မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေခြင်းကိုကြောက်ရွံ့ခဲ့၊ အခုတော့ ‘ကြွယ်ဝပြည့်စုံတဲ့ အသက်တာ’ ကို စောင့်မျှော်နေ

သေခြင်းကိုကြောက်ရွံ့ခဲ့၊ အခုတော့ ‘ကြွယ်ဝပြည့်စုံတဲ့ အသက်တာ’ ကို စောင့်မျှော်နေ

သေခြင်းကိုကြောက်ရွံ့ခဲ့၊ အခုတော့ ‘ကြွယ်ဝပြည့်စုံတဲ့ အသက်တာ’ ကို စောင့်မျှော်နေ

ပရာယို ဂါ့တီ ပြောပြသည်

ခပ်အုပ်အုပ် မြည်ဟီးသံက တဖြည်းဖြည်းကျယ်လာတယ်။ လူတွေပုန်းရှောင်ဖို့ အချက်ပေးဥသြဆွဲသံတွေလည်း ကြားလာရတယ်။ အဲဒီနောက် ဗုံးပေါက်ကွဲသံ၊ ပျက်စီးပြိုကျသံတွေကို နားစည်ကွဲမတတ် ကြားလိုက်ရတယ်။

ဒီအဖြစ်အပျက်က ၁၉၄၃/၁၉၄၄ ခုနှစ်၊ အီတလီနိုင်ငံ၊ မီလန်မြို့မှာ ဖြစ်နေတာပါ။ ကျွန်တော်က အဲဒီမှာတာဝန်ကျတဲ့ စစ်သားပေါက်စလေးဖြစ်ပြီး တစ်ခါတစ်ခါ ဗုံးဒဏ်ကြောင့်ပြိုကျပျက်စီးနေတဲ့ အပျက်အယွင်းတွေကြားမှာ ပိတ်မိသေဆုံးနေပြီး ရုပ်တောင်မမှတ်မိနိုင်အောင် အပိုင်းပိုင်းဖြစ်နေတဲ့ လူသေအလောင်းတွေကို ရှင်းဖို့တာဝန်ရတတ်တယ်။ တခြားသူတွေသေဆုံးတာကို မြင်တွေ့ရုံလောက်ပဲမဟုတ်ဘူး၊ တစ်ခါတလေ ကျွန်တော်ကိုယ်တိုင်လည်း အသက်ဘေးကနေ သီသီကလေးလွတ်ရုံပဲရှိတယ်။ အဲဒီအချိန်တွေမှာ ကျွန်တော်ဆုတောင်းပြီး အသက်ရှင်လွတ်မြောက်ခဲ့ရင် ကိုယ်တော့်အလိုတော်ဆောင်ပါမယ်လို့ ဘုရားသခင်ကို ကတိပေးခဲ့တယ်။

သေခြင်းကိုကြောက်တဲ့စိတ် ပျောက်သွား

အီတလီနိုင်ငံ၊ ဆွစ်ဇာလန်နယ်စပ်အနားမှာရှိတဲ့ ကိုမိုမြို့ကနေ ခြောက်မိုင်အကွာမှာရှိတဲ့ ရွာလေးတစ်ရွာမှာ ကျွန်တော် ကြီးပြင်းလာခဲ့တယ်။ စပိန်တုပ်ကွေးကြောင့် ကျွန်တော့်အစ်မနှစ်ယောက် ဆုံးပါးသွားတယ်။ ကလေးဘဝမှာ ဝမ်းနည်းကြေကွဲစရာတွေကို ကြုံတွေ့ခဲ့ရပြီး သေခြင်းကိုကြောက်ရွံ့ခဲ့တယ်။ ကျွန်တော်ခြောက်နှစ်သားအရွယ်ပဲရှိသေးတဲ့ ၁၉၃၀ ပြည့်နှစ်မှာ ကျွန်တော့်အမေ ကွယ်လွန်သွားပြန်တယ်။ ကက်သလစ်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့လို့ ဘာသာရေးထုံးစံတွေကို လုပ်ဆောင်ခဲ့ပြီး အပတ်တိုင်း ပွဲတော်တက်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း သေခြင်းကိုကြောက်တဲ့စိတ်က ချာ့ခ်ျမှာမဟုတ်ဘဲ ဆံသဆိုင်တစ်ဆိုင်မှာ ပျောက်သွားတယ်။

