အံ့ဖွယ်တိုးချဲ့နေချိန်မှာ အမှုဆောင်ခြင်း
အံ့ဖွယ်တိုးချဲ့နေချိန်မှာ အမှုဆောင်ခြင်း
ဟာလေ ဟားရက်စ် ပြောပြသည်
အဖြစ်အပျက်ကတော့ ၁၉၅၀၊ စက်တင်ဘာ ၂ ရက် အမေရိကန်နိုင်ငံ၊ မစ်ဇိုရီပြည်နယ်၊ ကဲန်နက်မြို့မှာဖြစ်တယ်။ တိုက်နယ်စည်းဝေးပွဲကျင်းပနေတုန်း လူအုပ်က ကျွန်တော်တို့ကို ဝိုင်းရံထားတယ်။ လူရမ်းကားအုပ်ထဲရောက်နေတဲ့ ကျွန်တော်တို့ကို ကာကွယ်ဖို့ မြို့တော်ဝန်က ပြည်နယ်လက်နက်ကိုင်တပ်ဖွဲ့ကို ခေါ်လာတယ်။ စစ်သားတွေက အသင့်ချိန်ထားတဲ့ ရိုင်ဖယ်တွေ၊ လှံစွပ် တွေနဲ့ လမ်းဘေးဝဲယာမှာ ရပ်နေကြတယ်။ စော်ကားပြောဆိုနေတဲ့လူအုပ်ကြားထဲကနေ ကျွန်တော်တို့တွေ ကားဆီလျှောက်လာပြီး ကျန်တဲ့စည်းဝေးပွဲအစီအစဉ်ပိုင်းကို ကျင်းပဖို့ ကိပ် ကရာဒိုမြို့ကို ထွက်လာခဲ့ကြတယ်။ အဲဒါက ကျွန်တော် ၁၄ နှစ်အရွယ်မှာ နှစ်ခြင်းခံခဲ့တဲ့ နေရာပေါ့။ ဗရုန်းသုန်းကားဖြစ်နေတဲ့ ဒီလိုအချိန်မှာ ယေဟောဝါကို အမှုဆောင်တဲ့သူတစ်ဦး ဘယ်လိုဖြစ်လာသလဲဆိုတာ ပြောပြပါရစေ။
ကျွန်တော့်အဘိုးအဘွားနဲ့ သူတို့ရဲ့ကလေး ရှစ်ယောက်ဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်းမှာ ညီအစ်ကို ရပ်သဖော့ရဲ့ အသံသွင်းဟောပြောချက်တချို့ကို ကြားခဲ့ရလို့ အမှန်တရားကိုတွေ့ပြီဆိုတာ ယုံကြည်ခဲ့ကြတယ်။ ကျွန်တော့်မိဘတွေဖြစ်တဲ့ ဘေနဲ့ မေးဒရက် ဟားရက်စ်တို့ဟာ ၁၉၃၅ ခုနှစ်၊ ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ စည်းဝေးကြီးမှာ နှစ်ခြင်းခံခဲ့ကြတယ်။ ဒီစည်းဝေးကြီးမှာ “အုပ်စုကြီး” ဒါမှမဟုတ် “လူအုပ်ကြီး” က ဘယ်သူလဲဆိုတာ သိလာပြီး သူတို့တွေက အဲဒီလူအုပ်ကြီးအဝင်ဖြစ်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာခဲ့ကြတယ်။—ဗျာ. ၇:၉၊ ၁၄။
နောက်တစ်နှစ်မှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ တစ်နှစ်ကြာပြီးတဲ့နောက် ကျွန်တော့်မိဘတွေက မစ်စစ္စပီပြည်နယ်ထဲက အသင်းတော်မရှိတဲ့နေရာတစ်ခုကို ပြောင်းသွားကြတယ်။ အဲဒီနေရာမှာရှိနေတုန်း နယ်လှည့်ကြီးကြပ်မှူး လာလည်ပတ်တာမျိုးမရှိခဲ့ဘူး။ ကျွန်တော့်မိသားစုဟာ ဗေသလနဲ့ စာအဆက်အသွယ်ပြုလုပ်ခဲ့ပြီး စည်းဝေးပွဲတွေကို တက်ခဲ့ကြတယ်၊ အဲဒီအချိန်လောက်ပဲ ညီအစ်ကိုတွေနဲ့ ပေါင်းသင်းရတာ။
ညှဉ်းပန်းနှိပ်စက်မှုကြား ခံရပ်တည်ကြည်ခဲ့
