ဗျာဒိတ်ကျမ်းမှ ပေါ်လွင်ချက်များ—၂
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ဗျာဒိတ်ကျမ်းမှ ပေါ်လွင်ချက်များ—၂
ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူတို့နှင့် မကိုးကွယ်သူတို့ရှေ့တွင် အဘယ်အရာရှိသနည်း။ စာတန်နှင့် သူ၏နတ်ဆိုးများအတွက် အဘယ်အနာဂတ်ရှိသနည်း။ နာခံမှုရှိသောလူသားများသည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း အဘယ်ကောင်းချီးများ တွေ့ကြုံခံစားကြမည်နည်း။ ယင်းတို့နှင့် အခြားအရေးကြီးသောမေးခွန်းများ၏အဖြေကို ဗျာ. ၁၃:၁–၂၂:၂၁ တွင်ဖော်ပြထားသည်။ * ယင်းအခန်းကြီးများတွင် စီအီးပထမရာစုကုန်ခါနီးက တမန်တော်ယောဟန်ရရှိခဲ့သည့် စိတ်အာရုံ ၁၆ ခုထဲမှ နောက်ဆုံး ၉ ခုပါဝင်သည်။
ယောဟန်ဤသို့ရေးသည်– “ဤပရောဖက်ပြုစကားများကို ဖတ်ရွတ်သူနှင့် ကြားနာသူတို့အပြင် ရေးထားသောအရာများကို လိုက်နာသူတို့သည် ပျော်ရွှင်ကြ၏။” (ဗျာ. ၁:၃; ၂၂:၇) ဗျာဒိတ်ကျမ်းကို ဖတ်ရှုပြီး သင်ယူသိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်းက ကျွန်ုပ်တို့အား ဘုရားသခင့်အမှုထမ်းဆောင်ရန် လှုံ့ဆော်ပေးနိုင်ပြီး ဘုရားသခင်၊ သားတော်ယေရှုခရစ်အပေါ်ထားသော ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေကာ တောက်ပသောအနာဂတ်မျှော်လင့်ချက် ရရှိစေသည်။ *—ဟေဗြဲ ၄:၁၂။
ဘုရားသခင်၏အမျက်တော်ဖလားခုနစ်လုံး သွန်းလောင်း
ဗျာ. ၁၁:၁၈ တွင် “လူမျိုးတို့သည် အမျက်ထွက်ကြ၏။ ကိုယ်တော်တိုင်လည်း အမျက်ထွက်တော်မူ၏။ . . . မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးရန် သတ်မှတ်ထားချိန် ရောက်ပါပြီ” ဟုဖော်ပြထားသည်။ ဘုရားသခင်အမျက်ထွက်ရသည့်အကြောင်းရင်းကို ဖော်ပြရန် အဋ္ဌမမြောက်စိတ်အာရုံက “ချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသော သားရဲတစ်ကောင်” ၏လုပ်ဆောင်မှုကို တင်ပြထားသည်။—ဗျာ. ၁၃:၁။
နဝမမြောက်စိတ်အာရုံတွင် ယောဟန်သည် “ဇိအုန်တောင်ပေါ်တွင် သိုးသငယ်ရပ်နေသည်ကို” နှင့်သူနှင့်အတူ “တစ်သိန်းလေးသောင်းလေးထောင်” ရှိသည်ကိုမြင်တွေ့သည်။ သူတို့သည် “လူသားတို့ထဲမှ ဝယ်ယူသောသူများ ဖြစ်ကြ၏။” (ဗျာ. ၁၄:၁၊ ၄) ကောင်းကင်တမန်တို့၏ကြေညာချက်များ လိုက်ပါလာသည်။ နောက်စိတ်အာရုံတွင် ယောဟန်သည် “ကပ်ဘေးခုနစ်ပါးကို ကိုင်ဆောင်သည့် ကောင်းကင်တမန်ခုနစ်ပါး” ကိုမြင်တွေ့သည်။ ယေဟောဝါကိုယ်တော်တိုင်သည် စာတန့်လောက၏အစိတ်အပိုင်းများအပေါ် “ဘုရားသခင်၏ အမျက်တော်ဖလားခုနစ်လုံးကို” သွန်းလောင်းရန် ထိုကောင်းကင်တမန်များကို အမိန့်ပေးတော်မူကြောင်း ထင်ရှားသည်။ ဖလားများတွင် ဘုရားသခင့်တရားစီရင်ချက်များဆိုင်ရာ ကြွေးကြော်ချက်များနှင့် သတိပေးချက်များပါဝင်သည်။ (ဗျာ. ၁၅:၁; ၁၆:၁) ယင်းစိတ်အာရုံနှစ်ခုက တတိယအမင်္ဂလာ၊ သတ္တမတံပိုးမှုတ်ခြင်းနှင့်ဆက်နွှယ်သော ဘုရားသခင့်နိုင်ငံတော်တရားစီရင်ခြင်းဆိုင်ရာ နောက်ထပ်အသေးစိတ်အချက်အလက်များကို ဖော်ပြသည်။—ဗျာ. ၁၁:၁၄၊ ၁၅။
ကျမ်းစာမေးခွန်းများအဖြေ–
၁၃:၈—“သိုးသငယ်၏ အသက်စာလိပ်” ကားအဘယ်နည်း။ ယင်းသည် ကောင်းကင်နိုင်ငံတော်တွင် ယေရှုခရစ်နှင့်အတူအုပ်ချုပ်သူတို့၏အမည်များသာပါဝင်သော ပုံဆောင်စာလိပ်ဖြစ်သည်။ ယင်းတွင် ကောင်းကင်အသက်တာရရှိဖို့မျှော်လင့်ချက်ရှိသော ကမ္ဘာပေါ်ရှိကြဆဲ ဘိသိက်ပေးခံရသောခရစ်ယာန်များ၏အမည်များ ပါဝင်သည်။
၁၃:၁၁-၁၃—ချိုနှစ်ချောင်းရှိသောသားရဲသည် မည်သို့အားဖြင့် နဂါးကဲ့သို့ပြုမူပြီး ကောင်းကင်မှ မီးကျစေသနည်း။ ချိုနှစ်ချောင်းရှိသောသားရဲဖြစ်သည့် အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်သည် နဂါးကဲ့သို့စကားပြောဆိုသည်ဟူသည့်အချက်က သူသည် မိမိတို့အုပ်ချုပ်သည့်ပုံစံကို လူတို့လက်ခံစေရန် အတင်းအကျပ်ပြုရာတွင် ခြိမ်းခြောက်မှု၊ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုတို့ကို အသုံးပြုကြောင်း ညွှန်ပြသည်။ သူသည် ၂၀ ရာစုက ကမ္ဘာ့စစ်နှစ်ခုအတွင်း ဆိုးဝါးသောအင်အားစုများကို နှိမ်နင်းခဲ့ပြီ၊ ဘုရားသခင်မဲ့ကွန်မြူနစ်ဝါဒကိုလည်း အနိုင်ယူခဲ့ပြီဟုဆိုခြင်းဖြင့် စစ်မှန်သောပရောဖက်၏အခန်းကဏ္ဍကို ထမ်းဆောင်သယောင် ကောင်းကင်မှ မီးကျစေသည်။
၁၆:၁၇—အဘယ် “လေ” ပေါ်တွင် သတ္တမမြောက်ဖလားကို သွန်းလောင်းသနည်း။ “လေ” သည် စာတန့်အတွေးအခေါ်ဖြစ်သည့် ‘နာခံမှုမရှိသောသူတို့တွင် ရှင်သန်လှုပ်ရှားလျက် ရှိသောစိတ်ဓာတ်’ ကိုပုံဆောင်သည်။ အဆိပ်ရှိသောယင်းလေကို ဆိုးသွမ်းသောစာတန့်လောကစနစ်ရှိလူတိုင်း ရှူရှိုက်လျက်ရှိ၏။—ဧ. ၂:၂။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၁၃:၁-၄၊ ၁၈။ လူ့အစိုးရများဖြင့်ပုံခိုင်းသော “သားရဲ” သည် ရုန်းရင်းဆန်ခတ်ဖြစ်နေသောလူသားထုဖြစ်သည့် “ပင်လယ်ထဲမှ” တက်လာသည်။ (ဟေရှာ. ၁၇:၁၂၊ ၁၃; ဒံ. ၇:၂-၈၊ ၁၇) စာတန်ဖြစ်ပေါ်စေပြီး တန်ခိုးအာဏာပေးထားသော ဤသားရဲတွင် လုံးလုံးလျားလျားမစုံလင်မှု အဓိပ္ပာယ်ရသော ၆၆၆ နံပါတ်ရှိသည်။ သားရဲသည် အဘယ်အရာဖြစ်ကြောင်း နားလည်ထားခြင်းက ယေဘုယျလူသားထုပြုသည့်အတိုင်း အံ့သြကြည်ညိုလျက် သူ့နောက်မလိုက်ရန်နှင့် သူ့အား မကိုးကွယ်မိရန် ကျွန်ုပ်တို့အား ထောက်ကူပေးသည်။—ယော. ၁၂:၃၁; ၁၅:၁၉။
