မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နှင့် လူတို့အမြင်တွင် အသရေရှိသောမင်္ဂလာပွဲများ

ဘုရားသခင်နှင့် လူတို့အမြင်တွင် အသရေရှိသောမင်္ဂလာပွဲများ

ဘုရားသခင်​နှင့် လူ​တို့​အမြင်​တွင် အသရေရှိသော​မင်္ဂလာပွဲ​များ

‘ကာန​မြို့တွင် မင်္ဂလာဆောင်​ပွဲ​ကို​ခံ​ကြ​စဉ် ယေရှု​နှင့် တပည့်​တို့ကို​လည်း ထို​ပွဲ​သို့​ခေါ်​ပင့်​ကြ​၏။’—ယောဟန် ၂:၁၊ ၂

၁။ ယေရှုပါ​ဝင်​ခဲ့​သော ကာန​မြို့မှ အဖြစ်အပျက်က အဘယ်အရာကို သိမြင်​စေ​သနည်း။

ဘုရားသခင့်​လူမျိုး၏ အသရေရှိသော​မင်္ဂလာဆောင်​ပွဲ​သည် ရွှင်လန်းမှု​ကို​ဖြစ်စေ​နိုင်​ကြောင်း ယေရှု၊ မယ်တော်​နှင့်​ကိုယ်တော်​၏​တပည့်​တချို့ သိရှိ​ခဲ့​ကြသည်။ ခရစ်တော်​သည် ကိုယ်တော်​၏​ဦးဆုံး​မှတ်တမ်းတင်​ခံရ​သော အံ့ဖွယ်​အမှုကို​လုပ်ဆောင်​တော်​မူ​ခြင်း​ဖြင့် မင်္ဂလာပွဲ​တစ်ခု​ကို​ထူးခြား​စေ​ခဲ့​ပြီး ထို​အခါသမယ​၏ ပျော်ရွှင်မှု​ကို ထပ်​တိုး​စေ​ခဲ့​သည်။ (ယောဟန် ၂:၁-၁၁) ပျော်ရွှင်သော​အိမ်ထောင်သည်​မောင်နှံ​အဖြစ် ယေဟောဝါ​၏​အမှုတော် ထမ်းဆောင်​လို​သူတို့၏ ခရစ်ယာန်​မင်္ဂလာပွဲ​များ​ကို သင်,တက်ရောက်​ကာ ပျော်မွေ့​ခဲ့​ဖူး​ပေမည်။ သင်​ကိုယ်တိုင် ထိုသို့​သော​မင်္ဂလာပွဲ​မျိုးကို​ပြုလုပ်​လို​မည် သို့​မဟုတ် မိတ်ဆွေ​တစ်ဦး၏ မင်္ဂလာပွဲ​ဖြစ်မြောက်​အောင်မြင်​ရန် အကူအညီ​ပေး​ရမည့်​သူ​တစ်ဦး ဖြစ်​ပေမည်။ ယင်း​တို့​ဖြစ်မြောက်​အောင်မြင်​ရန် အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။

၂။ သမ္မာကျမ်းစာ​တွင် မင်္ဂလာပွဲ​များနှင့်​ပတ်သက်​၍ အဘယ်​အကြောင်းအရာ ပါရှိ​သနည်း။

အမျိုးသား​တစ်ဦး​နှင့် အမျိုးသမီး​တစ်ဦး အိမ်ထောင်ပြု​ရန် စီစဉ်​နေချိန်​တွင် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သည့် သမ္မာကျမ်းစာ​မှ​အကြံပြုချက်​သည် အလွန်​အထောက်အကူ​ပြု​ကြောင်း ခရစ်ယာန်​များ တွေ့ရှိ​ခဲ့​ကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာ​တွင် ခရစ်ယာန်​မင်္ဂလာပွဲ​အတွက် အသေးစိတ်​လုပ်ဆောင်​ရမည့်​နည်းလမ်းများ မပါ​ရှိပါ။ ဓလေ့​ထုံးစံ​များနှင့် ဥပဒေ​တောင်းဆိုချက်​များ​ပင်​လျှင် နေရာ​ဒေသနှင့် အချိန်ကာလ​အရ မတူညီ​ကြသော​ကြောင့် ထိုသို့​အသေးစိတ်​မပါ​ရှိသည်​ကို နားလည်​နိုင်​ပါ​သည်။ ဥပမာ၊ ရှေး​ဣသရေလ​လူမျိုး​တွင် မင်္ဂလာ​အခမ်းအနား​ဟူ၍ မရှိခဲ့​ပါ။ မင်္ဂလာဆောင်​သည့်​နေ့တွင် သတို့သား​သည် သတို့သမီး​ကို မိမိ​အိမ်​သို့ သို့​မဟုတ် မိမိ​ဖခင်​အိမ်​သို့ ခေါ်ဆောင်​သွား​သည်။ (ကမ္ဘာဦး ၂၄:၆၇; ဟေရှာယ ၆၁:၁၀; မဿဲ ၁:၂၄က​ဘ) ယနေ့​မင်္ဂလာဆောင်​ပွဲ​များစွာ​ကဲ့သို့ အခမ်းအနား​ကျင်းပ​ခြင်း​မရှိဘဲ လူအများ​မြင်သာ​သော ယင်း​လုပ်ဆောင်မှု​က မင်္ဂလာဆောင်ခြင်း​ကို အတည်​ဖြစ်စေ​သည်။

