သင်ပါဝင်ပတ်သက်နေသော အရေးကိစ္စ
သင်ပါဝင်ပတ်သက်နေသော အရေးကိစ္စ
သင်အထူးခင်မင်ရင်းနှီးသော မိတ်ဆွေ သို့မဟုတ် မိသားစုဝင်တစ်ဦးရှိပါသလော။ ယင်းဆက်ဆံရေးကို သင့်ကိုယ်ကျိုးအတွက်သာ ထိန်းသိမ်းထားသည်ဟု တစ်စုံတစ်ယောက်က စွပ်စွဲခဲ့လျှင်အသို့နည်း။ မခံရပ်နိုင်လောက်အောင် သင်မခံစားရပေလော။ ယင်းသည် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသူအားလုံးအပေါ် စာတန်၏ စွပ်စွဲချက်ဖြစ်သည်။
ပထမလူသားမောင်နှံ အာဒံနှင့်ဧဝတို့ကို ဘုရားသခင့်ပညတ်ချိုးဖောက်စေပြီး ဘုရားသခင်အားဆန့်ကျင်သည့် ပုန်ကန်မှုတွင် သူနှင့်ပူးပေါင်းလာရန် ကြိုးစားရာတွင် စာတန်အောင်မြင်သောအခါ အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို ပြန်လည်သုံးသပ်ကြည့်ပါ။ ဖြစ်ပျက်ခဲ့ရာက လူတို့သည် မိမိတို့အတွက်အကျိုးရှိမှ ယေဟောဝါအားနာခံသည်ဟု အဓိပ္ပာယ်သက်ရောက်ပါသလော။ (ကမ္ဘာဦး ၃:၁-၆) အာဒံပုန်ကန်ပြီးနောက် နှစ်ပေါင်း ၂,၅၀၀ ခန့်တွင် အလားတူကိစ္စကို စာတန်ဖြစ်ပေါ်စေခဲ့သည်—ဤအချိန်တွင် ယောဘအမည်ရှိသူတစ်ဦးနှင့် ပတ်သက်နေသည်။ စာတန်ပြောခဲ့သည့်စွပ်စွဲချက်က ပတ်သက်နေသောအရေးကိစ္စကို ရှင်းလင်းစွာဖော်ပြသောကြောင့် ယင်းကျမ်းစာမှတ်တမ်းကို ဂရုတစိုက်လေ့လာကြည့်ကြစို့။
“ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိ ကိုမစွန့်”
ယောဘသည် ‘စုံလင်ဖြောင့်မတ်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်သည်။’ သို့သော် စာတန်က ယောဘ၏ဖြောင့်မတ်မှုကို ရှုတ်ချပြောဆိုသည်။ ‘ယောဘသည် အကျိုးမရဘဲ ဘုရားသခင်ဝတ်ကိုပြုသလော’ ဟုယေဟောဝါအား စာတန်မေးခွန်းထုတ်သည်။ ယောဘကို ကာကွယ်ပြီး ကောင်းချီးပေးခြင်းဖြင့် ယေဟောဝါသည် ယောဘ၏တည်ကြည်မှုကိုရယူနေသည်ဟု စွပ်စွဲကာ ဘုရားသခင်ကိုရော ယောဘကိုပါ စာတန်ရှုတ်ချပြောဆိုသည်။ “ယခုမူကား လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကိုထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်” ဟု စာတန်စိန်ခေါ်သည်။—ယောဘ ၁:၈-၁၁။
