မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဆုံးနီးလာတာနဲ့အမျှ ယေဟောဝါကို ယုံကြည်ကိုးစားပါ

အဆုံးနီးလာတာနဲ့အမျှ ယေဟောဝါကို ယုံကြည်ကိုးစားပါ

အဆုံးနီးလာတာနဲ့အမျှ ယေဟောဝါကို ယုံကြည်ကိုးစားပါ

‘ယေဟောဝါကို အစဉ်ယုံကြည်ကိုးစားပါ။’—ဟေရှာ. ၂၆:၄၊ ကဘ။

၁။ ဘုရားသခင့်ကျေးကျွန်တွေနဲ့ လောကမှာရှိတဲ့သူတွေ ဘယ်လိုကွာခြားသလဲ။

သန်းပေါင်းများစွာသောသူတွေက ဘယ်သူ့ကို၊ ဘယ်အရာကို ယုံကြည်ကိုးစားရမှန်းမသိတော့တဲ့ လောကမှာ ကျွန်ုပ်တို့ အသက်ရှင်နေကြရတယ်၊ အကြောင်းကတော့ လူတွေဟာ အကြိမ်ကြိမ် ဆုံးရှုံးနစ်နာ ဒါမှမဟုတ် စိတ်ပျက်ခဲ့ကြရလို့ ဖြစ်နိုင်တယ်။ ယေဟောဝါရဲ့ကျေးကျွန်တွေကတော့ အဲဒီလို မဟုတ်ဘူး။ ဘုရားသခင့်ဉာဏ်ပညာလမ်းညွှန်မှုကြောင့် သူတို့တွေက ဒီလောကနဲ့ ဒီလောကရဲ့ “မင်းများ” ထက် ပိုယုံကြည်ကိုးစားသင့်တဲ့အရာကို သိကြတယ်။ (ဆာ. ၁၄၆:၃) ယေဟောဝါက သူတို့ကိုချစ်မြတ်နိုးကြောင်း၊ ကိုယ်တော့်စကားတော်တွေကို အမြဲပြည့်စုံစေကြောင်း သိထားတဲ့အတွက် သူတို့ရဲအသက်နဲ့ အနာဂတ်ကို ဘုရားသခင့်လက်တော်မှာ ပုံအပ်ထားကြတယ်။—ရော. ၃:၄; ၈:၃၈၊ ၃၉

၂။ ဘုရားသခင်ကို ယုံကြည်ကိုးစားနိုင်ကြောင်းနဲ့ပတ်သက်ပြီး ယောရှု ဘာပြောခဲ့သလဲ။

ရှေးခေတ်ကယောရှုက ဘုရားသခင်ကို ယုံကြည်ကိုးစားနိုင်ကြောင်း ပြောခဲ့တယ်။ သူ့အသက်တာကုန်ဆုံးခါနီးမှာ အစ္စရေးလူမျိုးကို ဒီလိုပြောခဲ့တယ်– ‘သင်တို့၏ဘုရားသခင်ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာသိကြ၏။’—ယောရှု ၂၃:၁၄

၃။ ဘုရားသခင့်နာမတော်က ကိုယ်တော့်အကြောင်း ဘာဖော်ပြသလဲ။

ယေဟောဝါက မိမိကျေးကျွန်တွေကို ချစ်တဲ့အတွက်ကြောင့်သာမဟုတ်ဘဲ အထူးသဖြင့် မိမိနာမအတွက် မိမိရဲ့ကတိတော်တွေကို ပြည့်စုံစေခြင်းဖြစ်တယ်။ (ထွ. ၃:၁၄; ၁ ရာ. ၁၂:၂၂) ဘုရားသခင့်နာမတော်နဲ့ပတ်သက်ပြီး ဂျေ. ဘီ. ရော့သဟမ်ကျမ်းစာ (The Emphasized Bible) ရဲ့စကားချီးမှာ ဒီလိုပြောထားတယ်– ဘုရားသခင့်နာမတော်က ကိုယ်တော်ရဲ့ကတိတော်ကိုပြည့်စုံစေဖို့ ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ကိုယ်တော့်နာမတော်ကို ကျွန်ုပ်တို့ကြားတဲ့အခါ ကိုယ်တော်မိန့်တော်မူတဲ့အရာကို ကိုယ်တော်အမြဲလုပ်ဆောင်မယ်ဆိုတာ သတိရစေတယ်။ နေရာမရွေး၊ အချိန်မရွေး လိုအပ်သလို ကိုယ်တော်လုပ်ဆောင်နိုင်တယ်။ ကိုယ်တော့်အတွက် ခက်ခဲတဲ့အရာမရှိဘူး။ ကိုယ်တော်က နာမတော်နဲ့အညီ အမြဲလုပ်ဆောင်တော်မူတယ်။

