မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှားယွင်းသောအတွေးအခေါ်နဲ့ မိမိကိုယ်ကို မလှည့်စားပါနဲ့

မှားယွင်းသောအတွေးအခေါ်နဲ့ မိမိကိုယ်ကို မလှည့်စားပါနဲ့

မှားယွင်းသောအတွေးအခေါ်နဲ့ မိမိကိုယ်ကို မလှည့်စားပါနဲ့

တားမြစ်ထားတဲ့အသီးကို ဧဝ စားပြီးတဲ့နောက်မှာ ဘုရားသခင်က “သင်သည် အဘယ်သို့ပြုပြီးသနည်း” လို့မေးတဲ့အခါ မိန်းမက “မြွေသည် ကျွန်တော်မကိုလှည့်စား၍ ကျွန်တော်မသည် စားမိပါပြီ” လို့ပြန်လျှောက်ခဲ့တယ်။ (က. ၃:၁၃) ဘုရားသခင့်စကားကို မနာခံဖို့ ဧဝကို လှည့်စားခဲ့တဲ့ စဉ်းလဲတဲ့မြွေ စာတန်ကို နောက်ပိုင်းမှာ “လူနေထိုင်ရာမြေတစ်ပြင်လုံးကို လှည့်စားသူ . . . မူလမြွေ” လို့ခေါ်တွင်ခဲ့တယ်။—ဗျာ. ၁၂:၉

ကမ္ဘာဦးကျမ်းက စာတန်ကို သတိမဲ့သူကိုလှည့်စားတဲ့ စဉ်းလဲကောက်ကျစ်သူအဖြစ် ဖော်ပြထားတယ်။ ဧဝက အမှန်ပဲ သူ့လှည့်စားမှုအောက် ကျရောက်ခဲ့တယ်။ ဒါပေမဲ့ စာတန်တစ်ဦးတည်းကသာ ကျွန်ုပ်တို့ကိုလှည့်စားနိုင်တယ်လို့ မယူဆသင့်ဘူး။ သမ္မာကျမ်းစာက “မှားယွင်းသောအတွေးအခေါ်ဖြင့် မိမိကိုယ်ကိုလှည့်စား” ခြင်းရဲ့အန္တရာယ်ကို သတိပေးထားတယ်။—ယာ. ၁:၂၂

မိမိကိုယ်ကိုလှည့်စားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ကျမ်းစာကသတိပေးထားတဲ့အတွက် အကြောင်းရှိလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလှည့်စားနိုင်ကြောင်းနဲ့ ဘယ်မှားယွင်းတဲ့အတွေးအခေါ်တွေက ကျွန်ုပ်တို့ကို လှည့်စားနိုင်ကြောင်း ဆန်းစစ်သင့်ပါတယ်။ ကျမ်းစာနမူနာတစ်ခုက ကျွန်ုပ်တို့အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

မိမိကိုယ်ကို လှည့်စားခဲ့တဲ့ပုံနမူနာ

ဘီစီအီး ၅၃၇ ခန့်က ပါးရှားဘုရင် ကုရုက ဗာဗုလုန်သုံ့ပန်းဘဝရောက်နေတဲ့ဂျူးတွေကို ဂျေရုဆလင်မြို့ကိုပြန်ပြီး ဝတ်ပြုရာအိမ်တော်ပြန်တည်ဆောက်ဖို့ အမိန့်ထုတ်ဆင့်ခဲ့တယ်။ (ဧဇ. ၁:၁၊ ၂) နောက်တစ်နှစ်မှာ ယေဟောဝါရဲ့ရည်ရွယ်ချက်အတိုင်း လူတွေက ဝတ်ပြုရာအိမ်တော်အုတ်မြစ်ကို ချခဲ့ကြတယ်။ ဒီအရေးကြီးတဲ့ဆောက်လုပ်ရေးလုပ်ငန်းကို အစပြုရာမှာ ကောင်းချီးပေးခဲ့တဲ့ ယေဟောဝါကို ပြည်တော်ပြန်တွေ ရွှင်လန်းစွာချီးမွမ်းခဲ့ကြတယ်။ (ဧဇ. ၃:၈၊ ၁၀၊ ၁၁) ဒါပေမဲ့ မကြာခင်မှာပဲ ဆန့်ကျင်မှုတွေပေါ်လာလို့ လူတွေ စိတ်ဓာတ်ကျခဲ့တယ်။ (ဧဇ. ၄:၄) သူတို့ပြန်လာပြီး ၁၅ နှစ်ခန့်အကြာမှာ ပါးရှားအစိုးရက ဂျေရုဆလင်မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းအားလုံးကို ပိတ်ပင်တားမြစ်လိုက်တယ်။ အခွင့်အာဏာရှိသူတချို့က ဂျေရုဆလင်ကိုရောက်လာပြီး “ယုဒလူတို့၏အလုပ်အကိုင်ကို အနိုင်အထက်ဆီးတား” ကြတယ်။—ဧဇ. ၄:၂၁-၂၄

