ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
ငယ်စဉ်ကတည်းက ဆေးခြောက်နှင့်ဆေးရွက်ကြီး သုံးစွဲတတ်ခဲ့သူသည် ယင်းတို့ကိုမည်သို့ဖြတ်ပစ်နိုင်ခဲ့သနည်း။ အကြမ်းဖက်လူဆိုးဂိုဏ်းဝင်တစ်ဦးသည် သူ၏ဒေါသကို မည်သို့ထိန်းချုပ်နိုင်ခဲ့ပြီး လူမျိုးရေးမုန်းတီးစိတ်ကို မည်သို့အောင်မြင်နိုင်ခဲ့သနည်း။ သူတို့တစ်ဦးစီ ပြောဆိုရာကို သုံးသပ်ကြည့်ပါ။
ကိုယ်ရေးမှတ်တမ်းအကျဉ်း
အမည်– ဟဲန်ရစ်ခ်မာ
အသက်– ၃၈
နိုင်ငံ– ကာဇက်စတန်
ဘဝနောက်ခံ– ဆေးခြောက်နှင့်ဆေးရွက်ကြီးစွဲနေသူ
အတိတ်– ကျွန်တော့်ကို တက်ရှ်ကန်မြို့ကနေ မြောက်ဘက်မိုင် ၇၀ ဝေးတဲ့ ကာဇက်စတန်တောင်ပိုင်းမှာ မွေးဖွားခဲ့တာပါ။ ဒီဒေသက နွေရာသီမှာ ခြောက်သွေ့ပူပြင်းပြီး အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိရှိတယ်။ ဆောင်းရာသီမှာတော့ အနုတ် ၁၀ ဒီဂရီစင်တီဂရိတ်အထိ ကျသွားတတ်တဲ့အတွက် စပျစ်ပင်နဲ့ဆေးခြောက်စိုက်ဖို့ နေရာကောင်းပဲ။
ကျွန်တော့်မိဘတွေက ဂျာမန်လူမျိုးတွေပါ။ နှစ်ယောက်စလုံးက ဧဝံဂေလိအသင်းသားတွေဖြစ်ပေမဲ့ သူတို့ရဲ့ဘာသာရေးကို ကိုင်းရှိုင်းသူတွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ သခင့်ဆုတောင်းချက်ကို အလွတ်ရွတ်ဆိုတတ်ဖို့ ကျွန်တော့်ကို သင်ပေးကြတယ်။ ကျွန်တော် ၁၄ နှစ်အရွယ်ရောက်တော့ အမေနဲ့အစ်မက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာခဏလေ့လာဖြစ်ကြတယ်။ တစ်ခါက အမေနဲ့လေ့လာနေတဲ့ သက်သေခံနှစ်ယောက်က အမေ့ရဲ့ ကျမ်းစာအဟောင်းလေးထဲက ဘုရားသခင့်နာမည် ယေဟောဝါကို ပြနေတာ ကျွန်တော်ကြားလိုက်တယ်။ ကျွန်တော် တော်တော်စိတ်ထိမိသွားတယ်။ အမေက ကျမ်းစာဆက်မလေ့လာတော့ဘူး။ ဒီလိုနဲ့ ကျွန်တော်လည်း ဘုရားသခင်အကြောင်း ဘာမှဆက်မတွေးမိတော့ဘူး။ နောက်ပိုင်း တော်တော်ကြာတော့ ကျောင်းမှာ ဆရာမက ယေဟောဝါသက်သေတွေလို့ခေါ်တဲ့ ဂိုဏ်းအကြောင်း သူသိထားတဲ့မဟုတ်မမှန်သတင်းအားလုံးကို ပြောပြတယ်။ အစ်မနဲ့အတူ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတချို့ကို ကျွန်တော်လိုက်တက်ဖူးတာကြောင့် ဆရာမ ပြောတာတွေက မမှန်ဘူးဆိုပြီး သွားပြောလိုက်တယ်။
