စွမ်းအားတော်ဖြင့်လျှောက်လှမ်းခြင်းက မိမိ၏အပ်နှံမှုနှင့်အညီနေထိုင်ရန် အထောက်အကူပြု
စွမ်းအားတော်ဖြင့်လျှောက်လှမ်းခြင်းက မိမိ၏အပ်နှံမှုနှင့်အညီနေထိုင်ရန် အထောက်အကူပြု
“စွမ်းအားတော်ဖြင့် သင်တို့လျှောက်လှမ်းနေကြမည်ဆိုလျှင် လူ့ဇာတိအလိုဆန္ဒနောက်သို့ လိုက်ကြတော့မည်မဟုတ်။” —ဂလ. ၅:၁၆။
၁။ ပင်တေကုတ္တေပွဲနေ့မှာ ဘယ်လိုနှစ်ခြင်း နှစ်မျိုးကို ခံခဲ့ကြသလဲ။
စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏နောက်လိုက်များသည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံခဲ့ကြပြီးနောက် အမျိုးမျိုးသောဘာသာစကားဖြင့် ဟောပြောခဲ့ကြသည်။ သူတို့သည် စွမ်းအားတော်ကြောင့်ရရှိသော အံ့ဖွယ်ဆုကျေးဇူးတစ်ခုကို ပြသခဲ့ကြသည်။ (၁ ကော. ၁၂:၄-၁၀) ယင်းဆုကျေးဇူးနှင့် တမန်တော်ပေတရု၏ ဟောပြောချက်ကြောင့် အဘယ်အကျိုးဆက်ဖြစ်ခဲ့သနည်း။ များစွာသောသူတို့သည် “စိတ်နှလုံးပူပန်” ခဲ့ကြသည်။ သူတို့သည် ပေတရု၏တိုက်တွန်းမှုဖြင့် နောင်တယူကြကာ နှစ်ခြင်းခံခဲ့ကြသည်။ မှတ်တမ်းက ဤသို့ဖော်ပြ၏– “ထိုစကားကို ဝမ်းသာအားရ ခံယူသူတို့သည် နှစ်ခြင်းခံကြ၍ ထိုနေ့တွင် လူသုံးထောင်ခန့် တိုးများလာ၏။” (တ. ၂:၂၂၊ ၃၆-၄၁) သူတို့သည် ယေရှုညွှန်ကြားခဲ့သည့်အတိုင်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ ရေနှစ်ခြင်းခံခဲ့ကြပေမည်။—မ. ၂၈:၁၉။
၂၊ ၃။ (က) သန့်ရှင်းသောစွမ်းအားတော်ဖြင့်နှစ်ခြင်းခံခြင်းနဲ့ သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ နှစ်ခြင်းခံခြင်းရဲ့ ကွာခြားမှုကို ရှင်းပြပါ။ (ခ) ယနေ့ ခရစ်ယာန်စစ်ဖြစ်လာသူအားလုံး ဘာကြောင့် ရေနှစ်ခြင်းခံဖို့ လိုသလဲ။
၂ သို့သော် သန့်ရှင်းသောစွမ်းအားတော်ဖြင့်နှစ်ခြင်းခံခြင်းနှင့် သန့်ရှင်းသောစွမ်းအားတော်၏ “နာမ၌” နှစ်ခြင်းခံခြင်းတွင် တစ်စုံတစ်ရာ ကွဲပြားခြားနားမှုရှိပါသလော။ ရှိပါသည်။ သန့်ရှင်းသောစွမ်းအားယော. ၃:၃) သူတို့သည် အနာဂတ် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တွင် ပူးတွဲဘုရင်များ၊ လက်ထောက်ယဇ်ပုရောဟိတ်များဖြစ်ရန် ဘိသိက်ပေးခြင်းခံရကြပြီး ပုံဆောင်သဘောအရ သူတို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်လာကြသည်။ (၁ ကော. ၁၂:၁၃; ဂလ. ၃:၂၇; ဗျာ. ၂၀:၆) ထို့ကြောင့် သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံခြင်းဖြစ်သော ဤနှစ်ခြင်းသည် ခရစ်တော်နှင့်အတူ တွဲဖက်အမွေခံများဖြစ်လာမည့်သူများကို ယေဟောဝါ ရွေးချယ်သည့် ကိုယ်တော့်လုပ်ဆောင်ချက်ဖြစ်သည်၊ ယင်းနှစ်ခြင်းကို ပင်တေကုတ္တေပွဲနေ့နှင့် ယင်းနောက်ပိုင်းတွင် ပေးခဲ့သည်။ (ရော. ၈:၁၅-၁၇) သို့သော် မျက်မှောက်ခေတ် ယေဟောဝါသက်သေတို့၏ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများတွင် ပုံမှန်လုပ်ဆောင်သော သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ ရေနှစ်ခြင်းခံခြင်းမှာ အဘယ်နည်း။
