မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှုတ်ဖြင့်ပြောဆိုသော စကားလုံးများမှ မြင့်မြတ်သောကျမ်းစာသို့—အရေးအသားနှင့် အစောပိုင်းခရစ်ယာန်များ

နှုတ်ဖြင့်ပြောဆိုသော စကားလုံးများမှ မြင့်မြတ်သောကျမ်းစာသို့—အရေးအသားနှင့် အစောပိုင်းခရစ်ယာန်များ

နှုတ်ဖြင့်ပြောဆိုသော စကားလုံးများမှ မြင့်မြတ်သောကျမ်းစာသို့—အရေးအသားနှင့် အစောပိုင်းခရစ်ယာန်များ

ယုံကြည်သူလူမျိုးဆက်များစွာသည် ခရစ်ယာန်ဂရိကျမ်းစာစောင်များဟု ခေါ်ဆိုလေ့ရှိသော ဓမ္မသစ်ကျမ်းမှ အကျော်ကြားဆုံး အရေးအသားအချို့ကို ဖတ်ရှုလေ့လာဆန်းစစ်ရာတွင် နာရီပေါင်းများစွာ အသုံးပြုလျက်ရှိသည်။ ကျမ်းစာ၏ကျန်အပိုင်းများနှင့်အတူ ထိုအရေးအသားများသည် ကျွန်ုပ်တို့၏ကမ္ဘာကို အလွန်သြဇာလွှမ်းမိုးသည်။ ယင်းတို့သည် လူ့ကျင့်ဝတ်များကို သတ်မှတ်ပြဋ္ဌာန်းပြီး စာရေးဆရာများနှင့် အနုပညာဖန်တီးသူတို့ကို လှုံ့ဆော်ပေးသည်။ ထို့ထက်ကား ယင်းတို့သည် သင်အပါအဝင် လူသန်းပေါင်းများစွာအား ဘုရားသခင်၊ ယေရှုနှင့်ပတ်သက်သည့် တိကျမှန်ကန်သော အသိပညာရရှိစေရန် ကူညီပေးသည်။—ယောဟန် ၁၇:၃

ခရစ်ဝင်ကျမ်းများနှင့် ခရစ်ယာန်ဂရိကျမ်းစာစောင်များမှ ကျန်အပိုင်းများကို ယေရှုသေဆုံးပြီးသည်နှင့် ချက်ချင်းရေးသားခဲ့ခြင်းမဟုတ်ပေ။ မဿဲသည် ယေရှုသေဆုံးပြီးနောက် ၇ နှစ် သို့မဟုတ် ၈ နှစ်၊ ယောဟန်သည် ၆၅ နှစ်လွန်မှ ၎င်းတို့၏ခရစ်ဝင်ကျမ်းများကို ရေးသားခဲ့ခြင်းဖြစ်သည်။ သူတို့သည် ယေရှုပြောဆိုပြုမူခဲ့ရာများကို မည်သို့ တိကျမှန်ကန်စွာ မှတ်တမ်းတင်နိုင်ကြသနည်း။ သူတို့ကို ဘုရားသခင်၏သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်ပေးခဲ့ကြောင်း ထင်ရှားသည်။ (ယောဟန် ၁၄:၁၆၊ ၂၆) သို့သော် ယေရှု၏သွန်သင်ချက်များကို တိကျမှန်ကန်စွာ မည်သို့လက်ဆင့်ကမ်းခဲ့ပြီး နောက်ဆုံး ယင်းတို့သည် ကျမ်းစာ၏အစိတ်အပိုင်း မည်သို့ဖြစ်လာသနည်း။

