မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် နားညောင်းတော်မူသော ဆုတောင်းချက်များအကြောင်း

ဘုရားသခင် နားညောင်းတော်မူသော ဆုတောင်းချက်များအကြောင်း

ယေရှုထံမှ ကျွန်ုပ်တို့သင်ယူရရှိရာ

ဘုရားသခင် နားညောင်းတော်မူသော ဆုတောင်းချက်များအကြောင်း

ယေရှုသည် ဆုတောင်းရန် တိတ်ဆိတ်အေးဆေးသောနေရာကို ရှာလေ့ရှိသည်။ မိမိနောက်လိုက်များကိုလည်း အလားတူပြုရန် အားပေးသည်။ ကျမ်းစာကဤသို့ဆို၏– ‘ကိုယ်တော်သည် တစ်ခုသောအရပ်တွင် ဆုတောင်းတော်မူ၍ ပြီးသောအခါ တပည့်တစ်ဦးက “သခင်၊ . . . ကျွန်ုပ်တို့အား မည်သို့ဆုတောင်းရမည်ကို သွန်သင်ပေးတော်မူပါ” ဟုလျှောက်လေ၏။ ထိုအခါ သူတို့ကို ကိုယ်တော်က “သင်တို့ဆုတောင်းသည့်အခါတိုင်း ‘ကျွန်ုပ်တို့၏အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ’ . . . ဟုပြောကြလော့” ဟုမိန့်တော်မူ၏။’ (လုကာ ၅:၁၆; ၁၁:၁၊ ၂၊) ထို့ကြောင့် မိမိခမည်းတော်ယေဟောဝါထံ ဦးတိုက်ဆုတောင်းသင့်ကြောင်း ယေရှုဖော်ပြနေသည်။ ကိုယ်တော်တစ်ပါးတည်းသာ ဖန်ဆင်းရှင်ဖြစ်ပြီး ‘ဆုတောင်းချက်များကို နားထောင်တော်မူသောဘုရားသခင်’ ဖြစ်သည်။—ဆာလံ ၆၅:၂

ဆုတောင်းချက်အားလုံးကို ဘုရားသခင်နှစ်သက်သလော

အလွတ်ကျက်မှတ်ထားပြီး အထပ်ထပ်ရွတ်ဆိုသည့် ဆုတောင်းချက်များကို ဘုရားသခင်မနှစ်သက်ပေ။ “ဆုတောင်းသည့်အခါ . . . စကားတစ်မျိုးတည်းကို အထပ်ထပ် မရွတ်ဆိုကြနှင့်” ဟုယေရှုမိန့်ဆိုသည်။ (မဿဲ ၆:၇) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် စိတ်ပါလက်ပါစကားပြောရမည်။ ဘာသာရေးထုံးတမ်းများကို ကြပ်ကြပ်မတ်မတ်လိုက်နာသည့် မာနကြီးသူတစ်ဦး၏ ဆုတောင်းချက်များထက် စိတ်ရင်းမှန်စွာ ပြောင်းလဲလိုသည့် အပြစ်သားတစ်ဦး၏ဆုတောင်းချက်များကို ဘုရားသခင်ပိုနှစ်သက်ကြောင်း မိမိနောက်လိုက်များကို တစ်ကြိမ်တွင် ယေရှုအလေးပေးဖော်ပြခဲ့သည်။ (လုကာ ၁၈:၁၀-၁၄) ထို့ကြောင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဘုရားသခင် နားညောင်းစေလိုပါက ကိုယ်တော်၏မိန့်ဆိုရာများကို နှိမ့်ချစွာလိုက်နာသင့်သည်။ ‘ငါ့ခမည်းတော်သည် ငါ့အားသွန်သင်တော်မူသည့်အတိုင်း ဟောပြော[၏]။ . . . ထိုအရှင်နှစ်သက်တော်မူရာများကို အစဉ်မပြတ် ငါပြု၏’ ဟုပင် ယေရှုဆိုခဲ့သည်။ (ယောဟန် ၈:၂၈၊ ၂၉) “ကျွန်ုပ်၏အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်ပါစေ” ဟုယေရှုဆုတောင်းခဲ့သည်။—လုကာ ၂၂:၄၂