ဒီအတားအဆီးတွေနဲ့ ကြုံတွေ့ရတဲ့ဂျူးတွေက မိမိတို့ကိုယ်ကို မှားယွင်းတဲ့အတွေးအခေါ်နဲ့ လှည့်စားခဲ့ကြတယ်။ ‘အချိန်မရောက်သေး၊ ယေဟောဝါ၏အိမ်တော်ကို တည်ဆောက်ရသောအချိန်မရောက်သေး’ ဆိုပြီး ပြောခဲ့ကြတယ်။ (ဟဂ္ဂဲ ၁:၂) ဘုရားသခင်က ဝတ်ပြုရာအိမ်တော်ကို ချက်ချင်းဆောက်ဖို့ အလိုမရှိဘူးလို့ သူတို့ ယူဆခဲ့ကြတယ်။ ကိုယ်တော့်အလိုတော်ကို လုပ်ဆောင်ဖို့ နည်းလမ်းရှာကြံမယ့်အစား ဘုရားသခင်ပေးထားတဲ့တာဝန်ကို ပစ်ထားပြီး သူတို့ရဲ့ကိုယ်ပိုင်အိမ်တွေကို အကြီးအကျယ်ပြုပြင်မွမ်းမံကြတယ်။ ဘုရားသခင့်ပရောဖက်ဟဂ္ဂဲက သူတို့ကို ဒီလို တဲ့တိုးမေးခဲ့တယ်– “အချင်းလူတို့ သင်တို့သည် အမိုးနှစ်ထပ်နှင့်ပြည့်စုံသောအိမ်၌ နေချိန်ရှိလျက်ပင် အိမ်တော်ပျက်လျက်နေရမည်လော။”—ဟဂ္ဂဲ ၁:၄

ဒီဥပမာကနေ သင် ဘာသင်ခန်းစာရသလဲ။ ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံမယ့်အချိန်နဲ့ပတ်သက်ပြီး လွဲမှားတဲ့အမြင်ရှိခြင်းက ဝတ်ပြုရေးနဲ့သက်ဆိုင်တဲ့ တာဝန်တွေကို လျစ်လျူရှုစေပြီး ကိုယ့်အရေးကိုသာ အာရုံစိုက်တဲ့သူ ဖြစ်သွားစေနိုင်တယ်။ ဥပမာ– သင် ဧည့်သည်မျှော်နေတယ်ဆိုပါစို့။ သူတို့ရောက်လာရင် အသင့်ဖြစ်နိုင်ဖို့ သင် ရေးကြီးသုတ်ပျာ ပြင်ဆင်နေမှာဖြစ်တယ်။ ဒါပေမဲ့ ဧည့်သည်တွေက နောက်ကျမယ်ဆိုတဲ့သတင်း ရောက်လာတယ်။ သင်ဆက်မပြင်ဆင်တော့ဘဲ နေမလား။