“အမှန်တကယ် ပညာမတတ်သူများ” လော

ယေရှု၏အစောပိုင်းတပည့်များသည် ကိုယ်တော်၏သွန်သင်ချက်နှင့် လုပ်ဆောင်မှုများကို ရေးသားခဲ့ပုံမရဘဲ နှုတ်ဖြင့်သာ လက်ဆင့်ကမ်းခဲ့သည်ဟု လွန်ခဲ့သောရာစုနှစ်အတွင်း အချို့သူတို့ယူဆကြသည်။ ဥပမာ၊ ကျမ်းပညာရှင်တစ်ဦး ဤသို့ဆို၏– “ယေရှု၏လူထုဓမ္မအမှုပြီးနောက် ဆယ်စုနှစ်များစွာကြာမှ ကိုယ်တော်၏စကားများကို ခရစ်ဝင်ကျမ်းရေးသူတို့ ရေးသားခဲ့ကြသည်။ ယေရှုနှင့်ပတ်သက်၍ သိရှိခဲ့ရာများကို ထိုအချိန်အတွင်း နှုတ်ဖြင့်လက်ဆင့်ကမ်းခဲ့ကြသည်။” ယေရှု၏အစောပိုင်းတပည့်များသည် “အမှန်တကယ် ပညာမတတ်သူများဖြစ်သည်” ဟုပင် သုတေသီအချို့ ဆိုကြသည်။ * ထို့ပြင် နှုတ်ဖြင့်လက်ဆင့်ကမ်းစဉ် ဆယ်စုနှစ်အတွင်း ယေရှု၏ဓမ္မအမှုမှတ်တမ်းကို ချဲ့ကားခဲ့၊ ပြုပြင်ပြောင်းလဲခဲ့သည်ဟုလည်း သူတို့ဆိုကြသည်။ ထို့ကြောင့် ထိုမှတ်တမ်းများသည် တိကျမှန်ကန်မှုလုံးဝမရှိဟူ၍ ဆိုကြသည်။

ကျမ်းပညာရှင်အချို့၏ နောက်အဆိုတစ်ခုမှာ ယေရှုနှင့်အရင်းနှီးဆုံးဖြစ်သော ဂျူးလူမျိုးတပည့်များသည် ရဗ္ဗိတို့၏သွန်သင်နည်းစနစ်ကို အတုခိုးခဲ့ကြပုံရသည်ဟူ၍ဖြစ်သည်။ ထိုနည်းစနစ်မှာ အထပ်ထပ်ရွတ်ဆိုခြင်းဖြင့် အလွတ်ကျက်မှတ်ခြင်းဖြစ်သည်။ ယင်းက နှုတ်ဖြင့်လက်ဆင့်ကမ်းခြင်းကို ပို၍တိကျမှန်ကန်စေသည်။ တပည့်များသည် နှုတ်ဖြင့်ပြောဆိုခြင်းကိုသာ အဓိကအားထားခဲ့သလော။ သို့မဟုတ် ယေရှု၏ဓမ္မအမှုမှတ်တမ်းကို ထိန်းသိမ်းရာတွင် စာအရေးအသားကို မည်သည့်အတိုင်းအတာအထိ သူတို့အသုံးပြုခဲ့ကြသနည်း။ ကျွန်ုပ်တို့အတိအကျမပြောနိုင်သော်လည်း စာအရေးအသားကို သူတို့အသုံးပြုခဲ့ခြင်းဖြစ်နိုင်သည်။

နေ့စဉ်သုံး စာပေအရေးအသား

ပထမရာစုတွင် လူတန်းစားအားလုံးသည် စာရေးတတ်၊ ဖတ်တတ်ကြသည်။ ယင်းနှင့်ပတ်သက်၍ ဟေဗြဲနှင့် ရှေးဟောင်းဆီးမိုက်ဘာသာစကား ပါမောက္ခအယ်လန်မေးလတ် ဤသို့ဆိုသည်– “ဂရိ၊ အာရမိတ်နှင့် ဟေဗြဲစာပေများသည် အလွန်ပျံ့နှံ့ပြီး လူတန်းစားအားလုံးထံတွင် တွေ့ရှိနိုင်သည်။ ထိုသို့သောဝန်းကျင်မျိုးတွင် ယေရှုဟောပြောသွန်သင်ခဲ့သည်။”

ခရစ်ဝင်ကျမ်းစာသားများကို “လုံးလုံးပညာမတတ်သောအသိုင်းအဝိုင်းတွင် ရေးသားခဲ့သည်” ဟူသောထင်မြင်ချက်နှင့်ပတ်သက်၍ ပါမောက္ခမေးလတ် ဤသို့ရေးသည်– “ထိုသို့ ဖြစ်နိုင်ခြေမရှိပေ၊ အကြောင်းမှာ နေရာတိုင်းရှိလူတို့သည် ကောင်းစွာရေးတတ်သောကြောင့်ဖြစ်သည်။ . . . ထို့ကြောင့် မိမိတို့ကြားရသောအရာများကို မိမိတို့အတွက်ဖြစ်စေ၊ အခြားသူတို့ကို အသိပေးရန်ဖြစ်စေ ရေးသားနိုင်သူများ အမြဲရှိပါသည်။”