ဒုတိယကမ္ဘာစစ်အတွင်းမှာ ယေဟောဝါသက်သေတွေဟာ ကြားနေမှုကြောင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရတယ်။ ကျွန်တော်တို့ဟာ အာကန်ဆောပြည်နယ်၊ မောင်းတိန်းဟုမ်းကို ပြောင်းရွှေ့ခဲ့တယ်။ တစ်နေ့ ကျွန်တော်နဲ့အဖေ လမ်းပေါ်သက်သေခံနေတုန်း လူတစ်ယောက်ရောက်လာပြီး အဖေ့လက်ထဲက မဂ္ဂဇင်းတွေကို ဆတ်ခနဲဆွဲလုလိုက်ပြီး အဲဒီနေရာမှာပဲ မီးရှို့ပစ်လိုက်တယ်။ သူက ကျွန်တော်တို့စစ်ထဲမဝင်တဲ့အတွက် သတ္တိကြောင်တဲ့သူတွေလို့ ကျွန်တော်တို့ကို ပြောတယ်။ အသက် ၅ နှစ်ပဲရှိသေးတဲ့ကျွန်တော်က စပြီးငိုတော့တာပဲ။ အဖေက အဲဒီလူ ထွက်သွားတဲ့အထိ ဘာတစ်ခွန်းမှမပြောဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေခဲ့တယ်။
ကျွန်တော်တို့အပေါ်အကောင်းမြင်တဲ့၊ စိတ်ကောင်းရှိတဲ့သူတွေလည်းရှိတယ်။ တစ်ခါတုန်းက ကျွန်တော်တို့ရဲ့ကားကို လူအုပ်က ဝိုင်းထားတယ်။ အဲဒီအချိန်မှာ ဖြတ်သွားတဲ့ရှေ့နေတစ်ယောက်က လူအုပ်ကို သတိပြုမိပြီး “ဘာတွေဖြစ်နေတာလဲ” လို့မေးလိုက်တယ်။ လူတစ်ယောက်က “ဒီယေဟောဝါသက်သေတွေက တိုင်းပြည်အတွက် စစ်မတိုက်ကြဘူး” လို့ပြန်ဖြေလိုက်တယ်။ ရှေ့နေက ကားခြေနင်းခုံပေါ် ခုန်တက်လာပြီး “ပထမတ. ၂၇:၃။
ကမ္ဘာစစ်တုန်းက ငါစစ်တိုက်ခဲ့တယ်။ အခုလည်း တိုက်မယ်။ ဒီလူတွေကိုတော့ လွှတ်ပေးလိုက်ပါ။ သူတို့တွေက ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး” လို့အော်ပြောလိုက်တယ်။ လူအုပ်ဟာ တဖြည်းဖြည်းနဲ့ လူစုကွဲသွားတယ်။ ကျွန်တော်တို့အပေါ် စာနာမှုတင်ပြခဲ့တဲ့ ဒီလိုလူမျိုးကို ကျွန်တော်တို့ အရမ်းကျေးဇူးတင်တယ်။—စည်းဝေးကြီးတွေက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့
၁၉၄၁ ခုနှစ်၊ မစ်ဇိုရီပြည်နယ်၊ စိန့်လူးဝစ္စမြို့မှာ ကျင်းပခဲ့တဲ့ စည်းဝေးကြီးက ကျွန်တော်တို့လိုအပ်တာနဲ့ အချိန်ကိုက်ပဲ။ ခန့်မှန်းချက်တစ်ခုအရ အဲဒီမှာ တက်ရောက်သူ ၁၁၅,၀၀၀ ကျော်ရှိခဲ့ပြီး ၃,၉၀၃ ဦး နှစ်ခြင်းခံခဲ့တယ်။ ညီအစ်ကို ရပ်သဖော့ရဲ့ “ဘုရင်၏ကလေးများ” ဆိုတဲ့ဟောပြောချက်ကို ကျွန်တော် ကောင်းကောင်းမှတ်မိနေသေးတယ်။ ကလေးတွေကို သူတိုက်ရိုက်ရည်ညွှန်းဟောပြောခဲ့ပြီး ကျွန်တော်တို့အားလုံး ကလေးများဆိုတဲ့ လှပတဲ့ အပြာရောင်စာအုပ်တစ်အုပ်စီ ရခဲ့ကြတယ်။ ဒီစည်းဝေးကြီးက ကျွန်တော် မူလတန်းစတက်မယ့် လာမယ့်နှစ်မှာ ကြုံတွေ့ရမယ့်အရာတွေအတွက် ကျွန်တော့်ကို ခွန်အားဖြစ်စေခဲ့တယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဝမ်းကွဲတွေက သားရဲအထိမ်းအမှတ်ကို ဦးမညွှတ်တဲ့အတွက် ကျောင်းထုတ်ခံခဲ့ရတယ်။ ကျောင်းဒါရိုက်တာ စိတ်ပြောင်းနိုးနိုးနဲ့ ကျွန်တော်တို့ နေ့တိုင်း ကျောင်းသွားခဲ့ကြတယ်။ မနက်တိုင်းလိုလို တောအုပ်ကိုဖြတ်လျှောက်ပြီး ကျောင်းသွားကြပေမဲ့ အိမ်ကို ဒီအတိုင်းပဲ ပြန်လာကြရတယ်။ ဒါပေမဲ့ ကျွန်တော်က ဒါကို ဘုရားသခင့်နိုင်ငံတော်အပေါ် သစ္စာတည်ကြည်ကြောင်း တင်ပြတဲ့နည်းတစ်နည်းလို့ ယူဆခဲ့တယ်။