တော်ဖြင့် နှစ်ခြင်းခံသူတို့သည် ဘုရားသခင့်စွမ်းအားတော်ဖြစ်ပွားစေသော သားများအဖြစ် တစ်ဖန်မွေးဖွားခြင်း ခံရသူများဖြစ်သည်။ (၃ ရေနှစ်ခြင်းခံခြင်းသည် စစ်မှန်သောခရစ်ယာန်များ ယေဟောဝါဘုရားသခင်ထံ မိမိတို့၏အကြွင်းမဲ့အပ်နှံမှုကို ဖော်ပြသည့် အထိမ်းအမှတ်ဖြစ်သည်။ သို့ဖြစ်သောကြောင့် ကောင်းကင်ခေါ်တော်မူခြင်းခံရသူတို့သည် ရေနှစ်ခြင်းခံကြသည်။ သို့သော် ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ကြသော မျက်မှောက်ခေတ် သန်းနှင့်ချီသော အမျိုးသား၊ အမျိုးသမီးတို့လည်း ရေနှစ်ခြင်းခံဖို့လိုသည်။ လူတစ်ဦး၏မျှော်လင့်ချက်သည် မည်သည့်အရာပင်ဖြစ်ပါစေ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်၏နာမ၌ ရေနှစ်ခြင်းခံခြင်းသည် ဘုရားသခင့် နှစ်သက်လက်ခံမှုရရန် လူတစ်ဦးလုပ်ဆောင်ရမည့် အရေးကြီးသောအဆင့်ဖြစ်သည်။ ထို့ကြောင့် ယင်းသို့ နှစ်ခြင်းခံသူ ခရစ်ယာန်အားလုံးသည် ‘စွမ်းအားတော်ဖြင့် လျှောက်လှမ်းနေကြ’ ရန် မျှော်လင့်ပါသည်။ (ဂလာတိ ၅:၁၆ ကိုဖတ်ပါ။) သင်သည် စွမ်းအားတော်ဖြင့်လျှောက်လှမ်းနေကာ သင်၏အပ်နှံမှုနှင့်အညီ နေထိုင်နေပါသလော။
‘စွမ်းအားတော်ဖြင့် လျှောက်လှမ်းနေခြင်း’ အဘယ်အရာကိုဆိုလို
၄။ ‘စွမ်းအားတော်ဖြင့် လျှောက်လှမ်းနေခြင်း’ က အခြေခံအားဖြင့် ဘာကိုဆိုလိုသလဲ။
၄ ‘စွမ်းအားတော်ဖြင့် လျှောက်လှမ်းနေခြင်း’ တွင် သန့်ရှင်းသောစွမ်းအားတော်၏ လုပ်ဆောင်မှုများကိုလက်ခံခြင်း၊ သန့်ရှင်းသောစွမ်းအားတော် သင့်အပေါ်လွှမ်းမိုးရန် ခွင့်ပြုခြင်းတို့ပါဝင်သည်။ တစ်နည်းဆိုရလျှင် သင်၏နေ့စဉ်လုပ်ငန်းဆောင်တာများတွင် သန့်ရှင်းသောစွမ်းအားတော်၏ လွှမ်းမိုးမှုအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ ဂလာတိ အခန်းကြီး ၅ က သန့်ရှင်းသောစွမ်းအားတော်လွှမ်းမိုးမှုနှင့် လူ့ဇာတိအလိုဆန္ဒလွှမ်းမိုးမှုတို့၏ ကွာခြားမှုကို ဖော်ပြထားသည်။—ဂလာတိ ၅:၁၇၊ ၁၈ ကိုဖတ်ပါ။
၅။ သန့်ရှင်းသောစွမ်းအားတော်ရဲ့ လွှမ်းမိုးမှုခံယူခြင်းက ဘယ်အကျင့်တွေကို ရှောင်ရှားခြင်း ပါဝင်သလဲ။
၅ သင်သည် သန့်ရှင်းသောစွမ်းအားတော်၏ လွှမ်းမိုးမှုခံယူပါက လူ့ဇာတိနှင့်ဆိုင်သောအကျင့်များကို ရှောင်ရှားရန် ကြိုးစားသည်။ ယင်းအကျင့်များမှာ ‘မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ အကျင့်ပျက်ခြင်း၊ အရုပ်ကိုးကွယ်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စိတ်ဝမ်းကွဲပြားခြင်း၊ ဂိုဏ်းခွဲခြင်း၊ ငြူစူခြင်း၊ သောက်စားမူးယစ်ခြင်း၊ ဆူဆူညံညံပွဲခံခြင်း’ ကဲ့သို့သော အရာများဖြစ်သည်။ (ဂလ. ၅:၁၉-၂၁) တစ်နည်းအားဖြင့်ဆိုလျှင် သင်သည် “စွမ်းအားတော်အားဖြင့် ကိုယ်ကာယ၏အကျင့်များကို သေစေ” ၏။ (ရော. ၈:၅၊ ၁၃) ယင်းက စွမ်းအားတော်နှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်းရန်နှင့် ဇာတိအလိုဆန္ဒများ၏ လွှမ်းမိုးမှုကိုခွင့်ပြုမည့်အစား စွမ်းအားတော်၏ဦးဆောင်မှုအတိုင်း လုပ်ဆောင်ရန် အထောက်အကူပြုမည်ဖြစ်သည်။
၆။ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကိုတင်ပြဖို့ ဘာလိုအပ်တယ်ဆိုတာ ဥပမာပြပါ။
၆ သန့်ရှင်းသောစွမ်းအားတော် သင့်အပေါ် သက်ဝင်လှုပ်ရှားလာသည်နှင့်အမျှ “ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးများ” ကို သင် ထင်ရှားပြလာသည်။ (ဂလ. ၅:၂၂၊ ၂၃) သို့သော် သင့်ဘက်မှ ကြိုးစားအားထုတ်မှုလိုသည်ကို သင်သိထားသည်။ ဥပမာ– လယ်သမားတစ်ဦးသည် မြေကိုထွန်ယက်စိုက်ပျိုးသည်။ နေရောင်ခြည်နှင့် ရေရရှိရန် အရေးကြီးသည်၊ ယင်းတို့မရှိပါက အဘယ်အရာကိုမျှ သူရိတ်သိမ်းရမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် သန့်ရှင်းသောစွမ်းအားတော်ကို နေရောင်ခြည်နှင့် နှိုင်းယှဉ်နိုင်သည်။ ကျွန်ုပ်တို့သည် စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးများကိုတင်ပြရန် သန့်ရှင်းသောစွမ်းအားတော် လိုသည်။ သို့တိုင် လယ်သမားသည် အလုပ် ကြိုးစားမလုပ်ပါက အဘယ်အရာ ထွက်ရှိပါမည်နည်း။ (သု. ၁၀:၄) သင်၏နှလုံးသားမြေကိုပြုပြင်ပုံက သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေး မည်မျှတင်ပြနိုင်သည်နှင့် မည်သည့်အတိုင်းအတာအထိ တင်ပြနိုင်သည်တို့အပေါ် များစွာအကျိုးသက်ရောက်သည်။ သို့ဖြစ်၍ သင့်ကိုယ်သင် ဤသို့မေးပါ– ‘ငါဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို တင်ပြနိုင်ဖို့ ယင်းနဲ့အညီလုပ်ဆောင်နေသလား။’
၇။ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို ပြုစုပျိုးထောင်ချင်ရင် လေ့လာခြင်းနဲ့ တွေးတောဆင်ခြင်ခြင်းက ဘာကြောင့်အရေးကြီးသလဲ။
၇ သီးထွက်ကောင်းရန် လယ်သမားများသည် မိမိတို့၏သီးနှံပင်များကို ရေလောင်းဖို့လည်းလိုသည်။ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးများကို ပြုစုပျိုးထောင်ရာတွင် သမ္မာကျမ်းစာနှင့် ယနေ့ ခရစ်ယာန်အသင်းတော်မှတစ်ဆင့် ရရှိနိုင်သော အမှန်တရားရေ လိုအပ်သည်။ (ဟေရှာ. ၅၅:၁) သမ္မာကျမ်းစာသည် စွမ်းအားတော်လမ်းညွှန်မှုဖြင့် ရေးသားထားရာဖြစ်ကြောင်း များစွာသောသူတို့ကို သင်ထောက်ပြခဲ့ပေမည်။ (၂ တိ. ၃:၁၆) ထို့ပြင် သစ္စာနှင့်သတိပညာရှိကျွန်ကလည်း သန့်ရှင်းစင်ကြယ်သည့်ရေဖြစ်သော သမ္မာကျမ်းစာအမှန်တရားကို နားလည်သဘောပေါက်ရန် များစွာပြင်ဆင်ပေးခဲ့သည်။ (မ. ၂၄:၄၅-၄၇) ဆိုလိုချက်မှာ ရှင်းနေပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောစွမ်းအားတော်၏ ဩဇာလွှမ်းမိုးမှုခံရရန် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တွေးတောဆင်ခြင်ရမည်။ ယင်းသို့ သင်ပြုလုပ်နေသည်ဆိုလျှင် ရရှိထားသည့် အချက်အလက်များကို “ကြိုးစားလျက် စိစစ်၍ စေ့စေ့ရှာဖွေခဲ့ကြ” သော ပရောဖက်များ၏ ပုံသက်သေကို တုပနေခြင်းဖြစ်သည်။ ကောင်းကင်တမန်များပင် ကတိထားရာအမျိုးအနွယ်နှင့် ဘိသိက်ပေးခြင်းခံရသော ခရစ်ယာန်အသင်းတော်နှင့်ပတ်သက်သည့် အမှန်တရားများကို အလွန်စိတ်ဝင်စားမှု တင်ပြခဲ့ကြသည်မှာ မှတ်သားစရာဖြစ်သည်။—၁ ပေတရု ၁:၁၀-၁၂ ကိုဖတ်ပါ။
စွမ်းအားတော်၏ လွှမ်းမိုးမှုခံရနိုင်ပုံ
၈။ ယေဟောဝါဆီက စွမ်းအားတော်တောင်းခံဖို့ ဘာကြောင့် အရေးကြီးသလဲ။
၈ သမ္မာကျမ်းစာကို ဖတ်ရှုရုံ၊ တွေးတောဆင်ခြင်ရုံမျှဖြင့် မလုံလောက်ပါ။ ယေဟောဝါ၏အကူအညီနှင့် လမ်းညွှန်မှုကို ဆက်တောင်းလျှောက်နေဖို့လိုသည်။ ကိုယ်တော်သည် “ငါတို့တောင်းလျှောက်ကြံစည်သမျှထက် အလွန်များပြားစွာ ပြုနိုင်တော်မူ” သည်။ (ဧ. ၃:၂၀; လု. ၁၁:၁၃) သို့သော် “ဘုရားသခင်က ‘လိုအပ်တဲ့အရာတွေကို မတောင်းခင်ကတည်းကသိတယ်’ ဆိုရင် ဘာကြောင့် ကိုယ်တော့်ဆီ မပြတ်တောင်းလျှောက်သင့်တာလဲ” ဟု တစ်စုံတစ်ဦးက မေးလာလျှင် သင် မည်သို့ဖြေမည်နည်း။ (မ. ၆:၈) တစ်ချက်အနေနှင့် သင်သည် သန့်ရှင်းသောစွမ်းအားတော်ရရန် တောင်းလျှောက်ခြင်းဖြင့် ယေဟောဝါအား ကိုးစားကြောင်း အသိအမှတ်ပြုရာရောက်သည်။ ဥပမာ၊ တစ်စုံတစ်ဦးသည် အကူအညီအတွက် သင့်ထံလာပါက သူ့ကို သင် အတတ်နိုင်ဆုံး ကူညီပေးပေမည်၊ အကြောင်းရင်းမှာ သူသည် သင့်ကိုအားကိုးကာ သင့်ထံမှ အကူအညီတောင်းခံခြင်းကြောင့်ဖြစ်သည်။ (သု. ၃:၂၇ နှင့်နှိုင်းယှဉ်ပါ။) အလားတူပင် သင်သည် ယေဟောဝါထံမှ စွမ်းအားတော်ရရန် တောင်းခံသည်ကို ကိုယ်တော်နှစ်သက်တော်မူပြီး သင့်အား ပေးတော်မူမည်ဖြစ်သည်။—သု. ၁၅:၈။
၉။ ခရစ်ယာန်အစည်းအဝေးတွေကို တက်ရောက်ခြင်းက ဘုရားသခင့်စွမ်းအားတော် လွှမ်းမိုးမှုခံရဖို့ ဘယ်လိုထောက်ကူနိုင်သလဲ။
၉ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏စွမ်းအားတော် လွှမ်းမိုးစေနိုင်သည့် နောက်နည်းလမ်းတစ်ခုမှာ အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများတွင် ပါဝင်ခြင်းဖြစ်ကြောင်း သင် ကောင်းစွာနားလည်နိုင်ပါသည်။ တက်ရောက်ရန် ကြိုးစားအားထုတ်ခြင်း၊ အစီအစဉ်ကို အာရုံစိုက်နားထောင်ခြင်းတို့သည် အလွန်အရေးပါသည်။ ယင်းသို့ပြုလုပ်ခြင်းက “ဘုရားသခင်၏ နက်နဲရာတို့ကို” နားလည်သဘောပေါက်ရန် အထောက်အကူပြုသည်။ (၁ ကော. ၂:၁၀) မှတ်ချက်များ ပုံမှန်ပေးခြင်းမှလည်း အကျိုးရရှိကြသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်လေးပတ်အတွင်း သင်တက်ရောက်ခဲ့သည့် အစည်းအဝေးများကို ပြန်စဉ်းစားကြည့်ပါ။ သင်၏ယုံကြည်ခြင်းကို ဖော်ပြရန် အဖြေပေးဖို့ ဘယ်နှကြိမ် လက်ထောင်ခဲ့သနည်း။ ဤကဏ္ဍတွင် တိုးတက်ဖို့လိုသည်ကို သင်တွေ့မြင်သလော။ သင်တွေ့မြင်ပါက လာမည့်ရက်သတ္တပတ်များတွင် သင်အဘယ်အရာပြုလုပ်မည်ကို ပိုင်းဖြတ်ထားပါ။ ယေဟောဝါသည် ပါဝင်ဖြေဆိုရန် သင်တလိုတလားရှိသည်ကို တွေ့မြင်တော်မူပြီး သင်တက်ရောက်သည့် အစည်း အဝေးများမှ ပို၍အကျိုးခံစားရစေသည့် ကိုယ်တော်၏သန့်ရှင်းသောစွမ်းအားတော်ကို ပေးမည်ဖြစ်သည်။
၁၀။ စွမ်းအားတော်ဖြင့်လျှောက်လှမ်းခြင်းမှာ တခြားသူတွေကို ဘယ်ဖိတ်ခေါ်ချက် ကမ်းလှမ်းခြင်း ပါဝင်သလဲ။
၁၀ စွမ်းအားတော်ဖြင့်လျှောက်လှမ်းခြင်းတွင် ဗျာ. ၂၂:၁၇ တွင်ပါသောဤဖိတ်ခေါ်ချက်ကို တုံ့ပြန်ခြင်းပါဝင်သည်– “စွမ်းအားတော်နှင့် သတို့သမီးက ‘လာလော့’ ဟုမပြတ်ဆို၏။ ကြားသူတိုင်းလည်း ‘လာလော့’ ဟုဆိုပါစေ။ ရေငတ်သူတိုင်း လာပါစေ။ ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ယူပါစေ။” စွမ်းအားတော်သည် ဘိသိက်ပေးခြင်းခံရသော သတို့သမီးအတန်းအစားနှင့်အတူ လုပ်ဆောင်နေကာ အသက်ရေနှင့်ဆိုင်သော ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းလျက်ရှိသည်။ သင်သည် “လာလော့” ဟူသောဖိတ်ခေါ်ချက်ကို လက်ခံပြီးသူဖြစ်လျှင် “လာလော့” ဟုဆက်ဖိတ်ခေါ်ရန် သင်စိတ်ဆုံးဖြတ်ထားပါသလော။ အသက်ရစေသော ဤလုပ်ငန်းတွင် ပါဝင်ခွင့်ရခြင်းသည် အခွင့်ထူးတစ်ရပ်ပင်။
၁၁၊ ၁၂။ သန့်ရှင်းသောစွမ်းအားတော်က ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်လိုပါဝင်ပတ်သက်သလဲ။
၁၁ ယနေ့ အရေးကြီးသော ဤလုပ်ငန်းသည် သန့်ရှင်းသောစွမ်းအားတော်၏ ဦးဆောင်မှုအောက်တွင် ပြီးမြောက်အောင်မြင်လျက်ရှိသည်။ ပထမရာစု ခရစ်ယာန်သာသနာပြုများအတွက် ရပ်ကွက်သစ်များဖွင့်ပေးခြင်းတွင် သန့်ရှင်းသောစွမ်းအားတော် ပါဝင်ပတ်သက်ခဲ့ပုံကို ကျွန်ုပ်တို့ ဖတ်ရသည်။ တမန်တော်ပေါလုနှင့် သူ၏အပေါင်းပါတို့ကို ‘အာရှနယ်၌ စကားတော်ကို မဟောပြောရန် သန့်ရှင်းသောစွမ်းအားတော်သည် တားမြစ်’ ခဲ့သည့်ပြင် ဗိသုနိပြည်သို့ သွားခြင်းကိုလည်း ခွင့်မပြုခဲ့ချေ။ ထိုဒေသများသို့မသွားရန် စွမ်းအားတော်တားမြစ်ပုံအတိအကျကို ကျွန်ုပ်တို့မသိရသော်လည်း စွမ်းအားတော်သည် ပေါလုကို ကြီးမားကျယ်ပြန့်သော ဥရောပလယ်ကွင်းသို့ ပို့ဆောင်ခဲ့ကြောင်း ထင်ရှားသည်။ ပေါလုသည် မက်ဆီဒိုးနီးယား အမျိုးသားတစ်ဦး အကူအညီပေးဖို့တောင်းပန်သည့် အဆင်းအာရုံကို ရရှိခဲ့သည်။—တ. ၁၆:၆-၁၀။