၄။ (က) ဟေရှာယ ၂၆:၄ က ဘာလုပ်ဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်းတွေ သုံးသပ်ကြမလဲ။

မိမိကိုယ်ကို ဒီလိုမေးပါ– ‘ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားနိုင်ဖို့ ကိုယ်တော့်အကြောင်း ငါကောင်းကောင်းသိသလား။ ဘုရားသခင်က အနာဂတ်ကို အပြည့်အဝထိန်းချုပ်ထားကြောင်း သိထားတဲ့အတွက် အနာဂတ်ကို ယုံကြည်စိတ်ချမှုနဲ့ ရင်ဆိုင်နေသလား။’ ဟေရှာယ ၂၆:၄ (ကဘ) မှာ ဒီလိုဖော်ပြထားတယ်– ‘ယေဟောဝါသည် အမြဲတည်သောကျောက်ဖြစ်တော်မူသောကြောင့် ယေဟောဝါကို အစဉ်ယုံကြည်ကိုးစားကြလော့။’ ကျမ်းစာခေတ်မှာ ဘုရားသခင် မကြာခဏလုပ်ဆောင်ခဲ့သလို အခုချိန်မှာတော့ မိမိကျေးကျွန်တွေရဲ့ဘဝမှာ အံ့ဖွယ်နည်းနဲ့ ကြားဝင်လုပ်ဆောင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ‘အမြဲတည်သောကျောက်’ အနေနဲ့ ကိုယ်တော့်ကို ‘အစဉ်’ ယုံကြည်ကိုးစားနိုင်ပါတယ်။ ကျွန်ုပ်တို့ ယုံကြည်ကိုးစားနိုင်တဲ့ဘုရားသခင်က ယနေ့ ကိုယ်တော့်ကို သစ္စာရှိရှိ ဝတ်ပြုကိုးကွယ်နေတဲ့သူတွေကို ဘယ်လိုကူညီပေးသလဲ။ နည်းသုံးနည်းကို သုံးသပ်ကြည့်ကြစို့– သွေးဆောင်မှုကိုတွန်းလှန်ဖို့ ကိုယ်တော့်ထံအကူအညီတောင်းခံတဲ့အခါ ခွန်အားပေးတယ်၊ လျစ်လျူရှုမှုနဲ့ ဆန့်ကျင်မှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ ကူညီပေးတယ်၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝန်ပိနေတဲ့အခါ ထောက်မပေးတယ်။ ဒီအချက်တွေကို သုံးသပ်တဲ့အခါမှာ ယေဟောဝါအပေါ် သင့်ယုံကြည်ကိုးစားမှုကို ဘယ်လိုခိုင်ခံ့စေနိုင်တယ်ဆိုတာ အသေအချာစဉ်းစားပါ။

အမှားကျူးလွန်ဖို့ သွေးဆောင်ခံရတဲ့အခါ ဘုရားသခင်ကို ယုံကြည်ကိုးစားပါ

၅။ ဘုရားသခင်ကိုယုံကြည်ကိုးစားမှုမှာ ဘယ်အချက်က စမ်းသပ်မှုဖြစ်နိုင်သလဲ။

ကျွန်ုပ်တို့ မျှော်လင့်တောင့်တတဲ့ ပရဒိသုကတိတော်၊ ရှင်ပြန်ထမြောက်ခြင်း ကတိတော်နဲ့ပတ်သက်ရင် ယေဟောဝါကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားကြတယ်။ ဒါပေမဲ့ ကိုယ်တော့်နည်းလမ်းတော်တွေနဲ့ စံနှုန်းတွေကို နာခံလိုက်လျှောက်ခြင်းက မှန်ကန်ပြီး ဒါက အကြီးမားဆုံးပျော်ရွှင်မှု ခံစားရစေတယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်စိတ်ချဖို့ကတော့ အခက်တွေ့နိုင်တယ်။ ဘုရင်ရှောလမုန် ဒီလို တိုက်တွန်းခဲ့တယ်– ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ယေဟောဝါကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’ (သု. ၃:၅၊ ၆) “သွားလေရာရာ၊” “လမ်းခရီး” ဆိုတဲ့အသုံးအနှုန်းတွေကို သတိပြုပါ။ ခရစ်ယာန်မျှော်လင့်ချက်မှာသာမကဘဲ ကျွန်ုပ်တို့ရဲ့ဘဝလမ်းစဉ်တစ်ခုလုံးနဲ့ ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း တင်ပြသင့်တယ်။ သွေးဆောင်မှုခံရတဲ့အခါ ဒီလိုယုံကြည်ကိုးစားမှုမျိုးကို ဘယ်လိုတင်ပြနိုင်သလဲ။