ကျွန်တော် ၁၅ နှစ်အရွယ်ရောက်တော့ သက်မွေးပညာသင်ကျောင်းတက်ဖို့ ရုရှားနိုင်ငံ၊ အခု စိန့်ပီတာစဘတ်မြို့လို့ခေါ်တဲ့ လီနင်ဂရက်မြို့ကို ရောက်သွားတယ်။ ယေဟောဝါအကြောင်း ကျွန်တော်သိထားသလောက် နည်းနည်းလေးကို အခန်းဖော်တွေကို ပြောပြတယ်။ ဒါပေမဲ့ ကျွန်တော် ဆေးလိပ်သောက်တတ်လာတယ်။ ကာဇက်စတန်မှာရှိတဲ့ အိမ်ကိုသွားလည်တဲ့အခါ ဆေးခြောက်ဝယ်ဖို့ အလွယ်လေးပဲ။ ဒါပေမဲ့ အဲဒါက တရားမဝင်ဘူး။ ဗော့ဒ်ကာလို့ခေါ်တဲ့အရက်တစ်မျိုးနဲ့ အိမ်လုပ်ဝိုင်တွေကိုလည်း အရမ်းသောက်လာတယ်။
ကျောင်းပြီးသွားတဲ့နောက် ဆိုဗီယက်စစ်တပ်မှာ နှစ်နှစ်စစ်မှုထမ်းခဲ့တယ်။ ဒါပေမဲ့ ငယ်ငယ်တုန်းကသိထားတဲ့ ကျမ်းစာ
အကြောင်းတချို့ကိုတော့ မှတ်မိနေတုန်းပဲ။ အခွင့်အရေးရတာနဲ့ စစ်သားအဖော်တွေကို ယေဟောဝါအကြောင်းပြောပြပြီး သက်သေခံတွေနဲ့ပတ်သက်တဲ့မဟုတ်မမှန်စကားတွေ ကြားတိုင်း ပြန်ချေပခဲ့တယ်။စစ်မှုထမ်းပြီးတဲ့နောက် ဂျာမနီကို ပြောင်းရွှေ့ခဲ့တယ်။ တိုင်းတစ်ပါးသားတွေအတွက် ပေးထားတဲ့စခန်းမှာနေတုန်း သက်သေခံတွေထုတ်ဝေတဲ့ ကျမ်းစာလေ့လာဖို့ အထောက်အကူပြုစာအုပ်တစ်အုပ်ကို ရခဲ့တယ်။ အဲဒါကို စိတ်ဝင်တစားဖတ်ပြီးတဲ့နောက် ဒီထဲမှာပါတဲ့အရာတွေက အမှန်တရားဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ဆေးရွက်ကြီးနဲ့ဆေးခြောက်စွဲနေတာကို မဖြတ်နိုင်ဘူးဖြစ်နေတယ်။ သိပ်မကြာခင်မှာ ကာလ်စ်ရူးအာမြို့နားကို ပြောင်းရွှေ့သွားတယ်။ အဲဒီမှာ ယေဟောဝါသက်သေတစ်ယောက်နဲ့တွေ့ပြီး ကျမ်းစာစလေ့လာခဲ့တယ်။
ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ– ကျမ်းစာက ဘုရားသခင့်စကားတော်ဖြစ်တယ်လို့ ထင်ခဲ့တာကြာပြီ။ ကျွန်တော်ရထားတဲ့ ကျမ်းစာလေ့လာဖို့အထောက်အကူပြုစာအုပ်ကို ဖတ်ပြီးတဲ့နောက် ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးမေးခွန်းအားလုံးကို ကျမ်းစာမှာအဖြေပေးထားတယ်ဆိုတာ ကျွန်တော် ယုံကြည်သွားတယ်။ ဒါပေမဲ့ ကျွန်တော့်အကျင့်ဆိုးတွေကိုပြောင်းလဲဖို့ အချိန်တော်တော်ကြာခဲ့တယ်။ နောက်ဆုံး ၂ ကောရိန္သု ၇:၁ မှာပါတဲ့ ကျမ်းစာသွန်သင်ချက်ကို နှလုံးသွင်းပြီး ‘ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာရှိသမျှ’ နဲ့ကင်းရှင်းအောင်နေဖို့၊ ဆေးခြောက်နဲ့ဆေးရွက်ကြီးကို ဖြတ်ပစ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
