ငြိမ်သက်ခြင်းရှိဖို့ အစဉ်ကြိုးစားအားထုတ်ပါ
ငြိမ်သက်ခြင်းရှိဖို့ အစဉ်ကြိုးစားအားထုတ်ပါ
‘ငြိမ်သက်ခြင်းရှိစေသောအမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ကြစို့။’ —ရော. ၁၄:၁၉။
၁၊ ၂။ ယေဟောဝါသက်သေတွေအလယ်မှာ ဘာကြောင့် ငြိမ်သက်မှုရှိတာလဲ။
ယနေ့လောကမှာ စစ်မှန်တဲ့ငြိမ်သက်ခြင်း မရှိသလောက်ဖြစ်နေပြီ။ လူမျိုးတူ၊ ဘာသာစကားတူတဲ့သူတွေတောင်မှ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးကြောင့် တကွဲတပြားဖြစ်လေ့ရှိတယ်။ ဒါပေမဲ့ “လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများအားလုံးထဲမှ ထွက်လာသူများ” ဖြစ်ကြတဲ့ ယေဟောဝါရဲ့လူတွေအလယ်မှာတော့ ငြိမ်သက်ခြင်းရှိတယ်။—ဗျာ. ၇:၉။
၂ ကျွန်ုပ်တို့အလယ်မှာရှိတဲ့ ငြိမ်သက်ခြင်းက အလိုလိုဖြစ်လာတာမဟုတ်ဘူး။ အဓိကအကြောင်းကတော့ ကျွန်ုပ်တို့အတွက် ရွေးနုတ်ဖိုးပေးခဲ့တဲ့ သားတော်ကိုယုံကြည်ခြင်းအားဖြင့် “ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကိုခံစားကြ” ရလို့ဖြစ်တယ်။ (ရော. ၅:၁; ဧ. ၁:၇) ဒါ့အပြင် စစ်မှန်တဲ့ဘုရားသခင်က မိမိရဲ့တည်ကြည်တဲ့ကျေးကျွန်တွေကို သန့်ရှင်းသောစွမ်းအားတော်ပေးပြီး စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေထဲမှာ ငြိမ်သက်ခြင်းပါဝင်တယ်။ (ဂလ. ၅:၂၂) ကျွန်ုပ်တို့ စည်းလုံးငြိမ်သက်တဲ့ နောက်အကြောင်းရင်းတစ်ခုက ကျွန်ုပ်တို့က “လောကနှင့်မသက်ဆိုင်” လို့ဖြစ်တယ်။ (ယော. ၁၅:၁၉) နိုင်ငံရေးမှာ ပါဝင်ပတ်သက်မယ့်အစား ကြားနေကြတယ်။ “ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာ ထုလုပ်ကြ” ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပစစ်ပွဲတွေမှာ မပါဝင်ကြဘူး။—ဟေရှာ. ၂:၄။
၃။ ဘယ်အရာက ငြိမ်သက်မှုရှိစေနိုင်တာလဲ၊ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၃ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေကို ထိခိုက်စေတဲ့အရာတွေကို မလုပ်ခြင်းကြောင့်သာ အချင်းချင်းကြားမှာ ငြိမ်သက်မှုရှိတာမဟုတ်ဘူး။ ယေဟောဝါသက်သေတွေရဲ့အသင်းသားတွေက လူမျိုးမတူ၊ ယဉ်ကျေးမှုကွဲပြားပေမဲ့ “အချင်းချင်းချစ်ကြ” တယ်။ (ယော. ၁၅:၁၇) ကျွန်ုပ်တို့ရဲ့ ငြိမ်သက်ခြင်းက ‘လူတိုင်းကို ကောင်းမှုပြုစေပြီး အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို ကောင်းမှုပြုစေ’ တယ်။ (ဂလ. ၆:၁၀) ယေဟောဝါ၊ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေနဲ့ ငြိမ်သက်မှုရှိခြင်းက အလွန်အဖိုးထိုက်ပြီး ဒါကို ကာကွယ်ထိန်းသိမ်းဖို့လိုတယ်။ ဒါကြောင့် အသင်းတော်မှာ ငြိမ်သက်ခြင်းဆက်ရှိနိုင်ဖို့ ဘယ်လိုလုပ်နိုင်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။