၃။ ကာန​မြို့​၏​အဘယ်​အဖြစ်အပျက်​တွင် ယေရှုပါ​ဝင်​ခဲ့​သနည်း။

ဣသရေလ​လူမျိုး​သည် ထိမ်းမြား​လက်ထပ်​ခြင်း သို့​မဟုတ် မင်္ဂလာဆောင်ခြင်း​ကို အတည်​ဖြစ်စေ​သော ယင်း​သို့​လုပ်ဆောင်မှုကို အသိအမှတ်ပြု​လက်ခံခဲ့​ကြသည်။ ၎င်းနောက် ယောဟန် ၂:၁ တွင်​ဖော်ပြ​ထား​သကဲ့သို့ ကျွေးမွေး​ဧည့်ခံပွဲ​တွင် ပါဝင်​ကြ​ပေမည်။ သမ္မာကျမ်းစာ​ဘာသာပြန်​ကျမ်း​များစွာက ယင်း​အခန်းငယ်​ကို “ကာန​မြို့တွင် မင်္ဂလာဆောင်​ပွဲ​ကို​ခံ​ကြ​စဉ်” ဟူ၍​ပြန်ဆို​ကြသည်။ သို့သော် မူရင်း​စကားလုံး​အရ “မင်္ဂလာဆောင်​ကျွေးမွေး​ဧည့်ခံပွဲ” ဟု​ပြန်​ဆိုလျှင် ပို​၍​သင့်လျော်​သည်။ * (မဿဲ ၂၂:၂-၁၀; ၂၅:၁၀; လုကာ ၁၄:၈) မှတ်တမ်းအရ ယေရှုသည် ထို​နေရာတွင်​ရောက်ရှိ​နေခဲ့​ပြီး ဂျူး​မင်္ဂလာဆောင်​ကျွေးမွေး​ဧည့်ခံပွဲ​တွင် ပါဝင်​ခဲ့​ကြောင်း ရှင်းရှင်းလင်းလင်း​ဖော်ပြ​ထား​သည်။ သို့သော် အဓိက​အချက်​မှာ ထို​အချိန်​က မင်္ဂလာဆောင်ခြင်း​ကို အတည်​ဖြစ်စေ​သည့်​အရာ​သည် ယနေ့ခေတ်​နှင့် မတူ​ခြင်း​ဖြစ်သည်။

၄။ ခရစ်ယာန်​အချို့​သည် မည်သို့သော​မင်္ဂလာပွဲ​ကို ရွေးချယ်​ကြ​သနည်း။ အဘယ်ကြောင့်​နည်း။

ယနေ့​နိုင်ငံ​များစွာ​တွင် အိမ်ထောင်ပြု​လို​သော ခရစ်ယာန်​များသည် ဥပဒေ​တောင်းဆိုချက်​ကို လုပ်ဆောင်ကြ​ရမည်။ အိမ်ထောင်ပြု​မည်​ဆိုလျှင် သူတို့သည် ဥပဒေက​လက်ခံသည့် နည်း​တစ်နည်း​နည်းဖြင့် ထိမ်းမြား​ဆောင်​နှင်း​ကြ​ပေမည်။ ၎င်းမှာ တရားသူကြီး၊ မြို့တော်ဝန် သို့​မဟုတ် အစိုးရ​လိုင်စင်​ရ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​တစ်ဦး ဦးစီး​ဆောင်ရွက်​သည့် ရိုးရိုးရှင်းရှင်း အခမ်းအနား​ငယ်​လေး​တစ်ခု​ဖြစ်​နိုင်​သည်။ ထိုသို့​ထိမ်းမြား​ဆောင်​နှင်း​ရန် ရွေးချယ်​ကြ​သူ​အချို့​သည် ဥပဒေ​အရ သက်သေ​အဖြစ်​တက်ရောက်​ရန် သို့​မဟုတ် ဤ​အရေးပါသော ရွှင်လန်းဖွယ်​အခါသမယ​တွင် မိမိတို့​နှင့်အတူ​ပါဝင်​ရန် ဆွေမျိုး သို့​မဟုတ် ခရစ်ယာန်​မိတ်ဆွေ​အချို့​ကို တက်ရောက်​စေ​ကြသည်။ (ယေရမိ ၃၃:၁၁; ယောဟန် ၃:၂၉) အလားတူ​ပင်၊ အချို့​သော​ခရစ်ယာန်​တို့သည် အချိန်​အတန်ကြာ​စီစဉ်​ဖို့​လို​ပြီး အကုန်အကျ​များ​သည့် ထိမ်းမြား​မင်္ဂလာ​ကျွေးမွေး​ဧည့်ခံပွဲ​ကြီး​များ ကျင်းပ​ရန် ရွေးချယ်​ကြ​မည်​မဟုတ်ပေ။ ယင်းအစား ရင်းနှီးသော​အသိ​မိတ်ဆွေ​အချို့​နှင့်​သာ စားသောက်​ကြ​ရန် စီစဉ်​ပေမည်။ မည်သည့်​အရာ​ကို ကျွန်ုပ်​တို့​ရွေးချယ်​သည်​ဖြစ်စေ ကျွန်ုပ်​တို့​ကိုယ်တိုင်​၏​ရှုမြင်ပုံသည် ရင့်ကျက်သော​အခြား​ခရစ်ယာန်​များ​၏​ရှုမြင်ပုံ​နှင့် ခြားနား​ကောင်း​ခြားနား​မည်​ဖြစ်​ကြောင်း အသိအမှတ်ပြု​သင့်​သည်။—ရောမ ၁၄:၃၊ ၄

၅။ ခရစ်ယာန်​များစွာ​သည် မိမိတို့၏​မင်္ဂလာပွဲ​တွင် မင်္ဂလာဆောင်​ဟောပြောချက်​ပေး​ရန် အဘယ်ကြောင့်​အလိုရှိ​ကြ​သနည်း။ ယင်း​ဟောပြောချက်​တွင် အဘယ်အရာ​ပါရှိ​သနည်း။

ခရစ်ယာန်​မောင်နှံစုံ​အများစု​သည် မိမိတို့၏​မင်္ဂလာဆောင်​ပွဲ​တွင် ကျမ်းစာ​အခြေပြု ဟောပြောချက်​တစ်ခု​ပေး​ရန် ရွေးချယ်​ကြသည်။ * ယေဟောဝါ​သည် အိမ်ထောင်​ကို အစပြု​တော်​မူ​ခဲ့​ပြီး ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​တွင် အိမ်ထောင်​ကို အောင်မြင်​ပျော်ရွှင်​စေနိုင်​သည့် ပညာရှိ​အကြံပြုချက်များ​ပါရှိ​သည်ကို သူတို့​အသိအမှတ်ပြု​ကြသည်။ (ကမ္ဘာဦး ၂:၂၂-၂၄; မာကု ၁၀:၆-၉; ဧဖက် ၅:၂၂-၃၃) မောင်နှံစုံ​အများစု​သည် ဤ​ပျော်ရွှင်ဖွယ်​အခါသမယ​တွင် ခရစ်ယာန်​မိတ်ဆွေများ၊ ဆွေမျိုး​များ​ကို ပါဝင်​စေ​လို​ကြသည်။ သို့​တိုင် အမျိုးမျိုးသော ဥပဒေ​တောင်းဆိုချက်၊ လုပ်ထုံး​လုပ်​နည်း​နှင့် ဒေသခံ​ဓလေ့​ထုံးစံ​တို့​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​မည်သို့​ရှုမြင်ကြ​သနည်း။ ဤ​ဆောင်းပါး​တွင် ဒေသ​အသီးသီး​မှ အခြေအနေ​များ​ကို သုံးသပ်ပါ​မည်။ အချို့​အချက်များ​သည် သင့်​ဒေသ​တွင် သင်​သိရှိ​ထား​သည့်​အရာ သို့​မဟုတ် လုပ်ဆောင်နေ​ကြသော​အရာ​နှင့် အတော်အတန်​ကွာခြား​ပေမည်။ သို့​တိုင် ဘုရားသခင့်​ကျေးကျွန်​များ​အတွက် အရေးကြီး​သည့်​မူ​အချို့ သို့​မဟုတ် ကဏ္ဍ​များ​ကို မှတ်သား​နိုင်​ပါ​သည်။