၆။ မကောင်းတဲ့အတွေးတွေကို မတွေးဘူးဆိုတဲ့ သင့်ဆုံးဖြတ်ချက်ကို ဘယ်လိုခိုင်မာစေနိုင်သလဲ။

မကောင်းမှုကိုရှောင်ခြင်းဆိုတာ မကောင်းတဲ့အရာကို အတွေးနဲ့တောင် မစဉ်းစားခြင်းဖြစ်တယ်။ (ရောမ ၈:၅; ဧဖက် ၂:၃ တို့ကိုဖတ်ပါ။) ဒါဆိုရင် မကောင်းတဲ့အတွေးတွေကို မတွေးဘူးဆိုတဲ့ သင့်ဆုံးဖြတ်ချက်ကို ဘယ်လိုခိုင်မာစေနိုင်သလဲ။ ဒီနည်းလမ်းငါးခုကို စဉ်းစားသုံးသပ်ပါ– ၁။ အကူအညီအတွက် ဘုရားသခင်ထံဆုတောင်းပါ။ (မ. ၆:၉၊ ၁၃) ၂။ သမ္မာကျမ်းစာမှာပါတဲ့ ယေဟောဝါစကားနားမထောင်သူနဲ့ နားထောင်သူတွေရဲ့ ပုံနမူနာတွေကို တွေးတောဆင်ခြင်ပါ၊ ပြီးတဲ့နောက် သူတို့ကြုံတွေ့ရတဲ့ အကျိုးဆက်တွေကို မှတ်သားပါ။ * (၁ ကော. ၁၀:၈-၁၁) ၃။ အပြစ်ပြုခြင်းက သင်နဲ့ သင်ချစ်ရတဲ့သူတွေကို စိတ်ထိခိုက်နာကျင်စေကြောင်း စဉ်းစားပါ။ ၄။ မိမိရဲ့ကျေးကျွန်တစ်ဦး ကြီးလေးတဲ့အပြစ်ပြုတဲ့အခါ ဘုရားသခင် ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားပါ။ (ဆာလံ ၇၈:၄၀၊ ၄၁ ကိုဖတ်ပါ။) ၅။ သစ္စာရှိဝတ်ပြုသူတစ်ဦးက လူရှေ့မှာရော၊ လူကွယ်ရာမှာပါ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကိုလုပ်ဆောင်တာကို ကိုယ်တော်မြင်တွေ့တဲ့အခါ ဘယ်လောက်ပျော်မလဲဆိုတာ စဉ်းစားပါ။ (ဆာ. ၁၅:၁၊ ၂; သု. ၂၇:၁၁) သင်လည်း မှန်ရာကိုပြုလုပ်ခြင်းဖြင့် ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း တင်ပြနိုင်ပါတယ်။

လျစ်လျူရှုမှုနဲ့ ဆန့်ကျင်မှုတွေ ကြုံရတဲ့အခါ ဘုရားသခင်ကို ယုံကြည်ကိုးစားပါ

၇။ ယေရမိ ဘယ်စမ်းသပ်မှုတွေကို ခံခဲ့ရသလဲ၊ တစ်ခါတလေ သူ ဘယ်လိုခံစားခဲ့ရသလဲ။

ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မများစွာက ခံနိုင်ရည်လိုအပ်တဲ့ ခက်ခဲတဲ့ရပ်ကွက်တွေမှာ အမှုဆောင်နေကြတယ်။ ပရောဖက်ယေရမိလည်း ယုဒပြည်ပျက်စီးခါနီး ကသောင်းကနင်းဖြစ်နေတဲ့အချိန်မှာ အမှုဆောင်ခဲ့တယ်။ ယေရမိက ဘုရားသခင့်တရားစီရင်ခြင်းသတင်းကို နာခံမှုရှိရှိ ကြေညာတဲ့အတွက် ဘုရားသခင်အပေါ် သူ့ရဲ့ယုံကြည်ကိုးစားမှုက နေ့စဉ်စမ်းသပ်ခံခဲ့ရတယ်။ တစ်ကြိမ်မှာ သူ့ရဲ့သစ္စာရှိစာရေး ဗာရုတ်က ညည်းတွားမြည်တမ်းခဲ့တယ်။ (ယေ. ၄၅:၂၊ ၃) ယေရမိ စိတ်ပျက်ခဲ့သလား။ သူလည်း စိတ်ဓာတ်ကျတဲ့အခါတွေ ရှိတယ်။ သူဒီလိုပြောခဲ့တယ်– “ငါဖွားသောနေ့ရက်သည် အမင်္ဂလာရှိပါစေသော။ . . . ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကိုခံရမည်အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက်ကိုလွန်စေရမည်အကြောင်း အဘယ်ကြောင့် ငါ့ကိုဖွားမြင်ရပါသနည်း။”—ယေ. ၂၀:၁၄၊ ၁၅၊ ၁၈

