မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အသိပညာကို ရယူခြင်း မည်သို့အားဖြင့်နည်း

ဘုရားသခင့်အသိပညာကို ရယူခြင်း မည်သို့အားဖြင့်နည်း

ဘုရားသခင့်​အသိပညာကို ရယူခြင်း မည်သို့​အားဖြင့်​နည်း

ဘုရားသခင်​သည် မိမိ​အကြောင်း လူသား​တို့ကို​ဖော်ပြ​ရန် အမှန်တကယ် စိတ်ဝင်စားမှု​ရှိပါ​မည်​လော​ဟု အချို့​သူတို့ သံသယဝင်​ပေမည်။ ကိုယ်တော် အမှန်တကယ် စိတ်ဝင်စားမှု​ရှိပါက မိမိ​အကြောင်း မည်သို့​ဖော်ပြ​တော်​မူ​သနည်း။

တစ်ဆယ့်​ခြောက်​ရာစု​မှ ပရိုတက်စတင့်​ပြုပြင်​ပြောင်းလဲရေး​သ​မား ဂျွန်​ကယ်​လ်ဗင်​က ဘုရားသခင်​သာ မိမိ​အကြောင်းကို ကိုယ်တော်တိုင်​မဖော်​ပြ​ခဲ့​ပါ​မူ လူ​တို့​အနေ​ဖြင့် ကိုယ်တော်​ကို သိနိုင်​စ​ရာ​အကြောင်း​မရှိ​ဟု မှန်ကန်​စွာ​ပြောဆို​နိုင်​ခဲ့​သည်။ သို့သော် အချို့​သူတို့မှာ​မူ ဘုရားသခင်​သည် လူသားတို့အား မိမိ​အကြောင်း ကိုယ်တော်တိုင်​ဖော်ပြ​သည်၊ မ​ဖော်ပြ​သည်​နှင့်​ပတ်သက်​၍ မသေ​မ​ချာ​ဖြစ်နေ​ကြ​ပေမည်။ ထိုသို့​ကိုယ်တော်တိုင် မိမိ​အကြောင်း​ဖော်ပြ​သည်​ဆိုလျှင် မည်သို့​ဖော်ပြ​တော်​မူ​သနည်း။

“ကြီးမြတ်​တော်​မူ​သော​ဖန်ဆင်း​ရှင်” ယေဟောဝါ​တွင် မိမိ​ဖန်ဆင်း​ထား​သမျှ​အားလုံး​အတွက် အကြောင်းရင်း​ရှိသည်။ ထို့​ပြင် ‘အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်’ အနေ​နှင့် ကိုယ်တော်​သည် မိမိ​ရည်ရွယ်ချက်များ​ကို လုံးဝ​အကောင်အထည် ဖော်နိုင်စွမ်း​ရှိသည်။ (ဒေ. ၁၂:၁က​ဘ; ထွက်မြောက်ရာ ၆:၃) ကိုယ်တော်​သည် လူသားတို့အား မိမိ​ရည်ရွယ်​တော်​မူ​ရာ​များ​ကို ဖော်ပြ​လို​ကြောင်း ကျွန်ုပ်​တို့​သေချာ​သိနိုင်​သည်။ အကြောင်း​မှာ ပရောဖက်​အာမုတ်ကို ဤသို့​ရေးသား​စေ​ခဲ့​သည်– ‘အကယ်စင်စစ် အရှင်​ထာဝရ​ဘုရားသခင်​သည် မိမိ​ကျွန်​ပရောဖက်​တို့အား​မဖော်​မပြ​ဘဲ အဘယ်​အမှုကို​မျှ​စီရင်​တော်​မ​မူ။’ သို့သော် ဘုရားသခင်​သည် မိမိ​ရည်ရွယ်ချက်များ​ကို ကိုယ်တော့်​အား​အမှန်တကယ်​ချစ်​မြတ်နိုးသော ကျေးကျွန်​များ​ကို​သာ ဖော်ပြ​တော်​မူ​သည်ကို မှတ်သားပါ။ ယင်းသည် သင့်လျော်​သည်မဟုတ်​လော။ သင်၏​အတွင်းရေး​ကိစ္စ​များ​ကို မည်​သူ့​ထံ​ဖော်ပြ​သနည်း။ လူတိုင်းကို​လော သို့​မဟုတ် သင့်​အရင်းနှီးဆုံး​သော အပေါင်းအသင်းများကို​လော။—အာမုတ် ၃:၇; ဟေရှာယ ၄၀:၁၃၊ ၂၅၊ ၂၆