သိပ်မကြာခင်မှာပဲ အဲဒါက မလုပ်မနေရ မဟုတ်ဘူးလို့ အမေရိကန် တရားရုံးချုပ်က အမိန့်ချမှတ်လိုက်တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ ကျောင်းပြန်တက်နိုင်ပြီ။ ဆရာက အရမ်းသဘောကောင်းပြီး ကျွန်တော်တို့လွတ်သွားတဲ့သင်ခန်းစာတွေ ပြန်လိုက်နိုင်အောင် ကူညီပေးခဲ့တယ်။ အတန်းဖော်တွေကလည်း ကျွန်တော်တို့ကို လေးလေးစားစား ဆက်ဆံကြတယ်။
၁၉၄၂ ခုနှစ်၊ အိုဟိုင်အိုပြည်နယ်၊ ကလိဗ်လဲန်မှာ ပြုလုပ်တဲ့ စည်းဝေးကြီးမှာ ညီအစ်ကို နေသန် အိတ်ခ်ျ နောရ်ရဲ့ “ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော” ဆိုတဲ့ဟောပြောချက်ကိုလည်း အမှတ်ရတယ်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇ ကိုဆွေးနွေးသုံးသပ်ထားတဲ့ ဒီဟောပြောချက်မှာ ဒုတိယကမ္ဘာစစ်ပြီးရင် အတော်အတန်ငြိမ်းချမ်းမယ့် အချိန်ကာလတစ်ခုရှိမယ်ဆိုတာ ဖော်ပြခဲ့တယ်။ ဒါကြောင့် ထပ်ဆင့်တိုးချဲ့မှုလုပ်ဖို့ မျှော်လင့်ခဲ့ကြတယ်။ ဒီတိုးချဲ့မှုအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ၁၉၄၃ ခုနှစ်မှာ ဂိလဒ်ကျောင်းကို ဖွင့်လှစ်ခဲ့တယ်။ ဒီကျောင်းက ကျွန်တော့်ဘဝအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိလိမ့်မယ်ဆိုတာ အဲဒီတုန်းက ကျွန်တော်မသိခဲ့ဘူး။ စစ်ကြီးပြီးသွားတဲ့အခါ တကယ်ပဲ ငြိမ်းချမ်းခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုတွေလည်း လျော့နည်းလာတယ်။ ဒါပေမဲ့ ၁၉၅၀ ပြည့်နှစ်မှာ ကိုရီးယားစစ်ပွဲဖြစ်ပွားတဲ့အခါ အစပိုင်းမှာပြောခဲ့သလိုပဲ ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်မှုတွေ ရုတ်တရက် ပြန်စလာတယ်။
တိုးချဲ့မှုတွင် ပို၍အပြည့်အဝပါဝင်ခြင်း
၁၉၅၄ ခုနှစ်၊ ကျွန်တော် အထက်တန်းကျောင်းပြီးလို့ တစ်လအကြာမှာ ရှေ့ဆောင် စလုပ်ခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ လူအုပ်ရဲ့ ဝိုင်းရံမှုခံခဲ့ရတဲ့ မစ်ဇိုရီပြည်နယ်၊ ကဲန်နက်မြို့မှာ အမှုဆောင်ပြီးတဲ့နောက် ၁၉၅၅၊ မတ်လမှာ ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ နယူးယောက်မြို့လယ်ခေါင်က လူအရှုပ်ဆုံး၊ အထင်ရှားဆုံးနေရာဖြစ်တဲ့ တိုင်းမ်စကွဲရပ်ကွက်ပါဝင်တဲ့ အသင်းတော်မှာ တာဝန်ကျခဲ့တယ်။ ကျေးလက်ဘဝနဲ့ တကယ့်တခြားစီပဲ။ အမြဲတမ်းအလုပ်ရှုပ်ဗျာများနေတဲ့ နယူးယောက်မြို့သားတွေကို စိတ်ဝင်စားစရာမဂ္ဂဇင်းဆောင်းပါးတွေပြ၊ “ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးဖူးသလား” လို့ပြောပြီး သူတို့ရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ်။ လူများစွာက မဂ္ဂဇင်းကို လက်ခံခဲ့ကြတယ်။