အမှားပြုလုပ်မိတဲ့အခါ
၄။ ကျွန်ုပ်တို့က တစ်ယောက်ယောက်အပေါ် အပြစ်လုပ်မိတယ်ဆိုရင် ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းဖို့ ဘာလုပ်နိုင်သလဲ။
၄ ‘ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိလျှင် ထိုသူသည် စုံလင်သောသူဖြစ်၏’ လို့တပည့်ဖြစ်သူယာကုပ် ရေးခဲ့တယ်။ (ယာ. ၃:၂) ဒါကြောင့် ယုံကြည်သူချင်းတွေကြားမှာ သဘောထားမတိုက်ဆိုင်တာ၊ နားလည်မှုလွဲတာတွေရှိတယ်။ (ဖိ. ၄:၂၊ ၃) ဒါပေမဲ့ အသင်းတော်ရဲ့ငြိမ်သက်မှုကို မထိခိုက်စေဘဲ အချင်းချင်းကြားမှာရှိတဲ့ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့က တစ်ယောက်ယောက်အပေါ် အပြစ်လုပ်မိတယ်ဆိုရင် ကျွန်ုပ်တို့ကျင့်သုံးသင့်တဲ့ အကြံပြုချက်ကိုဖတ်ကြည့်ပါ။—မဿဲ ၅:၂၃၊ ၂၄ ကိုဖတ်ပါ။
၅။ ကျွန်ုပ်တို့ပြစ်မှားခံရတဲ့အခါ ငြိမ်သက်ခြင်းကို ဘယ်လို ဆက်ထိန်းသိမ်းထားနိုင်သလဲ။
၅ တစ်ယောက်ယောက်က ကျွန်ုပ်တို့အပေါ် မဆိုစလောက်အပြစ်လေး လုပ်မိတယ်ဆိုရင်ကော။ သူ လာတောင်းပန်တာကို စောင့်နေသင့်သလား။ ၁ ကောရိန္သု ၁၃:၅ မှာ ‘မေတ္တာသည် ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်’ လို့ဖော်ပြထားတယ်။ ပြစ်မှားခံရတဲ့အခါ “ထိခိုက်နစ်နာမှုကို မှတ်၍မထား” ဘဲ ခွင့်လွှတ်ပြီး မေ့ပစ်လိုက်ခြင်းအားဖြင့် ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းထားနိုင်တယ်။ (ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။) အသေးအဖွဲအပြစ်လေးတွေကို ဒီနည်းနဲ့ဖြေရှင်းခြင်းက အကောင်းဆုံးပဲ၊ ဒီလိုလုပ်ခြင်းက ယုံကြည်သူချင်းတွေနဲ့ ငြိမ်သက်တဲ့ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားနိုင်ပြီး ကျွန်ုပ်တို့ကိုယ်တိုင်လည်း စိတ်ငြိမ်သက်မှု ခံစားရတယ်။ ပညာရှိစကားတစ်ခွန်းက ‘သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည် အသရေရှိ၏’ လို့ဆိုတယ်။—သု. ၁၉:၁၁။
၆။ ပြစ်မှားခံရတာကို မေ့ပစ်ဖို့ အရမ်းခက်တယ်ဆိုရင် ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။