ယင်းပြောဆိုချက်များကို ဖြေရှင်းဖို့ ယောဘကို စာတန် စမ်းသပ်ရန် ယေဟောဝါ ခွင့်ပြုလိုက်သည်။ ဘုရားသခင်ကိုဝတ်ပြုရာမှ ကျောခိုင်းသွားရန်ကြိုးစားသည့်အနေဖြင့် တည်ကြည်သောထိုသူအပေါ် ဆင်းရဲခက်ခဲမှုများတစ်ခုပြီးတစ်ခု စာတန်ကျရောက်စေသည်။ ယောဘ၏ခြံမွေးတိရစ္ဆာန်အားလုံးကို အခိုးခံစေခဲ့သည်၊ ဖျက်ဆီးခံစေခဲ့သည်၊ သူ၏အစေခံကျွန်များနှင့် သားသမီးများကို သတ်ဖြတ်ခဲ့သည်။ (ယောဘ ၁:၁၂-၁၉) သို့သော် စာတန်အောင်မြင်ပါသလော။ လုံးဝမအောင်မြင်ပါ။ မိမိကြုံနေရသောအခက်အခဲများသည် စာတန်ပြုလုပ်နေကြောင်း ယောဘမသိသော်လည်း သူဤသို့ပြောသည်– ‘ထာဝရ ဘုရားသခင်ပေးတော်မူ၏။ ထာဝရဘုရားသခင်လည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း။’—ယောဘ ၁:၂၁။
ထို့နောက် ရှေ့တော်မှောက်သို့ ရောက်လာသောစာတန်အား ယေဟောဝါဤသို့ဆို၏– “အကြောင်းမရှိဘဲ သူ့ကိုပျက်စီးစေခြင်းငှာ သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူ [ယောဘ] သည် ဖြောင့်မတ် [“သမာဓိရှိ၊” ကဘ] သောသဘောကို စွဲလမ်းလျက်နေသည်။” (ယောဘ ၂:၁-၃) အရေးကြီးသောအရေးကိစ္စမှာ ယောဘ၏သမာဓိဖြစ်ပြီး ဘုရားသခင်အပေါ် မယိမ်းမယိုင်သောတည်ကြည်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ပူးပူးကပ်ကပ်စွဲမြဲထားသည့် အရည်အချင်းဖြစ်သည်။ သို့ဖြင့် ယောဘသည် သမာဓိရှိခြင်းအရေးကိစ္စတွင် ထူးကဲစွာအောင်နိုင်ခဲ့သည်။ သို့သော် စာတန်လက်မလျှော့သေးချေ။
ထို့နောက် စာတန်သည် လူသားတစ်ရပ်လုံးကိုထိခိုက်သော စွဲချက်တင်ခဲ့သည်။ စာတန်က “အရေဖို့အရေဟုဆိုသကဲ့သို့ လူသည်မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။ ယခုတစ်ဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကိုထိခိုက်တော်မူလျှင် ယောဘ ၂:၄၊ ၅) ယောဘနာမည်အစား “လူ” ဟူသော ယေဘုယျအသုံးအနှုန်းကိုသုံးခြင်းဖြင့် စာတန်သည် လူယောက်တိုင်း၏တည်ကြည်မှုကို စောဒကတက်ခဲ့သည်။ အမှန်တွင် သူဤသို့အခိုင်အမာစွဲချက်တင်နေခြင်းဖြစ်သည်– ‘လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်။ ကျွန်ုပ်ကို အခွင့်အရေးတစ်ခုသာပေးပါ၊ မည်သူမဆိုကို ဘုရားသခင်ထံတော်မှ စွန့်ခွာသွားအောင် လုပ်နိုင်သည်။’ အခြေအနေတိုင်းနှင့် အချိန်တိုင်းတွင် ဘုရားသခင်အားတည်ကြည်မည့်လူသား မရှိနိုင်တော့ပြီလော။