၁၂ ယနေ့လည်း အလားတူပင် ယေဟောဝါ၏စွမ်းအားတော်သည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို လမ်းညွှန်ပေးလျက်ရှိသည်။ လမ်းညွှန်ရာတွင် အံ့ဖွယ်အဆင်းအာရုံများကို အသုံးပြုမည့်အစား ဘိသိက်ပေးခံရသူတို့ကို သန့်ရှင်းသောစွမ်းအားတော်ဖြင့် ယေဟောဝါ ဦးဆောင်တော်မူသည်။ စွမ်းအားတော်သည် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် မိမိတို့တတ်နိုင်သမျှလုပ်ဆောင်ရန် ညီအစ်ကိုညီအစ်မများအား လှုံ့ဆော်သည်။ ဤအရေးကြီးသောလုပ်ငန်းတွင် သင်ပါဝင်နေသည်မှာ သေချာသည်။ ဤစိတ်လှုပ်ရှားဖွယ်ကောင်းသောလုပ်ဆောင်မှုတွင် သင်ပို၍ရွှင်လန်းနိုင်ပါသလော။
၁၃။ သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို သင် ဘယ်လို လိုက်လျှောက်နိုင်သလဲ။ ဥပမာပေးပါ။
၁၃ ဘုရားသခင့်လူမျိုးအတွက်ပြင်ဆင်ပေးထားသော အချက်အလက်များကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သန့်ရှင်းသောစွမ်းအားတော်၏ လမ်းညွှန်မှုကို သင်လိုက်လျှောက်နိုင်သည်။ ဂျပန်မှ ညီအစ်မငယ် မီဟိုကိုအကြောင်း သုံးသပ်ကြည့်ပါ။ ရှေ့ဆောင်စလုပ်ချိန်တွင် ပြန်လည်ပတ်မှုများပြုလုပ်ရန် အရည်အချင်းမပြည့်မီ၊ အိမ်ရှင်စိတ်ဝင်စားလာရန် မည်သို့ပြောရမည်ကိုမသိဟု ခံစားခဲ့ရသည်။ ထိုအချိန်လောက်တွင် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု၌ တိုတိုတုတ်တုတ် ပြန်လည်ပတ်မှုပြုလုပ်ပုံနှင့်ပတ်သက်သော လက်တွေ့ကျ အကြံပြုချက်များပါရှိသည်။ ယင်းနောက် ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ—ယင်းကို မည်သို့ရရှိနိုင်သနည်း ဘရိုရှာကို ထုတ်ဝေခဲ့သည်။ ယင်းဘရိုရှာသည် ဂျပန်လယ်ကွင်းတွင် အထူးသဖြင့် အသုံးဝင်ကြောင်း ထင်ရှားခဲ့သည်။ မီဟိုကိုသည် ဘရိုရှာကို အသုံးပြုနိုင်ပုံနှင့် အထူးသဖြင့် တိုတိုတုတ်တုတ် ပြန်လည်ပတ်မှုများပြုလုပ်ပုံနှင့်ပတ်သက်သော အကြံပြုချက်များကို လက်တွေ့အသုံးပြုခဲ့သည်။ မကြာမီ သူသည် ယခင်က သင်အံမှုပြုရန် ငြင်းဆိုခဲ့သူတို့နှင့် ကျမ်းစာသင်အံမှုများ စတင်နိုင်ခဲ့သည်။ သူဤသို့ပြော၏– “ကျွန်မမှာ သင်အံမှု အများကြီးရှိလာတယ်၊ တစ်ခါကဆိုရင် ၁၂ ခုတောင်ရှိတယ်၊ ဒါကြောင့် တချို့သူတွေကို ခဏစောင့်ခိုင်းထားရတယ်။” မှန်ပါသည်၊ ယေဟောဝါ၏ကျေးကျွန်များအား ပေးသော ညွှန်ကြားချက်များကို လက်တွေ့ကျင့်သုံးခြင်းဖြင့် စွမ်းအားတော်ဖြင့်လျှောက်လှမ်းသည့်အခါ ကြွယ်ဝသောကောင်းချီးများ ရိတ်သိမ်းကြရသည်။
ဘုရားသခင့်စွမ်းအားတော်ကို ကိုးစားပါ
၁၄၊ ၁၅။ (က) မစုံလင်တဲ့လူသားတွေက မိမိတို့ရဲ့အပ်နှံထားမှုနဲ့အညီ ဘယ်လို နေထိုင်နိုင်မလဲ။ (ခ) အကောင်းဆုံးမိတ်ဆွေတွေကို ဘယ်လိုရှာတွေ့နိုင်မလဲ။