၆ ပြစ်မှားခံရတာကို မေ့ပစ်ဖို့ အရမ်းခက်တယ်ဆိုရင်ကော။ ဒီအကြောင်းကို လူတကာကို လျှောက်ပြောတာက ပညာရှိရာမရောက်ဘူး။ ဒီလိုအတင်းအဖျင်းပြောခြင်းက အသင်းတော်ရဲ့ငြိမ်သက်ခြင်း ထိခိုက်တာပဲရှိမယ်။ ပြဿနာကို ငြိမ်သက်စွာဖြေရှင်းဖို့ ဘာလုပ်သင့်သလဲ။ မဿဲ ၁၈:၁၅ ကဒီလိုပြောတယ်– “သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ထံသွား၍ နှစ်ယောက်ချင်း သူ၏အပြစ်ကို ဖော်ပြဆုံးမလော့။ သင်၏စကားကို သူနားထောင်လျှင် ညီအစ်ကိုကိုရပြီ။” မဿဲ ၁၈:၁၅-၁၇ က ကြီးလေးတဲ့အပြစ်တွေနဲ့သက်ဆိုင်ပေမဲ့ အခန်းငယ် ၁၅ မှာပါတဲ့မူအရ ကျွန်ုပ်တို့ကိုပြစ်မှားသူနဲ့ နှစ်ဦးတည်းတွေ့ဆုံပြီး ငြိမ်သက်တဲ့ဆက်ဆံရေး ပြန်ရရှိအောင် ကြိုးစားသင့်တယ်။ *
၇။ ပြဿနာကို ဘာကြောင့် အလျင်အမြန်ဖြေရှင်းသင့်သလဲ။
၇ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– ‘ဒေါသထွက်လျှင်လည်း အပြစ်မပြုနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကို အခွင့်မပေးကြနှင့်။’ (ဧ. ၄:၂၆၊ ၂၇) ‘သင့်ကို တရားစွဲဆိုသူနှင့် ပြေလည်အောင် ချက်ချင်းလုပ်ဆောင်’ ပါလို့ ယေရှု မိန့်တော်မူခဲ့တယ်။ (မ. ၅:၂၅) ဒါကြောင့် ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းဖို့ ပြဿနာကို အလျင်အမြန်ဖြေရှင်းဖို့လိုတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရတဲ့အဖြစ်မျိုး ရောက်သွားနိုင်တယ်။ ဒါကြောင့် မာန၊ မနာလိုမှု၊ ငွေတပ်မက်မှုကြောင့် ကျွန်ုပ်တို့နဲ့ ညီအစ်ကိုညီအစ်မကြားမှာရှိတဲ့ပြဿနာကို မဖြေရှင်းဘဲ မနေသင့်ဘူး။—ယာ. ၄:၁-၆။
ပြဿနာမှာ လူအများ ပါဝင်ပတ်သက်တဲ့အခါ
၈၊ ၉။ (က) ရောမအသင်းတော်မှာ ဘယ်သဘောထားကွဲလွဲမှု ဖြစ်ခဲ့သလဲ။ (ခ) ရောမမှာရှိတဲ့ခရစ်ယာန်တွေကို ပေါလု ဘယ်လိုဆုံးမခဲ့သလဲ။
၈ တစ်ခါတလေ အသင်းတော်မှာ သဘောထားကွဲလွဲမှုက ရော. ၁၄:၁-၆။
လူနှစ်ယောက်တည်းမဟုတ်ဘဲ လူအများပါဝင်ပတ်သက်တဲ့အခါတွေ ရှိတယ်။ ပေါလုစာရေးခဲ့တဲ့ ရောမအသင်းတော်မှာလည်း ဒီအတိုင်းဖြစ်ခဲ့တယ်။ ဂျူးခရစ်ယာန်တချို့နဲ့ ဂျူးမဟုတ်တဲ့လူမျိုးခြားခရစ်ယာန်တချို့ ပြဿနာဖြစ်ခဲ့တယ်။ ကိုယ်ကိုယ်ကိုယ်သိသောစိတ်အားနည်းပြီး အကဲဆတ်တဲ့သူတွေကို အထင်သေးတဲ့သူတချို့ရှိနေတယ်။ ကိုယ်ကိုယ်ကိုယ်သိသောစိတ်အားနည်းသူတွေကလည်း တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အပြစ်တင်ပြန်တယ်။ ပေါလု အသင်းတော်ကို ဘယ်လိုအကြံပြုခဲ့သလဲ။—၉ ပေါလုက နှစ်ဖက်စလုံးကို ဆုံးမခဲ့တယ်။ မောရှေပညတ်အောက်မှာမရှိတော့ဘူးဆိုတာ နားလည်တဲ့သူတွေက တခြားသူတွေကို အထင်မသေးဖို့ ပေါလုပြောခဲ့တယ်။ (ရော. ၁၄:၂၊ ၁၀) ဒီလိုအထင်သေးတာက ပညတ်တရားကတားမြစ်ထားတဲ့ အစားအစာတွေစားဖို့ စိတ်မသိုးမသန့်ဖြစ်နေတဲ့ ယုံကြည်သူတွေကို တိုက်မိလဲစေနိုင်တယ်။ “အစားအစာအတွက် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်တော့” လို့ပေါလု သူတို့ကို သတိပေးခဲ့တယ်။ “အသားစားခြင်းဖြစ်စေ၊ ဝိုင်သောက်ခြင်းဖြစ်စေ၊ သင့်ညီအစ်ကိုကို တိုက်မိ၍လဲစေမည့်အရာမှန်သမျှကိုဖြစ်စေ မပြုဘဲနေသင့်” တယ်။ (ရော. ၁၄:၁၄၊ ၁၅၊ ၂၀၊ ၂၁) တစ်ဖက်မှာလည်း ကိုယ်ကိုယ်ကိုယ်သိသောစိတ် အကဲဆတ်တဲ့သူတွေက သူတို့လုပ်သလို လိုက်မလုပ်တဲ့ တခြားသူတွေကို မစီရင်ဖို့ ပေါလုပြောခဲ့တယ်။ (ရော. ၁၄:၁၃) “ကိုယ်ကိုထင်သင့်သည်ထက် လွန်၍မထင်” ဖို့လည်း သူပြောခဲ့တယ်။ (ရော. ၁၂:၃) ပြဿနာမှာပါဝင်တဲ့သူနှစ်ဖက်စလုံးကို တည့်မတ်ပေးပြီးတဲ့နောက် ပေါလုဒီလိုပြောခဲ့တယ်– “ထို့ကြောင့် ငါတို့သည် ငြိမ်သက်ခြင်းရှိစေသော၊ အချင်းချင်း တည်ဆောက်ပေးသောအမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ကြစို့။”—ရော. ၁၄:၁၉။
၁၀။ ပထမရာစု ရောမအသင်းတော်လိုပဲ ယနေ့ ပြဿနာတွေဖြေရှင်းရာမှာ ဘာလုပ်ဖို့လိုသလဲ။
၁၀ ရောမအသင်းတော်ကခရစ်ယာန်တွေ ပေါလုရဲ့ဆုံးမစကားကိုလက်ခံပြီး လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့မယ်ဆိုတာ သေချာတယ်။ ယနေ့လည်း ခရစ်ယာန်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာတဲ့အခါ ကျမ်းစာအကြံပြုချက်တွေကို ရှာဖွေ၊ ကျင့်သုံးခြင်းအားဖြင့် မေတ္တာနဲ့ဖြေရှင်းသင့်တယ်မဟုတ်လား။ ရောမခရစ်ယာန်တွေလိုပဲ ယနေ့ ပြဿနာရဲ့ နှစ်ဖက်စလုံးမှာပါဝင်ပတ်သက်တဲ့သူတွေက “အချင်းချင်းသင့်တင့်ငြိမ်သက်စွာနေ” ဖို့ ပြုပြင်ပြောင်းလဲမှု လုပ်ရပါလိမ့်မယ်။—မာ. ၉:၅၀။
အကူအညီလိုတဲ့အခါ
၁၁။ ခရစ်ယာန်တစ်ဦးက ယုံကြည်သူချင်းတစ်ဦးနဲ့ ပြဿနာဖြစ်ပြီး စကားပြောချင်တဲ့အခါ အကြီးအကဲတစ်ဦး ဘာလုပ်သင့်သလဲ။