၈၊ ၉။ ယေရမိ ၁၇:၇၊ ၈ နဲ့ ဆာလံ ၁:၁-၃ အရ အသီးကောင်းတွေဆက်သီးဖို့ ဘာလုပ်ရမလဲ။

ဒါပေမဲ့ ယေရမိလက်မလျှော့ခဲ့ဘူး။ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားခဲ့တယ်။ ဒါကြောင့် ယေရမိ ၁၇:၇၊ ၈ မှာ မှတ်တမ်းတင်ထားတဲ့ ယေဟောဝါမိန့်တော်မူခဲ့တဲ့စကား ပြည့်စုံတာကို သစ္စာရှိပရောဖက် မြင်တွေ့ခဲ့ရတယ်။ အဲဒီမှာ ဒီလိုဖော်ပြထားတယ်– ‘ယေဟောဝါကို ကိုးစားသောသူ၊ ယေဟောဝါကို မိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။ ထိုသူသည်ကား ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာအမြစ်ဖြာသဖြင့် ပူသောအရှိန်ရောက်ကြောင်းကိုမသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ အစဉ်အမြဲ အသီးကိုသီးတတ်သော အပင်နှင့်တူ၏။’

“ရေရှိသောအရပ်” ဒါမှမဟုတ် ရေသွင်းစိုက်ပျိုးတဲ့ ဥယျာဉ်ခြံမှာရှိတဲ့ အသီးလှိုင်လှိုင်သီးတဲ့အပင်လိုပဲ ယေရမိဟာ “အစဉ်အမြဲအသီးသီး” ခဲ့တယ်။ သူ့ဝန်းကျင်မှာရှိတဲ့ ဆိုးညစ်တဲ့ကဲ့ရဲ့လှောင်ပြောင်သူတွေရဲ့ ဩဇာလွှမ်းမိုးမှုကို သူမခံခဲ့ဘူး။ အဲဒီအစား သူက အသက်ကိုထောက်ပံ့ပေးတဲ့ “ရေ” ရဲ့ရင်းမြစ်ဖြစ်တဲ့ ယေဟောဝါကို တွယ်ကပ်နေပြီး ကိုယ်တော်မိန့်တော်မူသမျှကို နှလုံးသွင်းခဲ့တယ်။ (ဆာလံ ၁:၁-၃ ကိုဖတ်ပါ; ယေ. ၂၀:၉) ယေရမိက ကျွန်ုပ်တို့အတွက် တကယ့်ကိုကောင်းတဲ့ပုံသက်သေပါပဲ၊ အထူးသဖြင့် ခက်ခဲတဲ့ရပ်ကွက်တွေမှာ အမှုဆောင်ရသူတွေအတွက် ဖြစ်တယ်။ သင်လည်း အလားတူရင်ဆိုင်နေရတယ်ဆိုရင် “ဘုရားသခင်၏နာမတော်ကိုကြေညာခြင်း” မှာ သင်ပါဝင်တဲ့အခါ ခံနိုင်ရည်ပေးမယ်လို့အာမခံတဲ့ ယေဟောဝါကို ဆက်ပြီးယုံကြည်ကိုးစားပါ။—ဟေဗြဲ ၁၃:၁၅

၁၀။ ကျွန်ုပ်တို့ ဘယ်ကောင်းချီးတွေ ရရှိထားသလဲ၊ မိမိကိုယ်ကို ဘယ်လိုမေးသင့်သလဲ။

၁၀ နောက်ဆုံးသောနေ့ရက်တွေအတွင်း တိုးများလာတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ယေဟောဝါက ကျွန်ုပ်တို့အတွက် အရာများစွာပြင်ဆင်ပေးထားတယ်။ အဲဒီအထဲမှာ ဘာသာစကားမျိုးစုံနဲ့ တိတိကျကျပြန်ဆိုထားတဲ့ အစအဆုံးပါတဲ့သမ္မာကျမ်းစာလည်း ပါတယ်။ သစ္စာနှင့်သတိပညာရှိသောကျွန်ကတစ်ဆင့် ပြင်ဆင်ပေးတဲ့အချိန်တန်အစာ အလျှံပယ်လည်းရှိတယ်။ ဒါ့ပြင် အစည်းအဝေးတွေနဲ့ စည်းဝေးပွဲတွေမှာ များစွာသောယုံကြည်သူချင်းတွေနဲ့ တည်ဆောက်မှုဖြစ်စေတဲ့ပေါင်းသင်းမှုကိုလည်း ရရှိကြတယ်။ ဒီပြင်ဆင်ပေးချက်တွေကနေ သင် အကျိုးအပြည့်အဝ ရယူနေပါသလား။ အကျိုးရယူသူအားလုံးက “ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြ” မယ်။ ဒါပေမဲ့ ဘုရားသခင့်စကား နားမထောင်သူတွေကတော့ “ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။”—ဟေရှာ. ၆၅:၁၃၊ ၁၄