၁၃:၁၆၊ ၁၇။ ကျွန်ုပ်တို့သည် ‘ရောင်းဝယ်ခြင်း’ ကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့နိုင်သော်လည်း ကျွန်ုပ်တို့၏အသက်တာကို သားရဲလွှမ်းမိုးစေရန် ဖိအားပေးမှုကို ခွင့်မပြုသင့်ပါ။ ‘သားရဲ၏အမှတ်တံဆိပ်ကို လက်တွင်ဖြစ်စေ၊ နဖူးပေါ်တွင်ဖြစ်စေ’ လက်ခံခြင်းသည် ကျွန်ုပ်တို့၏လုပ်ရပ်များကို ထိန်းချုပ်စေရန် သို့မဟုတ် ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်မှုအပေါ် သက်ရောက်မှုရှိစေရန် သားရဲကိုခွင့်ပြုခြင်းဖြစ်ပါလိမ့်မည်။
၁၄:၆၊ ၇။ ကောင်းကင်တမန်၏ကြွေးကြော်ချက်က ကျွန်ုပ်တို့သည် တည်ထောင်ပြီဖြစ်သောဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အရေးတကြီးဟောပြောသင့်ကြောင်း သင်ပေးသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ကျမ်းစာသင်သားများအား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတတ်ရန်နှင့် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းလိုစိတ်ရှိလာရန် ကူညီပေးသင့်သည်။
၁၄:၁၄-၂၀။ ကယ်တင်ခြင်းခံရမည့်သူတို့အား စုသိမ်းခြင်းဖြစ်သော ‘မြေကြီးပေါ်မှ ရိတ်သိမ်းခြင်း’ ပြီးဆုံးသောအခါ ကောင်းကင်တမန်တို့သည် “မြေကြီးပေါ်မှ စပျစ်နွယ်ပင်၏အသီးများကို” ရိတ်သိမ်း၍ “ဘုရားသခင့်အမျက်တော်တည်းဟူသော ဧရာမစပျစ်သီးနယ်ရာကျင်းထဲသို့” သွန်ချရန် အချိန်ဖြစ်ပါလိမ့်မည်။ ယင်းစပျစ်နွယ်ပင်၏အသီးများ—လူသားများအပေါ်စိုးမိုးသော စာတန်၏ပျက်စီးယိုယွင်းသည့်မျက်မြင်ရအစိုးရများနှင့် ၎င်း၏အသီး “ပြွတ်များ”—သည် ထာဝစဉ်ပျက်သုဉ်းသွားမည်။ ကျွန်ုပ်တို့သည် မြေကြီးပေါ်မှစပျစ်နွယ်ပင်အသီးများ၏ ဩဇာလွှမ်းမိုးမှုမခံရအောင် စိတ်ပိုင်းဖြတ်ထားသင့်သည်။
၁၆:၁၃-၁၆။ “ညစ်ညူးသည့် သတင်းစကား” မှာ မြေကြီးရှင်ဘုရင်များသည် ဘုရားသခင်၏အမျက်တော်ဖလားခုနစ်လုံး သွန်းလောင်းခြင်းကြောင့် စိတ်မယိုင်သွားဘဲ ယေဟောဝါအား ဆန့်ကျင်တိုက်ခိုက်ဖို့သေချာစေရန်ရည်ရွယ်သည့် နတ်ဆိုးများ၏ဝါဒဖြန့်မှုကို ပုံဆောင်သည်။—မ. ၂၄:၄၂၊ ၄၄။
၁၆:၂၁။ ဤလောကအဆုံးနီးလာသည်နှင့်အမျှ စာတန်၏ဆိုးသွမ်းသောစနစ်အပေါ် ယေဟောဝါ၏တရားစီရင်ခြင်းသတင်း ကြွေးကြော်ချက်တွင် ရေခဲတုံးဖြင့်ပုံတင်ပြနိုင်သော ဘုရားသခင့်တရားစီရင်ခြင်းဆိုင်ရာ အလွန်ပြင်းထန်သောတိုက်ရိုက်ပြောဆိုချက်များ ပါဝင်ပေမည်။ သို့တိုင် လူသားအများထုသည် ဘုရားသခင်အား ဆက်၍ရှုတ်ချပြစ်တင်ကြလိမ့်မည်။