ဖယောင်းသုတ်ထားသည့်သင်ပုန်းများကို အလွယ်တကူရရှိနိုင်ပြီး အရေးအသားအတွက် အသုံးပြုနိုင်ပုံရသည်။ ထိုသို့ဖြစ်ကြောင်း ဥပမာတစ်ခုကို လုကာအခန်းကြီးတစ်တွင် တွေ့ရှိရသည်။ ခေတ္တဆွံ့အသွားသော ဇာခရိအား သူ၏သားကို အဘယ်အမည်ပေးလိုကြောင်း မေးကြသည်။ အခန်းငယ် ၆၃ ကဤသို့ဆိုသည်– “အဘသည်လည်း [အမူအရာဖြင့်ဖြစ်နိုင်] သင်ပုန်းကိုတောင်း၍ ‘သူ၏အမည်ကား ယောဟန်ဖြစ်၏’ ဟုရေးလေ . . . ၏။” “သင်ပုန်း” ဟူသောစကားလုံးသည် ဖယောင်းသုတ်လိမ်းထားသော သစ်သားပြားကိုဆိုလိုနိုင်သည်ဟု ကျမ်းစာအဘိဓာန်များက ရှင်းပြသည်။ ထိုတွင်ရောက်ရှိနေသူတစ်ဦးဦးတွင် ဇာခရိ အသင့်ရေးနိုင်ရန် စာရေး၍ရသည့် ထိုသစ်သားပြားရှိပုံရသည်။

နောက်ဥပမာတစ်ခုက ထိုအချိန်ရှိလူတို့သည် စာရေးသည့်သင်ပုန်းများနှင့် ၎င်းတို့အားအသုံးပြုပုံကို ကောင်းစွာသိရှိကြောင်း ဖော်ပြသည်။ တမန်တော်ကျမ်းတွင် ပေတရုသည် ဝတ်ပြုရာအိမ်တော်ရှိ လူအုပ်နှင့်စကားပြောနေပြီး “သင်တို့အပြစ်များကိုပြေစေခြင်းငှာ နောင်တရ . . . ကြလော့” ဟုသူတို့ကို တိုက်တွန်းနေကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ (တမန်တော် ၃:၁၁၊ ၁၉၊ ၂၀) “ပြေစေခြင်းငှာ” ဟူသောစကားလုံးသည် “ဖယ်ရှားသည်၊ ဖျက်သည်” ဟုအဓိပ္ပာယ်ရှိသောဂရိကြိယာမှ ဆင်းသက်လာသည်။ ဓမ္မသစ်ကျမ်း၏ အပြည်ပြည်ဆိုင်ရာအဘိဓာန်သစ်က ဤသို့ရှင်းပြသည်– “ဤနေရာနှင့် အခြားနေရာအားလုံးတွင် အသုံးပြုသော ၎င်းကြိယာ ဖော်ပြသောအဓိကအယူအဆမှာ ဖယောင်းသင်ပုန်း၏မျက်နှာပြင်ကို ပြန်လည်အသုံးပြုနိုင်ရန် ချောမွတ်စေခြင်းဖြစ်ပုံရသည်။”

ယေရှု၏နောက်လိုက်များနှင့် ပရိသတ်များတွင် စာပေအရေးအသားကို နေ့စဉ်ဘဝတွင် အသုံးပြုသူများ ပါဝင်ကြောင်းကိုလည်း ခရစ်ဝင်ကျမ်းမှတ်တမ်းများက ဖော်ပြသည်။ ဥပမာ၊ အခွန်ခံမဿဲနှင့်ဇက္ခဲ (မဿဲ ၉:၉; လုကာ ၁၉:၂); တရားဇရပ်မှူးတစ်ဦး (မာကု ၅:၂၂); တပ်မှူးတစ်ဦး (မဿဲ ၈:၅); ဟေရုဒ်အန္တိပလက်အောက်မှ အထက်အရာရှိ၏ဇနီး ယောဟန္န (လုကာ ၈:၃); ကျမ်းတတ်များ၊ ဖာရိရှဲများ၊ ဇဒ္ဒုကဲများနှင့် ဆဲန်ဟီဒရင်အဖွဲ့ဝင်များ (မဿဲ ၂၁:၂၃၊ ၄၅; ၂၂:၂၃; ၂၆:၅၉) ဖြစ်သည်။ ထို့ကြောင့် ယေရှု၏တမန်တော်များနှင့် တပည့်များတွင် အားလုံးမဟုတ်သည့်တိုင် အများစုမှာ စာရေးတတ်ကြောင်း သေချာသည်။