စိုးရိမ်ပူပန်မှုတွေကြုံရတဲ့အခါ ဘုရားသခင်ကို ယုံကြည်ကိုးစားပါ

၁၁၊ ၁၂။ ကမ္ဘာ့ပြဿနာတွေကြောင့် ဘယ်စစ်မှန်တဲ့ဉာဏ်ပညာလမ်းစဉ်ကို လိုက်လျှောက်သင့်သလဲ။

၁၁ ကြိုဟောထားတဲ့အတိုင်း လူသားတွေဟာ ဒုက္ခလှိုင်းလုံးတွေတစ်မျိုးပြီးတစ်မျိုး ရိုက်ခတ်တာကို ခံစားနေကြရတယ်။ (မ. ၂၄:၆-၈; ဗျာ. ၁၂:၁၂) ရေကြီးတဲ့အခါ လူတွေက ကုန်းမြင့်၊ အိမ်ခေါင်မိုးစတဲ့ မြင့်တဲ့ဘယ်နေရာကိုမဆို တက်ပြေးတတ်ကြတယ်။ အလားတူပဲ၊ လောကမှာ ပြဿနာတွေတိုးများလာတဲ့အခါ သန်းပေါင်းများစွာသောသူတွေဟာ ပိုမြင့်ပြီး စိတ်ချရတယ်လို့ယူဆတဲ့ ငွေကြေး၊ နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်း၊ သိပ္ပံနဲ့ နည်းပညာတွေကို အားကိုးအားထားပြုတတ်ကြတယ်။ ဒါပေမဲ့ အဲဒီအရာတစ်ခုကမျှ စစ်မှန်တဲ့လုံခြုံမှု မပေးနိုင်ဘူး။ (ယေ. ၁၇:၅၊ ၆) ဒါပေမဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေမှာတော့ ‘အမြဲတည်သောကျောက်’ ဖြစ်တဲ့ စစ်မှန်တဲ့ခိုလှုံရာရှိတယ်။ (ဟေရှာ. ၂၆:၄ကဘ) ဆာလံဆရာက ‘ယေဟောဝါသည် ငါ၏ကျောက်၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော်မူ၏’ လို့ ဖော်ပြခဲ့တယ်။ (ဆာလံ ၆၂:၆-၉ ကိုဖတ်ပါ။) ဒီကျောက်ကို ကျွန်ုပ်တို့ရဲ့ခိုလှုံရာ ဘယ်လိုဖြစ်စေသလဲ။

၁၂ လူသားတွေရဲ့ဉာဏ်ပညာနဲ့ ဆန့်ကျင်လေ့ရှိတဲ့ ဘုရားသခင့်တရားစကားတော်အတိုင်း လိုက်လျှောက်ခြင်းအားဖြင့် ကျွန်ုပ်တို့က ယေဟောဝါကို မှီခိုအားကိုးကြတယ်။ (ဆာ. ၇၃:၂၃၊ ၂၄) ဥပမာ၊ လူ့ဉာဏ်ပညာရဲ့လွှမ်းမိုးမှုကိုခံတဲ့သူတွေက– ‘ရခဲတဲ့လူ့ဘဝမှာ ပျော်ပျော်ကြီးနေလိုက်စမ်းပါ။’ ‘အလုပ်ကောင်းကောင်းရှာ။’ ‘ငွေများများစု။’ ‘ဒါဝယ်၊ ဟိုဟာလည်းဝယ်။’ ‘ကမ္ဘာပတ် ခရီးဆန့်ပြီး ပျော်လိုက်စမ်းပါ’ လို့ပြောတတ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင့်ဉာဏ်ပညာအတိုင်း လိုက်လျှောက်သူတွေကတော့ ဒီကျမ်းချက်ကို ကျင့်သုံးကြတယ်– “ဤလောကကို သုံးသောသူသည် အပြည့်အဝ မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား ဤလောက၏ဇာတ်ကွက်သည် ပြောင်းလဲလျက်ရှိ၏။” (၁ ကော. ၇:၃၁) ယေဟောဝါကိုဝတ်ပြုကိုးကွယ်ခြင်းကို အမြဲပထမနေရာထားပြီး အမှန်တကယ်လုံခြုံတဲ့ ကောင်းကင်မှာဘဏ္ဍာစုဖို့ ယေရှုလည်း တိုက်တွန်းခဲ့တယ်။—မ. ၆:၁၉၊ ၂၀