၁၉၄၄ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြောင့် လူတွေအတုံးအရုံး သေကြတယ်။ ကျွန်တော်အပါအဝင် သောင်းနဲ့ချီတဲ့စစ်သားတွေက ကြားနေနိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်ကို ပြေးခဲ့ကြတယ်။ အဲဒီကိုရောက်သွားတဲ့အခါ ကျွန်တော်တို့ ဒုက္ခသည်စခန်းကို အပို့ခံရတယ်။ ကျွန်တော်ကတော့ နိုင်ငံရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ ရှတိုင်းနတ်ရွာနားက စခန်းတစ်ခုကို အပို့ခံရတယ်။ အဲဒီမှာ လွတ်လပ်မှုအတော်အတန် ရခဲ့တယ်။ ရှတိုင်းနတ်ရွာမှာရှိတဲ့ ဆံသဆိုင်မှာ ယာယီအလုပ်သမားတစ်ဦး လိုနေတယ်။ ကျွန်တော် အဲဒီမှာနေပြီး တစ်လပဲအလုပ်လုပ်ခွင့်ရခဲ့ပေမဲ့ အဲဒီအချိန်လေးအတွင်းမှာ ကျွန်တော့်ဘဝ ပြောင်းလဲသွားတယ်။

ဆံပင်လာညှပ်သူတစ်ယောက်က ဆွစ်ဇာလန်မှာနေတဲ့ အီတလီလူမျိုး အဒေါ့ဖို တယ်လီနီဖြစ်ပြီး သူက ယေဟောဝါသက်သေတစ်ယောက်ဖြစ်တယ်။ အဲဒီအချိန်တုန်းက အီတလီတစ်နိုင်ငံလုံးမှာမှ သက်သေခံ ၁၅၀ ပဲရှိလို့ အဲဒီအုပ်စုအကြောင်း ကျွန်တော်တစ်ခါမှမကြားဖူးတာ အံ့ဩစရာမဟုတ်ဘူး။ အဒေါ့ဖိုက ကျမ်းစာအမှန်တရား၊ ငြိမ်းချမ်းရေးနဲ့ ‘ကြွယ်ဝတဲ့အသက်တာ’ ကတိတော်တွေအကြောင်း ပြောပြခဲ့တယ်။ (ယော. ၁၀:၁၀; ဗျာ. ၂၁:၃၊ ၄) စစ်နဲ့သေခြင်းမရှိတော့တဲ့ အနာဂတ်အကြောင်း သိလိုက်ရလို့ အရမ်းသဘောကျသွားတယ်။ စခန်းကိုပြန်ရောက်တဲ့အခါ နောက်အီတလီလူငယ်လေးတစ်ဦးဖြစ်တဲ့ ဂျူဇက်ပါ တူဘီနီ ကို အဲဒီအကြောင်း ပြန်ပြောပြတော့ သူလည်း အရမ်းစိတ်ဝင်စားတယ်။ အဒေါ့ဖိုနဲ့ တခြားသက်သေခံတွေက ကျွန်တော်တို့ဆီကို မကြာခဏလာလည်ပတ်ကြတယ်။

အဒေါ့ဖိုက ရှတိုင်းနတ်ရွာကနေ ခြောက်မိုင်အကွာမှာရှိတဲ့ အာဘုန် ကိုခေါ်သွားတယ်၊ အဲဒီမှာ သက်သေခံအုပ်စုငယ်လေးတစ်ခုက အီတလီဘာသာစကားနဲ့ အစည်းအဝေးတွေကို ကျင်းပနေတယ်။ ကြားတဲ့အရာကို အရမ်းစိတ်ဝင်စားသွားလို့ နောက်အပတ်တွေမှာလည်း အဲဒီကို လမ်းလျှောက်ပြီးသွားခဲ့တယ်။ နောက်ပိုင်း ဇူရစ်ခ်မြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးပွဲတစ်ခုကို တက်ခဲ့တယ်။ အထူးသဖြင့် ကျွန်တော်စွဲမှတ်ခဲ့တာက အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့ ဓာတ်ပုံတွေပါတဲ့ ဆလိုက်ရှိုးအစီအစဉ်ဖြစ်တယ်။ ဂျာမန်သက်သေခံများစွာက သူတို့ရဲ့ယုံကြည်ခြင်းကြောင့် အသတ်ခံရတယ်ဆိုတာ ကျွန်တော်သိခဲ့ရတယ်။ အဲဒီစည်းဝေးပွဲမှာ မာရီယာ ပပ်ဇာတိုနဲ့ တွေ့ခဲ့တယ်။ သက်သေခံတစ်ယောက်အနေနဲ့ သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့် အီတလီဖက်ဆစ်အာဏာပိုင်တွေရဲ့ ၁၁ နှစ်ကြာ ထောင်ချခြင်းကို ခံခဲ့ရတယ်။