အသရေရှိသော​အိမ်ထောင်မင်္ဂလာ —တရားဝင်​ထိမ်းမြားခြင်း

၆၊ ၇။ ကျွန်ုပ်​တို့သည် ဥပဒေ​အရ တရားဝင်​လက်ထပ်​ထိမ်းမြား​ရန် အဘယ်ကြောင့် အာရုံစိုက်​သင့်​သနည်း။ ယင်းကို မည်သို့​တင်ပြ​ကြ​မည်​နည်း။

ယေဟောဝါ​သည် အိမ်ထောင်​ကို အစပြု​တော်​မူ​ခဲ့​သည့်​တိုင် လူ့​အစိုးရ​များသည် အိမ်ထောင်ပြု​သူတို့၏ လုပ်ဆောင်မှုများ​အပေါ် အတန်​အရာ​စီမံ​ချုပ်ထိန်း​ကြသည်။ ယင်းသည် သင့်လျော်​ပါ​သည်။ ယေရှု ဤသို့​မိန့်တော်မူ​ခဲ့​၏– “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အား ဆက်​ပေး​ကြလော့။ ဘုရားသခင်​၏​ဥစ္စာ​ကို​ကား ဘုရားသခင်​အား ဆက်​ပေး​ကြလော့။” (မာကု ၁၂:၁၇) အလားတူ​ပင်၊ တမန်​တော်​ပေါလု ဤသို့​ညွှန်ကြား​ခဲ့​၏– “အစိုး​ရသော​မင်း​အာဏာစက်​၏​အုပ်စိုးခြင်း​ကို လူတိုင်း​ဝန်ခံ​စေ။ အကြောင်း​မူ​ကား ဘုရားသခင်​၏​အခွင့်​မ​ရှိလျှင် မင်း​အာဏာစက်​မရှိ။ အာဏာစက်​ရှိသမျှသည် ဘုရားသခင်​ခန့်​ထား​တော်​မူ​ရာ​ဖြစ်​သတည်း။”—ရောမ ၁၃:၁; တိတု ၃:၁

နိုင်ငံ​အများစု​တွင် ကဲသာ သို့​မဟုတ် အစိုးရ​အာဏာပိုင်​များသည် အိမ်ထောင်ပြု​နိုင်​သည့်​အရွယ်ကို သတ်မှတ်​ပေး​ကြသည်။ ထို့​ကြောင့် သမ္မာကျမ်းစာ​အရ အိမ်ထောင်ပြု​ရန် လွတ်လွတ်လပ်လပ်​ရှိသူ ခရစ်ယာန်​နှစ်ဦး​သည် ဒေသခံ​ဥပဒေ​ကို တာဝန်​သိ​သိ​ဖြင့် လိုက်နာ​ကြသည်။ ယင်း​တွင် ခွင့်ပြု​ချက်​လိုင်စင်​ထုတ်ယူခြင်း၊ လိုင်စင်​ရ​ကိုယ်စားလှယ်​တစ်ဦး၏ အကူအညီယူ​ခြင်း၊ လက်ထပ်​မှတ်ပုံတင်​ခြင်း​တို့ ပါဝင်​ပေမည်။ ကဲသာ​သြ​ဂုတ္တု​သည် “မှတ်ပုံတင်” ရန် အမိန့်ထုတ်​ပြန်​သည့်​အခါ မာရိနှင့်​ယောသပ်တို့သည် ထို​အမိန့်​ကို နာခံ​ခဲ့​ကြ​ပြီး “မှတ်ပုံတင်​ခြင်း​ငှာ” ဗက်လင်​သို့ ခရီးထွက်​ခဲ့​ကြသည်။—လုကာ ၂:၁-၅က​ဘ။

၈။ ထိမ်းမြား​လက်ထပ်​ခြင်း​ကို မည်သို့​အတည်​ဖြစ်စေ​သနည်း။ ယေဟောဝါသက်သေ​များ​၏ အဘယ်​လုပ်ဆောင်မှု​က ယင်းကို​လိုက်နာ​ဆောင်ရွက်​ကြောင်း ဖော်ပြ​သနည်း။

တရားဝင်​ပြီး အသိအမှတ်ပြု​ထား​သည့်​နည်း​အတိုင်း ခရစ်ယာန်​နှစ်ဦး​လက်ထပ်​သည့်​အခါ ယင်း​သို့​ပေါင်းစည်းခြင်း​သည် ဘုရားသခင့်​အမြင်​တွင် အတည်​ဖြစ်သည်။ ထို့​ကြောင့် ယေဟောဝါသက်သေ​များသည် အကြိမ်ကြိမ်​တရားဝင်​အခမ်းအနား ထပ်မံ​ပြုလုပ်​ကြ​ခြင်း​မရှိ​ချေ။ ၂၅ ကြိမ်​မြောက် သို့​မဟုတ် နှစ် ၅၀ မြောက်​မင်္ဂလာ​နှစ်ပတ်လည်​ကဲ့သို့​သော နေ့​မျိုး​တွင် မင်္ဂလာ​ကတိကဝတ်​များ​ကို အသစ်တစ်ဖန်လည်း မပြု​လုပ်ကြပါ။ (မဿဲ ၅:၃၇) (အချို့​ချာ့ခ်ျ​များ​က ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး သို့​မဟုတ် ဓမ္မ​ဆရာ​တစ်ဦး​က ဘာသာရေး​ထုံးတမ်း​အရ လက်ထပ်​ပေးခြင်း​မ​ရှိလျှင်၊ ခင်ပွန်း​နှင့်​ဇနီး​အဖြစ် အတိအလင်း​ကြေညာ​ပေးခြင်း​မ​ရှိလျှင် ထိမ်းမြား​လက်ထပ်​ခြင်း​သည် တရား​မဝင်​ဟု အခိုင်အမာ​ဆို​ကာ တရားရုံး​တွင်​ထိမ်းမြားခြင်း​၏ တရားဝင်​ဖြစ်မှု​ကို အသိအမှတ်​မပြု​ကြ​ပါ။) နိုင်ငံ​အများ​တွင် အစိုးရ​က ယေဟောဝါသက်သေ ဓမ္မ​အမှုဆောင်​တစ်ဦး​ကို လက်ထပ်​လိုင်စင် ထုတ်ပေး​ထား​သည်။ ယင်း​သို့​ဖြစ်​လျှင် သူသည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် မင်္ဂလာဆောင်​ဟောပြောချက်​ပေး​ကာ လက်ထပ်​ပေး​ပေမည်။ ယင်း​ခန်းမ​သည် စစ်မှန်သော​ဝတ်ပြုရေး​၏ ဒေသခံ​ဝတ်ပြု​သည့်​နေရာ​ဖြစ်သော​ကြောင့် ယေဟောဝါ​ဘုရားသခင်​အစပြု​ခဲ့​သော လက်ထပ်​မင်္ဂလာ​အစီအစဉ် ဟောပြောချက်​ပေး​ရန် သင့်လျော်​သော​နေရာ​ဖြစ်သည်။