ဘုရားသခင့်​ဉာဏ်ပညာ​နှင့် အသိပညာက နှိမ့်ချသော​သူတို့ကို အံ့သြ​မိန်းမော​စေ​၏။ ထိုသို့​ပင် ဖြစ်​သင့်​သည်မဟုတ်​လော။ သို့သော် ဘုရားသခင့်​ဉာဏ်ပညာ​နှင့် အသိပညာ​မှ ကိုယ်​ကိုယ်တိုင်​အကျိုး​ခံစား​လို​ပါ​က အံ့သြ​မိန်းမော​ရုံ​သက်​သက်​မျှ​မ​က လိုအပ်​သည်။ ဘုရားသခင့်​အတွေးအခေါ်​များ​ကို သင်ယူ​ရန် ကျွန်ုပ်​တို့​စိတ်​နှိမ့်ချမှု​ရှိဖို့ လိုအပ်ကြောင်း သမ္မာကျမ်းစာ​က ဤသို့​အလေးပေး​ဖော်ပြ​သည်– “စေတနာ​စိတ်​နှင့် ဉာဏ်​ကို​ရှာဖွေ​သည်​တိုင်အောင် ငါ့​စကား​ကို​နား​ခံ​၍ ငါ့​ပညတ်​တို့ကို ကိုယ်​အထဲ​၌ သွင်း​မိ​လျှင်​လည်းကောင်း၊ သိပ္ပံ​အတတ်ကို​ခေါ်​၍ ဉာဏ်​နောက်သို့​အသံကို​လွှင့်​လျှင်​လည်းကောင်း ငွေ​ကို​ရှာ​တတ်​သကဲ့သို့ ပညာ​ကို​ရှာ၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​စူးစမ်း​တတ်​သကဲ့သို့ ဉာဏ်​ကို​စူးစမ်း” လော့။—သု. ၂:၁-၄

ဤသို့​ကြိုးစား​အားထုတ်မှု​ပြုသော စိတ်​နှိမ့်ချ​သူ​တစ်ဦး​သည် ဘုရားသခင်​ကို အမှန်တကယ်​သိနိုင်​ပါ​လိမ့်​မည်။ နယပုံပြင်​ကျမ်း​ပါ စကား​များ​က ဤသို့​ဆက်ဆို​သည်– ‘ထာဝရ​ဘုရားသခင်​သည် ပညာ​ကို​ပေး​တော်​မူ​တတ်၏။ နားလည်​နိုင်သော​ဉာဏ်​သည် နှုတ်မြွက်တော်​အားဖြင့်​သာ​ဖြစ်တတ်​၏။” အမှန်တရားကို စိတ်ရင်းမှန်​ဖြင့်​ရှာဖွေသူ​တို့သည် အမှန်ပင် “ဖြောင့်မတ်​စွာ​ကျင့်​ခြင်း၊ တရား​သဖြင့်​စီရင်ခြင်း၊ လျစ်လျူ​စွာ​ဆုံးဖြတ်ခြင်း​မှ​စ၍ ကောင်းသော​လမ်း​ရှိသမျှ​တို့ကို သိ​နားလည်​လိမ့်​မည်။”—သု. ၂:၆-၉

အမှန်တရားကို ရှာဖွေခြင်း

ဘာသာ​တရား​ဆိုင်ရာ​စွယ်စုံ​ကျမ်း [လိပ်] က ဤသို့​ဖော်ပြ​သည်– “လူ့​ဘဝ​သည် အစွန်းရောက်​သည့်​သဘောထား​ရှိ​ခြင်း​နှင့် မရှိခြင်း၊ အမှား​နှင့်​အမှန်၊ တန်ခိုး​ရှိ​ခြင်း​နှင့် တန်ခိုး​မရှိခြင်း၊ စစ်မှန်​မှု​နှင့် လှည့်စားမှု၊ စင်ကြယ်​ခြင်း​နှင့် ညစ်ညမ်း​ခြင်း၊ ရှင်းလင်းမှု​နှင့် ရှုပ်ထွေးမှု​တို့ကို ခွဲခြား​သိမြင်​လို​သည့် ဝိ​သေ​သ​လက္ခဏာ​ရှိသည်။” ထိုသို့​ခွဲခြား​သိမြင်​ရန် လူတို့သည် အမှန်တရားကို ရှာဖွေ​လာ​ခဲ့​ကြသည်​မှာ ကြာ​ပေ​ပြီ။ “အမှန်တရား​၏​ဘုရားသခင်” ဟူ၍ ဆာလံဆရာ​ခေါ်ဆို​သည့် ယေဟောဝါ​ကို တွေ့ရှိ​ရန် သူတို့​ကြိုးစား​ရှာဖွေ​လေ​လေ၊ ကိုယ်တော်​ကို တွေ့​ရန် ပို​နီးစပ်​လေ​လေ​ဖြစ်သည်။—ဆာလံ ၃၁:၅က​ဘ။