၁၁ ခရစ်ယာန်တစ်ဦးက မိသားစုဝင်တစ်ဦး ဒါမှမဟုတ် ယုံကြည်သူချင်းတစ်ဦးနဲ့ ပြဿနာဖြစ်ပြီး အကြီးအကဲနဲ့စကားပြောချင်တဲ့အခါ ဘယ်လိုလုပ်မလဲ။ သမ္မာကျမ်းစာမှာ ဒီလိုပြောတယ်– အကူအညီလိုအပ်နေသူရဲ့ “အော်ဟစ်သံကိုမကြားလို၍ နားကိုပိတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍ အဘယ်သူမျှမကြားရ။” (သု. ၂၁:၁၃) အကြီးအကဲက “နားကိုပိတ်” ထားမှာမဟုတ်ဘူးဆိုတာ သေချာတယ်။ ဒါပေမဲ့ နောက်ပညာရှိစကားက ဒီလိုဆိုတယ်– “ကိုယ့်အမှုကို အဦးလျှောက်လဲသောသူသည် မှန်ဟန်ရှိသော်လည်း တစ်ဖက်သားလာ၍ စစ်ကြောတတ်၏။” (သု. ၁၈:၁၇၊ သမ္မာ) အကြီးအကဲက ကြင်နာစွာနားထောင်သင့်တယ်၊ ဒါပေမဲ့ တစ်ဖက်စကားကိုပဲ နားမယောင်မိဖို့ ဂရုစိုက်သင့်တယ်။ သေချာနားထောင်ပြီးတဲ့နောက် ပြဿနာဖြစ်တဲ့သူနဲ့ စကားပြောပြီးပြီလားလို့ မေးနိုင်တယ်။ ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းနိုင်ဖို့ ကျမ်းစာမှာဖော်ပြထားတဲ့အဆင့်တွေကို သူနဲ့ပြန်သုံးသပ်နိုင်တယ်။
၁၂။ တစ်ဖက်စကားကိုပဲနားထောင်ပြီး ချက်ချင်းဆုံးဖြတ်ခြင်းက အန္တရာယ်ရှိကြောင်း ဘယ်ကျမ်းစာပုံနမူနာသုံးခုက ဖော်ပြသလဲ။
၁၂ သမ္မာကျမ်းစာပါ ပုံနမူနာသုံးခုက တစ်ဖက်စကားကိုပဲနားထောင်ပြီး ချက်ချင်းဆုံးဖြတ်တာက အန္တရာယ်ရှိကြောင်းဖော်ပြတယ်။ ယောသပ် သူ့ကို မုဒိမ်းကျင့်ဖို့ကြိုးစားတယ်လို့ လုပ်ကြံပြောတဲ့ ဇနီးရဲ့စကားကို ပေါတိဖာ ယုံကြည်ခဲ့တယ်။ ပေါတိဖာဒေါသူပုန်ထပြီး ယောသပ်ကို ထောင်ချလိုက်တယ်။ (က. ၃၉:၁၉၊ ၂၀) မေဖိဗောရှက်က ရန်သူတွေနဲ့ ပူးပေါင်းသွားပြီလို့ ဇိဘပြောတာကို ဘုရင်ဒါဝိဒ်ယုံကြည်ခဲ့တယ်။ ဒါဝိဒ်က မစဉ်းစားမဆင်ခြင်ဘဲ “မေဖိဗောရှက်နှင့်ဆိုင်သမျှသောဥစ္စာသည် သင့်ဥစ္စာဖြစ်စေ” လို့ ပြောခဲ့တယ်။ (၂ ရာ. ၁၆:၄; ၁၉:၂၅-၂၇) ပါရှန်းအင်ပါယာကိုပုန်ကန်ဖို့ ဂျူးတွေ ဂျေရုဆလင်မြို့ရိုးတည်ဆောက်နေပြီဆိုတဲ့ သတင်းအမှားကို ဘုရင်အာတဇေရဇ် ယုံကြည်ခဲ့ပြီး တည်ဆောက်ခြင်းအလုပ်ကိုရပ်လိုက်ဖို့ အမိန့်ထုတ်ခဲ့တယ်။ ရလဒ်က ဘုရားသခင့်အိမ်တော်တည်ဆောက်ခြင်းလုပ်ငန်း ရပ်ဆိုင်းသွားခဲ့တယ်။ (ဧဇ. ၄:၁၁-၁၃၊ ၂၃၊ ၂၄) အကြောင်းစုံမသိဘဲမစီရင်ဖို့ တိမောသေကို ပေါလုပြောခဲ့တဲ့စကားကို ခရစ်ယာန်အကြီးအကဲတွေ လိုက်လျှောက်ခြင်းက ပညာရှိရာရောက်တယ်။—၁ တိမောသေ ၅:၂၁ ကိုဖတ်ပါ။
၁၃၊ ၁၄။ (က) လူနှစ်ဦးကြားမှာ ပြဿနာဖြစ်တဲ့အခါ ဘယ်အချက်ကို သတိရဖို့လိုသလဲ။ (ခ) အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်မှန်ကန်စေဖို့ ဘာက အကူအညီပေးနိုင်သလဲ။