သူသည်မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်” ဟု ယေဟောဝါကို ပြန်လျှောက်၏။ (ဆိုးရွားသောရောဂါဝေဒနာနှင့် ယောဘကိုစုံစမ်းရန် စာတန်အား ယေဟောဝါခွင့်ပြုလိုက်သည်။ ယောဘသည် မိမိသေသွားလျှင်ကောင်းမည်ဟု ဆုတောင်းရသည့်အထိ ရောဂါဝေဒနာခံစားရသည်။ (ယောဘ ၂:၇; ၁၄:၁၃) သို့သော် ယောဘဤသို့ဆိုသည်– “ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်!” (ယောဘ ၂၇:၅၊ ကဘ) ယောဘသည် ယေဟောဝါကိုချစ်သောကြောင့် ယင်းသို့ဆိုခြင်းဖြစ်သည်၊ မည်သည့်အရာကမျှ ယင်းကိုမပြောင်းလဲနိုင်ချေ။ ယောဘသည် မိမိကိုယ်မိမိ သမာဓိရှိသူဖြစ်ကြောင်း သက်သေပြသည်။ “ထာဝရဘုရားသခင်သည် ယောဘ၏ ရှေ့ဖြစ်ဟန်ကိုကောင်းချီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းချီးပေးတော်မူ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (ယောဘ ၄၂:၁၀-၁၇) ယောဘကဲ့သို့သော သူများရှိပါသလော။ ကုန်လွန်သွားခဲ့သောအချိန်ကာလက မည်သည့်အရာဖော်ပြပါသနည်း။
စိန်ခေါ်ချက်ကိုဖြေရှင်းခဲ့ပုံ
သမ္မာကျမ်းစာ၏ဟေဗြဲစာစောင် အခန်းကြီး ၁၁ တွင် နောဧ၊ အာဗြဟံ၊ စာရာနှင့် မောရှေတို့အပါအဝင် ခရစ်ယာန်ခေတ်မတိုင်မီက တည်ကြည်သောအမျိုးသား၊ အမျိုးသမီးတို့၏နာမည်များကို တမန်တော်ပေါလု ဖော်ပြထားသည်။ ထို့နောက် တမန်တော်က ဤသို့ဆိုသည်– “[အခြားသူ] တို့အကြောင်းများကို ပြော၍မကုန်နိုင်။” (ဟေဗြဲ ၁၁:၃၂) ဤတည်ကြည်သောဘုရားသခင့်ကျေးကျွန်များသည် အလွန်များပြားလှသဖြင့် ကောင်းကင်တွင် ပျံ့နှံ့နေသောတိမ်စိုင်တိမ်ခဲများနှင့်နှိုင်းကာ “အလွန်ကြီးမားသောသက်သေခံတိမ်တိုက်” ဟူ၍ပေါလုက သူတို့ကိုရည်ညွှန်းခဲ့သည်။ (ဟေဗြဲ ၁၂:၁၊ ကဘ) မှန်ပါသည်၊ နှစ်ရာစုတစ်လျှောက် မရေမတွက်နိုင်သောလူများစွာသည် မိမိတို့၏လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို အသုံးပြု၍ ယေဟောဝါဘုရားသခင်အား တည်ကြည်ခဲ့ကြပြီ။—ယောရှု ၂၄:၁၅။
လူသားများကို ယေဟောဝါထံမှ ဝေးကွာသွားစေနိုင်သည်ဟူသော စာတန်၏အဆိုကို အပြောင်မြောက်ဆုံး အဖြေပေးနိုင်ခဲ့သူမှာ ဘုရားသခင့်သားတော် ယေရှုခရစ်ပင်ဖြစ်သည်။ ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် မချိမဆံ့ခံစားရသောနာကျင်မှုပင် ကိုယ်တော်၏သမာဓိကို မချိုးဖျက်နိုင်ခဲ့ချေ။ ယေရှုသည် အသက်ချုပ်ငြိမ်းချိန်တွင် “အိုအဘ၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏” ဟုမိန့်ဆိုခဲ့သည်။—လုကာ ၂၃:၄၆။