၁၄ ခန့်အပ်ခံဓမ္မအမှုဆောင်တစ်ဦးအနေနှင့် သင့်တွင် လုပ်ဆောင်ရမည့် ခရစ်ယာန်ဓမ္မအမှုရှိသည်။ (ရော. ၁၀:၁၄) ယင်းတာဝန်ကို ထမ်းဆောင်ဖို့ သင် အရည်အချင်းလုံးလုံးပြည့်မီသည်ဟု သင်ခံစားရမည်မဟုတ်ပါ။ သို့သော် ဘိသိက်ပေးခြင်းခံရသူတို့၏အဖြစ်တွင်ကဲ့သို့ သင့်ကို အရည်အချင်း ပြည့်မီစေသောအရှင်မှာ ဘုရားသခင်ဖြစ်သည်။ (၂ ကောရိန္သု ၃:၅ ကိုဖတ်ပါ။) သင်သည် အတတ်နိုင်ဆုံးလုပ်ဆောင်ကာ ဘုရားသခင့်စွမ်းအားတော်ကို ကိုးစားခြင်းဖြင့် သင်၏အပ်နှံမှုနှင့်အညီ လုပ်ဆောင်နိုင်ပါသည်။
၁၅ မစုံလင်သောလူသားများဖြစ်သည့် ကျွန်ုပ်တို့သည် စုံလင်သောဘုရားသခင် ယေဟောဝါထံ အပ်နှံထားမှုနှင့်အညီနေထိုင်ဖို့ မလွယ်ကူသည်မှာ မှန်ပါသည်။ ပို၍ခက်စေသည့်အရာတစ်ခုမှာ ယခင်က သင်ပေါင်းသင်းခဲ့သူများထဲမှ အချို့သည် သင်၏အသက်တာလမ်းစဉ်သစ်နှင့်ပတ်သက်၍ နားမလည်နိုင်ဖြစ်ကာ သင့်ကို “ကဲ့ရဲ့” ကြပေမည်။ (၁ ပေ. ၄:၄) သို့တိုင် သင်သည် အရေးအကြီးဆုံးဖြစ်သော ယေဟောဝါ၊ ယေရှုခရစ်နှင့် မိတ်ဆွေသစ်ဖွဲ့ထားသည်ဟူသောအချက်ကို မမေ့ပါနှင့်။ (ယာကုပ် ၂:၂၁-၂၃ ကိုဖတ်ပါ။) ကမ္ဘာချီ “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး” ၏အစိတ်အပိုင်းအဝင်ဖြစ်သော သင့်ဒေသခံအသင်းတော်ရှိ ညီအစ်ကိုညီအစ်မများနှင့်လည်း သိကျွမ်းဖို့ အရေးကြီးသည်။ (၁ ပေ. ၂:၁၇; သု. ၁၇:၁၇) သင့်အပေါ်ကောင်းသောသြဇာလွှမ်းမိုးမှု ဆက်သက်ရောက်စေမည့် မိတ်ဆွေများရှိလာစေရန် ယေဟောဝါသည် မိမိ၏စွမ်းအားတော်အားဖြင့် သင့်ကို ကူညီပါလိမ့်မည်။
၁၆။ ပေါလုလိုပဲ သင်လည်း ဘာကြောင့် ‘အားနည်းခြင်းကို ကျေနပ်စွာခံယူ’ နိုင်သလဲ။
၁၆ အသင်းတော်တွင် သင့်ပတ်လည်၌ အကူအညီပေးသည့် မိတ်ဆွေများရှိနေလျက်ပင် နေ့စဉ်အခက်အခဲများကို ရင်ဆိုင်ရန်ခက်ခဲကြောင်း သင်တွေ့ရှိရဆဲဖြစ်မည်။ တစ်ခါတစ်ရံ သင်ရင်ဆိုင်နေရသည့်ပြဿနာများက မပြီးဆုံးနိုင်တော့သည့်အလား သင့်အား စိတ်ပျက်အားလျော့စေပေမည်။ ဤအချိန်မျိုးတွင် အထူးသဖြင့် ယေဟောဝါထံလှည့်ကာ ကိုယ်တော့်စွမ်းအားတော် တောင်းခံရမည့်အချိန်ဖြစ်သည်။ “ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏” ဟုတမန်တော်ပေါလု ရေးသားခဲ့သည်။ (၂ ကောရိန္သု ၄:၇-၁၀; ၁၂:၁၀ တို့ကိုဖတ်ပါ။) လူ့အားနည်းချက်များသည် အဘယ်အရာပင်ဖြစ်ပါစေ ဘုရားသခင့်စွမ်းအားတော်က ကူညီပေးနိုင်ကြောင်း ပေါလုသိထားသည်။ ထို့ကြောင့် အားနည်းသည်၊ အကူအညီလိုသည်ဟု ခံစားရသည့်အခါတိုင်း ဘုရားသခင့်စွမ်းအားတော်သည် သင့်ကို ခွန်အားပေးနိုင်သည်။ ပေါလုက ‘အားနည်းခြင်းကို ငါကျေနပ်စွာခံယူပါ၏’ ဟုရေးခဲ့သည်။ သူအားနည်းနေသည့်အချိန်တွင် သန့်ရှင်းသောစွမ်းအားတော်၏တန်ခိုး သူ့အပေါ်သက်ရောက်နေသည်ဟု သူခံစားခဲ့ရသည်။ သင်လည်း အလားတူ ခံစားရနိုင်ပါသည်။—ရော. ၁၅:၁၃။
၁၇။ သင် ပန်းတိုင်ကို သွားနေစဉ်မှာ သန့်ရှင်းသောစွမ်းအားတော်က ဘယ်လိုကူညီပေးနိုင်သလဲ။