ဝတ်ပြုရာအိမ်တော်ကို အချိန်မဆွဲဘဲ ဆောက်လုပ်ဖို့ ယေဟောဝါ အလိုတော်ရှိတယ်ဆိုတာ ဂျူးတွေသိမြင်လာအောင် ဟဂ္ဂဲ​နဲ့ ဇာခရိ ကူညီပေးခဲ့တယ်။ ဟဂ္ဂဲက “ပြည်သူပြည်သားအပေါင်းတို့ အားယူကြလော့။ . . . လုပ်ဆောင်ကြလော့” လို့ တိုက်တွန်းခဲ့တယ်။ (ဟဂ္ဂဲ ၂:၄သမ္မာ) ဘုရားသခင့်စွမ်းအားတော်က သူတို့ကို ထောက်မမယ်ဆိုတာကို ယုံကြည်စိတ်ချပြီး သူတို့လုပ်လက်စအလုပ်ကို ဆက်လုပ်ရမှာဖြစ်တယ်။ (ဇာ. ၄:၆၊ ၇) ဒီပုံနမူနာက ယေဟောဝါရဲ့နေ့နဲ့ပတ်သက်ပြီး မှားယွင်းတဲ့ကောက်ချက် မချမိစေဖို့ ကူညီပေးတယ်မဟုတ်လား။—၁ ကော. ၁၀:၁၁

မှားယွင်းတဲ့အတွေးအခေါ်နေရာမှာ တော်မှန်တဲ့အတွေးအခေါ်နဲ့ အစားထိုးပါ

တမန်တော်ပေတရုက သူ့ရဲ့ဒုတိယစာမှာ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကို ယေဟောဝါ ဖြစ်ပေါ်စေမယ့်အကြောင်း ဆွေးနွေးသုံးသပ်ထားတယ်။ (၂ ပေ. ၃:၁၃) ပြက်ရယ်ပြုသူတချို့က လူ့အရေးကိစ္စမှာ ဘုရားသခင်ကြားဝင်မယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သံသယဖြစ်ကြတယ်ဆိုတာ သူသတိထားမိတယ်။ ဒီလူတွေက “အရာခပ်သိမ်းသည် ဖန်ဆင်းစကကဲ့သို့ ဖြစ်မြဲဖြစ်နေ” လို့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုပြီး မှားယွင်းစွာ ဆင်ခြေတက်ခဲ့ကြတယ်။ (၂ ပေ. ၃:၄) ဒီမှားယွင်းတဲ့အတွေးအခေါ်ကို ပေတရု ပြန်ချေပလိုခဲ့တယ်။ သူဒီလိုရေးခဲ့တယ်– “သင်တို့၏ထက်မြက်သော စဉ်းစားနိုင်စွမ်းကို နှိုးဆွသကဲ့သို့ သတိပေးချက်အနေနှင့် . . . ယခု ငါရေး၍ပေးလိုက်ပါ၏။” ပြက်ရယ်ပြုသူတွေ မှားယွင်းနေတယ်ဆိုတာ ခရစ်ယာန်ချင်းတွေကို သူသတိပေးခဲ့တယ်။ ဘုရားသခင်ဟာ ရှေးတုန်းက ကမ္ဘာပေါ် ရေလွှမ်းမိုးဘေးကျရောက်စေခြင်းအားဖြင့် လူ့အရေးကိစ္စတွေမှာ ကြားဝင်ဆောင်ရွက်ခဲ့တယ်။—၂ ပေ. ၃:၁၊ ၅-၇