စစ်မှန်သောဘုရားသခင်အား ဝတ်ပြုခြင်းမှကျောခိုင်းသွားရန် လူတိုင်းကို စာတန်မပြုလုပ်နိုင်ကြောင်း ကုန်လွန်ခဲ့သောအချိန်များက ရှင်းလင်းစွာဖော်ပြခဲ့ပြီ။ မရေမတွက်နိုင်သောလူသားများသည် ယေဟောဝါအားသိရှိလာပြီး ‘ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်’ လာကြသည်။ (မဿဲ ၂၂:၃၇) ယေဟောဝါအပေါ် သူတို့၏မယိမ်းမယိုင်သောသမာဓိက လူသားတို့၏တည်ကြည်ခြင်းနှင့်ဆိုင်သောအရေးကိစ္စတွင် စာတန်မှားကြောင်းသက်သေပြကြပြီ။ သမာဓိရှိသော အမျိုးသား၊ အမျိုးသမီးဖြစ်ခြင်းအားဖြင့် စာတန်မှားကြောင်း သင်လည်း သက်သေပြနိုင်သည်။
သင်ဘာပြုလုပ်ရမည်နည်း
‘လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ အမှန်တရားကိုသိစေခြင်းငှာ’ ဘုရားသခင် အလိုတော်ရှိသည်။ (၁ တိမောသေ ၂:၄) ယင်းကို သင်မည်သို့လုပ်နိုင်သနည်း။ ကျမ်းစာကိုအချိန်ယူလေ့လာပြီး “မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်း” အောင်ပြုလုပ်ခြင်းဖြစ်သည်။—ယောဟန် ၁၇:၃။
ဘုရားသခင့်အမှုတော်ထမ်းသည့် လူတို့၏ရည်ရွယ်ချက်ကို စောဒကတက်ခြင်းဖြင့် လူတို့၏သမာဓိကို စာတန်စိန်ခေါ်ခဲ့သည်။ အသိပညာက သင်၏ရည်ရွယ်ချက်ကိုလွှမ်းမိုးစေလိုလျှင် ယင်းသည် သင့်နှလုံးသို့ရောက်ရမည်။ ယင်းသို့ဖြစ်ရန် သမ္မာကျမ်းစာအကြောင်းအရာများကို ရှာဖွေရုံမျှထက်မက ပြုရမည်။ သင်လေ့လာသည့်အရာများကို စဉ်းစားတွေးတောသည့်အလေ့အကျင့် ပြုစုပျိုးထောင်ရမည်။ (ဆာလံ ၁၄၃:၅) သမ္မာကျမ်းစာ သို့မဟုတ် ကျမ်းစာအခြေပြုစာပေကို ဖတ်ရှုသည့်အခါ ဤကဲ့သို့သောမေးခွန်းများကို ဆင်ခြင်သုံးသပ်ရန် အချိန်ယူဖို့ဖြစ်သည်– ‘ယင်းသည် ယေဟောဝါနှင့်ပတ်သက်ပြီး ကျွန်ုပ်ကို မည်သည့်အရာသင်ပေးသနည်း။ ဘုရားသခင့်မည်သည့်အရည်အချင်းကို ဤတွင်တွေ့ရှိရသနည်း။ ကျွန်ုပ်ဘဝ၏မည်သည့်ကဏ္ဍတွင် ယင်းအတိုင်းကျင့်ရန်လိုသနည်း။ မည်သည့်အရာကို ဘုရားသခင်နှစ်သက် သို့မဟုတ် မနှစ်သက်သနည်း။ ယင်းက ဘုရားသခင်နှင့်ပတ်သက်ပြီး ကျွန်ုပ်ရဲ့ခံစားချက်အပေါ် မည်သို့သက်ရောက်မှုရှိသနည်း။’ ယင်းသို့ချင့်ချိန်တွေးဆခြင်းက သင့်နှလုံးကို ဖန်ဆင်းရှင်အားချစ်သည့်မေတ္တာ၊ ကျေးဇူးတင်စိတ်တို့နှင့် ပြည့်ဝနေစေပါလိမ့်မည်။
