်ဆိုလျှင် မိသားစုဆက်ဆံရေးကို ထိခိုက်စေနိုင်ရာ ယင်းကို ကန့်သတ်ထားလိုပေမည်။—၁ ကောရိန္သု ၅:၁၁။
^ အပိုဒ်၊ 19 သင်သည် ကိစ္စရပ်တချို့တွင် မိဘများ သို့မဟုတ် ယောက္ခမများကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ လိုပေမည်။ ပြောပြသည့်အခါ လေးစားစွာ၊ နူးညံ့သိမ်မွေ့စွာ ပြောပြပါ။—သု. ၁၅:၁။ ဧဖက် ၄:၂။ ကောလောသဲ ၃:၁၂။
သင့်ကိုယ်သင် ဤသို့မေးကြည့်ပါ . . .
-
ယောက္ခမတွေမှာ ဘယ်လို အရည်အသွေးကောင်းတွေ ရှိသလဲ။
-
ငါ့အိမ်ထောင်ဖက်ကို ဂရုစိုက်စောင့်ရှောက်ရင်း မိဘတွေကိုလည်း လေးစားမှု ဘယ်လို ပြနိုင်သလဲ။