ဘီစီအီး ၅၂၀ မှာ ဟဂ္ဂဲကလည်း စိတ်ပျက်အားလျော့ပြီး မလှုပ်မရှားဖြစ်နေတဲ့ဂျူးတွေကို အလားတူတိုက်တွန်းနှိုးဆော်ခဲ့တယ်။ သူက “ကိုယ်ကျင့်သောအကျင့်တို့ကို ဆင်ခြင်ကြလော့” ဆိုပြီး သူတို့ကို သတိပေးခဲ့တယ်။ (ဟဂ္ဂဲ ၁:၅) သူတို့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကို နှိုးဆွဖို့ ဘုရားသခင့်လူမျိုးတော်နဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက်နဲ့ ကတိတော်တွေအကြောင်း သူ့ရဲ့ဝတ်ပြုသူချင်းတွေကို ပြန်သတိပေးခဲ့တယ်။ (ဟဂ္ဂဲ ၁:၈; ၂:၄၊ ၅) ဒီလိုအားပေးပြီး မကြာမီမှာပဲ အတားအဆီးတွေကြားမှာ ဆောက်လုပ်ရေးလုပ်ငန်းကို ပြန်စခဲ့ကြတယ်။ ဒီတစ်ခါလည်း ရန်သူတွေက ဆောက်လုပ်ရေးစီမံကိန်းရပ်တန့်သွားအောင် ကြိုးစားကြပေမဲ့ မအောင်မြင်ခဲ့ဘူး။ တားဆီးပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပြီး ငါးနှစ်အကြာမှာ ဝတ်ပြုရာအိမ်တော် ဆောက်လုပ်ပြီးစီးသွားတယ်။—ဧဇ. ၆:၁၄၊ ၁၅; ဟဂ္ဂဲ ၁:၁၄၊ ၁၅

ကိုယ်ကျင့်သောအကျင့်ကို ဆင်ခြင်ကြလော့

ဟဂ္ဂဲခေတ်က ဂျူးတွေလိုပဲ ကျွန်ုပ်တို့လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်ကျနိုင်ပါတယ်။ အဲဒီလိုဖြစ်နေတယ်ဆိုရင် သတင်းကောင်းဟောပြောရာမှာ ကျွန်ုပ်တို့ရဲ့ဇွဲကို ဆက်ထိန်းသိမ်းဖို့ အခက်တွေ့နိုင်ပါတယ်။ ဘာက ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျစေနိုင်သလဲ။ ဒီလောကစနစ်ရဲ့ မမျှတမှုကြောင့် ကျွန်ုပ်တို့ ဆင်းရဲဒုက္ခရောက်နိုင်ပါတယ်။ ဒီလိုမေးခဲ့တဲ့ ဟဗက္ကုတ်ကို စဉ်းစားကြည့်ပါ– ‘ကြားတော်မမူဘဲ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။’ (ဟဗ. ၁:၂) တချို့သူတွေက နှောင့်နှေးတယ်လို့ထင်တဲ့အတွက် ခရစ်ယာန်တစ်ဦးရဲ့ အရေးတကြီးသဘောထား ပျောက်ဆုံးသွားပြီး အခြေလှဇိမ်ကျတဲ့ဘဝကို ဦးစားပေးလိုက်စားမိစေနိုင်ပါတယ်။ သင်လည်း အဲဒီလိုဖြစ်နေသလား။ ကျွန်ုပ်တို့လည်း အဲဒီအတိုင်း စဉ်းစားဆင်ခြင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လှည့်စားရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့် “ကိုယ်ကျင့်သောအကျင့်ကို ဆင်ခြင်” ဖို့နဲ့ “သင်တို့၏ ထက်မြက်သော စဉ်းစားနိုင်စွမ်းကို နှိုးဆွ” ပါဆိုတဲ့ သွန်သင်ချက်ကို လိုက်နာဖို့ အလွန်အရေးကြီးလှပါတယ်။ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ဒီဆိုးညစ်တဲ့လောကက ငါထင်ထားတာထက် ပိုပြီး သက်ဆိုးရှည်နေလို့ အံ့သြသင့်သလား။’

အတိုင်းအတာတစ်ခုအထိ စောင့်ဖို့လိုကြောင်း သမ္မာကျမ်းစာဖော်ပြ

ဒီလောကစနစ်ရဲ့အဆုံးနဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားတွေကို သုံးသပ်ကြည့်ပါ။ မာကုမှတ်တမ်းတင်ထားတဲ့ နောက်ဆုံးသောကာလနဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားထဲမှာ နိုးနိုးကြားကြားရှိနေဖို့ အထပ်ထပ် သတိပေးထားတယ်။ (မာ. ၁၃:၃၃-၃၇) ယေဟောဝါရဲ့နေ့ကြီး အာမဂေဒုန်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်မှာလည်း အလားတူသတိပေးချက်ကို တွေ့ရတယ်။ (ဗျာ. ၁၆:၁၄-၁၆) ဘာကြောင့် အထပ်ထပ် သတိပေးဖို့လိုသလဲ။ စောင့်ရတာကြာတယ်လို့ ယူဆလာတဲ့အခါ လူတွေရဲ့ အရေးတကြီးသဘောထား ပျောက်သွားနိုင်တဲ့အတွက် ဒီလိုသတိပေးရခြင်းဖြစ်တယ်။