အောင်ပွဲဆင်သောဘုရင့်အုပ်ချုပ်မှု
ကမ္ဘာ့အယူမှားဝတ်ပြုရေးအင်ပါယာဖြစ်သော “မဟာဗာဗုလုန်” သည် ဆိုးသွမ်းသောစာတန့်လောက၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအစိတ်အပိုင်းဖြစ်သည်။ ၁၁ ခုမြောက်စိတ်အာရုံက သူ့ကို “နီမြန်းသော သားရဲတစ်ကောင်ပေါ် ထိုင်နေသည့်” အကျင့်ပျက်မိန်းမတစ်ဦးဖြစ်သော “ပြည့်တန်ဆာကြီး” အဖြစ်ဖော်ပြသည်။ သူထိုင်နေသည့် “ချိုဆယ်ချောင်းရှိ” ထိုသားရဲက သူ့အား လုံးဝဖျက်ဆီးတော့မည်ဖြစ်သည်။ (ဗျာ. ၁၇:၁၊ ၃၊ ၅၊ ၁၆) ပြည့်တန်ဆာကို “မြို့ကြီး” နှင့်နှိုင်းယှဉ်လျက် နောက်လိုက်လာသောစိတ်အာရုံက သူ၏ကျရှုံးခြင်းအကြောင်း ကြေညာပြီး ဘုရားသခင့်လူတို့အား “သူ၏အထဲမှ ထွက်ကြ” ရန်အရေးတကြီး ထုတ်ပြန်ကြေညာသည်။ မြို့ကြီးကျရှုံးခြင်းသည် လူများစွာအတွက် ဝမ်းနည်းပူဆွေးစရာဖြစ်၏။ သို့သော် “သိုးသငယ်၏ ထိမ်းမြားမင်္ဂလာပွဲ” ကြောင့် ကောင်းကင်တွင် ရွှင်လန်းဝမ်းမြောက်ခြင်းရှိသည်။ (ဗျာ. ၁၈:၄၊ ၉၊ ၁၀၊ ၁၅-၁၉; ၁၉:၇) ၁၃ ခုမြောက်စိတ်အာရုံတွင် “မြင်းဖြူ” စီးသူသည် လူမျိုးများနှင့်စစ်တိုက်ခြင်းငှာ ထွက်သွား၏။ ထိုသူသည် စာတန်၏ဆိုးသွမ်းသောလောကကို အဆုံးတိုင်စေသည်။—ဗျာ. ၁၉:၁၁-၁၆။
စာတန်ဖြစ်သူ “မူလမြွေ” ကောအသို့နည်း။ အဘယ်အချိန်တွင် “ကန့်မီးအိုင်ထဲ” ပစ်ချခံရမည်နည်း။ ယင်းသည် ၁၄ ခုမြောက်စိတ်အာရုံ၏အကြောင်းအရာများထဲမှတစ်ခုဖြစ်သည်။ (ဗျာ. ၂၀:၂၊ ၁၀) နောက်ဆုံးစိတ်အာရုံနှစ်ခုက အနှစ်တစ်ထောင်အတွင်း အသက်တာကို ရိုးရိုးရိပ်ရိပ်မြင်စေသည်။ ‘စိတ်အာရုံ’ အဆုံးပိုင်းရောက်လာသည်နှင့် ယောဟန်သည် ‘လမ်းမအလယ်တစ်လျှောက် စီးဆင်းနေသော အသက်ရေစီးရာမြစ်ကို’ မြင်တွေ့၏၊ “ရေငတ်သူတိုင်း” အား နှစ်သက်ဖွယ်ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းသည်။—ဗျာ. ၁:၁; ၂၂:၁၊ ၂၊ ၁၇။
ကျမ်းစာမေးခွန်းများအဖြေ–
၁၇:၁၆; ၁၈:၉၊ ၁၀—“မြေကြီးဘုရင်တို့” သည် သူတို့ကိုယ်တိုင် ပျက်ပြုန်းစေခဲ့သူအတွက် အဘယ်ကြောင့် ငိုကြွေး ကြသနည်း။ သူတို့ငိုကြွေးရသည့်အကြောင်းရင်းမှာ မိမိတို့၏ကိုယ်ကျိုးအတွက်ကြောင့် ဖြစ်၏။ မြေကြီးရှင်ဘုရင်တို့သည် မဟာဗာဗုလုန်ကိုဖျက်ဆီးပြီးနောက် သူသည် မိမိတို့အတွက် မည်မျှအသုံးဝင်ကြောင်း သိမြင်လာကြမည်မှာ ထင်ရှားသည်။ သူသည် သူတို့၏နိုင်ထက်စီးနင်းပြုသောဆောင်ရွက်မှုများကို တရားသည့်ပုံစံပေါက်စေခဲ့သည်။ မဟာဗာဗုလုန်သည် သူတို့အား စစ်မြေပြင်များတွင် လူငယ်များကို လိုသရွေ့ဖြည့်ပေးရာတွင်လည်း ကူညီပေးခဲ့သည်။ ထို့ပြင် လူတို့ကို လက်အောက်ခံစေရာတွင် သူသည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။
