လူအများ၏ရှုမြင်ပုံဖြင့် လွှမ်းမိုးမခံပါနှင့်
လူအများ၏ရှုမြင်ပုံဖြင့် လွှမ်းမိုးမခံပါနှင့်
အဘယ်အရာသည် သင့်လျော်၏ မသင့်လျော်၏၊ အဘယ်အရာသည် ချီးမွမ်းထိုက်၏၊ အပြစ်တင်ထိုက်၏နှင့်ပတ်သက်သော အယူအဆများသည် နေရာအလိုက်ကွဲပြား၏။ ထို့ပြင် ယင်းတို့သည် အချိန်နှင့်အမျှ ပြောင်းလဲလျက်ရှိသည်။ ထို့ကြောင့် ရှေးအချိန်က ဖြစ်ပျက်ခဲ့သည့် ကျမ်းစာအဖြစ်အပျက်များကို ဖတ်ရှုသောအခါ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အယူအဆဖြင့် သတ်မှတ်ပိုင်းဖြတ်မည့်အစား ကျမ်းစာခေတ်တွင် လူအများလက်ခံသည့် အယူအဆနှင့် အတွေးအခေါ်များကို ထည့်စဉ်းစားရန်လိုသည်။
ဥပမာ၊ ခရစ်ယာန်ဂရိကျမ်းစောင်တွင် မကြာခဏတွေ့ရသော ဂုဏ်အသရေရှိခြင်းနှင့် အရှက်ရခြင်းဟူသည့် သဘောထားနှစ်ခုကို သုံးသပ်ကြည့်ပါ။ ဂုဏ်အသရေရှိခြင်းနှင့် အရှက်ရခြင်းအကြောင်း ဖော်ပြထားသောကျမ်းပိုဒ်များကို မှန်မှန်ကန်ကန်နားလည်နိုင်ရန် ထိုအချိန်က အသက်ရှင်ခဲ့သူများ ယင်းအရာများအပေါ် မည်သို့ရှုမြင်ကြောင်း ထည့်စဉ်းစားရန်လိုသည်။
ပထမရာစုလူများ၏ စဉ်းစားတွေးခေါ်ပုံ
“ဂရိ၊ ရောမနှင့် ဂျူးတို့၏ ယဉ်ကျေးမှုတွင် ဂုဏ်အသရေရှိခြင်းနှင့် အရှက်ရခြင်းကို အလွန်အရေးပါသောအရာအဖြစ် ရှုမြင်ကြသည်” ဟု ကျမ်းပညာရှင်တစ်ဦးက ပြောခဲ့သည်။ “အမျိုးသားများသည် ဂုဏ်အသရေ၊ ဂုဏ်သတင်း၊ ကျော်ကြားမှု၊ လူအများ၏နှစ်သက်လက်ခံမှုနှင့် လေးစားမှုအတွက် အသက်ရှင်ခဲ့ကြပြီး ယင်းအတွက် အသေခံခဲ့ကြသည်။” သူတို့သည် ယင်းတို့ကို အလွန်အမင်းရရှိလိုသောကြောင့် အခြားသူများ၏ ရှုမြင်ပုံဖြင့် အလွယ်တကူ လွှမ်းမိုးခံရနိုင်သည်။
ရှင်ဘုရင်မှသည် ကျွန်အထိ လူ့အသိုင်းအဝိုင်းအားလုံးတွင် ရာထူး၊ အဆင့်အတန်းနှင့် ဂုဏ်အသရေတို့ကို အထူးအရေးပါသောအရာများအဖြစ် သတ်မှတ်ထားကြသည်။ လူတစ်ဦး၏ဂုဏ်အသရေရှိမှုကို မိမိကိုယ်တိုင်၏ရှုမြင်ပုံဖြင့်သာမက အခြားသူများ၏ ရှုမြင်ပုံဖြင့်လည်း သတ်မှတ်ပိုင်းဖြတ်သည်။ လူတစ်ဦးကို ဂုဏ်တင်ခြင်းဆိုရာတွင် လူအများမျှော်လင့်သည့်အတိုင်း ထိုသူလုပ်ဆောင်သည့်အတွက် အသိအမှတ်ပြုခြင်းဖြစ်သည်။ ဂုဏ်တင်ခြင်းသည် လူတစ်ဦး၏စည်းစိမ်၊ ရာထူး၊ အဆင့်အတန်းများကိုကြည့်၍ အထင်ကြီးလေးစားကြောင်း ထုတ်ဖော်ပြခြင်းကိုလည်း ဆိုလိုသည်။ ကောင်းသောအကျင့်များကျင့်ခြင်း သို့မဟုတ် အခြားသူများထက် ပိုကောင်းအောင်လုပ်ဆောင်ခြင်းဖြင့် ဂုဏ်အသရေကို ရရှိနိုင်သည်။ ယင်းနှင့်ဆန့်ကျင်လျက် အရှက်ရခြင်းနှင့် ဂုဏ်အသရေမဲ့ခြင်းသည် လူအများရှေ့ အရှက်ခွဲခံရခြင်း၊ ပြောင်လှောင်သရော်ခံရခြင်းနှင့် ဆက်စပ်သည်။ ယင်းသည် လူတစ်ဦး၏ခံစားချက် သို့မဟုတ် မိမိကိုယ်ကိုသိသောစိတ်၏ တုံ့ပြန်မှုထက်မက လူ့အသိုင်းအဝိုင်း၏ပြစ်တင်ရှုတ်ချမှုခံရခြင်းဖြစ်သည်။
စားသောက်ပွဲတစ်ခုမှ “အထင်ပေါ်ဆုံးနေရာ” သို့မဟုတ် “အနိမ့်ဆုံးနေရာ” တွင်နေရာပေးခံရခြင်းအကြောင်း ယေရှုပြောသောအခါတွင် ထိုအချိန်မှယဉ်ကျေးမှုအရ ဂုဏ်အသရေရှိခြင်း သို့မဟုတ် အရှက်ရခြင်းအကြောင်း ပြောနေခြင်းဖြစ်သည်။ (လု. ၁၄:၈-၁၀) “မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း” ဆိုသည်ကို ယေရှု၏တပည့်များ အနည်းဆုံးနှစ်ကြိမ် ငြင်းခုံခဲ့ကြသည်။ (လု. ၉:၄၆; ၂၂:၂၄) သူတို့သည် သူတို့အသက်ရှင်နေထိုင်သည့် လူ့အဖွဲ့အစည်းအဓိကအလေးထားသည့် သဘောထားကို တင်ပြကြခြင်းဖြစ်သည်။ ထို့ပြင် မာနကြီး၍ ပြိုင်ဆိုင်လိုသည့် ဂျူးဘာသာရေးခေါင်းဆောင်များသည် ယေရှု၏သွန်သင်ချက်များက သူတို့၏ အခွင့်အာဏာနှင့် ဂုဏ်အသရေကို ထိပါးသည်ဟု ခံစားခဲ့ကြရသည်။ ထို့ကြောင့် သူတို့ပိုကြီးမြတ်ကြောင်း သက်သေပြရန် လူအများရှေ့တွင် ကိုယ်တော်နှင့်ငြင်းခုံကြသည်၊ သို့သော် အမြဲပင် ရှုံးနိမ့်ခဲ့ကြသည်။—လု. ၁၃:၁၁-၁၇။
ပထမရာစု ဂျူးများ၊ ဂရိနှင့် ရောမတို့၏ အတွေးအခေါ်တွင် အရှက်ခွဲခံရခြင်းနှင့်ပတ်သက်၍ ပျံ့နှံ့နေသော နောက်ထပ်သဘောထားတစ်ခုမှာ “ဖမ်းဆီးခံရပြီး အမှားကျူးလွန်သည်ဟု လူသူရှေ့တွင် တရားစွဲခံရခြင်း” ဖြစ်သည်။ ချုပ်နှောင်ခံရ သို့မဟုတ် အကျဉ်းချခံရခြင်းသည် လူတစ်ဦးအတွက် ရှက်ဖွယ်ရာဖြစ်သည်။ အပြစ်ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ ယင်းသို့ဆက်ဆံခံရခြင်းသည် မိတ်ဆွေများ၊ မိသားစုဝင်များနှင့် လူအများရှေ့တွင် အရှက်ကွဲခြင်းဖြစ်သည်။ ယင်းနောက် သူ၏နာမည်ပျက်က မိမိကိုယ်ကိုယ်လေးစားမှု ပျောက်ဆုံးစေပြီး အခြားသူတို့နှင့်ဆက်ဆံရေးကို ထိခိုက်စေသည်။ ချုပ်နှောင်ခံရခြင်းထက် ပို၍ရှက်စရာကောင်းသည်မှာ အဝတ်အစားချွတ်ကာ ကြာပွတ်နှင့်ရိုက်ခံ
ရခြင်းဖြစ်သည်။ ယင်းသို့ပြုမူခြင်းသည် လူတစ်ဦးကို အသရေမဲ့စေပြီး အထင်သေးခံရကာ ကဲ့ရဲ့လှောင်ပြောင်ခံရစေသည်။ညှဉ်းဆဲရာနှက်တိုင်တွင် အသတ်ခံရခြင်းသည် အရှက်ခွဲခံရခြင်းတွင် အဆိုးဆုံးလုပ်ရပ်ဖြစ်သည်။ ယင်းသို့စီရင်ခြင်းသည် “ကျွန်များအားပေးသည့် ပြစ်ဒဏ်” ဖြစ်သည်ဟု ကျမ်းပညာရှင် မာတင် ဟဲန်ဂဲလ်ကဆိုသည်။ “ယင်းသည် အဆုံးစွန် အရှက်ခွဲခြင်း၊ ညှဉ်းဆဲခြင်းဖြစ်သည်။” လူ့အသိုင်းအဝိုင်းက မိသားစုဝင်များနှင့် မိတ်ဆွေများအား ယင်းသို့အရှက်ခွဲခံရသူကို စွန့်ပစ်ရန် ဖိအားပေးကြသည်။ ခရစ်တော်သည် ယင်းသို့သေဆုံးခဲ့သောကြောင့် ပထမရာစုတွင် ခရစ်ယာန်ဖြစ်လိုသူများသည် လူများ၏ကဲ့ရဲ့လှောင်ပြောင်မှုကို ခံခဲ့ကြရသည်။ နှက်တိုင်တင်ခံရသူတစ်ဦး၏ နောက်လိုက်အဖြစ် မိမိကိုယ်ကိုဖော်ပြခြင်းသည် ရူးမိုက်ခြင်းဖြစ်သည်ဟု လူအများစုက ယူမှတ်ကြသည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “ငါတို့မူကား သစ်တိုင်မှာ အတင်ခံခဲ့ရသော ခရစ်တော်၏အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးတို့အတွက် တိုက်မိ၍လဲစရာအကြောင်းဖြစ်၏။ လူမျိုးခြားတို့အတွက်မူကား မိုက်မဲခြင်းဖြစ်၏။” (၁ ကော. ၁:၂၃) ဤအခြေအနေကို ပထမရာစုခရစ်ယာန်များ မည်သို့ အောင်မြင်ကျော်လွှားခဲ့ကြသနည်း။
တစ်မူထူးခြားသော စဉ်းစားတွေးခေါ်ပုံ
ပထမရာစုခရစ်ယာန်များသည် ဥပဒေကိုလိုက်နာခဲ့ကြပြီး အမှားပြုခြင်းကြောင့် အရှက်ရခြင်းမဖြစ်စေရန် ကြိုးစားကြသည်။ တမန်တော်ပေတရု ဤသို့ရေးခဲ့သည်– “သင်တို့တွင် မည်သူမျှ လူသတ်သမား၊ သူခိုး၊ လူဆိုး၊ သူတစ်ပါးအမှု၌ စွက်ဖက်သူဖြစ်သောကြောင့် ဆင်းရဲဒုက္ခမခံရစေနှင့်။” (၁ ပေ. ၄:၁၅) သို့သော် ယေရှုက