၉။ (က) တရားရုံး​တွင်​လက်မှတ်ထိုး လက်ထပ်​ကြ​သည့် ခရစ်ယာန်​မောင်နှံစုံ​သည် အဘယ်အရာ​ပြုလုပ်​ရန် ရွေးချယ်​ကြ​မည်​နည်း။ (ခ) မင်္ဂလာပွဲ​အစီအစဉ်​တွင် အကြီးအကဲ​များ မည်သို့​ပါဝင်​ပတ်သက်​နိုင်​စ​ရာ​ရှိ​သနည်း။

အခြား​နိုင်ငံ​များ​တွင် မောင်နှံစုံ​သည် မြို့တော်​ခန်းမ​ကဲ့သို့​သော အစိုးရရုံး​တွင်၊ တာဝန်​ရှိ​အစိုးရ​ကိုယ်စားလှယ်​တစ်ဦး​ရှေ့မှောက်​တွင် လက်ထပ်​ရန် တရား​ဥပဒေက တောင်းဆို​သည်။ ခရစ်ယာန်​များသည် ယင်း​ဥပဒေ​တောင်းဆိုချက်​ကို လုပ်ဆောင်​ပြီး​နောက် ထို​နေ့တွင်​ပင် သို့​မဟုတ် နောက်​တစ်နေ့​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ မင်္ဂလာဆောင်​ဟောပြောချက်​ပေး​ရန် ရွေးချယ်​ကြသည်။ (သူတို့သည် ဘုရားသခင်​နှင့် ခရစ်ယာန်​အသင်းတော်​အပါအဝင် လူ​တို့​ရှေ့တွင် တရားဝင်​လက်ထပ်​ကြ​ခြင်း​ဖြစ်သော​ကြောင့် တရားရုံး​တွင်​လက်မှတ်ထိုး​သည့်​နေ့​နှင့် ကျမ်းစာ​ဟောပြောချက်​ပေး​သည့်​နေ့ကို ရက်​ကြာကြာ ခြား​လို​ကြ​မည်​မဟုတ်ပါ။) တရားရုံး​တွင်​လက်မှတ်ထိုး​ပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ဟောပြောချက်​ပေး​လို​ကြသော မောင်နှံစုံ​သည် အသင်းတော်​လုပ်ငန်းတော်​ကော်မတီ အကြီးအကဲ​များ​၏ ခွင့်ပြု​ချက်​ကို ကြိုတင်​တောင်းခံ​သင့်​သည်။ ထို​မောင်နှံစုံ​သည် နာမည်​ကောင်း​ရှိကြောင်း သေချာ​ရမည့်​အပြင် မင်္ဂလာဆောင်​သည့်​အချိန်​သည် ခန်းမ​တွင်​ပုံမှန်​ကျင်းပ​သော အစည်းအဝေးများနှင့် အစီအစဉ်များ​ကို အနှောင့်အယှက်​မဖြစ်စေ​ရန် ထို​ကြီးကြပ်မှူး​များ အသေအချာ​ဂရုပြု​ရမည်။ (၁ ကောရိန္သု ၁၄:၃၃၊ ၄၀) အကြီးအကဲ​များသည် မောင်နှံစုံ​တောင်းဆို​နိုင်​သည့် ခန်းမ​ပြင်ဆင်မှု​များနှင့်​ပတ်သက်​၍​လည်း သုံးသပ်ကြ​မည်​ဖြစ်​ပြီး ယင်းကို​အသုံးပြုခြင်း​နှင့်​ပတ်သက်​၍ ကြေညာ​ရန်လို​မလို​ကို ဆုံးဖြတ်​ကြ​ပေမည်။

၁၀။ တရားရုံး​တွင် လက်ထပ်​ရသည်​ဆိုပါ​က မင်္ဂလာဆောင်​ဟောပြောချက်​အပေါ် မည်သည့်​အကျိုး​သက်ရောက်မှု ရှိ​မည်​နည်း။

၁၀ မင်္ဂလာဆောင်​ဟောပြောချက်​ပေး​သော အကြီးအကဲ​သည် လှိုက်လှဲ​နွေးထွေးမှု​ရှိပြီး ဝိညာဉ်​ရေး​တည်ဆောက်မှု​ဖြစ်စေ​သည့် ဂုဏ်​သိက္ခာ​ရှိသော ဟောပြောချက်​ဖြစ်​ရန် ကြိုးစား​ပေမည်။ မောင်နှံစုံ​သည် ဦးဆုံး တရားရုံး​တွင်​လက်မှတ်ထိုး​ပြီး​ဖြစ်​လျှင် သူတို့သည် အစိုးရ​ဥပဒေ​နှင့်​အညီ လက်ထပ်​ပြီး​ဖြစ်​ကြောင်း ဟောပြောချက်​ပေး​သူက ရှင်းလင်းစွာ​ဖော်ပြ​မည်​ဖြစ်သည်။ တရားရုံး​၌​လက်မှတ်ထိုး​ချိန်​တွင် အပြန်အလှန် မင်္ဂလာ​ကတိကဝတ်​မပြုရ​သေး​ပါ​က ဟောပြောချက်​ပေး​ချိန်​တွင် မောင်နှံစုံ​သည် ကတိကဝတ်​ပြု​လို​ကြ​ပေမည်။ * တရားရုံး​၌​လက်မှတ်ထိုး​ချိန်​တွင် ကတိကဝတ်​ပြု​ခဲ့​ပြီး​သည့်​တိုင် လက်ထပ်​ခါ​စ​မောင်နှံစုံ​သည် ယေဟောဝါ​နှင့် အသင်းတော်​ရှေ့တွင် ကတိကဝတ်​ပြု​လို​ပါ​က သူတို့သည် “ဖက်စပ်၍ ထမ်းပိုး​တင်” ပြီး​သူများ​ဖြစ်​ကြောင်း ဖော်ပြ​သည့်​အနေ​နှင့် ယင်းကို သဒ္ဒါ​နည်း​အရ အတိတ်​ကာလ​အသုံးအနှုန်း​ဖြင့် ဖော်ပြ​ကြ​မည်​ဖြစ်သည်။—မဿဲ ၁၉:၆; ၂၂:၂၁