အဘယ်အရာအတွက် ကျွန်ုပ်တို့ဆုတောင်းသင့်သနည်း

ဘုရားသခင့်နာမတော်သည် ပြစ်တင်ရှုတ်ချခံထားရသောကြောင့် ယေရှုဤသို့သင်ပေး၏– “သင်တို့ ဤသို့ ဆုတောင်းရမည်။ ‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။ [ကိုယ်တော်၏]နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။’” (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော် ရောက်ရှိလာရန် ကျွန်ုပ်တို့ဆုတောင်းသင့်သည်။ အကြောင်းမှာ ကောင်းကင်နှင့်မြေကြီးပေါ်တွင် ဘုရားသခင်၏အလိုတော်ပြည့်စုံလာရန် ထိုအစိုးရကို ကိုယ်တော်အသုံးပြုမည်ဖြစ်သောကြောင့်တည်း။ ထို့ပြင် “ယနေ့အတွက် အသက်မွေးလောက်သောအစာ” ရရှိရန် ဆုတောင်းနိုင်သည်ဟု ယေရှုဆိုသည်။ အလုပ်အကိုင်၊ နေရေးထိုင်ရေး၊ အဝတ်အထည်၊ ကျန်းမာရေးအပြင် အခြားစိုးရိမ်စရာကိစ္စများနှင့်ပတ်သက်၍လည်း ယေဟောဝါထံဆုတောင်းနိုင်သည်။ ဘုရားသခင်၏ခွင့်လွှတ်မှုအတွက်လည်း ဆုတောင်းသင့်သည်ဟု ယေရှုမိန့်ဆိုသည်။—လုကာ ၁၁:၃၊ ၄

အခြားသူများအတွက် ဆုတောင်းပေးသင့်သလော

အခြားသူများအတွက် ယေရှုဆုတောင်းပေးခဲ့သည်။ “သူငယ်များအပေါ် လက်တော်ကိုတင်၍ ဆုတောင်းစေရန် အထံတော်သို့ သူငယ်များကို ဆောင်ခဲ့ကြ” ၏ဟူ၍ ကျမ်းစာဖော်ပြသည်။ (မဿဲ ၁၉:၁၃) “သင်၏ယုံကြည်ခြင်း အားမနည်းစေရန် ငါသည် သင့်အတွက် တိုးလျှိုးအသနားခံဆုတောင်းပေးလေပြီ” ဟုတမန်တော်ပေတရုကို ယေရှုဆိုသည်။ (လုကာ ၂၂:၃၂) မိမိတို့ကိုညှဉ်းပန်းနှိပ်စက်သူများနှင့် စော်ကားသူများပင်အပါအဝင် အခြားသူများအတွက်ဆုတောင်းပေးရန် နောက်လိုက်များကို ယေရှုအားပေးခဲ့သည်။—မဿဲ ၅:၄၄; လုကာ ၆:၂၈

အဘယ်ကြောင့် စွဲမြဲစွာဆုတောင်းသင့်သနည်း

ယေရှုသည် ဆုတောင်းရန် အချိန်သီးသန့်ဖယ်ထားပြီး မိမိနောက်လိုက်များကိုလည်း “အားမလျှော့ဘဲ အစဉ်မပြတ် ဆုတောင်း” ရန်တိုက်တွန်းခဲ့သည်။ (လုကာ ၁၈:၁) ကျွန်ုပ်တို့စိုးရိမ်ပူပန်နေသောကိစ္စများကို ထပ်ခါထပ်ခါပြောပြခြင်းဖြင့် ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ဖော်ပြရန် ဘုရားသခင်ဖိတ်ခေါ်တော်မူသည်။ “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်” ဟုယေရှုမိန့်ဆိုသည်။ သို့သော် ယင်းက ယေဟောဝါသည် မိမိကိုဖခင်တစ်ဦးအဖြစ် ချစ်မြတ်နိုးကာ ရိုသေလေးစားသူများကို တုံ့ပြန်ဖြေကြားရန် တွန့်ဆုတ်နေသည်ဟု မဆိုလိုပေ။ ယင်းအစား ယေရှုက “သင်တို့သည် လူဆိုးဖြစ်လျက်ပင် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်ကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်” ဟုမိန့်တော်မူ၏။—လုကာ ၁၁:၅-၁၃

ထပ်ဆင့်အချက်အလက်များအတွက် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် အခန်း ၁၇ တွင်ကြည့်ပါ။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ယေဟောဝါသက်သေများ ထုတ်ဝေသည်။