ဘုရားသခင်အပေါ် သမာဓိရှိခြင်းဟူသည် ဘာသာရေးယုံကြည်ချက်ဖြင့်သာ ကန့်သတ်မထားပါ။ (၃ ဓမ္မရာဇဝင် ၉:၄) ယေဟောဝါဘုရားသခင်အပေါ် သင်၏သမာဓိစောင့်ထိန်း ခြင်းသည် ဘဝကဏ္ဍအားလုံးတွင် ကိုယ်ကျင့်တရားကြံ့ခိုင်ဖို့လိုသည်။ သို့သော် သမာဓိစောင့်ထိန်းခြင်းသည် မည်သည့်နည်းနှင့်မျှ သင့်ကိုဆုံးရှုံးစေမည်မဟုတ်ပါ။ ယေဟောဝါသည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်၍ ကိုယ်တော်သည် ဘဝအသက်တာ၌ သင့်ကိုပျော်မွေ့စေလိုသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) ကိုယ်ကျင့်တရားသန့်ရှင်းနေစေရန်၊ ပို၍ပျော်ရွှင်သောအသက်တာဖြင့်မွေ့လျော်နေရန်နှင့် ဘုရားသခင့်မျက်နှာသာရရန် သင်ရှောင်ရန်လိုသည့် အလေ့အထတချို့ကို ယခုသုံးကြည့်ကြစို့။
လိင်မှုဖောက်ပြန်ခြင်းကို ရှောင်ပါ
ကိုယ်တော်၏နှုတ်မြွက်တော်သမ္မာကျမ်းစာတွင် ယေဟောဝါကိုယ်တော်တိုင် အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး ဤသို့စံသတ်မှတ်ခဲ့သည်– “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။” (ကမ္ဘာဦး ၂:၂၁-၂၄) အိမ်ထောင်ဖက်တို့သည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်လာကြသောကြောင့် လိင်ဆက်ဆံခြင်းကို မိမိတို့နှစ်ကိုယ်ကြားတွင်သာ ကန့်သတ်ထားမည်ဆိုလျှင် သူတို့သည် ဘုရားသခင့်အိမ်ထောင်ရေးအစီအစဉ်ကို ဂုဏ်တင်ရာရောက်သည်။ တမန်တော်ပေါလု ဤသို့ဆိုခဲ့သည်– “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်။” (ဟေဗြဲ ၁၃:၄) “သစ္စာသံဝါသပြုခြင်း” အသုံးအနှုန်းက တရားဝင်လက်ထပ်ထားသော အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစပ်ကြား လိင်ဆက်ဆံမှုကို ရည်ညွှန်းသည်။ သူတို့ထဲမှတစ်ဦးဦးသည် အိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံမည်ဆိုလျှင် သူ့သားအိမ်ရာပြစ်မှားရာရောက်ပြီး ဘုရားသခင့်စစ်ကြောစီရင်ခြင်းကို ခံရနိုင်သည်။—မာလခိ ၃:၅။
လက်မထပ်မီလိင်ဆက်ဆံခြင်းကော အသို့နည်း။ ယင်းသည်လည်း ယေဟောဝါသတ်မှတ်ထားသော ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းကို ဆန့်ကျင်ခြင်းဖြစ်သည်။ “ဘုရားသခင်၏အလိုတော်ဟူမူကား သင်တို့သည် မတရားသောမေထုန်ကိုကြဉ်ရှောင်” လော့ဟု သမ္မာကျမ်းစာ၌ဆိုထားသည်။ (၁ သက်သာလောနိတ် ၄:၃) လိင်တူဆက်ဆံခြင်း၊ သွေးနီးသူချင်းကာမစပ်ယှက်ခြင်းနှင့် တိရစ္ဆာန်နှင့်ကာမစပ်ယှက်ခြင်းတို့သည်လည်း ဘုရားသခင်ကို ပြစ်မှားခြင်းများဖြစ်သည်။ (ဝတ်ပြုရာ ၁၈:၆၊ ၂၃; ရောမ ၁:၂၆၊ ၂၇) ဘုရားသခင့်နှစ်သက်မှုကိုခံစားလိုပြီး အမှန်ပျော်ရွှင်သောဘဝကို မွေ့လျော်လိုပါက အကျင့်ယိုယွင်းမှုများနှင့် ကင်းကင်းနေရမည်။