၁၃။ ၁ ယောဟန် ၂:၁၅-၁၇ ကို စိတ်ထဲထားပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးသင့်သလဲ။

၁၃ “လောက၊” “လောက၌ရှိသောအရာများ” အပေါ် သင့်သဘောထားက ဘုရားသခင်ကို အပြည့်အဝယုံကြည်ကိုးစားကြောင်း ဖော်ပြသလား။ (၁ ယော. ၂:၁၅-၁၇) ယေဟောဝါပေးတဲ့ကောင်းချီးနဲ့ ဘုရားသခင့်လုပ်ငန်းတော်မှာ တိုးချဲ့ပါဝင်ခြင်းက လောကကမ်းလှမ်းတဲ့အရာတွေထက် သင့်အတွက် ပိုနှစ်သက်စရာ၊ ပိုအရေးကြီးတဲ့အရာဖြစ်သလား။ (ဖိ. ၃:၈) သင့်မျက်စိကို ရိုးရှင်းနေစေဖို့ ဆက်ကြိုးစားနေသလား။ (မ. ၆:၂၂) သင့်မှာကျွေးမွေးစောင့်ရှောက်ရမယ့်မိသားစု ရှိမယ်ဆိုရင်တော့ ဘုရားသခင်က သင့်ကို အမြော်အမြင်မရှိ၊ တာဝန်မဲ့တာမျိုး မဖြစ်စေလိုဘူး။ (၁ တိ. ၅:၈) ဒါပေမဲ့ ကိုယ်တော်က မိမိရဲ့ကျေးကျွန်တွေကို စာတန်ရဲ့ ပျောက်ကွယ်သွားတော့မယ့်လောကကိုမဟုတ်ဘဲ ကိုယ်တော့်ကို အပြည့်အဝယုံကြည်ကိုးစားစေလိုတယ်။—ဟေဗြဲ ၁၃:၅

၁၄-၁၆။ မျက်စိကိုရိုးရှင်းစွာဆက်ထားပြီး ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ပထမနေရာမှာထားခဲ့လို့ တချို့သူတွေ ဘယ်လိုအကျိုးခံစားခဲ့ရသလဲ။

၁၄ ကလေးသုံးယောက်ရှိတဲ့ ရစ်ချက်နဲ့ ရုသ်အကြောင်း သုံးသပ်ကြည့်ပါ။ ရစ်ချက် ဒီလိုပြောတယ်– “ယေဟောဝါအတွက် ကျွန်တော် ဒီထက်မကလုပ်နိုင်တယ်လို့ ခံစားရတယ်၊ ကျွန်တော်ကတော့ သက်သောင့်သက်သာဘဝမျိုးနဲ့နေပြီး ဘုရားသခင်ကိုတော့ ပိုနေတဲ့အရာကိုပဲ ပေးနေသလိုပဲ။ ဒီကိစ္စကိုဆုတောင်း၊ အကုန်အကျကို တွက်ချက်ပြီးတဲ့နောက် ကျွန်တော့်အလုပ်ချိန်ကိုလျှော့ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ တိုင်းပြည်က စီးပွားရေးကျပ်တည်းနေပေမဲ့ တစ်ပတ်မှာ လေးရက်ပဲအလုပ်လုပ်မယ်လို့ အလုပ်ကြီးကြပ်သူကို ပြောခဲ့တယ်။ ကျွန်တော့်တောင်းဆိုချက်ကို သူ သဘောတူပြီး တစ်လအတွင်းမှာပဲ စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်။” ရစ်ချက် အခု ဘယ်လိုခံစားရသလဲ။

