မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

ယေရှုသည် မိမိကိုယ်ကို “ဘုရားသခင်၏သားတော်” ဖြစ်သည်ဟုဆိုကြောင်း ဂျူးတို့စွပ်စွဲသောအခါ ပုန္တိပိလတ် အဘယ်ကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသနည်း။—ယောဟန် ၁၉:၇

ဂျူးလီးယက်ဆီဇာ ကွယ်လွန်ပြီးနောက် သူသည် ဘုရားသခင်တစ်ပါးဖြစ်သည်ဟု ရောမလွှတ်တော်က ကြေညာခဲ့သည်။ သူ့ကိုဆက်ခံသူ မွေးစားသား အော့ခ်တေးဗီးယန်းကို “ဘုရားသခင်၏သားတော်” ဟုအဓိပ္ပာယ်ရှိသော ဒီဗီဖီလိယပ်ဟု ကြေညာခဲ့သည်။ ထိုလက်တင်အမည်သည် ဧကရာဇ်တို့၏ ဘွဲ့အမည်ဖြစ်လာ၏။ ရောမယဇ်ပလ္လင်များ၊ ဗိမာန်များ၊ ရုပ်တုများ၊ ဒ င်္ဂါးများပေါ်ရှိ ကမ္ပည်းစာများစွာက ယင်းအချက်ကိုသက်သေထူသည်။ ယေရှုသည် မိမိကိုယ်ကို “ဘုရားသခင်၏သားတော်” ဖြစ်သည်ဟုဆိုကြောင်း ဂျူးတို့ စွပ်စွဲသောအခါ အမှန်အားဖြင့် နိုင်ငံတော်ကိုသစ္စာဖောက်မှုဖြစ်သော ဧကရာဇ်ဘွဲ့ခံယူသည်ဟု စွပ်စွဲနေခြင်းဖြစ်သည်။

ယေရှု ရုံးတင်စစ်ဆေးခံရချိန်တွင် တိဗေရိသည် “ဘုရားသခင့်သားတော်” ဟုအဓိပ္ပာယ်ရှိသော ဒီဗီဖီလိယပ်ဘွဲ့အမည်ကို ဆက်ခံထားသည်။ ထိုဧကရာဇ်သည် မိမိရန်သူဟုထင်မှတ်သူတိုင်းကို သတ်ဖြတ်ရာတွင် အလွန်နာမည်ဆိုးထွက်သူဖြစ်၏။ ထို့ကြောင့် ပုန္တိပိလတ်အနေဖြင့် ယေရှုကို ပြစ်ဒဏ်စီရင်ခြင်းမရှိလျှင် ဧကရာဇ်မင်းအား သစ္စာမဲ့ရာကျသည်ဟု ဂျူးတို့က ခြိမ်းခြောက်ပြောဆိုသောကြောင့် ထိုရောမဘုရင်ခံခမျာ “သာ၍ကြောက်” သွားသည်။ နောက်ဆုံးတွင် သူသည် ဖိအားပေးမှုကို အညံ့ခံလိုက်ပြီး ယေရှုကိုအဆုံးစီရင်ရန် အမိန့်ပေးခဲ့သည်။—ယောဟန် ၁၉:၈၊ ၁၂-၁၆

ဗာဗုလုန်တို့၏လက်ချက်ဖြင့် တုရုမြို့ပျက်စီးသွားပြီး နှစ်ပေါင်းများစွာကြာမှ ထိုမြို့ပျက်စီးမည့်အကြောင်း ဇာခရိ အဘယ်ကြောင့် ပရောဖက်ပြုခဲ့သနည်း။

မြေထဲပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိသော ရှေးခေတ်တုရုမြို့သည် အမှန်အားဖြင့် အပိုင်းနှစ်ပိုင်းပါဝင်သည်။ တစ်ပိုင်းမှာ ကုန်းတွင်းပိုင်းတွင် တည်ရှိပြီး နောက်တစ်ပိုင်းမှာ ကျွန်းပေါ်တွင် တည်ရှိ၏။

တစ်ချိန်က တုရုမြို့သားများသည် ဣသရေလလူမျိုးနှင့် အလွန်ပင်ရင်းနှီးကြသည်။ သို့သော် နောက်ပိုင်းတွင် တုရုမြို့သည် အလွန်ကြွယ်ဝချမ်းသာလာပြီး ယေဟောဝါဘုရားသခင်၏ လူမျိုးထံမှ ရွှေငွေများကိုခိုးယူကာ အချို့ကို ကျေးကျွန်များအဖြစ် ရောင်းစားသည့်အထိ ကိုယ်တော်ကို ဆန့်ကျင်ခဲ့ကြသည်။ (ယောလ ၃:၄-၆) ယင်းကြောင့် တုရုမြို့ကို ယေဟောဝါတရားစီရင်ခဲ့သည်။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်ချက်ဖြင့် တုရုမြို့ကျရှုံးမည်ဖြစ်ကြောင်း မိမိ၏ပရောဖက်များမှတစ်ဆင့် ယေဟောဝါ ကြိုမိန့်ဆိုခဲ့သည်။ ထိုဘုရင်သည် ဘီစီ ၆၀၇ တွင် ယေရုရှလင်မြို့ကို ဖျက်ဆီးပြီးနောက် တုရုမြို့သို့စစ်ချီခဲ့လေသည်။—ဟေရှာယ ၂၃:၁၃၊ ၁၄; ယေရမိ ၂၇:၂-၇; ယေဇကျေလ ၂၈:၁-၁၉

တုရုမြို့သားများသည် စစ်ရှုံးသွားသောအခါ မိမိတို့ပိုင်ဆိုင်ရာများနှင့်တကွ ကျွန်းမြို့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဗာဗုလုန်လူမျိုးသည် ကုန်းတွင်းပိုင်းမြို့ကို ဖျက်ဆီးလိုက်သည်။ နောင်အနှစ် ၁၀၀ နီးပါးခန့်ကြာသော် ယေဟောဝါသည် ပရောဖက်ဇာခရိအား တုရုမြို့အပေါ် မိမိ၏တရားစီရင်ချက်ကို ဤသို့ကြေညာစေခဲ့သည်– ‘ထာဝရဘုရားသခင်သည် သူတစ်ပါးလက်သို့သူ့ကိုအပ်၍ သူ့ ခွန်အားကို ပင်လယ်ထဲသို့ချတော်မူသဖြင့် မြို့သည် မီးဖြင့်ကျွမ်းလောင်လိမ့်မည်။’—ဇာခရိ ၉:၃၊ ၄

ဘီစီ ၃၃၂ တွင် ထိုကျွန်းမြို့သည် မဟာအလက်ဇန္ဒားလက်ချက်ဖြင့် ပျက်စီးသွားရာ ဇာခရိ၏ပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။ အလက်ဇန္ဒားသည် ကုန်းတွင်းပိုင်းမြို့ဟောင်း၏ အပျက်အယွင်းမှ သစ်သားနှင့်ကျောက်တုံးများကိုသုံး၍ ကျွန်းမြို့သို့ မိုင်ဝက်ခန့်ရှည်သော တာရိုးကိုဆောက်လုပ်ခဲ့သည်။ ယင်းကိုလည်း ယေဇကျေလ ကြိုပရောဖက်ပြုခဲ့၏။—ယေဇကျေလ ၂၆:၄၊ ၁၂

[စာမျက်နှာ ၂၇ ပါပုံ]

“တုရုမြို့ကို ဝိုင်းရံပိတ်ဆို့ခြင်း”

[အသိအမှတ်ပြုစာ]

Drawing by Andre Castaigne (1898-1899)