ဆေးခြောက်ရှူတာကို ချက်ချင်းနီးပါးဖြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဆေးရွက်ကြီးသုံးတာကို ဖြတ်ပစ်ဖို့တော့ ခြောက်လလောက်ကြာခဲ့တယ်။ တစ်နေ့၊ ကျွန်တော်နဲ့ကျမ်းစာလေ့လာနေတဲ့ သက်သေခံက “ခင်ဗျားဘဝရဲ့ရည်ရွယ်ချက်က ဘာလဲ” ဆိုပြီးမေးတယ်။ ဒါက ဆေးရွက်ကြီးစွဲနေတဲ့အကျင့်ဆိုးကို ကောင်းကောင်းပြန်သုံးသပ်ဖို့ အသိတရားဝင်လာစေတယ်။ ဆေးလိပ်မသောက်တော့ဖို့ ကျွန်တော်အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အခု စီးကရက်သောက်ပြီးမှ ဘုရားသခင်ဆီ ခွင့်လွှတ်ပါလို့ဆုတောင်းမဲ့အစား မသောက်မိခင်ဆုတောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၉၉၃ မှာ ဆေးလိပ်လုံးဝဖြတ်မယ့်နေ့ကို သတ်မှတ်လိုက်တယ်။ အဲဒီကတည်းကစပြီး ယေဟောဝါရဲ့အကူအညီနဲ့ စီးကရက်ကို လုံးဝမတို့တော့ဘူး။
အကျိုးကျေးဇူးရရှိခဲ့ပုံ– အခု၊ ဈေးကြီးပြီး ပျက်စီးစေတဲ့ ဆေးခြောက်နဲ့ဆေးရွက်ကြီးသုံးတဲ့အကျင့်ကို ဖြတ်ပစ်နိုင်ခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော့်ကျန်းမာရေးလည်း တော်တော်ကောင်းလာတယ်။ အခုဆို ယေဟောဝါသက်သေတွေရဲ့ ဂျာမနီနိုင်ငံ ဌာနခွဲရုံးမှာ စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ် အမှုဆောင်ဖို့ အခွင့်ထူးရထားပါတယ်။ ကျွန်တော့်ဘဝမှာ ကျမ်းစာသွန်သင်ချက်ကို ကျင့်သုံးနိုင်ခဲ့လို့ အရမ်းပျော်တယ်။ သမ္မာကျမ်းစာသွန်သင်ရာကို သိထားတာက ကျွန်တော့်ဘဝကို စစ်မှန်တဲ့ရည်ရွယ်ချက်ရှိစေတယ်။
ကိုယ်ရေးမှတ်တမ်းအကျဉ်း
အမည်– တိုင်းတပ်စ်ရှန်ဂါဒီ
အသက်– ၄၃
နိုင်ငံ– နမီးဘီးယား
ဘဝနောက်ခံ– အကြမ်းဖက်လူဆိုးဂိုဏ်းဝင်
အတိတ်– ကျွန်တော့်ကို နမီးဘီးယားမြောက်ပိုင်း၊ အိုဟန်ဂွီနာရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း ဒီဒေသမှာဖြစ်ခဲ့တဲ့စစ်ပွဲမှာ ရွာသားတွေအရိုက်ခံရပြီး အသတ်ခံခဲ့ရတယ်။ ကျွန်တော်တို့ရွာမှာ၊ ယောက်ျားလေးတစ်ယောက်က ကောင်းကောင်းထိုးကြိတ်နိုင်ပြီး တခြားယောက်ျားလေးတွေကို ရိုက်နှက်နိုင်မှ ယောက်ျားပီသတယ်လို့သတ်မှတ်ခံရတယ်။ ဒါကြောင့် ထိုးကြိတ်တတ်ဖို့ ကျွန်တော်သင်ခဲ့တယ်။
ကျောင်းပြီးသွားတော့ ဦးလေးနဲ့အတူနေဖို့ ဆွာကော့ပ်မန်းလို့ခေါ်တဲ့ ပင်လယ်ကမ်းခြေမြို့လေးကို ပြောင်းရွှေ့သွားတယ်။ ကျွန်တော်ရောက်ပြီး မကြာခင်မှာ လူငယ်သူပုန်ဂိုဏ်းတစ်ဂိုဏ်း