၁၅ သူဒီလိုပြောတယ်– “ကျွန်တော့်လစာက အရင်ကထက် ၂၀ ရာခိုင်နှုန်း လျော့သွားတယ်။ ဒါပေမဲ့ အခု ကျွန်တော် ကျွန်တော့်မိသားစုနဲ့အတူနေဖို့၊ ကလေးတွေကိုလေ့ကျင့်ပေးဖို့ တစ်နှစ်ကို ရက်ငါးဆယ်အပိုရှိလာတယ်။ လယ်ကွင်းလုပ်ငန်းမှာ အရင်ကထက် အချိန်နှစ်ဆပိုပါဝင်လာနိုင်ပြီး ကျမ်းစာသင်အံမှုအရေအတွက်က သုံးဆပိုလာတယ်၊ အသင်းတော်အတွက်လည်း အချိန်ပိုပေးနိုင်ပြီ။ ကလေးတွေနဲ့အတူနေဖို့ အချိန်ပိုရလာတဲ့အတွက် ရုသ်က မကြာခဏ အရန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်လာနိုင်တယ်။ ဖြစ်နိုင်သရွေ့ ဒီအတိုင်းဆက်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။”

၁၆ အရွယ်မရောက်သေးသူသမီးတစ်ဦးရှိတဲ့ ရွန်နဲ့ ပက်တီနာက အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်နိုင်ဖို့ သူတို့ရဲ့လောကအလုပ်ကို လျှော့ချလိုက်တယ်။ ရွန် ဒီလိုပြောတယ်– “ကျွန်တော်က တစ်ပတ်ကို သုံးရက်အလုပ်လုပ်ပြီး ပက်တီနာက နှစ်ရက်အလုပ်လုပ်တယ်။ လုံးချင်းအိမ်ကနေ ထိန်းသိမ်းရပိုလွယ်ကူတဲ့ တိုက်ခန်းကို ပြောင်းရွှေ့ခဲ့ကြတယ်။ သားနဲ့သမီးကိုမမွေးခင်က ကျွန်တော်တို့ ရှေ့ဆောင်လုပ်ခဲ့ကြတယ်၊ ရှေ့ဆောင်လုပ်ချင်တဲ့ဆန္ဒ တစ်ခါမှ မပျောက်ခဲ့ဘူး။ ကလေးတွေကြီးလာတဲ့အခါ ကျွန်တော်တို့ အချိန်ပြည့်လုပ်ငန်းမှာ ပြန်ပါဝင်ခဲ့ကြတယ်။ ကျွန်တော်တို့ခံစားရတဲ့ကောင်းချီးတွေကို ဘယ်ငွေကြေးပမာဏနဲ့မှ နှိုင်းယှဉ်လို့မရဘူး။”

“ဘုရားသခင်၏ငြိမ်သက်ခြင်း” သင့်စိတ်နှလုံးကို စောင့်ရှောက်ပါစေ

၁၇။ ဘဝရဲ့မသေချာမရေရာမှုတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက သင့်ကို ဘယ်လိုနှစ်သိမ့်မှုပေးသလဲ။

၁၇ ‘အချိန်နဲ့ ကြိုတင်မမြင်နိုင်တဲ့ ဖြစ်ရပ်’ တွေကြောင့် မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။ (ဒေ. ၉:၁၁ကဘ) ဒါပေမဲ့ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာမသိတာနဲ့ပဲ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမရှိသူတွေလို ဒီနေ့မှာ စိတ်မငြိမ်မသက်ဖြစ်နေဖို့ မဟုတ်ဘူး။ (မ. ၆:၃၄) တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။”—ဖိ. ၄:၆၊ ၇

၁၈၊ ၁၉။ ဘယ်နည်းလမ်းတွေနဲ့ ဘုရားသခင် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးသလဲ။ ဥပမာပေးပါ။

၁၈ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ ညီအစ်ကိုညီအစ်မများစွာဟာ ယေဟောဝါပေးတဲ့ စိတ်ငြိမ်သက်မှု ခံစားကြရတယ်။ ညီအစ်မတစ်ဦး ဒီလိုပြောပြတယ်– “ခွဲစိတ်ဆရာဝန်က ကျွန်မကို သွေးသွင်းဖို့ အကြိမ်ကြိမ်ဖိအားပေးခဲ့တယ်။ ကျွန်မကိုတွေ့တာနဲ့ ‘သွေးမသွင်းဘူးဆိုတာ တော်တော့်ကို အသိဉာဏ်နည်းလို့ပဲ’ လို့ပြောလေ့ရှိတယ်။ အဲဒီလိုပြောတဲ့အချိန်နဲ့ တခြားအချိန်တွေမှာ ကျွန်မ ယေဟောဝါထံ အသံတိတ်ဆုတောင်းတဲ့အခါ ကိုယ်တော် ကျွန်မကို စိတ်ငြိမ်သက်မှုပေးတယ်။ ကျွန်မ ကျောက်ဆောင်လိုခိုင်မာတယ်လို့ ခံစားရတယ်။ သွေးအားနည်းပြီး အားနည်းနေပေမဲ့လည်း ကျွန်မရဲ့ရပ်တည်ချက်နဲ့ပတ်သက်တဲ့ ကျမ်းဆိုင်ရာအကြောင်းပြချက်ကို ကောင်းကောင်းရှင်းပြနိုင်ခဲ့တယ်။”