ဗေသလမှာ ကျွန်တော်အနှစ်သက်ဆုံးအရာတွေထဲကတစ်ခုက ညီအစ်ကိုနောရ်ဦးဆောင်တဲ့ နံနက်ဝတ်ပြုမှုဖြစ်တယ်။ သူက ကျမ်းချက်တွေကို အသက်ဝင်အောင်၊ ကျွန်တော်တို့လက်တွေ့ကျင့်သုံးနိုင်အောင် ပြောတတ်တယ်။ အဖေက သားတစ်ယောက်ကို စကားပြောသလို ကျွန်တော်တို့ တစ်ကိုယ်ရေညီအစ်ကိုတွေကို သူပြောဆိုဆက်ဆံပြီး လိင်ခြားသူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်တဲ့ အကြံကောင်းတွေ ပေးတတ်တယ်။ ၁၉၆၀ ပြည့်နှစ်မှာ ကျွန်တော် အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်တော်ဗေသလကထွက်မယ်ဆိုတာကို ရက် ၃၀ ကြိုအကြောင်းကြားခဲ့ပေမဲ့ အဖြေမရခဲ့ဘူး။ ရက် ၃၀ ပြည့်သွားတော့ ကျွန်တော် ရှက်ရှက်နဲ့ သတ္တိမွေးပြီး ကျွန်တော့်ရဲ့အကြောင်းကြားစာရမရ ဖုန်းဆက်မေးခဲ့တယ်။ ညီအစ်ကို ရောဘတ်ဝေါ်လဲန်က ဖုန်းပြန်ဖြေခဲ့ပြီး ကျွန်တော်အလုပ်လုပ်တဲ့နေရာကို ရောက်လာတယ်။ ပြီးတော့ အထူးရှေ့ဆောင် ဒါမှမဟုတ် တိုက်နယ်လုပ်ငန်းကို ဘယ်လိုသဘောရသလဲလို့ မေးခဲ့တယ်။ “ကျွန်တော်က ၂၄ နှစ်ပဲရှိသေးတယ်။ ကျွန်တော့်မှာ အတွေ့အကြုံမရှိဘူး” လို့ပြန်ဖြေလိုက်တယ်။
တိုက်နယ်လုပ်ငန်း
အဲဒီည ကျွန်တော့်အခန်းပြန်ရောက်တော့ စာအိတ်ကြီးတစ်အိတ် ဆီးကြိုနေတယ်။ အဲဒီထဲမှာ အထူးရှေ့ဆောင်လျှောက်လွှာ
တစ်စောင်နဲ့ တိုက်နယ်လုပ်ငန်းအတွက် လျှောက်လွှာတစ်စောင်ပါတယ်။ ကျွန်တော်အံ့သြလွန်းလို့ ကြက်သေ,သေသွားတယ်။ ဒါနဲ့ပဲ မစ်ဇိုရီအနောက်တောင်ပိုင်းနဲ့ ကန်စပ်စ်အရှေ့ပိုင်းမှာရှိတဲ့ ညီအစ်ကိုတွေအတွက် တိုက်နယ်လုပ်ဖို့ အခွင့်ထူးရရှိခဲ့တယ်။ ဗေသလကမထွက်ခင်မှာ နယ်လှည့်ကြီးကြပ်မှူးတွေအတွက် အစည်းအဝေးကို တက်ခဲ့ရတယ်။ ညီအစ်ကိုနောရ်က သူ့ရဲ့နိဂုံးချုပ်မှတ်ချက်မှာ ဒီလိုပြောခဲ့တယ်– “ညီအစ်ကိုတို့က တိုက်နယ်တွေ၊ ခရိုင်တွေဖြစ်တာနဲ့ ဒေသခံညီအစ်ကိုတွေထက် ပိုသိတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ တချို့သူတွေဟာ ညီအစ်ကိုတို့ထက် ပိုပြီးအတွေ့အကြုံရှိကြတယ်။ အခြေအနေမပေးလို့သာ တိုက်နယ်လုပ်ငန်းမှာ မပါဝင်နိုင်ကြတာ။ သူတို့ဆီကနေ အများကြီးသင်ယူနိုင်တယ်။”အဲဒီစကားက တကယ်မှန်တယ်။ ကန်စပ်စ်ပြည်နယ် ပါစန်မြို့က ညီအစ်ကို ဖရက်ဒ် မော်လဟန်နဲ့ သူ့ရဲ့ဇနီး၊ သူမရဲ့အစ်ကို ချာလီတို့က တကယ့်ကို ပုံသက်သေကောင်းတဲ့သူတွေဖြစ်တယ်။ သူတို့က ၁၉၀၀ ပြည့်လွန်နှစ်တွေအစောပိုင်းကတည်းက အမှန်တရားကို သိခဲ့ကြတာ။ ကျွန်တော်မမွေးခင်က