စစ်ပြီးသွားတဲ့အခါ အီတလီကိုပြန်လာပြီး ကိုမိုမြို့က အသင်းတော်ငယ်လေးနဲ့ ပူးပေါင်းခဲ့တယ်။ ကျွန်တော် စနစ်တကျ ကျမ်းစာမသင်ခဲ့ဖူးပေမဲ့ အခြေခံအမှန်တရားတွေကိုတော့ ကောင်းကောင်းသိနေပြီ။ မာရီယာ ပပ်ဇာတိုလည်း အဲဒီအသင်းတော်ကပဲ။ သူက ကျွန်တော့်ကို နှစ်ခြင်းခံဖို့ပြောပြီး ဆုန်ဒရီယိုပြည်နယ်၊ ကက်စဂျုန်နယ် အဲန်ဒယ်ဗန်နို မှာနေထိုင်တဲ့ မာချယ်လို မာတီနယ်လီဆီသွားဖို့ အကြံပေးတယ်။ မာချယ်လိုက သစ္စာရှိတဲ့ကောင်းကင်အတန်းအစားတစ်ဦးဖြစ်ပြီး အာဏာရှင်တွေအုပ်ချုပ်ချိန်အတွင်းမှာ ၁၁ နှစ်ကြာ အကျဉ်းချခံရသူဖြစ်တယ်။ သူ့ဆီရောက်ဖို့ မိုင် ၅၀ စက်ဘီးနင်းသွားခဲ့ရတယ်။

မာချယ်လိုက နှစ်ခြင်းခံဖို့လိုအပ်တဲ့အချက်တွေကို ကျမ်းစာနဲ့ရှင်းပြပြီး ဆုတောင်းတယ်၊ ပြီးတဲ့နောက် အာဒါမြစ်မှာ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။ အဲဒီနေ့က ၁၉၄၆၊ စက်တင်ဘာလမှာဖြစ်ပြီး ကျွန်တော့်အတွက် အထူးနေ့တစ်နေ့ဖြစ်ခဲ့တယ်။ ယေဟောဝါကိုအမှုဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အနာဂတ်အတွက် ခိုင်မာတဲ့မျှော်လင့်ချက်ကြောင့် ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ အဲဒီနေ့မှာ မိုင် ၁၀၀ စက်ဘီးနင်းခဲ့တာကိုတောင် သတိမထားမိလိုက်ဘူး။

၁၉၄၇၊ မေလမှာ စစ်ပြီးတဲ့နောက် အီတလီရဲ့ပထမဦးဆုံးစည်းဝေးပွဲကို မီလန်မှာ ကျင်းပခဲ့တယ်။ ဖက်ဆစ်တွေရဲ့နှိပ်စက်ညှဉ်းပန်းမှု ခံရသူများစွာပါဝင်တဲ့ စည်းဝေးတက်ရောက်သူ ၇၀၀ ရှိခဲ့တယ်။ အဲဒီစည်းဝေးပွဲမှာ ထူးခြားတာတစ်ခု တွေ့ခဲ့တယ်။ ဒုက္ခသည်စခန်းမှာ ကျွန်တော်သက်သေခံခဲ့တဲ့ ဂျူဇက်ပါ တူဘီနီက နှစ်ခြင်းဟောပြောချက်ပေးတယ်၊ ပြီးတဲ့နောက် သူကိုယ်တိုင်လည်း နှစ်ခြင်းခံခဲ့တယ်။

