မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေများသည် ဓမ္မဟောင်းကျမ်းကို လက်ခံကြသလော

ယေဟောဝါသက်သေများသည် ဓမ္မဟောင်းကျမ်းကို လက်ခံကြသလော

စာရှုသူများအမေး

ယေဟောဝါသက်သေများသည် ဓမ္မဟောင်းကျမ်းကို လက်ခံကြသလော

ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်မြွက်တော်အဖြစ် ရှုမြင်ကြပြီး ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်း နှစ်စောင်လုံးကို မရှိမဖြစ်ကျမ်းဝင်များအဖြစ် လက်ခံကြသည်။ သို့သော် သူတို့သည် “ဟေဗြဲကျမ်းစာစောင်များ” နှင့် “ခရစ်ယာန်ဂရိကျမ်းစောင်များ” ဟူသည့် ပို၍ဆီလျော်သောအမည်ကိုသာ ပိုအသုံးပြုလိုကြသည်၊ အကြောင်းမှာ ဟေဗြဲနှင့်ဂရိသည် မူရင်းဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းတို့ကို ရေးသားသည့် အဓိကဘာသာစကားများ ဖြစ်သောကြောင့်ပင်။

သို့သော် အမည်ခံခရစ်ယာန်အချို့သည် ဓမ္မဟောင်းကျမ်းကို လက်ခံရန်တွန့်ဆုတ်ကြသည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်ကို စစ်မှုနှင့်လူသတ်မှုကို အားပေးသော ဒေါသကြီးသည့်ဘုရားသခင်အဖြစ် ပုံဖော်ထားသည်၊ ထို့ပြင် ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်၏လုပ်ဆောင်မှုများသည် ဓမ္မသစ်ကျမ်းပါ မေတ္တာကြီးမားပြီး ဖြောင့်မတ်သည့်ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် မကိုက်ညီဟုသူတို့ဆိုကြသည်။ ဓမ္မဟောင်းကျမ်းသည် ဂျူးဘာသာအကြောင်း အဓိကဖော်ပြထားရာ ခရစ်ယာန်များနှင့် မသက်ဆိုင်ဟူ၍လည်း သူတို့ကောက်ချက်ချကြသည်။ သို့သော် တရားဟောရာ ၁၂:၃၂ တွင် ကျမ်းစာကို ထပ်၍မပိုရ၊ နုတ်၍မလျော့စေရဟု ဘုရားသခင်မိန့်မှာထားရာ အထက်ပါအချက်များသည် ကျမ်းစာ၏ ထိုလေးပုံသုံးပုံခန့်ကို ငြင်းပယ်နိုင်လောက်သည့် ခိုင်လုံသောအကြောင်းရင်းများဖြစ်ပါသလော။

အေဒီ ၅၀ ခန့်တွင် တမန်တော်ပေါလုသည် ဂရိနိုင်ငံရှိ သက်သာလောနိတ်မြို့သားတို့ထံ လည်ပတ်စဉ် “ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့် ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှထမြောက်ရမည် . . . ဟူသောအကြောင်းအရာတို့ကို [“အကိုးအကားများဖြင့် ရှင်းလင်းထောက်ပြ၊” ကဘ] လေ၏။” (တမန်တော် ၁၇:၁-၃) နားထောင်သူအချို့ ခရစ်ယာန်ဖြစ်လာကြပြီး သူတို့ကို နောက်ပိုင်းတွင် ပေါလုဤသို့ချီးမွမ်းခဲ့သည်– ‘ငါတို့ဟောပြောသော ဘုရားသခင်၏နှုတ်မြွက်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ်ထွက်စကားကိုမခံမယူဘဲ၊ ဘုရားသခင်၏နှုတ်မြွက်တော်အမှန်ဖြစ်သည် . . . ကို ခံယူကြသည်။’ (၁ သက်သာလောနိတ် ၂:၁၃) ပေါလု ထိုသို့လည်ပတ်ချိန်တွင် ခရစ်ယာန်ဂရိကျမ်း ၂၇ စောင်အနက် မဿဲခရစ်ဝင်ကျမ်းကိုသာ ရေးသားပြီးစီးခဲ့ဟန်ရှိသည်။ ထို့ကြောင့် “အကိုးအကားများဖြင့်” ပေါလုအသုံးပြုခဲ့သော “ကျမ်းစာ” ဟူသည် ဟေဗြဲကျမ်းစာစောင်များမှ ကျမ်းချက်များဖြစ်ကြောင်း ထင်ရှားပါသည်။