၁၉:၁၂—ဖော်ပြမထားသော မိမိနာမကို မည်သို့အားဖြင့် ယေရှုမှတစ်ပါး အဘယ်သူမျှမသိသနည်း။ ယင်းနာမသည် ဟေရှာယ ၉:၆ တွင်ဖော်ပြထားရာများကဲ့သို့သော အထူးအခန်းကဏ္ဍများကို ဆိုလိုပုံရ၏၊ ယင်းတို့ကို “သခင်ဘုရားနေ့” အတွင်း ယေရှုရရှိထားသည်။ ယင်းနာမကို အဘယ်သူမျှမသိသော်လည်း ကိုယ်တော်သိတော်မူ၏၊ အကြောင်းမှာ ယင်းအခန်းကဏ္ဍများသည် ထူးခြားပြီး ထိုသို့သောအလွန်မြင့်မားသည့်ရာထူးကို ရရှိခြင်းသည် အဘယ်အဓိပ္ပာယ်ရှိကြောင်း ကိုယ်တော်သာလျှင်နားလည်နိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ယင်းအခွင့်ထူးတချို့ကို မိမိ၏သတို့သမီးအတန်းအစားဝင်များအား ဝေမျှသည်၊ အမှန်တွင် ‘ကိုယ်တော်၏နာမသစ်ကို သူတို့အပေါ်တွင် ရေးသားသည်။’—ဗျာ. ၃:၁၂။
၁၉:၁၄—အာမဂေဒုန်တွင် ယေရှုနှင့်အတူ မည်သူတို့ စီးနင်းလိုက်ပါလာကြမည်နည်း။ ဘုရားသခင့်စစ်ပွဲတွင် ယေရှုနှင့်ပူးပေါင်းကြသော “ကောင်းကင်ဗိုလ်ခြေတို့” တွင် ကောင်းကင်ဆုကျေးဇူးရရှိပြီဖြစ်သော ဘိသိက်ပေးခံရသည့်အောင်နိုင်သူများအပြင် ကောင်းကင်တမန်များ ပါဝင်ကြလိမ့်မည်။—မ. ၂၅:၃၁၊ ၃၂; ဗျာ. ၂:၂၆၊ ၂၇။
၂၀:၁၁-၁၅—“အသက်စာလိပ် [သို့မဟုတ် “စာစောင်”]” တွင် မည်သူတို့၏အမည်များ စာရင်းဝင်သနည်း။ ယင်းသည် ထာဝရအသက်ရရှိကြမည့်—ဘိသိက်ပေးခံရသောခရစ်ယာန်များ၊ လူအုပ်ကြီးအဝင်များနှင့် ‘ဖြောင့်မတ်သောသူတို့၏ ရှင်ပြန်ထမြောက်ခြင်း’ တွင်ပါရှိမည့် ဘုရားသခင့်တည်ကြည်သောကျေးကျွန်များ—အားလုံးတို့၏ အမည်စာရင်းပါရှိသော စာလိပ်ဖြစ်သည်။ (တ. ၂၄:၁၅; ဗျာ. ၂:၁၀; ၇:၉) ‘မဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း’ မှအသက်ရှင်လာမည့်သူတို့သည် အနှစ်တစ်ထောင်အတွင်းဖွင့်ထားသည့် ညွှန်ကြားချက်များပါရှိသော “စာလိပ်များတွင် ရေးထားချက်များ” နှင့်အညီပြုမူမှသာလျှင် “အသက်စာစောင်” တွင် သူတို့၏အမည်စာရင်း ပါဝင်မည်ဖြစ်သည်။ သို့သော် အမည်စာရင်းများကို ပယ်ဖျက်၍မရသောမင်ဖြင့် ရေးထားသည်မဟုတ်။ ဘိသိက်ပေးခံရသူတို့သည် သေသည်အထိ တည်ကြည်ကြောင်း သက်သေပြသည့်အခါ သူတို့၏အမည်များသည် ပယ်ဖျက်၍မရတော့ပါ။ (ဗျာ. ၃:၅) ကမ္ဘာပေါ်အသက်ရှင်ခွင့်ရသူတို့သည် အနှစ်တစ်ထောင်ကုန်ဆုံးချိန်တွင်ဖြစ်မည့် နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်သောအခါ သူတို့၏အမည်များသည် ထာဝစဉ်တည်တံ့မည်ဖြစ်သည်။—ဗျာ. ၂၀:၇၊ ၈။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၁၇:၃၊ ၅၊ ၇၊ ၁၆။ “အထက်မှဉာဏ်ပညာ” ကကျွန်ုပ်တို့အား “ထိုမိန်းမနှင့် သူထိုင်နေသော ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းရှိ [နီမြန်းသော] သားရဲနှင့်ဆိုင်သည့်လျှို့ဝှက်နက်နဲရာကို” နားလည်ရန် ထောက်ကူပေးသည်။ (ယာ. ၃:၁၇) ယင်းပုံဆောင်သားရဲသည် နိုင်ငံပေါင်းချုပ်အသင်းအဖြစ် အစပြုပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂအဖြစ် ပြန်ပေါ်လာခဲ့သည်။ ဤလျှို့ဝှက်နက်နဲရာကို ရှင်းလင်းနားလည်လာခြင်းက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် ယေဟောဝါ၏တရားစီရင်ရာနေ့ကို ကြွေးကြော်ခြင်းတွင် ဇွဲထက်သန်စွာပါဝင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်သည်မဟုတ်လော။
၂၁:၁-၆။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်ခံစားရမည့် ကြိုဟောထားသောကောင်းချီးများ အမှန်တကယ်ဖြစ်မြောက်လာမည်ကို လုံးလုံးလျားလျားစိတ်ချနိုင်သည်။ အဘယ်ကြောင့်နည်း။ ယင်းကောင်းချီးများနှင့်ပတ်သက်၍ ဤသို့ဆိုထားသောကြောင့်ဖြစ်၏– “အမှုပြီးပြီ။”
၂၂:၁၊ ၁၇။ “အသက်ရေ” သည် အပြစ်နှင့်သေခြင်းမှ ပြန်နာလန်ထူလာသော နာခံမှုရှိသည့်လူသားများအတွက် ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို ကိုယ်စားပြုသည်။ ယင်းရေအတော်အတန်ကို ယခုအချိန်တွင် ရရှိနိုင်သည်။ လာ၍ “အသက်ရေကို အခမဲ့ယူပါ” ဟူသောဖိတ်ခေါ်ချက်ကို ဝမ်းမြောက်စွာလက်ခံရုံသာမဟုတ်ဘဲ ယင်းတို့ကို အခြားသူများကိုလည်း ထက်သန်စွာပေးကမ်းနိုင်ကြပါစေ!
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 1 ဗျာ. ၁:၁–၁၂:၁၇ ဆွေးနွေးမှုကို ဇန်နဝါရီ ၁၅၊ ၂၀၀၉ ကင်းမျှော်စင်ပါ “ဗျာဒိတ်ကျမ်းမှပေါ်လွင်ချက်များ—၁” ကိုကြည့်ပါ။
^ အပိုဒ်၊ 2 ဗျာဒိတ်ကျမ်း၏ အခန်းငယ်တစ်ခုချင်းစီ ဆင်ခြင်သုံးသပ်မှုအတွက် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်ကိုကြည့်ပါ။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
နာခံမှုရှိသောလူသားများသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ထူးမြတ်လှသောကောင်းချီးများ တွေ့ကြုံခံစားကြလိမ့်မည်