ကျွန်ုပ်တို့ဟာ ဒီအစီအစဉ်စနစ်ရဲ့အဆုံးကိုစောင့်နေစဉ်မှာ မပြတ်နိုးကြားနေဖို့လိုကြောင်း ယေရှုက ပုံဥပမာနဲ့ ဖော်ပြခဲ့တယ်။ သူခိုးဖောက်ခံရတဲ့ အိမ်ရှင်အကြောင်း ကိုယ်တော်ပြောခဲ့တယ်။ သူခိုးဖောက်မခံရအောင် ဘယ်လိုလုပ်နိုင်သလဲ။ တစ်ညလုံး နိုးနိုးကြားကြားရှိနေခြင်းအားဖြင့် ဖြစ်နိုင်ပါတယ်။ ယေရှုက ကျွန်ုပ်တို့ကိုသတိပေးတဲ့ဒီစကားတွေနဲ့ ပုံဥပမာကို နိဂုံးချုပ်ခဲ့တယ်– “သင်တို့သည်လည်း အသင့်ရှိနေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သောအချိန်နာရီတွင် လူသားသည် ကြွလာလိမ့်မည်။”—မ. ၂၄:၄၃၊ ၄၄

ဒီပုံဥပမာက အချိန်အတော်အတန်စောင့်ရတယ်ဆိုရင်တောင် စောင့်လိုတဲ့သဘောထားရှိဖို့လိုကြောင်း ဖော်ပြတယ်။ ဒီဆိုးညစ်တဲ့လောကစနစ်က ကျွန်ုပ်တို့မျှော်လင့်ထားတာထက် ပိုကြာရှည်နေပုံရရင်တောင် အလွန်အမင်း မစိုးရိမ်သင့်ဘူး။ ‘ယေဟောဝါသတ်မှတ်ထားတဲ့ အချိန်မရောက်သေးဘူး’ ဆိုပြီး မိမိကိုယ်ကို မလှည့်စားသင့်ဘူး။ ဒီလိုတွေးတောလာမယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရာမှာ ကျွန်ုပ်တို့ရဲ့ဇွဲတွေ လျော့နည်းလာမှာဖြစ်တယ်။—ရော. ၁၂:၁၁

မှားယွင်းသောအတွေးအခေါ်တွေကို အမြစ်ပါမကျန်နုတ်ပစ်ပါ

ဂလာတိ ၆:၇ မှာပါတဲ့ ဒီမူက မှားယွင်းတဲ့အတွေးအခေါ်နဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်တယ်– “လှည့်ဖြားခြင်းကို မခံကြနှင့်။ . . . အကြောင်းမူကား လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။” မစိုက်မပျိုးဘဲ ပစ်ထားတဲ့မြေမှာ ပေါင်းပင်တွေ အလွယ်တကူပေါက်လာမှာဖြစ်တယ်။ အလားတူပဲ ကျွန်ုပ်တို့ရဲ့ ထက်မြက်တဲ့စဉ်းစားနိုင်စွမ်းကို မနှိုးဆွဘူးဆိုရင် အတွေးမှောက် လမ်းပျောက်ပြီး မှားယွင်းတဲ့အတွေးအခေါ်တွေ ကျွန်ုပ်တို့စိတ်ထဲမှာ အမြစ်တွယ်လာနိုင်တယ်။ ဥပမာ၊ ‘ဘုရားသခင်ရဲ့နေ့ကြီးက လာမှာသေချာပါတယ်၊ ဒါပေမဲ့ အခုအချိန်တော့မဟုတ်ဘူး’ လို့ ဆင်ခြင်လာနိုင်တယ်။ ဒီလိုအတွေးအခေါ်ပြောင်းလဲသွားတဲ့အတွက် သီအိုကရက်တစ်လုပ်ဆောင်မှုတွေမှာ ပေါ့ပေါ့တန်တန်ပဲ လုပ်ဆောင်လာနိုင်တယ်။ အချိန်ကြာလာတဲ့အခါ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ရိုးလုပ်စဉ်တွေကို စပြီးလျစ်လျူရှုလာနိုင်တယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့နေကြီးက ကျွန်ုပ်တို့အပေါ် အမှတ်တမဲ့ အုပ်မိသွားနိုင်တယ်။—၂ ပေ. ၃:၁၀