အတွေ့အကြုံတွေကို သူတို့ဆီကနေကြားခွင့် ရခဲ့တယ်။ နောက်ညီအစ်ကိုတစ်ယောက်ကတော့ မစ်ဇိုရီပြည် ဂျော့ပလန်မြို့က ကြင်နာတတ်တဲ့ သက်ကြီးညီအစ်ကို ဂျောန် ရစ်စတန်ဖြစ်တယ်၊ သူက ဆယ်စုနှစ်များစွာ ရှေ့ဆောင်လုပ်ခဲ့သူဖြစ်တယ်။ ဒီချစ်စရာကောင်းတဲ့ ညီအစ်ကိုတွေက အဖွဲ့အစည်းရဲ့ အစီအစဉ်ကို အလွန်လေးစားကြတယ်။ ကျွန်တော်က အသက်ငယ်ပေမဲ့ ကျွန်တော့်ကို သူတို့ရဲ့တိုက်နယ်ကြီးကြပ်မှူးအဖြစ် တလေးတစားဆက်ဆံကြတယ်။
၁၉၆၂ ခုနှစ်မှာ ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့၊ သွက်သွက်လက်လက်ရှိတဲ့ ဆံနီမလေး ကလောရစ် ခနုတ်ခီနဲ့ ကျွန်တော် လက်ထပ်လိုက်တယ်။ တိုက်နယ်လုပ်ငန်းမှာ ကျွန်တော်တို့အတူ ဆက်လုပ်ဆောင်ကြတယ်။ ညီအစ်ကိုတွေရဲ့အိမ်တွေမှာနေရတဲ့အတွက် သူတို့နဲ့ ပိုရင်းနှီးလာတယ်။ ပြီးတော့ အချိန်ပြည့်လုပ်ငန်းမှာပါဝင်ကြဖို့ လူငယ်တွေကို အားပေးနိုင်ခဲ့တယ်။ တိုက်နယ်အတွင်းမှာရှိတဲ့ ဆယ်ကျော်သက်နှစ်ဦးဖြစ်တဲ့ ဂျေး ကစင်စကီနဲ့ ဂျိုအဲန် ခရစ်မဲန်တို့က အားပေးမှုကို လိုလိုလားလား လက်ခံကြတယ်။ သူတို့နဲ့အတူ ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ပြီး ကိုယ်ကျိုးစွန့်လမ်းစဉ်ကြောင့် ခံစားရတဲ့ ရွှင်လန်းမှုအကြောင်း ပြောပြတာက ကိုယ်ပိုင်ပန်းတိုင်တွေချဖို့ သူတို့အတွက် လှုံ့ဆော်မှုဖြစ်ခဲ့တယ်။ ဂျိုအဲန်က အထူးရှေ့ဆောင်တစ်ယောက်ဖြစ်လာပြီး ဂျေးကတော့ ဗေသလမှာ အမှုဆောင်ခဲ့တယ်။ နောက်ပိုင်း သူတို့နှစ်ယောက် လက်ထပ်လိုက်ကြပြီး အခုဆိုရင် တိုက်နယ်လုပ်ငန်းမှာ အမှုဆောင်နေတာ အနှစ် ၃၀ ရှိနေပြီ။
ခရစ်ယာန်သာသနာပြုလုပ်ငန်း
၁၉၆၆ ခုနှစ်မှာ ညီအစ်ကိုနောရ်က တိုင်းတစ်ပါးမှာ အမှုဆောင်ချင်သလားလို့ ကျွန်တော်တို့ကို မေးခဲ့တယ်။ “အခု ရရှိထားတဲ့တာဝန်မှာ ကျွန်တော်တို့ ပျော်နေတယ်။ ဒါပေမဲ့ လိုအပ်တယ်ဆိုရင်တော့ သွားဖို့အသင့်ပါပဲ” လို့ ပြန်ဖြေလိုက်တယ်။ တစ်ပတ်ကြာပြီးတဲ့နောက် ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဂိလဒ်ကျောင်းတက်ဖို့ ဗေသလကိုပြန်သွားပြီး ကျွန်တော် လေးစားချစ်ခင်ရတဲ့သူတွေနဲ့ ပြန်တွေ့ရတာ စိတ်လှုပ်ရှားစရာပဲ။ ပြီးတော့ ဒီနေ့အထိ သစ္စာရှိရှိအမှုဆောင်နေတဲ့ ကျောင်းသားတွေနဲ့လည်း မိတ်ဖွဲ့ခွင့်ရခဲ့တယ်။