၁၇ ဘုရားသခင်ထံအပ်နှံထားသည့် အသက်တာအတိုင်း ဆက်အသက်ရှင်နိုင်ရန် ကိုယ်တော်၏စွမ်းအားတော် လိုအပ်သည်။ သင့်ကိုယ်သင် ရွက်သင်္ဘောတစ်စင်း၏ မာလိန်မှူးအဖြစ် မြင်ယောင်ကြည့်ပါ။ သင်၏ပန်းတိုင်မှာ ယေဟောဝါအား ထာဝစဉ်ဝတ်ပြုကိုးကွယ်ရန်ဖြစ်သည်။ သန့်ရှင်းသောစွမ်းအားတော်မှာ သင်သွားလိုရာသို့ ဘေးကင်းလုံခြုံစွာရောက်စေရန် သင့်အားပို့ဆောင်ပေးသော လေနှင့်တူသည်။ သင်သည် စာတန့်လောကမှတိုက်ခတ်သောလေကြောင့် ရွေ့မျောတိမ်းယိမ်းလိုမည် မဟုတ်ပေ။ (၁ ကော. ၂:၁၂) သင်သည် လေကြောင်းအမှန်ကို ခွဲခြားသိရှိရမည်ဖြစ်ပြီး ယင်းလေကြောင်းအတိုင်း လိုက်ပါသွားရန်ဖြစ်သည်။ ယင်းလေကြောင်းအမှန်မှာ သန့်ရှင်းသောစွမ်းအားတော်ဖြစ်သည်။ သမ္မာကျမ်းစာနှင့် စွမ်းအားတော်လမ်းညွှန်မှုအောက်ရှိ အဖွဲ့အစည်းအားဖြင့် သန့်ရှင်းသောစွမ်းအားတော်သည် သင့်ကို မှန်ကန်သောလမ်းသို့ ပို့ဆောင်ပေးမည်။
၁၈။ ယခု သင့်ရဲ့စိတ်ပိုင်းဖြတ်ချက်ကဘာလဲ၊ ဘာကြောင့်လဲ။
၁၈ သင်သည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေကာ သက်သေခံများနှင့် ပေါင်းသင်းရသည်ကို နှစ်သက်သော်လည်း အပ်နှံနှစ်ခြင်းခံခြင်းဖြစ်သော အရေးကြီးသည့်ခြေလှမ်းကို ယခုထိမလုပ်ဆောင်ရသေးလျှင် ‘ငါ ဘာကြောင့်တွန့်ဆုတ်နေရသလဲ’ ဟု မိမိကိုယ်ကိုမေးပါ။ ယနေ့ ယေဟောဝါ၏အလိုတော် အောင်မြင်ပြီးမြောက်နေခြင်းတွင် သန့်ရှင်းသောစွမ်းအားတော်၏ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ယင်း၏လုပ်ဆောင်မှုကို တန်ဖိုးထားလေးမြတ်သည်ဆိုလျှင် မှန်သည်ဟု သင်သိရှိခဲ့ရာကို လုပ်ဆောင်ပါ။ ယေဟောဝါသည် သင့်ကိုကြွယ်ဝစွာ ကောင်းချီးပေးပါလိမ့်မည်။ ကိုယ်တော်သည် သန့်ရှင်းသောစွမ်းအားတော်ကို သင့်အား ရက်ရောစွာပေးပါလိမ့်မည်။ အကယ်၍ သင်သည် လွန်ခဲ့သောနှစ်များ သို့မဟုတ် လွန်ခဲ့သောဆယ်စုနှစ်များက နှစ်ခြင်းခံခဲ့သူဖြစ်ပါက သန့်ရှင်းသောစွမ်းအားတော်၏ ဩဇာလွှမ်းမိုးမှုကို တွေ့ကြုံခဲ့မည်မှာ သေချာပါသည်။ ဘုရားသခင်သည် သင့်အား ကိုယ်တော့်စွမ်းအားတော်ဖြင့် မည်သို့ခွန်အားပေးနိုင်သည်ကို သင်တွေ့ကြုံခံစားခဲ့ရပေမည်။ အဆုံးမဲ့အနာဂတ်တိုင်အောင် ထိုသို့ပင် ဆက်ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဆက်၍လျှောက်လှမ်းရန် စိတ်ပိုင်းဖြတ်ထားကြပါလေ။
သင်မှတ်မိသလော
• ‘စွမ်းအားတော်ဖြင့်လျှောက်လှမ်းခြင်း’ က ဘာကို ဆိုလိုသလဲ။
• ‘စွမ်းအားတော်ဖြင့် လျှောက်လှမ်းနေ’ ဖို့ ဘာက သင့်ကို အထောက်အကူပြုသလဲ။
• သင့်ရဲ့အပ်နှံမှုနဲ့အညီ ဘယ်လိုနေထိုင်နိုင်သလဲ။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါပုံစာ]
သင့်နှလုံးသားမြေကို ပြုစုပျိုးထောင်ဖို့ ကြိုးစားအားထုတ်မှုလို
[စာမျက်နှာ ၁၇ ပါပုံစာ]
ဘုရားသခင့်စွမ်းအားတော်ရဲ့ ဩဇာလွှမ်းမိုးမှုကို သင်ခံယူသလား