“မသန်မစွမ်းဖြစ်နေပေမဲ့ ထာဝရမဟုတ်”
“မသန်မစွမ်းဖြစ်နေပေမဲ့ ထာဝရမဟုတ်”
စာရာ ဗန် ဒါ မွန်း ပြောပြသည်
“စာရာ၊ ညီမရဲ့အပြုံး အရမ်းလှတယ်။ ဘာကြောင့် အမြဲတမ်းပြုံးနေနိုင်တာလဲ” လို့ လူတွေက ကျွန်မကို ပြောလေ့ရှိတယ်။ ကျွန်မမှာ ထူးမြတ်တဲ့မျှော်လင့်ချက်တစ်ခုရှိတယ်လို့ သူတို့ကို ပြောပြတယ်။ အဲဒါကို “အခုချိန်မှာ မသန်မစွမ်းဖြစ်နေပေမဲ့ ထာဝရမဟုတ်ဘူး” ဆိုတဲ့စကားနဲ့ အနှစ်ချုပ်နိုင်တယ်။
ကျွန်မကို ၁၉၇၄ ခုနှစ်၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မွေးဖွားခဲ့တယ်။ ကျွန်မကို ခက်ခက်ခဲခဲမွေးဖွားခဲ့ရပြီး နောက်တော့ ကျွန်မမှာ ဦးနှောက်လေဖြတ်တဲ့ ရောဂါရှိတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မ သိပ်မလှုပ်ရှားနိုင်ဘဲ စကားပြောတဲ့အခါမှာလည်း ဗလုံးဗထွေးဖြစ်နေတယ်။ တက်တဲ့ရောဂါလည်းရှိပြီး ရောဂါကူးစက်ခံရဖို့လည်း အရမ်းလွယ်တယ်။
ကျွန်မအသက်နှစ်နှစ်အရွယ်မှာ ကျွန်မတို့မိသားစုက ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကို ပြောင်းရွှေ့ခဲ့ကြတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ အဖေက အမေနဲ့ကျွန်မကို ထားသွားခဲ့တယ်။ အဲဒီအချိန်က ပထမဆုံးအကြိမ်အဖြစ် ဘုရားသခင်ကို အားကိုးမိတဲ့အချိန်ဖြစ်တယ်။ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့အမေက ကျွန်မကို ခရစ်ယာန်အစည်းအဝေးတွေ မှန်မှန်ခေါ်သွားလို့ ဘုရားသခင်က ကျွန်မကိုချစ်ပြီး ဂရုစိုက်တယ်ဆိုတာ သိလာတယ်။ အဲဒီအပြင် အမေ့မေတ္တာနဲ့ အားပေးနှစ်သိမ့်မှုကြောင့် ဒီအခြေအနေကြုံနေရပေမဲ့ လုံခြုံတယ်လို့ ခံစားခဲ့ရတယ်။
ယေဟောဝါထံ ဘယ်လိုဆုတောင်းရမယ်ဆိုတာကိုလည်း အမေက သင်ပေးတယ်။ တကယ်တော့ စကားပြောတာထက် ဆုတောင်းတာက ကျွန်မအတွက် ပိုလွယ်တယ်ဆိုတာ သိလာရတယ်။ ဆုတောင်းတဲ့အခါ စကားလုံးတွေကို အသံထွက်ပြောဖို့ ကြိုးစားစရာမလိုတဲ့အတွက် ကျွန်မရဲ့ဆုတောင်းချက်ကို စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ကြားနေရသလိုပဲ။ ကျွန်မပြောတဲ့စကားလုံးတွေက နားလည်ရခက်ပေမဲ့ ကျွန်မ စိတ်ထဲကပြောတာပဲဖြစ်စေ၊ ဗလုံးဗထွေးပြောနေတာပဲဖြစ်စေ ဒါတွေအားလုံးကို ယေဟောဝါနားလည်တယ်ဆိုတာသိရလို့ နှစ်သိမ့်မှုခံစားရတယ်။—ဆာ. ၆၅:၂။
အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း
ကျွန်မအသက်ငါးနှစ်ရှိတဲ့အခါ ကျွန်မရဲ့အခြေအနေက လမ်းလျှောက်ဖို့အတွက် လေးလံတဲ့ခြေထိန်းသတ္တုဒေါက်လိုတဲ့အထိ ဖြစ်လာတယ်။ ကျွန်မလမ်းလျှောက်တဲ့အခါ ကျွန်မရဲ့ပုံစံက တယီးတယိုင်ဖြစ်နေတယ်။ အသက် ၁၁ နှစ်ရောက်တော့ လမ်းတောင်မလျှောက်နိုင်တော့ဘူး။ အိပ်ရာပေါ်ကနေ စက်တပ်ထားတဲ့ဘီးတပ်ကုလားထိုင်ပေါ်ကို လျှပ်စစ်ရွှေ့ပြောင်းစက်အကူအညီနဲ့ ရွှေ့ပြောင်းရတယ်။ ဘီးတပ်ကုလားထိုင်ကို ကျွန်မ မောင်းတံနဲ့ထိန်းတယ်။
မသန်မစွမ်းမှုကြောင့် ကျွန်မ ဝမ်းနည်းတဲ့အချိန်တွေရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မျိုးမှာ “မလုပ်နိုင်တာအတွက် မပူနဲ့။ လုပ်နိုင်တာကိုပဲလုပ်” ဆိုတဲ့ ကျွန်မတို့ရဲ့မိသားစုဆောင်ပုဒ်ကို သတိရတယ်။ ဒီဆောင်ပုဒ်ကြောင့် မြင်းစီးတာ၊ ရွက်လွှင့်တာ၊ လှေလှော်တာ၊ အပျော်ခရီးထွက်ပြီး စခန်းချတာ၊ ကားလမ်းမပေါ်မဟုတ်ဘဲ ပတ်လမ်းကြောင်းပေါ် ကားမောင်းတာ စတာတွေကို လုပ်နိုင်ခဲ့တယ်။ အနုပညာကို ဝါသနာပါတဲ့အတွက် ပန်းချီဆွဲတယ်၊ စက်ချုပ်တယ်၊ ဂွမ်းစောင်ချုပ်တယ်၊ ဇာထိုးပန်းထိုးလုပ်တယ်၊ ကြွေထည်တွေလုပ်တယ်။