နဲ့ပေါင်းမိတယ်။ လူမည်းတွေကိုလက်မခံတဲ့ ဟိုတယ်တို့၊ အရက်ဘားတို့စတဲ့ မြို့ထဲကနေရာတွေကို ရန်ရှာဖို့သွားကြတယ်။ လုံခြုံရေးအစောင့်တွေ၊ ရဲတွေနဲ့ မကြာမကြာထိုးကြိတ်ရတယ်။ ညတိုင်း ကျွန်တော့်ကိုရန်စလာတဲ့ ဘယ်သူ့ကိုမဆိုတိုက်ခိုက်ဖို့ ဓားရှည်ထက်ထက်တစ်ချောင်း ဆောင်ထားတယ်။တစ်ည၊ တစ်ဖက်ဂိုဏ်းနဲ့ ထိုးကြိတ်ရင်း သေလုနီးပါးဖြစ်ခဲ့ရတယ်။ တစ်ဖက်ဂိုဏ်းသားတစ်ယောက်က ကျွန်တော့်ခေါင်းကိုခုတ်ဖို့ အနောက်က လာနေတဲ့အချိန်မှာ ကျွန်တော့်အဖွဲ့သားတစ်ယောက်က သူ့ကိုသတိလစ်သွားအောင် ရိုက်လိုက်တယ်။ ဒီလောက်တောင် သေဖို့သီသီလေးဖြစ်ခဲ့ပေမဲ့ ကျွန်တော်ကြမ်းတမ်းရမ်းကားနေတုန်းပဲ။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့စကားများပြီဆိုရင် ဦးဆုံးစထိုးတဲ့သူက ကျွန်တော်ပဲ။
ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ– ယေဟောဝါသက်သေအမျိုးသမီးတစ်ယောက်နဲ့ ဦးဆုံးတွေ့တဲ့အချိန်မှာ သူက ဆာလံ ၃၇ ရဲ့အခန်းငယ်တွေကို ဖတ်ပြပြီး ဗျာဒိတ်ကျမ်းမှာလည်း အနာဂတ်နဲ့ပတ်သက်တဲ့ အရမ်းကောင်းတဲ့ကတိတော်တွေ ရှိသေးတယ်လို့ပြောတယ်။ ဒါပေမဲ့ ဘယ်နားမှာရှိတယ်ဆိုတာ မပြောတဲ့အတွက် ကျမ်းစာတစ်အုပ်တောင်းပြီး အဲဒီညမှာ ဗျာဒိတ်ကျမ်းတစ်စောင်လုံးကို ဖတ်ခဲ့တယ်။ ဗျာဒိတ် ၂၁:၃၊ ၄ မှာပါတဲ့ “သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်” ဆိုတဲ့ကတိကို ကျွန်တော်ကြိုက်သွားတယ်။ အဲဒီအမျိုးသမီးပြန်လာတဲ့အခါ ကျမ်းစာလေ့လာဖို့ကမ်းလှမ်းတာကို လက်ခံခဲ့တယ်။
ကျွန်တော့်တွေးခေါ်ပုံနဲ့ ပြုမူပုံကို ပြောင်းလဲဖို့ တော်တော်ခက်တယ်။ ဒါပေမဲ့ တမန်တော် ၁၀:၃၄၊ ၃၅ မှာ “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ . . .။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏” လို့ပြောထားတာကိုသိလာတယ်။ “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့” ဆိုတဲ့ ရောမ ၁၂:၁၈ ကိုလည်း လက်တွေ့ကျင့်သုံးဖို့ ကြိုးစားခဲ့တယ်။