ကျောင်းသားများ၊ သွန်သင်သူများနှင့် စာရေးသူများ

တပည့်များသည် ခရစ်ယာန်သွန်သင်သူများဖြစ်ရန် ယေရှုပြောဆိုပြုမူခဲ့ရာများကိုသာမက ဟေဗြဲကျမ်းစာစောင်များပါ ပညတ်တရားနှင့် ပရောဖက်ပြုချက်များသည် ခရစ်တော်နှင့်မည်သို့သက်ဆိုင်ကြောင်းကိုပါ နားလည်ရန် လိုအပ်သည်။ (တမန်တော် ၁၈:၅) စိတ်ဝင်စားစရာမှာ ယေရှုထမြောက်ပြီးနောက်မကြာမီတွင် တပည့်နှစ်ဦးနှင့် တွေ့ဆုံမှုတစ်ခုအကြောင်း လုကာမှတ်တမ်းတင်ခဲ့သည်။ ယေရှု အဘယ်အရာပြုလုပ်ခဲ့သနည်း။ “ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသောကျမ်းစာချက်အနက်ကို ရှင်းလင်းစွာဖော်ပြတော်မူ၏။” ထို့နောက် မကြာမီတွင် တပည့်များကို ယေရှုဤသို့ဆို၏– ‘ “မောရှေ၏ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်း” . . . ။ ထိုအခါ ကျမ်းစာကိုနားလည်စေခြင်းငှာ တပည့်တို့၏ဉာဏ်ကိုဖွင့်တော်မူ၏။’ (လုကာ ၂၄:၂၇၊ ၄၄၊ ၄၅) နောက်ပိုင်းတွင် တပည့်များသည် ယေရှုပြောဆိုပြုမူခဲ့ရာများကို “သတိရ၍မှတ်မိကြ၏။”—ယောဟန် ၁၂:၁၆

တမန်တော်များနှင့် တပည့်များသည် သူတို့၏သခင် ယေရှုခရစ်နှင့်စပ်လျဉ်း၍ သူတို့မြင်တွေ့ကြားနာခဲ့ရာများ၏ အဓိပ္ပာယ်အပြည့်အဝကို နားလည်နိုင်ရန် ကျမ်းစာကို နှံ့နှံ့စပ်စပ်ဖတ်ရှုလေ့လာခဲ့ကြောင်း အထက်ပါမှတ်တမ်းများက ဖော်ပြသည်။ (လုကာ ၁:၁-၄; တမန်တော် ၁၇:၁၁) ယင်းနှင့်ပတ်သက်၍ ဗာဂျီးနီးယားတက္ကသိုလ်မှ ဘာသာရေးပါမောက္ခဟယ်ရီဝိုင်ဂမ်ဘဲလ် ဤသို့ရေး၏– “ခရစ်ယာန်ဘာသာတရား စတင်တည်ထောင်ချိန်ရှိ ခရစ်ယာန်များသည် ဟေဗြဲကျမ်းစာစောင်များကို အသေအချာလေ့လာပြီး အနက်ဖွင့်ကာ ယင်းတို့မှတစ်ဆင့် ခရစ်ယာန်ယုံကြည်ချက်များကို သက်သေပြသော ကျမ်းစာသားများကို ရေးသားကြပြီး ယင်းတို့ကို ခရစ်ယာန်ဟောပြောခြင်းတွင် အသုံးပြုနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။”

ယင်းတို့အားလုံးက ယေရှု၏အစောပိုင်းတပည့်များသည် နှုတ်ဖြင့်လက်ဆင့်ကမ်းခြင်းကိုသာ အဓိကအားထားမည့်အစား များစွာ လေ့လာဖတ်ရှုရေးသားခဲ့ကြကြောင်း ဖော်ပြသည်။ သူတို့သည် ကျောင်းသားများ၊ သွန်သင်သူများနှင့် စာရေးသူများဖြစ်ခဲ့ကြသည်။ ထို့ထက်ကား သူတို့သည် လမ်းညွှန်မှုအတွက် သန့်ရှင်းသောစွမ်းအားတော်ကို အားထားခဲ့ကြသည့် ရင့်ကျက်သောပုဂ္ဂိုလ်များဖြစ်ကြသည်။ ယေရှုက ‘အမှန်တရားကိုပြသော စွမ်းအားတော်’ သည် ‘မိမိပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သူတို့အားပေးတော်မူမည်’ ဟုတပည့်များကို အာမခံခဲ့သည်။ (ယောဟန် ၁၄:၁၆၊ ၂၆) ယေရှုပြောဆိုပြုမူခဲ့ရာများအပြင် တောင်ပေါ်တရားတော်ကဲ့သို့သော ရှည်လျားသောမိန့်ဆိုချက်များကိုပင် မှတ်မိကာ ပြန်လည်ရေးသားနိုင်ရန် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်က သူတို့ကို အဓိကကူညီပေးခဲ့သည်။ (မဿဲအခန်းကြီး ၅-၇) ယေရှု၏ခံစားချက်များ၊ ကိုယ်တော်၏ဆုတောင်းစကားများကို မှတ်တမ်းတင်ရာတွင်လည်း စွမ်းအားတော်သည် ခရစ်ဝင်ကျမ်းရေးသူတို့ကို လမ်းညွှန်ပေးခဲ့သည်။—မဿဲ ၄:၂; ၉:၃၆; ယောဟန် ၁၇:၁-၂၆