ကျွန်မရဲ့ မသန်မစွမ်းမှုကြောင့် တချို့သူတွေက ကျွန်မမှာ ဘုရားသခင်ကိုဝတ်ပြုဖို့ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်ရှိပါ့မလားလို့
သံသယဝင်ကြတယ်။ အသက် ၁၈ နှစ်ရောက်တဲ့အခါ ကျောင်းဆရာမက အမေ့ရဲ့ဘာသာတရားအောက်ကနေ “လွတ်မြောက်” ဖို့ အိမ်ကနေထွက်ဖို့ တိုက်တွန်းခဲ့တယ်။ ကျွန်မနေဖို့ အခန်းရှာပေးမယ်လို့တောင် ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ယုံကြည်ခြင်းကိုတော့ ကျွန်မဘယ်တော့မှမစွန့်ဘူး၊ ကျွန်မ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့ အချိန်ကျရင်တော့ ကျွန်မ အိမ်ကနေထွက်သွားမယ်လို့ ပြောလိုက်တယ်။အဲဒီလိုဖြစ်ပြီး သိပ်မကြာမီမှာ ကျွန်မ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံလိုက်တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက် ကျွန်မ တိုက်ခန်းကျဉ်းလေးတစ်ခုမှာ ပြောင်းနေတယ်။ ဒီမှာ ကျွန်မလိုအပ်တဲ့အကူအညီလည်းရပြီး လွတ်လပ်မှုလည်းရှိလို့ ကျွန်မပျော်တယ်။
မမျှော်လင့်ဘဲ လက်ထပ်ခွင့်တောင်းခံရ
နှစ်တွေတစ်လျှောက်မှာ ယုံကြည်ခြင်းစမ်းသပ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ တစ်နေ့မှာ ကျွန်မလိုပဲ မသန်စွမ်းတဲ့ ကျောင်းနေဖက်တစ်ယောက်က ကျွန်မကို လက်ထပ်ခွင့်တောင်းလို့ အံ့ဩသွားတယ်။ အစပိုင်းမှာတော့ ကြည်နူးမိတယ်။ မိန်းကလေးအများစုလိုပဲ ကျွန်မလည်း ဘဝလက်တွဲဖော်တစ်ယောက်ရှိဖို့ တမ်းတမိတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံး မသန်မစွမ်းဖြစ်နေတဲ့ဘဝတူတွေမို့လို့ အိမ်ထောင်ပျော်ရွှင်မယ်ဆိုတဲ့ အာမခံချက်မဟုတ်ဘူး။ ဒါ့အပြင် သူက ကျွန်မနဲ့ ယုံကြည်ခြင်းမတူဘူး။ ကျွန်မတို့ရဲ့ ယုံကြည်ချက်တွေ၊ လုပ်ဆောင်မှုတွေနဲ့ ပန်းတိုင်တွေက လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်။ မတူညီတဲ့ဘဝနှစ်ခုကို ဘယ်လို ပေါင်းစပ်မလဲ။ ယုံကြည်သူချင်းကိုပဲ လက်ထပ်ပါဆိုတဲ့ ဘုရားသခင်ရဲ့ရှင်းလင်းတဲ့ညွှန်ကြားချက်ကို နာခံဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ (၁ ကော. ၇:၃၉) ဒါကြောင့် သူ့ရဲ့ကမ်းလှမ်းမှုကို လက်မခံနိုင်ဘူးလို့ ယဉ်ယဉ်ကျေးကျေးငြင်းလိုက်တယ်။
ကျွန်မရဲ့ ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ ကျွန်မသိတယ်။ ဘုရားသခင့်ကတိထားရာ ကမ္ဘာသစ်မှာ ကျွန်မပျော်ရွှင်ရမယ်ဆိုတာလည်း သံသယမရှိဘူး။ (ဆာ. ၁၄၅:၁၆; ၂ ပေ. ၃:၁၃) ဒီအချိန်မှာတော့ ယေဟောဝါကို ကျွန်မဆက်သစ္စာတည်ကြည်မယ်၊ ကျွန်မရဲ့ လက်ရှိအခြေအနေမှာပဲ ကျေနပ်နေမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။
ဘီးတပ်ကုလားထိုင်ပေါ်ကနေထပြီး လွတ်လွတ်လပ်လပ်ပြေးလွှားနိုင်မယ့်နေ့ကို ကျွန်မမျှော်လင့်တောင့်တနေပါတယ်။ အဲဒီအချိန်ကျရင် ကျွန်မက “အရင်တုန်းကတော့ မသန်မစွမ်းဖြစ်ခဲ့တယ်၊ အခုတော့ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲ၊ ဒီလို ထာဝစဉ်ဖြစ်မယ်” လို့ ကြွေးကြော်မှာပါ။