ကျွန်ုပ်တို့က “ဘုရားသခင့် အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့” ကိုသိမှတ်မယ်ဆိုရင် ကျွန်ုပ်တို့စိတ်နှလုံးမှာ မှားယွင်းတဲ့အတွေးအခေါ်တွေ အမြစ်တွယ်လာမှာ မဟုတ်ဘူး။ (ရော. ၁၂:၂) အဲဒီလိုသိမှတ်နိုင်ဖို့ သမ္မာကျမ်းစာကို ပုံမှန်ဖတ်ရှုခြင်းက အကောင်းဆုံးနည်းတွေထဲက တစ်နည်းဖြစ်တယ်။ ဒီလိုလုပ်မယ်ဆိုရင် ယေဟောဝါက ကိုယ်တော်သတ်မှတ်ထားချိန်မှာ အမြဲလုပ်ဆောင်တယ်ဆိုတဲ့အချက်အပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုက ပိုခိုင်မာလာနိုင်တယ်။—ဟဗ. ၂:၃

လေ့လာခြင်း၊ ဆုတောင်းခြင်း၊ အစည်းအဝေးတွေနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ပုံမှန်ပါဝင်ခြင်းအပြင် ကြင်နာမှုပါတဲ့ လုပ်ရပ်တွေက ‘ယေဟောဝါ၏နေ့ ရောက်လာမည်ကိုစောင့်မျှော်၍ စိတ်စွဲလမ်း’ နေစေပါလိမ့်မယ်။ (၂ ပေ. ၃:၁၁၊ ၁၂) ယေဟောဝါက ကျွန်ုပ်တို့ရဲ့ သစ္စာရှိမှုကို တွေ့မြင်ပါတယ်။ တမန်တော်ပေါလုက ကျွန်ုပ်တို့ကို ဒီလိုသတိပေးထားတယ်– “ငါတို့သည် လက်မလျှော့ဘဲ ကောင်းသောအမှုကို ပြုနေကြစို့။ အကြောင်းမူကား နွမ်းလျခြင်းမရှိဘဲနေလျှင် အချိန်တန်သော် ရိတ်သိမ်းကြရလိမ့်မည်။”—ဂလ. ၆:၉

အခုအချိန်က ယေဟောဝါရဲ့နေ့ ရောက်လာဦးမှာ မဟုတ်သေးဘူးဆိုပြီး မှားယွင်းတဲ့အတွေးအခေါ်နဲ့ မိမိကိုယ်ကို လှည့်စားရမယ့်အချိန်မဟုတ်ဘူး။ အဲဒီအစား ယေဟောဝါရဲ့နေ့ကြီးနီးပြီဆိုတာကို အခိုင်အမာယုံကြည်စိတ်ချရမယ့်အချိန် ဖြစ်ပါတယ်။

[စာမျက်နှာ ၄ ပါရုပ်ပုံ]

ဟဂ္ဂဲ​နဲ့ ဇာခရိက ဝတ်ပြုရာအိမ်တော်ကိုတည်ဆောက်ဖို့ ဂျူးတွေကို တိုက်တွန်းခဲ့

[စာမျက်နှာ ၅ ပါရုပ်ပုံ]

သူခိုးလာမယ်ဆိုတာကို အိမ်ရှင်သိခဲ့ရင် ဘာလုပ်မလဲ