ထို့ကြောင့် ခရစ်ဝင်ကျမ်းရေးသူများသည် နှုတ်ဖြင့်ပြောဆိုခြင်းနှင့် စာအရေးအသားနှစ်မျိုးစလုံးကို အသုံးပြုခဲ့ကြသော်လည်း သူတို့မှတ်တမ်းတင်ခဲ့ရာများသည် ပို၍ယုံကြည်စိတ်ချရပြီး ပို၍သာလွန်မြင့်မြတ်သော ယေဟောဝါဘုရားသခင်ထံမှ မြစ်ဖျားခံပါသည်။ ထို့ကြောင့် “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” ကြောင်း၊ ကိုယ်တော်နှစ်သက်သည့်အရာများ ပြုလုပ်ရာတွင် ကျွန်ုပ်တို့ကို သွန်သင်လမ်းညွှန်ပေးနိုင်ကြောင်း အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်ပါသည်။—၂ တိမောသေ ၃:၁၆

[အောက်ခြေမှတ်ချက်]

[စာမျက်နှာ ၁၄ ပါအကြောင်းအရာ အကျဉ်းချုပ်]

ယေရှု၏နောက်လိုက်များတွင် စာပေအရေးအသားကို နေ့စဉ်ဘဝတွင် အသုံးပြုသူများပါဝင်

[စာမျက်နှာ ၁၅ ပါအကြောင်းအရာ အကျဉ်းချုပ်]

ယေရှုပြောဆိုပြုမူခဲ့ရာများကို မှတ်မိကာ ပြန်လည်ရေးသားနိုင်ရန် ဘုရားသခင်၏ သန့်ရှင်းသောစွမ်းအားတော်က ကိုယ်တော်၏အစောပိုင်းတပည့်များကို ကူညီပေးခဲ့

[စာမျက်နှာ ၁၅ ပါလေးထောင့်ကွက်/ပုံ]

 တမန်တော်များသည် ပညာမတတ်သူများဖြစ်သလော

ယေရုရှလင်ရှိ မင်းအရာရှိများနှင့် လူအကြီးအကဲများသည် “ပေတရုနှင့်ယောဟန်တို့၏ ရဲရင့်ခြင်းသတ္တိကိုမြင်၍ လူတတ်မဟုတ်၊ လူသာမညသာဖြစ်သည်ကိုသိမှတ်သဖြင့် အံ့ဩ၍နေကြ၏။” (တမန်တော် ၄:၁၃) တမန်တော်များသည် အမှန်တကယ် ပညာမတတ်သူများလော။ ယင်း ထင်မြင်ချက်နှင့်ပတ်သက်၍ ကျမ်းစာတစ်အုပ် (The New Interpreter’s Bible) က ဤသို့မှတ်ချက်ချသည်– “ထိုအသုံးအနှုန်းများကြောင့် ပေတရု [နှင့်ယောဟန်] သည် အမှန်တကယ် ကျောင်းမနေရသူ၊ မရေးတတ်၊ မဖတ်တတ်သူများဖြစ်သည်ဟု ယူမှတ်၍မရနိုင်ပေ။ ထိုအသုံးအနှုန်းများက တမန်တော်များ၏ အခြေအနေသည် သူတို့ကိုစီရင်ရန် တရားရုံးတွင်ထိုင်နေသူများ၏ အခြေအနေနှင့် အလွန်ကွာခြားကြောင်း ဖော်ပြနေခြင်းသာဖြစ်သည်။”

[စာမျက်နှာ ၁၃ ပါပုံ]

“အဘသည်လည်း သင်ပုန်းကိုတောင်း၍ ‘သူ၏အမည်ကား ယောဟန်ဖြစ်၏’ ဟုရေးလေ . . . ၏”

[စာမျက်နှာ ၁၃ ပါပုံ]

ဘီစီပထမ သို့မဟုတ် ဒုတိယရာစုမှ ဖယောင်း သုတ်ထားသောသင်ပုန်းနှင့် စာရေးကိရိယာများ

[အသိအမှတ်ပြုစာ]

© British Museum/Art Resource, Ny