ဒေါသကိုထိန်းချုပ်ရမယ့်အပြင် ဆေးရွက်ကြီး အရမ်းစွဲနေတာကိုလည်း ဖြတ်ပစ်ရမယ်။ ကျွန်တော့်ကိုကူညီပေးပါလို့ ယေဟောဝါဆီ ငိုပြီးဆုတောင်းခဲ့တာ ခဏခဏပဲ။ ဒါပေမဲ့ ပထမတော့ တလွဲလုပ်ခဲ့တယ်။ “နောက်ဆုံး” စီးကရက်ပါဆိုပြီး သောက်သောက်ပြီးမှ ဆုတောင်းလိုက်တယ်။ ကျွန်တော်နဲ့ကျမ်းစာလေ့လာနေတဲ့ သက်သေခံက စီးကရက်ကိုမယူမိခင် ဆုတောင်းတာရဲ့တန်ဖိုးကို သိမြင်လာအောင် ကူညီပေးခဲ့တယ်။ ဆေးလိပ်သောက်တဲ့သူတွေနားမှာ မနေဖို့လည်းလိုတယ်။ အဲဒီအပြင် ဆေးလိပ်သောက်တာက ဘယ်လောက်မကောင်းဘူးလဲဆိုတဲ့အကြောင်း အလုပ်ဖော်တွေကို ပြောပြပါဆိုတဲ့ အကြံဉာဏ်ကိုလည်း ကျွန်တော်လိုက်နာခဲ့တယ်။ အဲဒါက တကယ်ထိရောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဆေးလိပ်ကို အလကားမရတော့ဘူး။ အလုပ်မှာ ဆေးလိပ်သောက်တဲ့သူတွေက ကျွန်တော့်ကိုဆေးလိပ်သောက်ဖို့ လုံးဝလာမပေးတော့တဲ့အတွက်ပဲ။
နောက်ဆုံး၊ ဆေးလိပ်ဖြတ်နိုင်ခဲ့ပြီး အရင်ဘဝပုံစံမျိုးကို စွန့်လွှတ်နိုင်ခဲ့တယ်။ ကျမ်းစာမူတွေကို ခြောက်လလုံးလုံး သင်ယူကျင့်သုံးပြီးတဲ့နောက် ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီလာတယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ– ဘယ်လူမျိုး၊ ဘယ်အသားအရောင်ပဲဖြစ်ပါစေ ယေဟောဝါသက်သေတွေ အချင်းချင်းတင်ပြတဲ့မေတ္တာကို ကျွန်တော်တွေ့ရတဲ့အခါ ဒီလူတွေက စစ်မှန်တဲ့ဘာသာရေးကို လိုက်စားသူတွေဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်။ သက်သေခံတစ်ယောက်အဖြစ် နှစ်ခြင်းမခံခင်မှာတောင် အသင်းတော်က လူဖြူတစ်ယောက်က သူ့အိမ်မှာ ညစာလာစားဖို့ ကျွန်တော့်ကိုဖိတ်ခေါ်ခဲ့တယ်။ အဲဒါက အိပ်မက်တစ်ခုလိုပါပဲ။ လူဖြူတစ်ယောက်ရဲ့အိမ်မှာ အတူအစာစားဖို့မပြောနဲ့ လူဖြူတစ်ယောက်နဲ့ ရန်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းတောင် တစ်ခါမှအတူမထိုင်ခဲ့ဖူးဘူး။ အခုတော့ ကျွန်တော်ဟာ စစ်မှန်တဲ့ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဝင်တစ်ယောက် ဖြစ်နေပါပြီ။
အရင်တုန်းက လုံခြုံရေးအစောင့်တွေနဲ့ရဲတွေက ကျွန်တော့်တွေးခေါ်ပုံနဲ့ပြုမူပုံကို ပြောင်းလဲဖို့ တွန်းအားပေးခဲ့ပေမဲ့ သူတို့မအောင်မြင်ခဲ့ဘူး။ ကျွန်တော့်ရဲ့စရိုက်ကိုပြောင်းလဲပြီး ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ အစွမ်းတန်ခိုးက သမ္မာကျမ်းစာမှာပဲရှိတယ်လေ။
[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]
“ကျွန်တော့်ကိုကူညီပေးပါလို့ ယေဟောဝါဆီ ငိုပြီးဆုတောင်းခဲ့တာ ခဏခဏပဲ”