မူရင်း​ဟေဗြဲ​ဘာသာ​စကား​တွင် ယေဟောဝါ​ဟူသော နာမတော်​သည် စာသား​အရ “ကိုယ်တော်​ဖြစ်လာ​စေ​သည်” ဟု​အဓိပ္ပာယ်​ရှိသည်။ (ကမ္ဘာဦး ၂:၄ က​ဘ၊ အောက်ခြေမှတ်ချက်) ထို့​ကြောင့် ဘုရားသခင့်​နာမတော်​၏​အဓိပ္ပာယ်​ကိုယ်နှိုက်​က ကိုယ်တော်​၏​ဖန်ဆင်း​ရှင်​အဖြစ်တော်​နှင့် ရည်ရွယ်ချက်​တို့ကို အာရုံစိုက်​စေ​သည်။ အမှန်​တွင်၊ ယေဟောဝါ​ဟူသော​နာမတော်​ကို သိရှိခြင်း​နှင့် ယင်းကို​အသုံးပြုခြင်း​သည် စစ်မှန်သော​ခရစ်ယာန်​ဘာသာ​၏ အမှတ်အသား​ဖြစ်သည်။ ဤ​အချက်​ကို ယေရှု​ကောင်းစွာ အသိအမှတ်ပြု​ခဲ့​သည်။ မိမိ​နောက်လိုက်​များ​ကို ရည်ညွှန်း​လျက် ဘုရားသခင်​ထံ ဤသို့​ဆုတောင်း​ခဲ့​သည်– “ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချစ်တော်မူ​သော​မေတ္တာသည် သူတို့၌​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌​ရှိစေ​ခြင်း​ငှာ​လည်းကောင်း ကိုယ်တော်​၏​နာမကို အကျွန်ုပ်သည် သူတို့အား​ပြညွှန်​ပါ​ပြီ​ဖြစ်၍ အစဉ်​ပြညွှန်​ပါ​ပြီ။”—ယောဟန် ၁၇:၂၆

ယောသပ်​အမည်​ရှိ ရှေး​ဟေဗြဲ​လူတစ်ဦး​သည် အိပ်မက်​အနက်​ကို မဖြစ်​မနေ​ဖော်ပြ​ရန် စေခိုင်း​ခံရသော​အခါ ဘုရားသခင်​နှင့်​မိမိ၏​ဆက်ဆံ​ရေး​ကို ယုံကြည်​ကိုးစား​လျက် ဤသို့ ယုံကြည်​စိတ်ချ​စွာ​ပြော​သည်– “အိပ်မက်​အနက်​များ​ကို ဘုရားသခင်​ဆိုင်​တော်​မူ​သည်မဟုတ်​လော။”—ကမ္ဘာဦး ၄၀:၈; ၄၁:၁၅၊ ၁၆

ရာစုနှစ်များစွာ​ကုန်လွန်​ပြီး​နောက် ဗာဗုလုန်​ဘုရင်​နေဗုခဒ်နေဇာ​သည် မိမိ​ပညာရှိ​များ အနက်​အဓိပ္ပာယ်​မဖော်​ပြ​နိုင်​သည့် အိပ်မက်​တစ်ခု​ကို မြင်မက်​ခဲ့​သည်။ ပရောဖက်​ဒံယေလ​က ရှင်ဘုရင်​အား ဤသို့​ပြော​ခဲ့​သည်– “နက်နဲ​သော​အရာ​တို့ကို​ဖွင့်ပြ​၍ နောင်​ကာလ​၌​ဖြစ်လတ္တံ့​သော​အရာ​တို့ကို နေဗုခဒ်နေဇာ​မင်းကြီး​အား ကြား​ပြော​တော်​မူ​သော​ဘုရားသခင်​တစ်ဆူ​သည် ကောင်းကင်ဘုံ​မှာ​ရှိ​တော်​မူ​၏။”—ဒံယေလ ၂:၂၈