အဲဒီစည်းဝေးပွဲမှာ ဘရွတ်ကလင်ဗေသလက ညီအစ်ကို နေသန်နောရ်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ ဂျူဇက်ပါနဲ့ ကျွန်တော့်ကို ဘုရားသခင့်အမှုတော်မှာ ပါဝင်ဖို့ အားပေးခဲ့တယ်။ တစ်လအတွင်းမှာပဲ အချိန်ပြည့်လုပ်ငန်းမှာ စပါဝင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်ပြန်ရောက်လို့ ကျွန်တော့်ဆုံးဖြတ်ချက်ကိုပြောပြတဲ့အခါ မိသားစုက အဲဒီလိုမလုပ်ဖို့ ဖျောင်းဖျကြတယ်။ ဒါပေမဲ့ ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ဒါနဲ့ တစ်လကြာပြီးတဲ့နောက် မီလန်ဗေသလမှာ စပြီးအမှုဆောင်တယ်။ အဲဒီမှာ ဂျူဇက်ပါ (ဂျိုးဇက်) ရိုမာနိုနဲ့ ဇနီးအိန်ဂျယ်လီနာ၊ ကာလို ဘေနန်တီနဲ့ ဇနီးကိုစတဲန်စာတို့ ခရစ်ယာန်သာသနာပြုလေးယောက် အမှုဆောင်နေကြတယ်။ ငါးယောက်မြောက်မိသားစုဝင်က ရောက်တာသိပ်မကြာသေးတဲ့ ဂျူဇက်ပါ တူဘီနီဖြစ်ပြီး ကျွန်တော်က ခြောက်ယောက်မြောက်ဖြစ်တယ်။

ဗေသလမှာ တစ်လနေပြီးတဲ့နောက် ကျွန်တော်ဟာ ပထမဦးဆုံး အီတလီနိုင်ငံသား တိုက်နယ်ကြီးကြပ်မှူး ဖြစ်လာတယ်။ ၁၉၄၆ ခုနှစ်မှာ အမေရိကန်နိုင်ငံကနေ အီတလီကို ရောက်နေတဲ့ ပထမဦးဆုံး ခရစ်ယာန်သာသနာပြု ညီအစ်ကို ဂျော့ဂျ် ဖရီဂျာနယ်လီက နယ်လှည့်လုပ်ငန်းမှာ ပါဝင်နေပြီ။ သူ ကျွန်တော့်ကို သီတင်းပတ်အနည်းငယ်လေ့ကျင့်ပေးပြီးတဲ့နောက် ကျွန်တော့်ကို တစ်ယောက်တည်း လွှတ်လိုက်တယ်။ ကျွန်တော်လည်ပတ်ခဲ့တဲ့ ပထမဦးဆုံးအသင်းတော် ဖေယန်ဇာကို ကျွန်တော် အထူးအမှတ်ရနေတုန်းပဲ။ စဉ်းစားကြည့်ပါ။ အဲဒီအချိန်အထိ အသင်းတော်မှာ တစ်ခါမှ ဟောပြောချက်မပေးဖူးသေးဘူး။ ဒါပေမဲ့ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်ပါလို့ လူငယ်တွေအပါအဝင် တက်ရောက်သူတွေကို အားပေးခဲ့တယ်။ နောက်ပိုင်း ဒီလူငယ်တွေထဲကတချို့ဟာ အီတလီလယ်ကွင်းမှာ ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်လာကြတယ်။

နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအနေနဲ့ စိတ်လှုပ်ရှားစရာအသက်တာကို ကျွန်တော် စတင်ခဲ့တယ်။ ဒီလုပ်ငန်းကနေ အံ့ဩစရာတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ စိန်ခေါ်ချက်တွေ၊ ရွှင်လန်းမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ ကြီးမားတဲ့မေတ္တာကို ခံစားခဲ့ရတယ်။

စစ်ပြီးနောက် အီတလီရဲ့ဘာသာရေးမြင်ကွင်း

အဲဒီအချိန်တုန်းက အီတလီရဲ့ဘာသာရေးအခြေအနေအကြောင်း နည်းနည်းပြောပြချင်တယ်။ အဲဒီအချိန်မှာ ကက်သလစ်ချာ့ခ်ျက ဆက်ကြီးစိုးနေဆဲပဲ။ ၁၉၄၈ ခုနှစ်မှာ အခြေခံဥပဒေအသစ်နဲ့အညီ စတင်အုပ်ချုပ်ခဲ့ပေမဲ့ ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်တဲ့ ဖက်ဆစ်ဥပဒေကို ၁၉၅၆ ခုနှစ်ကျမှပဲ ပယ်ဖျက်လိုက်တယ်။ ခရစ်ယာန်ဓမ္မဆရာတွေရဲ့ဖိအားကြောင့် တိုက်နယ်စည်းဝေးပွဲတွေ မကြာခဏ နှောင့်ယှက်ခံရတယ်။ ဒါပေမဲ့ ခရစ်ယာန်ဓမ္မဆရာတွေ မအောင်မြင်တဲ့အခါတွေလည်းရှိတယ်။ အီတလီနိုင်ငံအလယ်ပိုင်း ဆူလ်မိုနာမြို့ငယ်လေးမှာ ၁၉၄၈ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့အဖြစ်ကို ကြည့်နိုင်တယ်။