၁၉ ယုံကြည်သူချင်းတွေပေးတဲ့ နှစ်သိမ့်မှု ဒါမှမဟုတ် အချိန်တန်အစာအားဖြင့် လိုအပ်တဲ့ထောက်မမှုကို ဘုရားသခင် ပြင်ဆင်ပေးလေ့ရှိတယ်။ ညီအစ်ကို၊ ညီအစ်မတစ်ဦးဦးက “ဒီဆောင်းပါးက ငါလိုအပ်တာနဲ့ ကွက်တိပဲ၊ ငါ့အတွက် ရေးထားသလိုပဲ” လို့ပြောတာကို ကြားဖူးပါလိမ့်မယ်။ မှန်ပါတယ်၊ ကျွန်ုပ်တို့ရဲ့အခြေအနေ၊ လိုအပ်ရာ ဘယ်လိုပဲရှိပါစေ ယေဟောဝါကိုယုံကြည်ကိုးစားမယ်ဆိုရင် ကိုယ်တော် ကျွန်ုပ်တို့ကိုချစ်ကြောင်း ပြသပါလိမ့်မယ်။ ကျွန်ုပ်တို့က ကိုယ်တော့် “သိုး” တွေဖြစ်ပြီး ကျွန်ုပ်တို့အပေါ် ကိုယ်တော့်နာမကို တည်စေမှာဖြစ်တယ်။—ဆာ. ၁၀၀:၃; ယော. ၁၀:၁၆; တ. ၁၅:၁၄၊ ၁၇

၂၀။ စာတန့်လောက အဆုံးတိုင်တဲ့အခါ ယေဟောဝါရဲ့ကျေးကျွန်တွေ ဘာကြောင့် လုံခြုံတဲ့နေရာမှာ ရှိနေမလဲ။

၂၀ အလျင်အမြန်နီးကပ်လာနေတဲ့ “ယေဟောဝါအမျက်ထွက်တော်မူသောနေ့” မှာ စာတန့်လောကရဲ့ ယုံကြည်ကိုးစားရာမှန်သမျှ ပျက်စီးသွားပါလိမ့်မယ်။ ရွှေ၊ ငွေနဲ့ တခြားအဖိုးတန်ရာတွေက လုံခြုံမှုမပေးနိုင်ဘူးဆိုတာ ထင်ရှားပါလိမ့်မယ်။ (ဇေ. ၁:၁၈; သု. ၁၁:၄) တစ်ခုတည်းသောခိုလှုံရာက ‘အမြဲတည်သောကျောက်’ ဖြစ်ပါလိမ့်မယ်။ (ဟေရှာ. ၂၆:၄) ဒါကြောင့် ယေဟောဝါရဲ့ဖြောင့်မတ်တဲ့နည်းလမ်းအတိုင်း နာခံမှုရှိရှိလိုက်လျှောက်ခြင်း၊ လျစ်လျူရှုမှုနဲ့ ဆန့်ကျင်မှုတွေကြား ကိုယ်တော့်နိုင်ငံတော်သတင်းကို ကြွေးကြော်ခြင်း၊ ကျွန်ုပ်တို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ကိုယ်တော့်ထံ ပုံအပ်ထားခြင်းအားဖြင့် ကိုယ်တော့်ကို အပြည့်အဝယုံကြည်ကိုးစားကြောင်း အခုကတည်းက တင်ပြကြပါစို့။ ဒီလိုလုပ်ဆောင်နေမယ်ဆိုရင် ကျွန်ုပ်တို့က “လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်” မှုရှိမှာဖြစ်တယ်။—သု. ၁:၃၃

[အောက်ခြေမှတ်ချက်]

သင် ရှင်းပြနိုင်သလား

အောက်ပါအခြေအနေတွေမှာ ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ–

• အမှားကျူးလွန်ဖို့ သွေးဆောင်ခံရချိန်မှာ။

• လျစ်လျူရှုမှု၊ ဆန့်ကျင်မှု ကြုံရချိန်မှာ။

• စိုးရိမ်ပူပန်မှုတွေကို ရင်ဆိုင်ဖြေရှင်းချိန်မှာ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

ဘုရားသခင့်စံနှုန်းတွေအတိုင်း လိုက်လျှောက်ခြင်းက ပျော်ရွှင်မှုရရှိစေ

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

‘ယေဟောဝါသည် အမြဲတည်သောကျောက်ဖြစ်တော်မူ၏’