ယောသပ်​နှင့် ဒံယေလ​တို့၏​ပုံ​နမူနာ​က ဘုရားသခင်​၏​ဉာဏ်ပညာ​နှင့် အသိပညာကို ယေဟောဝါ​ဘုရားသခင်​အမှုတော်ထမ်း​ဆောင်​သူတို့​သာ ရရှိနိုင်​ကြောင်း ဖော်ပြ​သည်။ မှန်ပါသည်၊ ဘုရားသခင့်​မျက်နှာသာ ကျွန်ုပ်​တို့​ရရှိရန် ယခင်​ကျွန်ုပ်​တို့​စွဲကိုင်​ခဲ့​သော ရှုမြင်ပုံ​များ​ကို စွန့်လွှတ်​ရန် လို​ပေမည်။ ခရစ်ယာန်​များ​ဖြစ်လာ​ကြသော ပထမ​ရာစု​မှ​ဂျူး​များသည် ထိုသို့​ပင်​ပြုလုပ်​ခဲ့​ကြသည်။ သူတို့သည် ဂျူး​အစီအစဉ်​စနစ်​အောက်တွင်​ရှိသော ပညတ်​ဥပဒေ​များ​ကို ရိုသေ​လေးစား​ပြီး ယင်း​အတိုင်း လိုက်လျှောက်​လာ​ခဲ့​ကြသော​ကြောင့် ယေရှုကို မေရှိယ​အဖြစ်​လက်ခံရန် လိုအပ်​လာ​ခဲ့​သည်။ ကိုယ်တော်​သည် “နောက်​ဖြစ်လတ္တံ့​သော​မင်္ဂလာ​အကျိုး​တို့၏ . . . အရိပ်​ကို​သာ​ပြ​သည့်” မောရှေ​ပညတ်​ကို ပြည့်စုံ​စေ​သူ​ဖြစ်သည်။ (ဟေဗြဲ ၁၀:၁; မဿဲ ၅:၁၇; လုကာ ၂၄:၄၄၊ ၄၅) ယင်းကို မောရှေ​ပညတ်​ထက် များစွာ​သာလွန်​သည့် “ခရစ်တော်​၏​တရား” က အစားထိုး​ခဲ့​သည်။—ဂလာတိ ၆:၂; ရောမ ၁၃:၁၀; ယာကုပ် ၂:၈

ကျွန်ုပ်​တို့အားလုံး​သည် ဘုရားသခင်​နှင့် စိမ်းကား​သည့်​လောကတွင် မွေးဖွား​လာ​ခဲ့​ကြသည်။ ပထမ​လူသား​မောင်နှံ​ထံ​မှ အပြစ်ကို အမွေ​ရရှိ​ထားသော​ကြောင့် ကျွန်ုပ်​တို့သည် ဘုရားသခင့်​ရည်ရွယ်ချက်များ​နှင့်​ပတ်သက်​သည့် တိကျ​မှန်ကန်သော​အသိပညာ​မရှိဘဲ ကိုယ်တော်​နှင့်​ရန်ငြိုး​ရှိသည့် အနေအထား​အောက်တွင် မွေးဖွား​လာ​ခဲ့​ကြသည်။ စဉ်းလဲ​သော​နှလုံးကို​လည်း အမွေ​ရရှိ​ထား​ကြသည်။ (ယေရမိ ၁၇:၉; ဧဖက် ၂:၁၂; ၄:၁၈; ကောလောသဲ ၁:၂၁) ဘုရားသခင်​နှင့်​ရင်းနှီးမှု​ရရှိနိုင်​ရန် ဘုရားသခင့်​စဉ်းစား​တွေးခေါ်ပုံ​ကို ကျွန်ုပ်​တို့​သင်ယူ​ရမည်​ဖြစ်သည်။ ထိုသို့​ပြုလုပ်​ရန်​မှာ မလွယ်ကူ​ချေ။