၁၃ ဖြစ်ကြောင်းကုန်စင်ကိုသိရပြီလို့ ယူဆရရင်တောင် “မည်သူမဆို တစ်စုံတစ်ရာကိုသိပြီဟု ထင်မှတ်လျှင် ထိုသူသည် သိသင့်သိအပ်သည့်အတိုင်း မသိသေး” ဆိုတဲ့အချက်ကို သတိရဖို့အရေးကြီးတယ်။ (၁ ကော. ၈:၂) ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းအသေးစိတ်ကို တကယ်သိပြီလား။ ပြဿနာဖြစ်တဲ့ပုဂ္ဂိုလ်တွေအကြောင်းကို သေသေချာချာသိသလား။ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့အခါ အကြီးအကဲတွေက အလိမ်အညာစကားတွေ၊ ကောလာဟလတွေ၊ လုပ်ကြံဖန်တီးထားမှုတွေနဲ့ လှည့်စားမခံရဖို့ အထူးသတိထားရမှာဖြစ်တယ်။ ဘုရားသခင်ခန့်အပ်ထားတဲ့ တရားသူကြီး ယေရှုခရစ်က ဖြောင့်မတ်မှန်ကန်စွာ တရားစီရင်တယ်။ ကိုယ်တော်က “မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်” ဘူး။ (ဟေရှာ. ၁၁:၃၊ ၄) ယေရှုက ယေဟောဝါရဲ့စွမ်းအားတော်လမ်းညွှန်မှုကို ခံယူတယ်။ အလားတူပဲ ခရစ်ယာန်အကြီးအကဲတွေလည်း ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကိုခံယူခြင်းအားဖြင့် အကျိုးခံစားကြရတယ်။
၁၄ အကြီးအကဲတွေက ယုံကြည်သူချင်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ဆုံးဖြတ်ချက်မချခင် ယေဟောဝါရဲ့စွမ်းအားတော်အကူအညီရဖို့ ဆုတောင်းဖို့လိုတယ်။ သူတို့က သမ္မာကျမ်းစာ၊ သစ္စာနဲ့သတိပညာရှိကျွန်ထုတ်ဝေတဲ့ စာပေတွေကို အသုံးပြုခြင်းအားဖြင့် ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကို ခံယူကြတယ်။—မ. ၂၄:၄၅။
ဘုရားသခင်နဲ့ ငြိမ်သက်တဲ့ဆက်ဆံရေးရှိဖို့လို
၁၅။ တစ်စုံတစ်ဦးက ကြီးလေးတဲ့အမှားလုပ်တာကို ကျွန်ုပ်တို့သိတယ်ဆိုရင် ဘယ်အချိန်မှာ အကြီးအကဲတွေကို အသိပေးသင့်သလဲ။
၁၅ ငြိမ်သက်ခြင်းကိုထိန်းသိမ်းဖို့ ကြိုးစားအားထုတ်ပါလို့ ခရစ်ယာန်တွေ တိုက်တွန်းခံကြရတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက “အထက်မှဉာဏ်ပညာမူကား ဦးစွာ စင်ကြယ်၏။ ထို့နောက် သင့်မြတ်စွာနေတတ်၏” လို့ ဖော်ပြတယ်။ (ယာ. ၃:၁၇) သင့်မြတ်ခြင်းက စင်ကြယ်ခြင်းနောက်ကဖြစ်တယ်။ စင်ကြယ်ခြင်းဆိုတာ ဘုရားသခင်ရဲ့သန့်ရှင်းတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း နေထိုင်ခြင်းနဲ့ ဖြောင့်မတ်တဲ့တောင်းဆိုချက်တွေကို ပြည့်မီခြင်းဖြစ်တယ်။ ယုံကြည်သူချင်းတစ်ဦးက ကြီးလေးတဲ့အပြစ်ကျူးလွန်တယ်ဆိုတာကို ကျွန်ုပ်တို့သိတယ်ဆိုရင် အကြီးအကဲတွေထံမှာ အပြစ်ဝန်ခံဖို့ သူ့ကို တိုက်တွန်းသင့်တယ်။ (၁ ကော. ၆:၉၊ ၁၀; ယာ. ၅:၁၄-၁၆) အမှားပြုလုပ်သူက အဲဒီအတိုင်းမလုပ်ဘူးဆိုရင် သူ့အကြောင်းသိထားတဲ့သူက အကြီးအကဲတွေကို ပြောပြသင့်တယ်။ အပြစ်ပြုသူနဲ့ ငြိမ်သက်တဲ့ဆက်ဆံရေးရှိလိုတဲ့အတွက် အပြစ်ကိုဖုံးဖိပေးထားတယ်ဆိုရင် သူနဲ့အလိုတူအလိုပါ ဖြစ်သွားစေတယ်။—ဝတ်ပြုရာ ၅:၁ ကိုဖတ်ပါ။