၁၁။ အချို့​သော​ဒေသ​များ​တွင် မောင်နှံစုံ​သည် မည်သို့ ထိမ်းမြား​လက်ထပ်​ကြ​သနည်း။ မင်္ဂလာဆောင်​ဟောပြောချက်​အပေါ် မည်သို့​အကျိုး​သက်ရောက်​မည်​နည်း။

၁၁ အချို့​သော​ဒေသ​များ​တွင် အခမ်းအနား​တစ်ခုခု​ဖြင့်​ဖြစ်စေ၊ အစိုးရ​ကိုယ်စားလှယ်​တစ်ဦး​ဖြင့်​ပင်​ဖြစ်စေ ထိမ်းမြား​လက်ထပ်​ရန် ဥပဒေ​တောင်းဆိုချက်​မရှိ ဖြစ်​ပေမည်။ လက်မှတ်ထိုး​ထားသော လက်ထပ်​မှတ်ပုံတင်​စာရွက်​ပုံစံ​ကို အစိုးရ​အရာရှိ​ထံ တင်သွင်း​သောအခါ ထိမ်းမြားခြင်း​ဖြစ်မြောက်​သည်။ ယင်း​နောက် လက်ထပ်​စာချုပ်​တစ်ခု​ကို မှတ်ပုံတင်​ပေး​ပါ​သည်။ ဤနည်းဖြင့် မောင်နှံစုံ​ကို ခင်ပွန်း၊ ဇနီး​အဖြစ်​သတ်မှတ်ပြီး ထို​နေ့ရက်​သည် သူတို့​ထိမ်းမြား​လက်ထပ်​သည့်​နေ့​ဖြစ်သည်။ အထက်တွင် ဖော်ပြ​ခဲ့​ပြီး​ဖြစ်သည့်​အတိုင်း မောင်နှံစုံ​သည် လက်ထပ်​ပြီးလျှင်ပြီးချင်း ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ကျမ်းစာ​အခြေပြု​ဟောပြောချက် ပေး​စေ​လို​ပေမည်။ ဟောပြောချက်​ပေး​ရန် ရွေးချယ်ခံ​ရသည့် ဝိညာဉ်​ရေး​ရင့်ကျက်သော​ညီအစ်ကို​က ဤ​မောင်နှံ​သည် မှတ်ပုံတင်​ခဲ့​ပြီး​ဖြစ်သော​ကြောင့် လက်ထပ်​ပြီး​သူများ​ဖြစ်​ကြောင်း တက်ရောက်​လာ​သူအား​လုံး​အား ဟောပြောချက်​ပေး​သူက အသိပေး​လိမ့်​မည်။ အပိုဒ် ၁၀ နှင့် အောက်ခြေမှတ်ချက် ဖော်ပြချက်​နှင့်​အညီ ကတိကဝတ်​ပြု​လို​ကြ​ပေမည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် တက်ရောက်​လာ​ကြ​သူများ​သည် မောင်နှံစုံ​နှင့်အတူ ရွှင်လန်းကြ​မည်​ဖြစ်​ပြီး ဘုရားသခင့်​နှုတ်မြွက်တော် အကြံပေး​ချက်​မှ အကျိုး​ရရှိကြ​မည်။—ရှောလမုန်သီချင်း ၃:၁၁

ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​ခြင်း​နှင့် တရားရုံး​တွင်​လက်မှတ်ထိုး​ခြင်း

၁၂။ ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​ခြင်း​ဟူသည် အဘယ်နည်း။ ထိုသို့​လက်ထပ်​ပြီး​နောက် အဘယ်အရာ​ပြုလုပ်​ရန် အကြံပြု​ထား​သနည်း။

၁၂ အချို့​နိုင်ငံ​များ​တွင် မောင်နှံစုံ​တို့သည် ထုံးတမ်း​စဉ်​လာ (သို့​မဟုတ်၊ ရိုးရာ​ပုံစံ) အရ လက်ထပ်​ကြ​ပေမည်။ ဤ​သည်​မှာ ရပ်ကွက်​အချို့​တွင် အတော်အသင့်​လက်ခံ​ထား​သည့်​အရာ​ဖြစ်​နိုင်​သော်လည်း အပြည့်အဝ​တရား​မဝင်​သော နှစ်ဦး​သဘောတူ အတူတကွ​နေထိုင်ခြင်း၊ ပေါင်းသင်း​ခြင်း​တို့ကို ဆိုလိုခြင်း​မဟုတ်ပါ။ * လူမျိုး သို့​မဟုတ် ဒေသ​ထုံးစံ​အဖြစ် လူအများ​အသိအမှတ်ပြု​ထား​သည့် ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​ခြင်း​ကို ဆိုလိုခြင်း​ဖြစ်သည်။ ယင်း​တွင် ကွမ်း​ဖိုး​ပေးခြင်း၊ လက်ခံခြင်း​တို့ ပါ​ဝင်နိုင်​ပြီး ဤနည်းဖြင့် မောင်နှံစုံ​သည် တရား​ဥပဒေ​အရ​နှင့် သမ္မာကျမ်းစာ​အရ လက်ထပ်​ကြသည်။ အစိုးရ​က ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​ခြင်း​ကို ခိုင်လုံ​သည်၊ တရားဝင်​သည်၊ အတည်​ဖြစ်သည်ဟု ရှုမြင်​သည်။ ယင်း​နောက် ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​ခြင်း​ကို မှတ်တမ်းတင်၊ မှတ်ပုံတင်​နိုင်​ပြီး မောင်နှံစုံ​သည် အစိုးရ​စာချုပ်​တစ်ခု​ကို လက်ခံရ​ရှိ​ပေမည်။ ထိုသို့​မှတ်ပုံတင်​ထားခြင်း​က မောင်နှံစုံ​အတွက်၊ သို့​မဟုတ် မုဆိုးမ​ဖြစ်သွား​နိုင်​သည့် ဇနီးသည်​အတွက်​နှင့် ရရှိ​လာ​မည့်​သားသမီး​များ​အတွက် အကာအကွယ်​ဖြစ်စေ​နိုင်​သည်။ ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​သူတို့ကို လက်ထပ်​ပြီးလျှင်ပြီးချင်း မှတ်ပုံတင်​ပြုလုပ်​ရန် အသင်းတော်က တိုက်တွန်း​ပေမည်။ စိတ်ဝင်စားစရာ​မှာ မောရှေ​ပညတ်​အောက်တွင် အိမ်ထောင်ပြုခြင်း​နှင့် မွေးဖွားခြင်း​ကို တရားဝင်​မှတ်တမ်းတင်​ပုံ​ရသည်။—မဿဲ ၁:၁-၁၆