ကျွန်ုပ်​တို့သည် ငယ်​စဉ်​ကလေး​ဘဝက​တည်း​က မှားယွင်းသော​ဘာသာရေး​အယူအဆ​များ သို့​မဟုတ် ဓလေ့​ထုံးစံ​များ​၏ လွှမ်းမိုးမှု​ခံ​ခဲ့​ရသည်​ဆိုလျှင် ယင်း​တို့ကို စွန့်လွှတ်​ရန်​မှာ အလွန်​ခက်ခဲ​နိုင်​သည်။ သို့သော် မှားယွင်းသော​လမ်းစဉ်​အတိုင်း ဆက်လျှောက်​နေခြင်း​သည် ပညာရှိ​လမ်းစဉ်​ဖြစ်​မည်​လော။ ဝေးလေစွ! ထို​အခါ​မျိုး​တွင် လူတစ်ဦး​၏​စဉ်းစား​တွေးခေါ်ပုံ​ကို ပြောင်းလဲခြင်း​သည် အမှန်ပင်​ပညာရှိရာ​ကျ​ပြီး ဘုရားသခင့်​နှစ်သက်​လက်ခံမှုကို ရရှိစေ​မည်​ဖြစ်သည်။

လမ်းညွှန်မှု​အတွက် ဘုရားသခင်​အသုံးပြုသည့် လမ်းကြောင်းကို ခွဲခြား​သိမြင်ခြင်း

ကျွန်ုပ်​တို့သည် အမှန်တရားကို​နားလည်​ပြီး ယင်း​အတိုင်း​အသက်ရှင်​နေထိုင်​နိုင်​ရန် အဘယ်​နေရာတွင် အကူအညီ​ရှာတွေ့နိုင်​သနည်း။ ဘုရားသခင်​သည် ရှေး​ဣသရေလ​နိုင်ငံ​တွင် ယုံကြည်​စိတ်ချ​ရပြီး သစ္စာစောင့်သိ​သော တာဝန်​ရှိသူတို့​အားဖြင့် ဦးစီး​ရန် စီစဉ်​ပေး​ခဲ့​သည်။ ယနေ့ ခရစ်ယာန်​အသင်းတော်​၏​ဦးခေါင်း​ဖြစ်သော ခရစ်တော်​သည်လည်း စိတ်ရင်းမှန်​ဖြင့် အမှန်တရား​ရှာဖွေသူ​တို့ကို လမ်းညွှန်​တော်​မူ​သည်။ အမှန်တရားကို စိတ်​ထက်သန်​စွာ​ရှာဖွေသူ​တို့ကို လမ်းညွှန်​ကာကွယ်​မှု​ပေး​ရန် ယုံကြည်​စိတ်ချ​ရပြီး တည်ကြည်သော​နောက်လိုက်​တစ်စု​ကို လမ်းကြောင်း​တစ်ခု​အဖြစ် အသုံးပြု​တော်​မူ​ခဲ့​သည်။ (မဿဲ ၂၄:၄၅-၄၇; ကောလောသဲ ၁:၁၈) သို့သော် လူတစ်ဦး​သည် လမ်းညွှန်မှု​အတွက် ဘုရားသခင်​အသုံးပြုသည့် လမ်းကြောင်းကို မည်သို့​ခွဲခြား​သိမြင်​နိုင်​မည်​နည်း။

လူသား​တစ်ဦး​အဖြစ် ယေရှု​ခရစ်​တင်ပြ​ခဲ့​သည့် အရည်အသွေးများ​ကို စစ်မှန်သော​ကိုယ်တော့်​နောက်လိုက်​များ​က​လည်း တင်ပြ​ဖို့ ကြိုးစား​အားထုတ်​ကြသည်။ ထို​နောက်လိုက်​များသည် ဆိုးသွမ်းမှု​တိုးများ​လာ​နေသော​လောကတွင် အဆိုပါ​ဝိညာဉ်​ရေး​အရည်အသွေးများ​ကို ထူးခြား​စွာ​တင်ပြ​နိုင်သော​ကြောင့် သူတို့ကို ခွဲခြား​သိမြင်​ရန် လွယ်ကူ​စေ​သည်။ (စာမျက်နှာ ၆ ရှိ လေးထောင့်ကွက်​ကို​ရှု။) သင်​ပူးပေါင်း​လာ​ခဲ့​သည့် ဝတ်ပြုရေး သို့​မဟုတ် သင့်​အိမ်​နီး​နား​ရှိ ဝတ်ပြုရေး​အဖွဲ့​များ​က ထို​အရည်အသွေးများ​ကို တင်ပြ​နေပါသလော။ ဤ​ကိစ္စ​တွင် သမ္မာကျမ်းစာ​အကူအညီ​ဖြင့် ရှာဖွေ​လေ့လာမှု​ပြု​ပါ​က အကျိုးများစွာ​ဖြစ်ထွန်း​ပါ​လိမ့်​မည်။