စည်းဝေးပွဲကို ကဇာတ်ရုံတစ်ခုမှာ ကျင်းပနေတယ်။ တနင်္ဂနွေနံနက်မှာ ကျွန်တော်က သဘာပတိလုပ်ပြီး ဂျူဇက်ပါ ရိုမာနိုက လူထုဟောပြောချက်ပေးတယ်။ အဲဒီအချိန်အတွက် ဒီပရိသတ်ကအရမ်းများတယ်။ အဲဒီအချိန်တုန်းက တစ်နိုင်ငံလုံးမှာ ကြေညာသူ ၅၀၀ တောင်မပြည့်ပေမဲ့ ကဇာတ်ရုံမှာ ပရိသတ် ၂,၀၀၀ ရှိတယ်။ ဟောပြောချက်ပြီးသွားတော့ ပရိသတ်ထဲမှာ ခရစ်ယာန်ဘုန်းကြီးနှစ်ယောက်နဲ့အတူ ထိုင်နေတဲ့လူငယ်တစ်ယောက်က စင်မြင့်ပေါ်ခုန်တက်လာတယ်။ ရုတ်ရုတ်သဲသဲဖြစ်ဖို့ ရည်ရွယ်ပြီး အသံကုန်အော်ဟစ်တော့တယ်။ အဲဒါနဲ့ ကျွန်တော်က “ခင်ဗျားပြောစရာရှိရင် ခန်းမတစ်ခုငှားလိုက်ပါ၊ အဲဒီမှာ ခင်ဗျားပြောချင်တာပြောလို့ရတယ်” လို့ ချက်ချင်း ပြောလိုက်တယ်။ ပရိသတ်ထဲကနေ သူ့ကိုမကြိုက်တဲ့အသံတွေထွက်လာတော့ သူ့အသံပျောက်သွားတယ်။ ဒါနဲ့ ဒီလူငယ်ဟာ စင်မြင့်ပေါ်ကနေ ခုန်ဆင်းပြီး ထွက်သွားခဲ့တယ်။

အဲဒီအချိန်တုန်းက နယ်လှည့်လုပ်ငန်းမှာပါဝင်ရတာက တကယ့်စွန့်စားခန်းပဲ။ တစ်ခါတလေ အသင်းတော်တစ်ခုကနေ နောက်အသင်းတော်တစ်ခုကို လမ်းလျှောက်ရတယ်၊ စက်ဘီးစီးရတယ်၊ ဟောင်းနွမ်းပြီး ကျပ်သိပ်နေတဲ့ ဘတ်စကား ဒါမှမဟုတ် ရထားနဲ့ ခရီးသွားရတယ်။ တစ်ခါတလေ မြင်းစောင်းမှာ ဒါမှမဟုတ် ဂိုဒေါင်မှာ အိပ်ရတယ်။ စစ်ပြီးခါစဖြစ်တဲ့အတွက် အီတလီလူမျိုးအများစုက ဆင်းရဲကြတယ်။ ညီအစ်ကိုတွေနည်းပြီး သူတို့ရဲ့ဝင်ငွေကလည်း အရမ်းနည်းတယ်။ ယေဟောဝါအမှုဆောင်ရတဲ့အသက်တာကတော့ တကယ့်ကိုကောင်းမြတ်လှပါတယ်။