၁၆။ ယေဟုနဲ့ ဘုရင်ယောရံတို့တွေ့ဆုံမှုကနေ ဘာသင်ယူနိုင်သလဲ။
၁၆ ငြိမ်သက်ခြင်းထက် ဘုရားသခင့်ဖြောင့်မတ်ခြင်းက ပိုအရေးကြီးတယ်ဆိုတာ ယေဟုအကြောင်းမှတ်တမ်းက ဖော်ပြတယ်။ ဘုရင် အာဟပ်မိသားစုကို သုတ်သင်ပယ်ရှင်းဖို့ ယေဟုကို ဘုရားသခင်စေလွှတ်ခဲ့တယ်။ အာဟပ်နဲ့ ယေဇဗေလတို့ရဲ့သား ဆိုးညစ်တဲ့ဘုရင် ယောရံက မြင်းရထားစီးပြီး ယေဟုကိုလာတွေ့တဲ့အခါ “ယေဟု၊ ငြိမ်သက်ခြင်းရှိသလော” လို့ မေးခဲ့တယ်။ ယေဟု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ‘သင့်အမိ ယေဇဗေလပြုသော မကောင်းမှု၊ ပြုစားသောအမှုများသောကာလအတွင်းတွင် အဘယ်သို့သောငြိမ်သက်ခြင်းရှိလိမ့်မည်နည်း’ လို့ ပြန်ပြောတယ်။ (၄ ရာ. ၉:၂၂) အဲဒီလိုပြောပြီး ယေဟုက ယောရံရဲ့နှလုံးကို မြားနဲ့ပစ်လိုက်တယ်။ ဒီလိုပဲ အကြီးအကဲတွေလည်း နောင်တမယူဘဲ တမင်တကာအပြစ်ပြုကျင့်သူတွေနဲ့ ငြိမ်သက်တဲ့ဆက်ဆံရေးရှိဖို့ အလျှော့ပေးလိုက်လျောတာမျိုး မလုပ်သင့်ဘူး။ ဘုရားသခင်နဲ့ အသင်းတော်ရဲ့ငြိမ်သက်တဲ့ဆက်ဆံရေးကို ဆက်ထိန်းသိမ်းဖို့ နောင်တမယူတဲ့အပြစ်ပြုသူတွေကို အသင်းတော်ကနေ နှင်ထုတ်တယ်။—၁ ကော. ၅:၁၊ ၂၊ ၁၁-၁၃။
၁၇။ ငြိမ်သက်ခြင်းရှိဖို့ ကြိုးစားအားထုတ်ရာမှာ ခရစ်ယာန်အားလုံး ဘာလုပ်ရမလဲ။
၁၇ ညီအစ်ကိုညီအစ်မတွေကြားမှာဖြစ်လေ့ရှိတဲ့ အငြင်းပွားမှုအများစုက တရားရေးအရကိုင်တွယ်ဖြေရှင်းဖို့လိုတဲ့ ကြီးလေးတဲ့အမှားတွေမဟုတ်ဘူး။ ဒါကြောင့် တခြားသူတွေရဲ့အမှားကို မေတ္တာနဲ့ဖုံးအုပ်လိုက်ခြင်းက ကောင်းပါတယ်။ သမ္မာကျမ်းစာက ဒီလိုပြောတယ်– “သူတစ်ပါးတို့၏အပြစ်ကို ဖြေလွှတ်သောသူသည် ခင်မင်မှုကိုလိုလားသူဖြစ်၏။ အပြစ်ကိုပြန်လည်ဖော်ထုတ်ခြင်းသည် မိတ်ပျက်စေနိုင်လေသည်။” (သု. ၁၇:၉၊ ခမ) ဒီစကားတွေအတိုင်းကျင့်သုံးခြင်းက အသင်းတော်ရဲ့ငြိမ်သက်မှုကို ဆက်ထိန်းထားဖို့၊ ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိဖို့ ကျွန်ုပ်တို့အားလုံးကို ကူညီပေးပါလိမ့်မယ်။—မ. ၆:၁၄၊ ၁၅။
ငြိမ်သက်မှုကိုထိန်းသိမ်းခြင်းက ကောင်းချီးခံစားရစေ
၁၈၊ ၁၉။ ငြိမ်သက်မှုရှိဖို့ အစဉ်ကြိုးစားအားထုတ်ခြင်းကနေ ဘာအကျိုးတွေခံစားရသလဲ။