၁၃။ ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​ပြီး​နောက် မင်္ဂလာဆောင်​ဟောပြောချက်​ပေး​ရန် အဘယ်ကြောင့် သင့်လျော်​သနည်း။

၁၃ မောင်နှံစုံ​သည် ထုံးတမ်း​စဉ်​လာ​အရ တရားဝင်​လက်ထပ်ပါ​က သူတို့သည် ခင်ပွန်း​နှင့်​ဇနီး​အဖြစ် တရားဝင်​သည်။ အထက်တွင်​သိ​ရှိခဲ့​ပြီး​ဖြစ်သည်​အတိုင်း အထက်ပါ​နည်း​အတိုင်း တရားဝင်​လက်ထပ်သော ခရစ်ယာန်​များသည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် မင်္ဂလာဆောင်​ဟောပြောချက်၊ မင်္ဂလာ​ကတိကဝတ်​များ ပြု​လို​ကြ​ပေမည်။ အကယ်၍ ထိုသို့​လုပ်ဆောင်ပါ​က ထို​မောင်နှံစုံ​သည် အစိုးရ​ဥပဒေ​နှင့်​အညီ လက်ထပ်​ပြီး​ဖြစ်​ကြောင်း ဟောပြောချက်​ပေး​သူက အသိအမှတ်ပြု​ပေမည်။ ထိုသို့​သော​ဟောပြောချက်​မျိုး တစ်ခု​သာ​ရှိ​မည်။ ဤသို့​သော​အခြေအနေ​တွင် တရားဝင်​ခိုင်လုံ​သော​ထုံးတမ်း​စဉ်​လာ (ရိုးရာ) အရ​လက်ထပ်​သည့် လက်ထပ်​ခြင်း​တစ်ခု​နှင့် ကျမ်းစာ​ဟောပြောချက်​တစ်ခု​ရှိသည်။ ယင်း​နှစ်ခု​ကို ဖြစ်​နိုင်​မည်​ဆိုလျှင် အချိန်​သိပ်​မ​ခြား​ဘဲ၊ ပို​ကောင်း​သည်​မှာ တစ်ရက်​အတွင်း လုပ်ဆောင်ခြင်းဖြင့် ထို​အရပ်ဒေသ​တွင် ခရစ်ယာန်​ထိမ်းမြား​မင်္ဂလာပွဲ​ကို အသရေ​ရှိစေသည်။

၁၄။ ထုံးတမ်း​စဉ်​လာ​အရ​ရော၊ တရားရုံး​တွင်​လက်မှတ်ထိုး​ခြင်း​ဖြင့်​ပါ လက်ထပ်​နိုင်​မည်​ဆိုလျှင် ခရစ်ယာန်​တစ်ဦး​သည် အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။

၁၄ ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​ခြင်း​ကို တရားဝင်​သည်​ဟု သတ်မှတ်​သည့် အချို့​ဒေသ​များ​တွင် တရားရုံး​တွင် (သို့​မဟုတ်၊ ဥပဒေ​အရ) လက်မှတ်ထိုး​သည့် အစီအစဉ်များ​လည်း​ရှိသည်။ တရားရုံး​တွင်​လက်မှတ်ထိုး​ခြင်း​ကို များသောအားဖြင့် အစိုးရ​ကိုယ်စားလှယ်​တစ်ဦး​ရှေ့မှောက် လုပ်ဆောင်​ရပြီး ယင်း​တွင် မင်္ဂလာ​ကတိကဝတ်​ပြုခြင်း၊ မှတ်ပုံတင်​လက်မှတ်ထိုး​ခြင်း နှစ်ခုစလုံး​ပါဝင်​ပေမည်။ ခရစ်ယာန်​မောင်နှံစုံ​အချို့​က ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​ခြင်း​ထက် တရားရုံး​တွင်​လက်မှတ်ထိုး​ခြင်း​ကို ပို​၍​နှစ်သက်​ကြသည်။ နှစ်မျိုး​စ​လုံး​လုပ်ဆောင်​ရမည်​ဟူ​သည့် တရားဝင်​တောင်းဆိုချက်​မရှိသည့်​အပြင် အစီအစဉ်​နှစ်ခုစလုံး​သည် တရားဝင်​သည်။ တရားရုံး​တွင်​လက်မှတ်ထိုး​ရာ​တွင်​လည်း အပိုဒ် ၉ နှင့် ၁၀ တွင်​ဖော်ပြ​ထားသော မင်္ဂလာဆောင်​ဟောပြောချက်​နှင့် ကတိကဝတ်​ပြုခြင်း​တို့ သက်ဆိုင်​ပါ​သည်။ အဓိက​အချက်​မှာ မောင်နှံစုံ​သည် ဘုရားသခင်​နှင့် လူ့​အမြင်​တွင် အသရေရှိသော​နည်းဖြင့် ထိမ်းမြား​လက်ထပ်​ခြင်း​ဖြစ်သည်။—လုကာ ၂၀:၂၅; ၁ ပေတရု ၂:၁၃၊ ၁၄