ဂိလဒ်ကျောင်းမှာ လေ့ကျင့်မှု

၁၉၅၀ ပြည့်နှစ်မှာ ဂျူဇက်ပါ တူဘီနီနဲ့ ကျွန်တော်က ၁၆ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ သင်တန်းစတာနဲ့ အင်္ဂလိပ်စာသင်ယူဖို့ ကျွန်တော့်အတွက် အရမ်းခက်မယ်ဆိုတာ သိလိုက်ရတယ်။ အတတ်နိုင်ဆုံးကြိုးစားပေမဲ့လည်း မလွယ်လှဘူး။ ကျွန်တော်တို့တွေ အင်္ဂလိပ်လို ကျမ်းစာတစ်အုပ်လုံး ဖတ်ခဲ့ရတယ်။ တစ်ခါတလေ အသံထွက်ဖတ်လေ့ကျင့်ဖို့ နေ့လယ်စာတောင်လွတ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော် ဟောပြောချက်ပေးရတဲ့အလှည့် ရောက်လာတယ်။ ပို့ချသူရဲ့မှတ်ချက်ကို မနေ့တစ်နေ့ကလို ကြားယောင်နေတုန်းပဲ။ “ကိုယ်ဟန်အမူအရာနဲ့ စိတ်ထက်သန်မှုကတော့ အရမ်းကောင်းတယ်၊ ဒါပေမဲ့ ညီအစ်ကိုရဲ့ အင်္ဂလိပ်စကားကို တစ်လုံးမှနားမလည်ဘူး။” ဒါပေမဲ့ သင်တန်းပြီးတဲ့အထိ တက်နိုင်ခဲ့တယ်။ ပြီးတဲ့နောက် ဂျူဇက်ပါနဲ့ ကျွန်တော် အီတလီမှာပဲ ပြန်တာဝန်ကျခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် ထပ်ဆင့်လေ့ကျင့်မှုရခဲ့လို့ ညီအစ်ကိုတွေအတွက် အမှုဆောင်ဖို့ အရည်အချင်းရှိလာတယ်။

၁၉၅၅ ခုနှစ်မှာ လစ်ဒီယာနဲ့ ကျွန်တော် လက်ထပ်ခဲ့တယ်၊ လွန်ခဲ့တဲ့ခုနစ်နှစ်က သူနှစ်ခြင်းခံချိန်မှာ နှစ်ခြင်းဟောပြောချက်ကို ကျွန်တော်ပေးခဲ့တယ်။ သူ့ဖခင်ဖြစ်သူ ဒိုမေနီကိုက ဖက်ဆစ်အုပ်ချုပ်မှုအောက်မှာနှိပ်စက်ခံရပြီး သုံးနှစ်ကြာနယ်နှင်ဒဏ် ပေးခံရတဲ့ကြားထဲကနေ သူ့ကလေးခုနစ်ယောက်စလုံးကို အမှန်တရားထဲမှာရှိဖို့ ကူညီပေးခဲ့တယ်။ လစ်ဒီယာလည်း အမှန်တရားအတွက် ရဲစွမ်းသတ္တိရှိသူတစ်ဦးဖြစ်တယ်။ တစ်အိမ်မှတစ်အိမ်ဟောပြောခွင့်ရဖို့ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့တုန်းက သူလည်းတရားရုံးကိုသုံးကြိမ်ရောက်ခဲ့တယ်။ ကျွန်တော်တို့လက်ထပ်ပြီး ခြောက်နှစ်အကြာမှာ သားဦးလေး ဗင်ယာမီနို မွေးဖွားလာတယ်။ ၁၉၇၂ မှာ နောက်သားတစ်ယောက်ဖြစ်တဲ့ မာကို မွေးလာတယ်။ သူတို့နှစ်ယောက်စလုံးနဲ့ သူတို့ရဲ့မိသားစုတွေ ယေဟောဝါကို ထက်သန်စွာဝတ်ပြုနေကြတာကို တွေ့ရလို့ ကျွန်တော်ဝမ်းသာတယ်။

ယေဟောဝါအမှုတော်မှာ ထက်သန်နေဆဲ

တခြားသူတွေအတွက်အမှုဆောင်ခဲ့တဲ့ ပျော်ရွှင်စရာအချိန်အတွင်းမှာ အမှတ်ရစရာတွေ့ကြုံမှုတွေ အများကြီးရှိခဲ့တယ်။ ဥပမာ၊ ၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ကျွန်တော့်ယောက္ခမက အီတလီသမ္မတ ဆန်ဒရို ပက်တီနီကို စာရေးခဲ့တယ်။ ဖက်ဆစ်အာဏာရှင်တွေအုပ်ချုပ်နေချိန်အတွင်း သူတို့နှစ်ယောက်က နိုင်ငံ့ရန်သူတွေကို အကျဉ်းချတဲ့ ဗန်တိုတေနာကျွန်းကို နယ်နှင်ဒဏ်ပေးခံခဲ့ရတယ်။ သမ္မတကို သက်သေခံမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံမေးမြန်းခန်းလုပ်ဖို့ ကျွန်တော့်ယောက္ခမက တောင်းဆိုခဲ့တယ်။ တောင်းဆိုချက်ကို လက်ခံတဲ့အတွက် ကျွန်တော်လည်းအတူလိုက်ပါသွားပြီး ရတောင့်ရခဲတဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုလက်ခံမှုကို ရခဲ့တယ်။ သမ္မတကြီးက ကျွန်တော့်ယောက္ခမကို ဖက်လဲတကင်းနှုတ်ဆက် ကြိုဆိုခဲ့တယ်။ ကျွန်တော်တို့ ယုံကြည်ချက်အကြောင်းပြောကြပြီး စာပေတချို့ ပေးခဲ့တယ်။

နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအနေနဲ့ ၄၄ နှစ်ကြာ အမှုဆောင်ပြီးဖြစ်တဲ့ ၁၉၉၁ ခုနှစ်မှာ အီတလီတစ်ခွင် အသင်းတော်တွေကိုလည်ပတ်ရတဲ့ တိုက်နယ်လုပ်ငန်းကနေ နားလိုက်တယ်။ နောက်လေးနှစ်အထိ စည်းဝေးပွဲခန်းမကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့ပြီး ကျန်းမာရေးအခြေအနေ အရမ်းဆိုးဝါးလာလို့ ကျွန်တော့်အလုပ်တွေကို လျှော့လိုက်ရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ကြီးမားလှတဲ့ ကြင်နာမှုကြောင့် အခုအချိန်ထိ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေဆဲပဲ။ သတင်းကောင်းဟောပြော၊ သွန်သင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး ကျမ်းစာသင်အံမှုတချို့ကို ကိုယ်တိုင်ကျင်းပနေတုန်းပဲ။ ညီအစ်ကိုတွေက ကျွန်တော်ဟောပြောချက်ပေးတဲ့အခါ “အားရပါးရ” ပဲလို့ ပြောကြတယ်။ အသက်အရွယ်ကြောင့် ကျွန်တော့်ရဲ့စိတ်ထက်သန်မှု မလျော့နည်းသွားတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်တယ်။

လူငယ်ဘဝတုန်းက သေခြင်းကိုကြောက်ခဲ့ပေမဲ့ တိကျမှန်ကန်တဲ့ကျမ်းစာအသိပညာကြောင့် ယေရှုပြောတဲ့ ‘ကြွယ်ဝပြည့်စုံတဲ့’ အသက်တာဖြစ်တဲ့ ထာဝရအသက်မျှော်လင့်ချက် ရှိလာတယ်။ (ယော. ၁၀:၁၀) ငြိမ်သက်၊ လုံခြုံ၊ ပျော်ရွှင်ပြီး ယေဟောဝါရဲ့ကောင်းချီးကို အလျှံပယ်ခံစားရတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့အသက်တာကို ကျွန်တော် မျှော်လင့်နေတယ်။ ဒါတွေအားလုံးအတွက် နာမတော်ကိုခံယူခွင့်ပေးတဲ့၊ မေတ္တာပြည့်ဝတဲ့ဖန်ဆင်းရှင် ယေဟောဝါပဲ ဂုဏ်တင်ခံရပါစေ။—ဆာ. ၈၃:၁၈

[စာမျက်နှာ ၂၂၊ ၂၃ ပါမြေပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

ဆွစ်ဇာလန်

ဘန်း

ဇူရစ်ခ်

အာဘုန်

ရှတိုင်းနက်

အီတလီ

ရောမ

ကိုမို

မီလန်

အာဒါမြစ်

ကက်စဂျုန်နယ် အဲန်ဒယ်ဗန်နို

ဖေယန်ဇာ

ဆူလ်မိုနာ

ဗန်တိုတေနာ

[စာမျက်နှာ ၂၂ ပါရုပ်ပုံ]

ဂိလဒ်ကျောင်းသို့ သွားနေစဉ်

[စာမျက်နှာ ၂၂ ပါရုပ်ပုံ]

ဂျူဇက်ပါနဲ့အတူ ဂိလဒ်မှာ

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

ကျွန်တော်တို့ လက်ထပ်တဲ့နေ့

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

ကျွန်တော့်ချစ်ဇနီးက ၅၅ နှစ်မက ကျွန်တော့်အနားမှာရှိခဲ့