လက်မထပ်မီလိင်စိတ်နှိုးဆွစေသောအပြုအမူကော မည်သို့နည်း။ ယင်းအကျင့်ကို ယေဟောဝါမနှစ်သက်ပါ။ (ဂလာတိ ၅:၁၉) အကျင့်ယိုယွင်းမှုများကို မတွေးတောရပါ။ ယေရှုက ဤသို့ဆိုသည်– “ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။” (မဿဲ ၅:၂၈) ယင်းစကားများသည် အပြာရုပ်ပုံများကို စာပေ၊ မှန်သားပြင်၊ အင်တာနက်တွင်ကြည့်ခြင်း၊ လိင်မှုဆိုင်ရာများကိုဖတ်ရှုခြင်း၊ မဖွယ်မရာများစိတ်တွင်ပေါ်လာစေသည့် တေးသီချင်းများနားထောင်ခြင်းတို့နှင့်လည်း သက်ဆိုင်သည်။ ယင်းတို့ကိုရှောင်ကြဉ်ခြင်းက ဘုရားသခင့်စိတ်တော်နှင့်တွေ့စေပြီး မိမိဘဝအပေါ် တည်ဆောက်မှုဖြစ်စေသောသြဇာ သက်ရောက်စေသည်။
ပရောပရည်လုပ်ခြင်းကော အသို့နည်း။ ပရောပရည်လုပ်ခြင်းကို “အလေးအနက်မထားသည့် ချစ်ယောင်ဆောင်ခြင်း သို့မဟုတ် လိင်ဆိုင်ရာသွေးဆောင်ခြင်း” အပြုအမူဟု အနက်ဖွင့်ထားသည်။ အိမ်ထောင်သည်အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးသည် မိမိအိမ်ထောင်ဖက်မဟုတ်သူတစ်ဦးအား ယင်းသို့ပြုမူခြင်းသည် သမ္မာကျမ်းစာမူများကို ဆန့်ကျင်ပြီး ယေဟောဝါကို မလေးစားရာရောက်သည်။ (ဧဖက် ၅:၂၈-၃၃) တစ်ကိုယ်ရေသမားများအနေနှင့်လည်း အပျော်သက်သက်ဖြင့်တစ်ဦးကိုတစ်ဦး ချစ်ကြိုက်သည့်အမူအရာများပြခြင်းသည် လုံးဝမသင့်လျော်ပေ။ အကယ်၍ ယင်းသို့သောပရောပရည်ပြုမူခြင်းကို ရည်ရွယ်ထားသည်ထက် တစ်ဖက်သားက အလေးအနက်ခံယူခဲ့လျှင်ကော အသို့နည်း။ ဖြစ်ပေါ်လာနိုင်သည့်စိတ်ဝေဒနာကို စဉ်းစားကြည့်ပါလေ။ ပရောပရည်လုပ်ခြင်းသည် သူ့သားအိမ်ရာပြစ်မှားခြင်း သို့မဟုတ် မတရားမေထုန်သို့ ဦးတည်စေနိုင်ကြောင်းကိုလည်း အလေးအနက်ဆင်ခြင်သင့်သည်။ အခြားတစ်ဖက်တွင်မူ လိင်ခြားသူများကို စင်ကြယ်စွာဆက်ဆံခြင်းက ကိုယ့်ကိုယ်ကိုလေးစားမှု တိုးပွားစေသည်။—၁ တိမောသေ ၅:၁၊ ၂။
အခြားဘဝကဏ္ဍများတွင် ဘုရားသခင့်စိတ်တော်နှင့်တွေ့ခြင်း
ဒေသများစွာတွင် အရက်ယမကာကို လွယ်ကူစွာရရှိနိုင်ကြသည်။ ယင်းကိုသုံးဆောင်ခြင်းသည် မှားသလော။ ဝိုင်၊ ဘီယာ၊ အခြားအရက်များဖြစ်စေ အတော်အသင့်သောက်သုံးခြင်းကို ကျမ်းစာက မတားမြစ်ပါ။ (ဆာလံ ၁၀၄:၁၅; ၁ တိမောသေ ၅:၂၃) သို့သော် အလွန်အကျွံသောက်သုံးခြင်းနှင့် မူးယစ်ခြင်းသည် ဘုရားသခင့်မျက်မှောက်တွင် မှားယွင်း၏။ (၁ ကောရိန္သု ၅:၁၁-၁၃) အလွန်အကျွံသောက်သုံးခြင်းဖြင့် သင့်ကျန်းမာရေးယိုယွင်းခြင်း၊ သင့်မိသားစုဘဝပြိုကွဲခြင်းတို့ကို လုံးဝဖြစ်စေလိုမည်မဟုတ်။—သု. ၂၃:၂၀၊ ၂၁၊ ၂၉-၃၅။