ထို့ပြင် ခရစ်ယာန်ဂရိကျမ်းရေးသူများသည် ဟေဗြဲကျမ်းစာစောင်ကို အကြိမ်ပေါင်း ၃၂၀ ခန့် တိုက်ရိုက်ကိုးကားခဲ့ပြီး ရာနှင့်ချီ၍ သွယ်ဝိုက်ကိုးကားခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ‘ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန် ရေးထား’ သောကြောင့်ဖြစ်သည်။ (ရောမ ၁၅:၄) ယနေ့၊ ကျမ်းစာတစ်အုပ်လုံးကို လက်ခံသူများသည် ယင်းမှအကျိုးများစွာ ခံစားရမည်ဖြစ်ကြောင်း ထိုစကားများက ရှင်းလင်းစွာ ဖော်ပြသည်။

ခရစ်ယာန်ဂရိကျမ်းစောင်များသည် ဟေဗြဲကျမ်းစာစောင်များပါအချက်များကို အခြေခံ၍ရေးသားထားပြီး ဘုရားသခင့်ရည်ရွယ်ချက်များကို ကျိုးကြောင်းဆီလျော်စွာ အဆင့်ဆင့်ဖော်ပြထားသည့် ကိုယ်တော်၏ နှုတ်မြွက်စကားတော်ဖြစ်သည်။ ထိုကျမ်းစောင်များသည် ဟေဗြဲကျမ်းစာစောင်များ၏တန်ဖိုးကိုလည်း မည်သည့်နည်းဖြင့်မျှ မယုတ်လျော့စေပါ။ ကဲမ်ဘရစ်တက္ကသိုလ် ဓမ္မပညာပါမောက္ခ ဟာဘတ်အိတ်ခ်ျဖာမာက “ခရစ်ဝင်ကျမ်းများကို နားလည်နိုင်ရန် ဓမ္မဟောင်းကျမ်းတွင်ဖော်ပြထားသော ပညတ်ပဋိညာဉ်အောက်ရှိ လူတို့အကြောင်း မလွဲမသွေလေ့လာဆန်းစစ်ရမည်” ဟုဆိုခဲ့သည်။

ဘုရားသခင့်နှုတ်မြွက်တော်ကို ပြန်လည်စိစစ်ပြင်ဆင်ရန် မလိုအပ်ပေ။ မည်သို့ပင်ဖြစ်စေ၊ “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအာရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။” (သု. ၄:၁၈) ဘုရားသခင်သည် မူရင်းကျမ်းတွင် ခရစ်ယာန်ဂရိကျမ်းစောင်များကို ဖြည့်စွက်ခြင်းဖြင့် ဟေဗြဲကျမ်းစာစောင်များ၏တန်ဖိုးကို မယုတ်လျော့စေဘဲ မိမိရည်ရွယ်ချက်များ မည်သို့ပြည့်စုံလာမည်ကို အဆင့်ဆင့်ဖော်ပြခဲ့သည်။ မှန်ပါသည်၊ ထိုကျမ်းစောင်အားလုံးသည် ‘ကာလအစဉ်အမြဲတည်သော ယေဟောဝါ၏နှုတ်မြွက်စကား’ ပင်ဖြစ်သည်။—၁ ပေတရု ၁:၂၄၊ ၂၅