ကျွန်တော်နဲ့ကလောရစ်ဟာ ဒင်းနစ်နဲ့ အက်ဝီနာ ခရစ်၊ အဲန်နာ ရော်ဒရီးဂတ်စ်၊ ဒေလီယာ ဆန်းချက်စ်တို့နဲ့အတူ တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံမှာ တာဝန်ခန့်အပ်ခံရတယ်။ ခရစ်ဇနီးမောင်နှံက မြို့တော်ကွီတိုမှာ တာဝန်ကျပြီး ကျွန်တော်တို့ဇနီးမောင်နှံနဲ့ အဲန်နာနဲ့ ဒေလီယာတို့က အီကွေဒေါရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကွင်ကာမှာ တာဝန်ကျတယ်။ ဒီနယ်မြေမှာ ပြည်နယ်နှစ်ခုပါ၀င်တယ်။ ကွင်ကာမြို့ရဲ့ ပထမဆုံးအသင်းတော်က ကျွန်တော်တို့ရဲ့ ဧည့်ခန်းကနေ အစပြုခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့လေးယောက်နဲ့ နောက်ထပ်နှစ်ယောက်ပဲရှိ
တယ်။ ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုပြီးမြောက်နိုင်မလဲဆိုပြီး ကျွန်တော်တို့ စဉ်းစားခဲ့ကြတယ်။ကွင်ကာမြို့မှာ ချာ့ခ်ျတွေက လက်ညှိုးထိုးမလွဲပဲ။ သူတို့ပြောတဲ့ သန့်ရှင်းတဲ့နေ့တွေမှာဆိုရင် မြို့အနှံ့မှာ ဘာသာရေးဆိုင်ရာစီတန်းလှည့်လည်မှုတွေ တွေ့ရတယ်။ ဒါပေမဲ့ ကွင်ကာမြို့ကလူတွေမှာ မေးစရာမေးခွန်းတွေ အများကြီးပဲ။ ဥပမာ၊ ကွင်ကာမြို့ရဲ့စက်ဘီးချန်ပီယံ မာရီယိုပိုလိုနဲ့တွေ့ခဲ့ပြီး တွေ့တွေ့ချင်းမှာပဲ သူက “ဗျာဒိတ်ကျမ်းမှာဖော်ပြတဲ့ ပြည့်တန်ဆာက ဘယ်သူလဲ” လို့မေးလို့ ကျွန်တော် အံ့သြခဲ့ရတယ်။
တစ်ကြိမ်မှာတော့ မာရီယိုဟာ ညကြီးမင်းကြီးမှာ ကျွန်တော်တို့အိမ်ကို အထိတ်တလန့်နဲ့ ရောက်လာတယ်။ ဧဝံဂေလိအသင်းရဲ့ ခရစ်ယာန်ဓမ္မဆရာတစ်ယောက်က ယေဟောဝါသက်သေတွေကို ပြင်းပြင်းထန်ထန် စွပ်စွဲထားတဲ့ စာပေတချို့ သူ့ကို ပေးခဲ့တယ်။ ဒီစွပ်စွဲချက်အတွက် ဖြေရှင်းခွင့်ရသင့်တယ်လို့ မာရီယိုကို ကျွန်တော်ပြောလိုက်တယ်။ ဒါနဲ့ နောက်တစ်နေ့မှာ စွပ်စွဲချက်ကိုဖြေရှင်းဖို့ မာရီယိုက ကျွန်တော်နဲ့ ဓမ္မဆရာကို သူ့အိမ်လာဖို့ ဖိတ်လိုက်တယ်။ အဲဒီမှာ သုံးပါးပေါင်းတစ်ဦးဘုရားသခင်အကြောင်းဆွေးနွေးဖို့ ကျွန်တော်အကြံပြုလိုက်တယ်။ ဓမ္မဆရာက ယောဟန် ၁:၁ ကိုဖတ်လိုက်တဲ့အခါ မာရီယိုကိုယ်တိုင် ဒီကျမ်းချက်ကို မှန်မှန်ကန်ကန် ရှင်းပြခဲ့တယ်။ ခရစ်ယာန်ဓမ္မဆရာဖတ်လိုက်တဲ့ ကျမ်းချက်တိုင်းကို မာရီယို အဲဒီလိုပဲ ရှင်းပြခဲ့တယ်။ ခရစ်ယာန်ဓမ္မဆရာက ဒီအကြောင်းကို သက်သေမပြနိုင်ဘဲ ထွက်သွားခဲ့ရတယ်။ ဒါက မာရီယိုနဲ့ သူ့ဇနီးကို ကျွန်တော်တို့မှာ အမှန်တရားရှိတယ်ဆိုတာ အခိုင်အမာ ယုံကြည်သွားစေပြီး သူတို့တွေဟာ ကျမ်းစာသွန်သင်ချက်တွေကို မှန်မှန်ကန်ကန် ရှင်းပြနိုင်တဲ့သူတွေဖြစ်လာတယ်။ အခုဆိုရင် ကွင်ကာမှာ အသင်းတော် ၃၃ ခုနဲ့ ကျွန်တော်တို့ ဦးဆုံးတာဝန်ကျခဲ့တဲ့နယ်မြေမှာ အသင်းတော် ၆၃ ခုရှိနေပြီ။ အံ့ဖွယ်တိုးတက်မှုပါပဲ။
ဌာနခွဲကနေ တိုးတက်မှုကိုတွေ့မြင်ရ