ယေဟောဝါသည် ‘အမှန်တရား၏ဘုရားသခင်’ ဖြစ်တော်မူသည်။ (ဆာလံ ၃၁:၅၊ ကဘ) “ဘုရားသခင်သည် မုသာမသုံးနိုင်” ဟုကျမ်းစာကဆိုသည်။ (ဟေဗြဲ ၆:၁၈) ဘုရားသခင့်မျက်နှာသာရလိုလျှင် သင်သည် မုသာသုံးမည်မဟုတ်။ (သု. ၆:၁၆-၁၉; ) “မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်ပြောကြလော့” ဟု ကျမ်းစာက ခရစ်ယာန်များကို သတိပေးထားသည်။— ကောလောသဲ ၃:၉၊ ၁၀ဧဖက် ၄:၂၅။
လောင်းကစားခြင်းကော အသို့ဆိုမည်နည်း။ ယင်းသည် လူအများအလယ်တွင် ခေတ်စားနေသော်လည်း လောင်းကစားခြင်းသည် လောဘကြီးခြင်းပုံစံတစ်မျိုးဖြစ်ပြီး အခြားသူများ၏ဆုံးရှုံးခြင်းမှ ရယူရန်ကြိုးစားခြင်းဖြစ်သည်။ ယေဟောဝါသည် “မစင်ကြယ်သောစီးပွားကိုတပ်မက်သောသူ” ကို မနှစ်သက်ချေ။ (၁ တိမောသေ ၃:၈) သို့ဖြစ်လျှင် သင်သည် ယေဟောဝါနှစ်သက်သူတစ်ဦးဖြစ်လိုလျှင် ထီ၊ ဘင်ဂိုလောင်းကစားနှင့် မြင်းလောင်းပွဲအပါအဝင် မည်သည့်လောင်းကစားခြင်းပုံစံကိုမဆို ရှောင်မည်။ ထိုသို့ရှောင်ကြဉ်သောအခါ မိသားစုလိုအပ်ရာများကို ဖြည့်စွက်ရန် အမှန်ပင် ငွေပိုလာသည်ကို သင်တွေ့ပေမည်။
မိမိမပိုင်ဆိုင်သည့်အရာကိုယူခြင်းသည် ခိုးခြင်းဖြစ်ပြီး ယင်းသည် လောဘကြီးသည့် ပုံစံတစ်မျိုးဖြစ်သည်။ “သူ့ဥစ္စာကိုမခိုးနှင့်” ဟု သမ္မာကျမ်းစာကဆိုသည်။ (ထွက်မြောက်ရာ ၂၀:၁၅) ခိုးရာပါပစ္စည်းမှန်း သိရက်နှင့်ဝယ်ခြင်း၊ အခွင့်မရဘဲပစ္စည်းများယူခြင်းသည် မှားသည်။ “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ” ဟု ကျမ်းစာကဆိုသည်။ (ဧဖက် ၄:၂၈) ယေဟောဝါကို ချစ်မြတ်နိုးသူတို့သည် သူတို့အလုပ်ရှင်၏အချိန်ကို ခိုးယူမည့်အစား အလုပ်ကို ကြိုးစားလုပ်ဆောင်သူများဖြစ်ကြသည်။ သူတို့သည် “အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှာ အလိုရှိသောသူဖြစ်သည်။” (ဟေဗြဲ ၁၃:၁၈) ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်သောသူသည် စိတ်၏ငြိမ်သက်မှု အမှန်ပင် ရရှိသည်။