မိမိ၏နောက်လိုက်များသည် မိမိ၏နာမကြောင့် ညှဉ်းဆဲခံရမည်ဟု ကြိုပြောခဲ့သည်။ (ယော. ၁၅:၂၀) ပေတရု ဤသို့ရေးခဲ့သည်– ‘[လူတစ်ဦးသည်] ခရစ်ယာန်တစ်ဦးအဖြစ် ဆင်းရဲဒုက္ခခံရလျှင်မူကား ရှက်ကြောက်ခြင်းမရှိစေနှင့်။ ထိုအမည်ခံယူခြင်းဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းစေ။’ (၁ ပေ. ၄:၁၆) ခရစ်တော်၏နောက်လိုက်တစ်ဦးဖြစ်၍ ဒုက္ခခံရသည့်အခါ မရှက်ခြင်းသည် ထိုခေတ်အခါက လူတို့၏ သာမန်စဉ်းစားတွေးခေါ်ပုံကို ငြင်းပယ်သည်ဟူသည့်အဓိပ္ပာယ်ဖြစ်သည်။
ခရစ်ယာန်များသည် မိမိတို့၏အမူအကျင့်များတွင် အခြားသူများ၏စံနှုန်း လွှမ်းမိုးမခံကြချေ။ ပထမရာစု လူ့အသိုင်းအဝိုင်းတွင် နှက်တိုင်တင်ခံရသူအား မေရှိယအဖြစ်ရှုမြင်ခြင်းကို မိုက်မဲခြင်းဖြစ်သည်ဟု ယူမှတ်ကြ၏။ ယင်းရှုမြင်ချက်က လူတို့လက်ခံထားသည့်အတွေးအခေါ်ကို ခရစ်ယာန်များလက်ခံလာစေရန် ဖိအားဖြစ်နိုင်သည်။ သို့သော် ယေရှုကို မေရှိယအဖြစ်ယုံကြည်ခြင်းတွင် ကဲ့ရဲ့လှောင်ပြောင်ခံရလျှင်ပင် ကိုယ်တော့်နောက်လိုက်ခြင်းပါဝင်သည်။ ယေရှုဤသို့ဖော်ပြခဲ့၏– “ဖောက်ပြန်၍ ပြစ်မှားတတ်သော ဤလူမျိုးဆက်တွင် မည်သူမဆို ငါနှင့် ငါ့စကားကြောင့်ရှက်လျှင် လူသားသည် မိမိခမည်းတော်၏ဘုန်းတော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်တို့နှင့်တကွ ကြွလာသောအခါ ထိုသူကြောင့် ရှက်တော်မူလိမ့်မည်။”—ယနေ့တွင်လည်း ခရစ်ယာန်အယူဝါဒကို စွန့်ပစ်ရန် ကျွန်ုပ်တို့ ဖိအားပေးခံရနိုင်သည်။ ယင်းတို့သည် ကျောင်းနေဖက်များ၊ အိမ်နီးချင်းများ သို့မဟုတ် အလုပ်ဖော်များထံမှလာနိုင်ပြီး အကျင့်ယိုယွင်းမှု၊ မရိုးသားမှု သို့မဟုတ် မှားယွင်းသော အခြားလုပ်ဆောင်မှုများတွင်ပါဝင်ရန် ကျွန်ုပ်တို့ကို သွေးဆောင်ကြပေမည်။ ဖြောင့်မတ်သောမူများဘက် ရပ်တည်ခြင်းသည် ရှက်ဖွယ်ရာဖြစ်သည်ဟု ကျွန်ုပ်တို့ခံစားရစေရန် ထိုသူတို့ကြိုးစားကြပေမည်။ ယင်းကို ကျွန်ုပ်တို့ မည်သို့ တုံ့ပြန်သင့်သနည်း။
အရှက်ခွဲခံရခြင်းကိုဂရုမစိုက်သူတို့အား တုပပါ