၁၉၇၀ ပြည့်နှစ်မှာ ကျွန်တော်နဲ့ အဲလ် စကူလိုဟာ ကွိုင်ယာခေးမှာရှိတဲ့ ဌာနခွဲကိုသွားဖို့ တောင်းဆိုခံရတယ်။ ကျွန်တော်တို့နှစ်ယောက်က ဌာနခွဲမှာရှိတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြရတယ်။ ဂျိုး ဆက်ကရက်က တစ်နိုင်ငံလုံးမှာရှိတဲ့ အသင်းတော် ၄၆ ခုအတွက် စာပေတွေကို ထုပ်ပိုးရာမှာ အချိန်ပိုင်းလုပ်ဆောင်ခဲ့တယ်။ ကျွန်တော်ဗေသလမှာ အမှုဆောင်နေစဉ်မှာ ကလောရစ်က လယ်ကွင်းခရစ်ယာန်ဓမ္မအမှုမှာ ခရစ်ယာန်သာသနာပြုအဖြစ် အမှုဆောင်တယ်။ လူ ၅၅ ဦးကို နှစ်ခြင်းခံဖို့ သူကူညီပေးနိုင်ခဲ့ပြီး စည်းဝေးပွဲတိုင်းလိုလိုမှာ သုံးယောက်ကနေ ငါးယောက်အထိ နှစ်ခြင်းခံလေ့ရှိတယ်။
ဥပမာ၊ ကလောရစ်ဟာ ခင်ပွန်းရဲ့ဆန့်ကျင်မှုကို ခံခဲ့ရတဲ့ လူခရက်စီးယားနဲ့ ကျမ်းစာလေ့လာခဲ့တယ်။ နောက်ဆုံးတော့ လူခရက်စီးယားနှစ်ခြင်းခံနိုင်ခဲ့ပြီး မှန်မှန်ရှေ့ဆောင်တစ်ယောက် ဖြစ်လာတယ်။ သူ့သားသမီးတွေကို ယေဟောဝါအကြောင်း သင်ပေးခဲ့တယ်။ သူရဲ့သားနှစ်ယောက်က အခုဆိုရင် အကြီးအကဲတွေဖြစ်နေပြီး တစ်ယောက်ကတော့ အထူးရှေ့ဆောင်ဖြစ်တယ်။ သမီးကတော့ ရှေ့ဆောင်လုပ်နေတယ်။ သူ့မြေးမလေးက ညီအစ်ကိုတစ်ယောက်နဲ့ လက်ထပ်ပြီး သူတို့နှစ်ယောက်စလုံးက အထူးရှေ့ဆောင်တွေဖြစ်တယ်။ ဒီမိသားစုဟာ လူအများကြီးကို အမှန်တရားသိလာအောင် ကူညီပေးခဲ့တယ်။
၁၉၈၀ ပြည့်နှစ်တုန်းက အီကွေဒေါမှာ ကြေညာသူ ၅,၀၀၀ ပဲရှိတယ်။ လူတွေများလာလို့ ကျွန်တော်တို့ရဲ့ရုံးကို တိုးချဲ့ဖို့လိုလာတယ်။ ညီအစ်ကိုတစ်ယောက်က ကွိုင်ယာခေးမြို့ပြင်မှာရှိတဲ့ ဧက ၈၀ ကျယ်တဲ့မြေကွက်ကို လှူဒါန်းခဲ့တယ်။ ၁၉၈၄ ခုနှစ်မှာ ဒီမြေကွက်ပေါ်မှာ ဌာနခွဲရုံးအသစ်နဲ့ စည်းဝေးပွဲခန်းမတစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ အပ်နှံပွဲလုပ်ခဲ့တယ်။
တိုးချဲ့မှုတွင် များစွာသောသူတို့ တလိုတလားပါဝင်ကြ
နှစ်တွေတစ်လျှောက်မှာ တခြားနိုင်ငံက ကြေညာသူတွေနဲ့ ရှေ့ဆောင်များစွာဟာ နိုင်ငံတော်ကြေညာသူ သာ၍လိုအပ်တဲ့ အီကွေဒေါကို လာရောက်အမှုဆောင်ကြတာကိုတွေ့ရတာ အားရှိစရာပါပဲ။ ကျွန်တော်မှတ်မှတ်ရရဖြစ်နေတဲ့သူတစ်ဦးကတော့ ကနေဒါကလာတဲ့ အငြိမ်းစားကျောင်းဆရာ အဲန်ဒီ ကစ်ပါပဲ။ သူ့အသက် ၇၀ ဖြစ်တဲ့ ၁၉၈၅ ခုနှစ်မှာ အီကွေဒေါကို ရောက်လာပြီး သူကွယ်လွန်တဲ့ ၂၀၀၈ ခုနှစ်၊ အသက် ၉၃ နှစ်အထိ သစ္စာရှိရှိ အမှုဆောင်ခဲ့တယ်။ သူ့ကို ကျွန်တော်စတွေ့တုန်းက သူဟာ အသင်းတော်ငယ်လေးတစ်ခုရဲ့ တစ်ဦးတည်းသော ကြီးကြပ်မှူးအဖြစ် အမှုဆောင်နေတယ်။ စပိန်စကားကို ခက်ခက်ခဲခဲ ပြောရပေမဲ့ လူထုဟောပြောချက်ပေးပြီး ကင်းမျှော်စင်သင်တန်းကိုလည်း ကိုင်ခဲ့တယ်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းကိုလည်း ကိုင်တွယ်ခဲ့ပြီး လုပ်ငန်းတော်အစည်းအဝေးရဲ့ အပိုင်းအများစုကိုလည်း ကိုင်ခဲ့ရတယ်။ အဲဒီဒေသမှာ အခုဆိုရင် ကြေညာသူ ၂၀၀ နီးပါးရှိပြီး ဒေသခံအကြီးအကဲများစွာရှိတဲ့ တိုးတက်နေတဲ့အသင်းတော်နှစ်ခုရှိနေပြီ။