၁၈ “ငြိမ်သက်ခြင်းရှိစေသောအမှုများကို” လုပ်ဆောင်ခြင်းက ကောင်းချီးခံစားရစေတယ်။ ကိုယ်တော့်နည်းလမ်းတော်တွေကို တုပခြင်းက ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိစေပြီး အသင်းတော်စည်းလုံးမှုရှိအောင် ကျွန်ုပ်တို့ပါဝင်လုပ်ဆောင်နေရာလည်းကျတယ်။ အသင်းတော်မှာ ငြိမ်သက်မှုရှိဖို့ ကြိုးစားအားထုတ်ခြင်းက “ငြိမ်သက်ခြင်းသတင်းကောင်း” ဟောပြောရာမှာ တွေ့ဆုံတဲ့သူတွေနဲ့လည်း ငြိမ်သက်စွာဆက်ဆံတတ်အောင် ကူညီပေးတယ်။ (ဧ. ၆:၁၅) ကျွန်ုပ်တို့က ‘လူခပ်သိမ်းနှင့်ဆက်ဆံရာတွင် သိမ်မွေ့သောသူ၊ အဆိုးကိုသည်းခံနိုင်သောသူတွေ’ ဖြစ်လာမယ်။—၂ တိ. ၂:၂၄။
၁၉ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်” ဆိုတဲ့အချက်ကိုလည်း သတိရပါ။ (တ. ၂၄:၁၅) ကမ္ဘာမြေပေါ် ဒီမျှော်လင့်ချက်ပြည့်စုံလာတဲ့အခါ နောက်ခံအမျိုးမျိုး၊ ပင်ကိုစရိုက်အမျိုးမျိုးရှိသူတွေ ရှင်ပြန်ထမြောက်လာမယ်။ သူတို့တွေက ကမ္ဘာ့နေရာအသီးသီး၊ ခေတ်ကာလအမျိုးမျိုးကလူတွေဖြစ်ပြီး လူ့သမိုင်းအစကလူတွေတောင် ပါဝင်တယ်။ (လု. ၁၁:၅၀၊ ၅၁) ရှင်ပြန်ထမြောက်လာသူတွေကို ငြိမ်သက်ခြင်းလမ်းစဉ်အကြောင်း သင်ပေးရခြင်းက တကယ့်အခွင့်ထူးကြီးဖြစ်ပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်ုပ်တို့ရရှိထားတဲ့ ဒီလေ့ကျင့်မှုက အဲဒီအချိန်အတွက် ကြီးမားတဲ့အထောက်အကူ ဖြစ်ပါလိမ့်မယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 အသရေဖျက်ခြင်း၊ ကလိမ်ကျခြင်းလိုမျိုး ကြီးလေးတဲ့အပြစ်တွေကို ဖြေရှင်းနိုင်တဲ့ ကျမ်းဆိုင်ရာလမ်းညွှန်ချက်ကို ကင်းမျှော်စင်၊ အောက်တိုဘာ ၁၅၊ ၁၉၉၉၊ စာမျက်နှာ ၁၇-၂၂ မှာကြည့်ပါ။
သင် ဘာသိရှိခဲ့ပြီလဲ
• ကျွန်ုပ်တို့က တစ်စုံတစ်ဦးကိုပြစ်မှားမိတယ်ဆိုရင် ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းဖို့ ဘာလုပ်နိုင်သလဲ။
• ကျွန်ုပ်တို့ ပြစ်မှားခံရတဲ့အခါ ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းဖို့ ဘာလုပ်နိုင်သလဲ။
• တခြားသူတွေရဲ့ အငြင်းပွားမှုမှာ ဘက်လိုက်ခြင်းက ဘာကြောင့်ပညာမဲ့ရာကျသလဲ။
• အမှားပြုသူတစ်ဦးဦးနဲ့ ငြိမ်သက်တဲ့ဆက်ဆံရေးရှိဖို့ထက် အမှန်အတိုင်းလုပ်ဆောင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
တခြားသူတွေကို အကြွင်းမဲ့ခွင့်လွှတ်သူတွေကို ယေဟောဝါချစ်မြတ်နိုး