ယေဟောဝါအပေါ်ထားရှိသော မိမိ၏သမာဓိကိုစောင့်ထိန်းရန် ယေရှုသည် အဆုံးစွန်အရှက်တကွဲကွပ်မျက်ခြင်းကို ခံခဲ့ရသည်။ ‘ကိုယ်တော်သည် အရှက်ခွဲခံရခြင်းကို ဂရုမစိုက်ဘဲ ညှဉ်းဆဲရာသစ်တိုင်တွင် အသေခံ’ ခဲ့သည်။ (ဟေဗြဲ ၁၂:၂) ယေရှု၏ရန်သူများသည် ကိုယ်တော့်ကို ပါးရိုက်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ အဝတ်ချွတ်ခြင်း၊ ကြာပွတ်နှင့်ရိုက်ခြင်း၊ ထိုးနှက်ခြင်းနှင့် စော်ကားပြောဆိုခြင်းတို့ ပြုလုပ်ခဲ့သည်။ (မာ. ၁၄:၆၅; ၁၅:၂၉-၃၂) သို့သော် ယေရှုသည် အရှက်ခွဲခံရခြင်းကို ဂရုမစိုက်ခဲ့ချေ။ မည်သို့အားဖြင့်နည်း။ ကိုယ်တော်သည် ထိုသို့ဆက်ဆံခံရသော်လည်း လက်မလျှော့ခဲ့ခြင်းဖြင့်ဖြစ်သည်။ ယေရှုသည် ယေဟောဝါ၏အမြင်တွင် မိမိသည်ဂုဏ်ရှိကြောင်းသိထားပြီး လူသားများရှေ့တွင် ဂုဏ်ရှိရန်မကြိုးစားခဲ့ချေ။ ယေရှုသည် ကျွန်တစ်ဦးကဲ့သို့ သေဆုံးခဲ့ရသော်လည်း ယေဟောဝါသည် ကိုယ်တော်အားရှင်ပြန်ထမြောက်စေပြီး မိမိ၏နံဘေးတွင် ဂုဏ်အရှိဆုံးနေရာကိုပေးခြင်းဖြင့် ဂုဏ်တင်ခဲ့သည်။ ဖိလိပ္ပိ ၂:၈-၁၁ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “[ခရစ်တော်ယေရှုသည်] ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ၍ အသေခံရသည့်တိုင်အောင်၊ ညှဉ်းဆဲရာသစ်တိုင်ပေါ် အသေခံရသည့်တိုင်အောင် နာခံတော်မူ၏။ ထိုအကြောင်းကြောင့်ပင် ဘုရားသခင်သည် ကိုယ်တော်ကို သာလွန်မြင့်မြတ်သော အခွင့်အရာသို့ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ သို့ဖြင့် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၊ မြေကြီးအောက်၌ ရှိသမျှသောသူတို့သည် ယေရှု၏နာမရှေ့တွင် ဒူးထောက်ကြရမည်။ ထို့ပြင် ယေရှုခရစ်သည် ခမည်းတော် ဘုရားသခင်၏ ဘုန်းအသရေကို ထင်ရှားစေသော သခင်ဖြစ်ကြောင်း လူတိုင်း အတိအလင်း ဝန်ခံကြလိမ့်မည်။”
ယေရှုသည် မိမိကွပ်မျက်ခံရပုံကြောင့် ရှက်သည့်ခံစားချက် လုံးလုံးမရှိဟူ၍ကား မဟုတ်ချေ။ ယေရှုသည် ဘုရားသခင်အားစော်ကားပြောဆိုသူအဖြစ် အသေခံရခြင်းကြောင့် မိမိခမည်းတော်အား ရှုတ်ချရာရောက်မည်ကို အလွန်စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ထိုသို့အရှက်ခွဲမခံရစေရန် “ဤခွက်ကို ကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ” ဟု ယေဟောဝါထံ ယေရှုဆုတောင်းခဲ့သည်။ သို့သော် ယေရှုသည် ဘုရားသခင့်အလိုတော်ကို လက်အောက်ခံခဲ့သည်။ (မာ. ၁၄:၃၆) ယေရှုသည် ထိုဖိအားများကို အောင်မြင်စွာခံရပ်ခဲ့ပြီး အရှက်ခွဲခံရခြင်းကို ဂရုမစိုက်ခဲ့ချေ။ အမှန်ဆိုလျှင် ထိုခေတ်အခါက လူအများလက်ခံထားသည့် အယူအဆများကို အပြည့်အဝခံယူထားသူများသာ ယင်းအဖြစ်ကို ရှက်စရာဟု ယူဆကြသည်။ ယေရှုမူကား ထိုအယူအဆများကို လုံးလုံးလက်မခံခဲ့ချေ။
ယေရှု၏တပည့်များသည်လည်း အဖမ်းခံရပြီး ကြာပွတ်နှင့်အရိုက်ခံခဲ့ကြရသည်။ ထိုကဲ့သို့ပြုမူခံရခြင်းက လူအများရှေ့တွင် ရှက်ဖွယ်ရာဖြစ်သည်။ သူတို့သည် အထင်အမြင်သေးခံရပြီး မထီမဲ့မြင်ပြုခြင်းခံရကြသည်။ သို့သော် သူတို့သည် စိတ်မပျက်ခဲ့ကြချေ။ စစ်မှန်သောတပည့်များသည် လူအများ၏ထင်မြင်ယူဆချက်ကို တွန်းလှန်ခဲ့ကြပြီး အရှက်ခွဲခံရခြင်းကို ဂရုမစိုက်ခဲ့ကြချေ။ (မ. ၁၀:၁၇; တ. ၅:၄၀; ၂ ကော. ၁၁:၂၃-၂၅) ‘မိမိ၏ညှဉ်းဆဲရာသစ်တိုင်ကိုထမ်း၍ ယေရှုနောက်သို့ မပြတ်လိုက်ရမည်’ ကို သူတို့သိထားကြသည်။—လု. ၉:၂၃၊ ၂၆။
ယနေ့ ကျွန်ုပ်တို့ကော အသို့နည်း။ လောကက မိုက်မဲသည်၊ အားနည်းသည်၊ ညံ့သောအရာဖြစ်သည်ဟု သတ်မှတ်ထားရာများကို ဘုရားသခင်က ပညာရှိသည်၊ တန်ခိုးအာဏာရှိသည်၊ ဂုဏ်အသရေရှိသည်ဟု ရှုမြင်သည်။ (၁ ကော. ၁:၂၅-၂၈) လူအများ၏အမြင်ကို လုံးလုံးခံယူခြင်းက မိုက်မဲခြင်းနှင့် ရေတိုကိုသာကြည့်ခြင်း မဟုတ်ပေလော။
လောကမှပေးသော ဂုဏ်အသရေကိုရလိုသူများသည် မိမိအပေါ်လောက၏ရှုမြင်ပုံကိုသာ အာရုံစိုက်ကြသည်။ သို့သော် ယေရှုနှင့် ပထမရာစုကိုယ်တော့်နောက်လိုက်များကဲ့သို့ ကျွန်ုပ်တို့သည် ယေဟောဝါ၏မိတ်ဆွေဖြစ်လိုကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်က ဂုဏ်ရှိသည်ဟုယူမှတ်သောအရာကို ဂုဏ်ရှိသည်ဟုရှုမြင်ပြီး ရှက်ဖွယ်ကောင်းသည်ဟု ယူမှတ်သောအရာကို ရှက်စရာအဖြစ် ရှုမြင်ကြပါသည်။
[စာမျက်နှာ ၄ ပါရုပ်ပုံ]
လောကက ရှက်စရာဟုရှုမြင်သည့်အရာဖြင့် ယေရှု လွှမ်းမိုးမခံခဲ့ချေ