အိမ်ထောင်မင်္ဂလာ​၏ ဂုဏ်​အသရေ​ကို ဆက်​ထိန်းသိမ်းပါ

၁၅၊ ၁၆။ အိမ်ထောင်တွင် ဂုဏ်တင်​ခြင်း မည်သို့​ပါဝင်​ပတ်သက်​သင့်​သနည်း။

၁၅ ပါးရှား​ဘုရင်​တစ်ပါး​၏ အိမ်ထောင်တွင် ပြဿနာ​တစ်ခုပေါ်​ပေါက်​လာသော​အခါ မ​မု​ကန်​အမည်​ရှိ အကြံပေး​အရာရှိ​က အကျိုးပြု​နိုင်သော ဤ​အကြံ​ကို ပေး​ခဲ့​သည်– ‘မိန်းမ​အပေါင်းတို့သည် ကိုယ်​ခင်ပွန်း​တို့ကို ရိုသေ​ကြ​စေ။’ (ဧသတာ ၁:၂၀) ခရစ်ယာန်​အိမ်ထောင်တွင် လူသား​ဘုရင်​တစ်ပါး​အားဖြင့် ထိုသို့​သော​အမိန့်​ကို ထုတ်ပြန်​ရန် မလို​အပ်​ပါ။ ဇနီးသည်​တို့သည် မိမိတို့၏​ခင်ပွန်း​ကို ဂုဏ်တင်​လို​ကြသည်။ ခရစ်ယာန်​ခင်ပွန်း​သည်​တို့သည်​လည်း ကိုယ်​ဇနီး​ကို ဂုဏ်တင်၊ ချီးမွမ်း​ကြသည်။ (သု. ၃၁:၁၁၊ ၃၀; ၁ ပေတရု ၃:၇) အိမ်ထောင်တွင် တစ်ဦး​ကိုတစ်​ဦး​ဂုဏ်တင်​ခြင်း​သည် အိမ်ထောင်​ပြုပြီး နှစ်ပေါင်း​များစွာ​ကြာ​မှ တင်ပြခြင်း မဖြစ်​သင့်​ပါ။ ယင်းကို အစ​ကတည်းက​ဖြစ်သော မင်္ဂလာဆောင်​သည့်​နေ့​မှ​စ၍ တင်ပြ​သင့်​သည်။

၁၆ ဂုဏ်တင်​ခြင်း​သည် မင်္ဂလာဆောင်​သော​နေ့တွင် အမျိုးသား​နှင့်​အမျိုးသမီး—ခင်ပွန်း​နှင့်​ဇနီး နှစ်ဦး​ကြား​တွင်​သာ ရှိ​သင့်​သည်မဟုတ်​ပါ။ ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​သည် မင်္ဂလာဆောင်​ဟောပြောချက်​ပေး​မည်​ဆိုလျှင် ယင်းကို ဂုဏ်​အသရေ​ရှိ​ရှိ ဟောပြော​သင့်​သည်။ ဟောပြောချက်သည် မောင်နှံစုံ​ကို ဦးတည်​ဟောပြော​သင့်​သည်။ သူတို့ကို​ဂုဏ်တင်​သည့်​အနေ​နှင့်​ဟောပြောချက်​ပေး​သူသည် ရ​ယ်​စ​ရာ​ဖြစ်အောင် သို့​မဟုတ် ရှေး​ဆိုရိုး​စကား​များ​ကို ပြောဆို​မည်​မဟုတ်ပါ။ မောင်နှံစုံ​နှင့် နားထောင်​နေသူတို့​ကို အနေရခက်​စေနိုင်​သည့် ကိုယ်ရေးကိုယ်တာ​ကိစ္စ​ကို အလွန်အမင်း​ဝေဖန်​ပြောဆိုခြင်း မဖြစ်​သင့်​ပါ။ ယင်းအစား သူသည် အိမ်ထောင်မင်္ဂလာ​ကို အစပြု​တော်​မူ​သော​အရှင်​နှင့် ကိုယ်တော်​၏​အလွန်​ကောင်းမွန်သော အကြံပြုချက်များ​ကို ပေါ်လွင်​စေခြင်း​ဖြင့် လှိုက်လှဲ​နွေးထွေး​ပြီး တည်ဆောက်မှု​ဖြစ်စေ​ရန် ကြိုးစား​ပေမည်။ မှန်ပါသည်၊ အကြီးအကဲ​၏ ဂုဏ်​သိက္ခာ​ရှိသော​ဟောပြောချက်​က ယေဟောဝါ​ဘုရားသခင်​ကို ဂုဏ်တင်​သည့် မင်္ဂလာပွဲ​ဖြစ်စေ​မည်။

၁၇။ ခရစ်ယာန်​မင်္ဂလာပွဲ​များ​တွင် တရား​ဥပဒေ​အခန်းကဏ္ဍ အဘယ်ကြောင့်​ပါဝင်​သနည်း။

၁၇ ဤ​ဆောင်းပါး​တွင် တရားဝင်​ထိမ်းမြားခြင်း​ဆိုင်ရာ အသေးစိတ်​အချက်အလက်​များစွာကို သင်​မှတ်သား​မိ​ပေမည်။ အချို့​အချက်များ​သည် သင့်​ဒေသနှင့် သက်ဆိုင်​ချင်​မှ​သက်ဆိုင်​ပေမည်။ သို့​တိုင် ယေဟောဝါသက်သေ​များ​၏ မင်္ဂလာပွဲ​အစီအစဉ်များ​သည် ဒေသန္တရ​ဥပဒေ​များ၊ အစိုးရ​၏​တောင်းဆိုချက်​များ​ကို လေးစားကြောင်း​တင်ပြ​ရန် အလွန်​အရေးကြီးကြောင်း ကျွန်ုပ်​တို့အားလုံး သတိပြု​သင့်​သည်။ (လုကာ ၂၀:၂၅) ပေါလု​က ကျွန်ုပ်​တို့ကို ဤသို့​တိုက်တွန်း​ခဲ့​၏– “လူ​အသီးအသီး​ခံထိုက်​သည်​အတိုင်း ပေး​ကြလော့။ အခွန်​ကို​ခံထိုက်သော​သူအား အခွန်​ကိုလည်း​ကောင်း၊ အကောက်​ကို​ခံထိုက်သော​သူအား အကောက်​ကိုလည်း​ကောင်း ပေး​ကြလော့။ . . . ရိုသေ​ထိုက်​သော​သူကို ရိုသေ​ကြလော့။” (ရောမ ၁၃:၇) မှန်ပါသည်၊ ခရစ်ယာန်​များသည် မင်္ဂလာဆောင်​သည့်​နေ့​မှ​စ၍ မျက်မှောက်ခေတ်​အချိန်​အတွက် ဘုရားသခင်​ချမှတ်​ထားသော အစီအစဉ်များ​ကို ဂုဏ်တင်​ကြ​ခြင်း​သည် သင့်လျော်​ပါ​သည်။

၁၈။ မင်္ဂလာပွဲ​တစ်ခု​တွင် စိတ်ကြိုက်​ရွေးချယ်ခွင့်​ရှိသည့် အဘယ်အရာကို​လည်း ဂရုစိုက်​သင့်​သနည်း။ ယင်း​အကြောင်း​နှင့်​ပတ်သက်​၍ အဘယ်​နေရာတွင် ရှာတွေ့နိုင်​သနည်း။