နောက်ညီအစ်ကိုတစ်ဦးဖြစ်တဲ့ အာနက်စတို ဒီရက်စ်က မိသားစုနဲ့အတူ အမေရိကန်က ပြောင်းလာတာဖြစ်တယ်။ အီကွေဒေါကိုရောက်ပြီး ရှစ်လအကြာမှာ သူဒီလိုပြောခဲ့တယ်– “ကျွန်တော်တို့ရဲ့ကလေးသုံးယောက်က သာသာစကားကို တတ်မြောက်ခဲ့ပြီး ကောင်းကောင်းသွန်သင်နိုင်တဲ့သူတွေ ဖြစ်နေပြီ။ ကျွန်တော်ကတော့ ဖခင်တစ်ယောက်အနေနဲ့ မိသားစု
နဲ့အတူ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်နိုင်ခဲ့တယ်။ အရင်ကတော့ ဒီစနစ်မှာ ဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာ။ ကျွန်တော်တို့မှာ စုစုပေါင်း ကျမ်းစာသင်အံမှု ၂၅ ခုရှိတယ်။ ဒါက မိသားစုကို ပိုစည်းလုံးစေပြီး အရေးကြီးဆုံးက အရင်ကထက် ယေဟောဝါနဲ့ ပိုပြီးရင်းနှီးလာတယ်။” ဒီလိုချစ်ခင်စရာကောင်းတဲ့ညီအစ်ကိုတွေဟာ တကယ်လေးမြတ်ဖို့ကောင်းပါတယ်။၁၉၉၄ ခုနှစ်မှာ ဌာနခွဲကို နှစ်ဆတိုးချဲ့ခဲ့ရတယ်။ ၂၀၀၅ ခုနှစ်မှာ ကြေညာသူ ၅၀,၀၀၀ ကျော်သွားခဲ့တဲ့အတွက် ဌာနခွဲကို ထပ်ချဲ့ဖို့ လိုအပ်လာပြန်တယ်။ ဒီတိုးချဲ့မှုမှာ စည်းဝေးပွဲခန်းမထပ်ချဲ့ဖို့၊ လူနေအဆောက်အအုံတစ်ခုနဲ့ ဘာသာပြန်ရုံးခန်းတွေကို ထပ်ဆောက်ဖို့ ပါ၀င်တယ်။ ဒီအဆောက်အအုံအသစ်တွေကို ၂၀၀၉၊ အောက်တိုဘာ ၃၁ ရက်မှာ အပ်နှံခဲ့တယ်။
၁၉၄၂ ခုနှစ်၊ ကျွန်တော်ကျောင်းထုတ်ခံရတုန်းက အမေရိကန်မှာ သက်သေခံ ၆၀,၀၀၀ လောက်ပဲရှိတယ်။ အခုတော့ တစ်သန်းကျော်သွားပြီ။ ကျွန်တော်တို့ အီကွေဒေါကိုရောက်တဲ့ ၁၉၆၆ ခုနှစ်တုန်းက ကြေညာသူ ၁,၄၀၀ လောက်ပဲရှိတယ်။ အခုဆိုရင် ၆၈,၀၀၀ ကျော်သွားပြီ။ ကျမ်းစာသင်အံမှု ၁၂၀,၀၀၀ ကျော်နဲ့ ယေရှုရဲ့သေခြင်း သတိရအောက်မေ့ပွဲတက်ရောက်သူ ၂၃၂,၀၀၀ ကျော်က ထပ်တိုးတက်ဦးမယ်ဆိုတာ ဖော်ပြတယ်။ ယေဟောဝါဟာ ကျွန်တော်တို့တစ်ခါမှ မစဉ်းစားဖူးတဲ့နည်းနဲ့ ကိုယ်တော့်လူမျိုးကို အမှန်ပဲ ကောင်းချီးပေးခဲ့တယ်။ အံ့ဖွယ်ကောင်းလောက်အောင် တိုးချဲ့နေတဲ့ နေရာနဲ့ အချိန်မှာ အသက်ရှင်ရတာ တကယ့်ကို ပီတိဖြစ်စရာပါပဲ။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 34 ဒီဆောင်းပါးကိုပြင်ဆင်နေချိန်မှာပဲ ဟာလေ ဟားရက်စ်ဟာ ယေဟောဝါအပေါ် သစ္စာရှိရှိ ကွယ်လွန်ခဲ့တယ်။
[စာမျက်နှာ ၅ ပါရုပ်ပုံ]
လဟာပြင်မှာကျင်းပတဲ့ စည်းဝေးပွဲ(၁၉၈၁ ခုနှစ်)နဲ့ အဲဒီနေရာမှာပဲ ဆောက်ထားတဲ့ ကွိုင်ယာခေး စည်းဝေးပွဲခန်းမ (၂၀၀၉)