ကြမ်းတမ်းသောစိတ်ရှိသူကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။ ကျမ်းစာက ဤသို့သတိပေးထားသည်– “စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့်အတူ မလိုက်နှင့်။” (သု. ၂၂:၂၄) မထိန်းချုပ်နိုင်သောဒေါသသည် ကြမ်းတမ်းရမ်းကားသောအပြုအမူဆီသို့ ဦးတည်စေနိုင်သည်။ (ကမ္ဘာဦး ၄:၅-၈) ကလဲ့စားချေလိုခြင်းနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ပြောသည်– ‘အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကိုအခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား “ငါသည် အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်” ဟု ထာဝရဘုရားသခင်မိန့်တော်မူ၏။’ (ရောမ ၁၂:၁၇-၁၉) ထိုသို့သောဆုံးမစကားကို လိုက်လျှောက်သောအခါ ကျွန်ုပ်တို့ဘဝသည် ပို၍ငြိမ်သက်မည်ဖြစ်ပြီး ယင်းကပျော်ရွှင်မှုကို တိုးပွားစေပါလိမ့်မည်။
သင်အောင်မြင်နိုင်
ဖိစီးမှုများရှိငြား ဘုရားသခင်အပေါ် သမာဓိစောင့်ထိန်းရာတွင် သင်အောင်မြင်နိုင်မည်လော။ အောင်မြင်နိုင်ပါသည်။ တည်ကြည်မှုရှိခြင်းဆိုင်ရာအရေးကိစ္စတွင် စာတန်မှားကြောင်းသက်သေပြရာ၌ ဘုရားသခင်သည် သင့်ကိုအောင်မြင်စေလိုကြောင်း သတိရပါ၊ ကိုယ်တော်နှုတ်မြွက်တော်တွင် ဤသို့ဆိုထားသည်– “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကိုငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။”—သု. ၂၇:၁၁။
ယေဟောဝါမျက်မှောက် မှန်ရာကိုလုပ်ဖို့ ခွန်အားပေးပါရန် ကိုယ်တော်ထံ သင်ဆုတောင်းနိုင်သည်။ (ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာ အသိပညာတိုးပွားရန် သန္နိဋ္ဌာန်ချမှတ် ကြိုးစားပါလေ။ သမ္မာကျမ်းစာမှ သင်ယူလေ့လာထားရာကို လေးမြတ်စွာသုံးသပ်ခြင်းက ဘုရားသခင်အပေါ် သင့်မေတ္တာပို၍နက်ရှိုင်းလာစေပြီး ကိုယ်တော်နှစ်သက်သူဖြစ်ရန် သင့်ကိုလှုံ့ဆော်ပေးပါလိမ့်မည်။ ၁ ယောဟန် ၅:၃ ကဤသို့ဆို၏– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။” သမ္မာကျမ်းစာလေ့လာရာတွင် သင့်ဒေသရှိယေဟောဝါသက်သေများသည် သင့်ကို ဝမ်းသာအားရကူညီပေးလိုပါသည်။ မိမိဒေသရှိယေဟောဝါသက်သေများနှင့်ဆက်သွယ်ရန် သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံစာရေးရန် သင့်အားဖိတ်ခေါ်ပါသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
စုံစမ်းမှုများအောက် ယောဘတည်ကြည်ခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာအသိပညာ တိုးပွားခြင်းက မှန်ရာကိုလုပ်ရန် သင့်ဆုံးဖြတ်ချက်ကို ခိုင်မာစေပါလိမ့်မည်