၁၈ ခရစ်ယာန်​မင်္ဂလာပွဲ​များစွာ​၌ လူမှုရေး​ပေါင်းသင်းမှု​ဖြစ်သည့် မင်္ဂလာ​ကျွေးမွေး​ဧည့်ခံပွဲ ပါဝင်​ကြသည်။ ယေရှုသည် ထိုသို့​သော​ကျွေးမွေး​ဧည့်ခံပွဲ​တစ်ခု​ကို တက်ရောက်​ရန် ရွေးချယ်​ခဲ့​ကြောင်း သတိရပါ။ ထိုသို့​သော​ဧည့်ခံပွဲ​ရှိ​မည်​ဆိုလျှင် ယင်း​ပွဲ​သည်လည်း ဘုရားသခင်​ကို​ဂုဏ်တင်​ရန်၊ ကြင်စဦး​မောင်နှံ​နှင့် ခရစ်ယာန်​အသင်းတော်​၏ ဂုဏ်​အသရေ​ကိုလည်း မညှိုးနွမ်း​စေရန် သမ္မာကျမ်းစာ​မှ​အကြံပြုချက်​သည် မည်သို့​အကူအညီ​ပေး​နိုင်​သနည်း။ ဤ​အကြောင်းအရာကို နောက်​ဆောင်းပါး​တွင် သုံးသပ်ပါ​မည်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ထိမ်းမြား​လက်ထပ်ပွဲ​မဟုတ်သော အခြား​စားသောက်ပွဲ​တစ်ခု​အတွက် ထိုစကား​လုံး​ကို​ပင် အသုံးပြု​ခဲ့​ပေမည်။—ဧသတာ ၉:၂၂စက်ပ်တွားဂျင့်​ကျမ်း။

^ အပိုဒ်၊ 5 ယေဟောဝါသက်သေ​များသည် “ဘုရားသခင့်​အမြင်​တွင် အသရေရှိသော အိမ်ထောင်မင်္ဂလာ” ခေါင်းစဉ်​ရှိသည့် မိနစ် ၃၀ ကြာ​ဟောပြောချက်ကို အသုံးပြု​ကြသည်။ ယေဟောဝါသက်သေ​များ​၏ မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်​စာအုပ်​နှင့် အခြား​စာပေ​များ​တွင်​တွေ့ရ​သော ကျမ်းစာ​မှ​ကောင်းမွန်​လှ​သော​အကြံပြုချက်ကို ယင်း​ဟောပြောချက်​တွင် ကောက်နုတ်​ဖော်ပြ​သည်။ ဆွေးနွေး​သည့်​အချက်​သည် မင်္ဂလာ​မောင်နှံ​နှင့် မင်္ဂလာပွဲ​သို့​တက်ရောက်​လာ​သူအား​လုံး​ကို အထောက်အကူ​ဖြစ်စေ​သည်။

^ အပိုဒ်၊ 10 ဒေသခံ​ဥပဒေ​တွင် တစ်စုံတစ်ရာ​တောင်းဆိုချက်​မရှိပါ​က ဘုရားသခင်​ကို​ဂုဏ်တင်သော အောက်ပါ​ကတိကဝတ်​ကို အသုံးပြု​ကြသည်။ သတို့သား​အတွက်– “ကျွန်တော် [သတို့သား​အမည်] သည် အသင် [သတို့သမီး​အမည်] ကို ထိမ်းမြား​ထားသော​ဇနီး​အဖြစ် လက်ထပ်​ယူပြီး ဘုရားသခင့်​အိမ်ထောင်ရေး​အစီအစဉ်​အရ မြေကြီးပေါ်​တွင် အတူတကွ​အသက်ရှင်နေ​မည့်​ကာလပတ်လုံး ခရစ်ယာန်​ခင်ပွန်း​များ​အတွက် သမ္မာကျမ်းစာ​တွင်​ချမှတ်​ထား​သည့် ဘုရားသခင့်​ပညတ်တော်​နှင့်​အညီ ချစ်ခင်​၍ မြတ်နိုး​သွား​မည်။” သတို့သမီး​အတွက်– “ကျွန်မ [သတို့သမီး​အမည်] သည် အသင် [သတို့သား​အမည်] ကို ထိမ်းမြား​ထားသော​ခင်ပွန်း​အဖြစ် လက်ထပ်​ယူပြီး ဘုရားသခင့်​အိမ်ထောင်ရေး​အစီအစဉ်​အရ မြေကြီးပေါ်​တွင် အတူတကွ​အသက်ရှင်နေ​မည့်​ကာလပတ်လုံး ခရစ်ယာန်​ဇနီး​များ​အတွက် သမ္မာကျမ်းစာ​တွင်​ချမှတ်​ထား​သည့် ဘုရားသခင့်​ပညတ်တော်​နှင့်​အညီ ချစ်ခင်​၍ မြတ်နိုး​ပြီး နက်ရှိုင်း​စွာ လေးစား​သွားပါ​မည်။”

^ အပိုဒ်၊ 12 မေ ၁၊ ၁၉၆၂ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈၇ [လိပ်] တွင် နှစ်ဦး​သဘောတူ ပေါင်းသင်း​နေထိုင်ခြင်း​နှင့်​ပတ်သက်​သည့် မှတ်ချက်များ ဖော်ပြ​ထား​သည်။

သင်​မှတ်မိ​သလော

• မင်္ဂလာဆောင်​ရာ​တွင် တရား​ဥပဒေ​နှင့် ဝိညာဉ်​ရေးရာ​ကိစ္စ​နှစ်ခုစလုံး​ကို အဘယ်ကြောင့်​စိတ်ဝင်စား​သင့်​သနည်း။

• ခရစ်ယာန်​နှစ်ဦး​သည် တရားရုံး​တွင် လက်မှတ်ထိုး​ပြီး​နောက် အဘယ်အရာ​ပြုလုပ်​ရန် ဆုံးဖြတ်​ကြ​မည်​နည်း။

• မင်္ဂလာဆောင်​ဟောပြောချက်​များ​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် အဘယ်ကြောင့်​ပေး​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ရှေး​ဣသရေလ​လူမျိုး၏ မင်္ဂလာပွဲ​တစ်ခု​တွင် သတို့သား​သည် သတို့သမီး​ကို မိမိ​အိမ် သို့​မဟုတ် မိမိ​ဖခင်​အိမ်​သို့ ခေါ်ဆောင်​သွား

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ထုံးတမ်း​စဉ်​လာ​အရ လက်ထပ်​ပြီး​နောက် ခရစ်ယာန်​များသည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ဟောပြောချက်​တစ်ခု​ပေး​ရန် ဆန္ဒရှိ​ပေမည်