ကျမ်းစာ​သင်အံမှု​အစီအစဉ်​ပြုလုပ်ခြင်း​ဖြင့် ထိုသို့​လုပ်ဆောင်ရန် ကျွန်ုပ်​တို့၏​စာဖတ်သူ​ဖြစ်သော​သင့်ကို ကျွန်ုပ်​တို့​ဖိတ်ခေါ်​သည်။ လွန်ခဲ့သော​နှစ်​၌ နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် ပျမ်းမျှ​အားဖြင့် ၆,၀၀၀,၀၀၀ ကျော်​သော​သူတို့သည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​သင်အံမှု​အစီအစဉ်​ပြုလုပ်​ရာ​မှ အကျိုး​ခံစား​ခဲ့​ကြသည်။ ဘုရားသခင့်​ဉာဏ်ပညာ​နှင့် အသိပညာ​ရရှိ​ခြင်း​သည် အမြဲ​စိတ်​ကျေနပ်မှု​ပေး​ပြီး အကျိုးရှိ​သည့်​လုပ်ငန်း​ဖြစ်သည်။ သင်လည်း ဤ​ဘုရားသခင့်​ဉာဏ်ပညာ​နှင့် အသိပညာ​ရရှိစေ​သည့်​လုပ်ငန်း​တွင် စတင်​ပါဝင်​ပါ​လေ။ ယင်းသည် အသင်​ဘယ်​သောအခါ​မျှ နောင်တ​ရမည်​မဟုတ်သော လုပ်ငန်း​တစ်ခု​ဖြစ်သည်။ ဘုရားသခင်​ကို ကျွန်ုပ်​တို့​အမှန်တကယ် သိကျွမ်း​နိုင်​သည်​မှာ သေချာ​သည်!

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ဘုရားသခင့်​အလိုတော်နှင့်​အညီ လုပ်ဆောင်​သော​သူတို့သည် . . .

နိုင်ငံရေး​အငြင်းပွားမှုများ​တွင် ကြားနေ​ကြသည်။—ဟေရှာယ ၂:၄

ဘုရားသခင့်​အလိုတော်​ဆောင်ခြင်း​ဖြင့် ကောင်းသော​အကျင့်​များ​ကို ကျင့်​ကြသည်။—မဿဲ ၇:၁၃-၂၃

သူတို့​အချင်းချင်း​စပ်ကြား စစ်မှန်သော​မေတ္တာကို တင်ပြ​ကြသည်။—ယောဟန် ၁၃:၃၅; ၁ ယောဟန် ၄:၂၀

နေရာတိုင်း​တွင် တညီတညွတ်​တည်း​ပြောဆို​ကြသည်။—မိက္ခာ ၂:၁၂

သူတို့​ဝန်းကျင်ရှိ လောက​၏​မှားယွင်းသော​စိတ်သဘောထား​များနှင့် အမူအကျင့်ကို အတု​မယူ​ကြ​ပါ။—ယောဟန် ၁၇:၁၆

အမှန်တရားကို သက်သေခံ​ပြီး တပည့်​များ​ဖြစ်စေ​ကြသည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀

အပြန်အလှန်​အားပေး​တည်ဆောက်​ရန်​အတွက် မှန်မှန်​အစည်းအဝေး​တက်ရောက်​ကြသည်။—ဟေဗြဲ ၁၀:၂၅

အပြည်ပြည်ဆိုင်ရာ​အဖွဲ့အစည်း​တစ်ခု​အဖြစ် ဘုရားသခင်​ကို ချီးမွမ်း​ကြသည်။—ဗျာ. ၇:၉၊ ၁၀

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်​အသိပညာကို လူတစ်ဦး​ချင်း​စီ၊ မိသားစု​လိုက် သို့​မဟုတ် အသင်းတော်​လိုက် ဆည်းပူး​ရယူ​နိုင်​သည်