ဂျူးတို့၏ဘာသာရေးထုံးတမ်းအရ ရေချိုးခြင်း နှစ်ခြင်း၏ရှေ့ပြေးပုံရိပ်လော
ဂျူးတို့၏ဘာသာရေးထုံးတမ်းအရ ရေချိုးခြင်း နှစ်ခြင်း၏ရှေ့ပြေးပုံရိပ်လော
နှစ်ခြင်းဆရာယောဟန်သည် ‘နောင်တနှင့်စပ်ဆိုင်သောနှစ်ခြင်းတရား’ ကို ဟောပြောခဲ့သည်။ ယေရှုလည်း မိမိနောက်လိုက်များအား လူတို့ကို တပည့်ဖြစ်စေပြီး နှစ်ခြင်းပေးကြရန် မိန့်တော်မူခဲ့သည်။—မာကု ၁:၄; မဿဲ ၂၈:၁၉။
ခရစ်ယာန်နှစ်ခြင်းသည် ရေတွင်စုံးစုံးနစ်မြုပ်ခြင်းဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ စာအုပ်တစ်အုပ် (Jesus and His World) တွင် ဤသို့ဆို၏– “အတိတ်တွင်ဖြစ်စေ၊ ယခုအခါတွင်ဖြစ်စေ ထိုသို့သောဘာသာရေးထုံးတမ်းစဉ်လာများကို နိုင်ငံအသီးသီးရှိ ဘာသာအမြောက်အမြားတွင် တွေ့နိုင်သည်။” “ခရစ်ယာန်နှစ်ခြင်း၏ဇာစ်မြစ်မှာ . . . ယုဒဘာသာတွင် တွေ့ရသည်” ဟူ၍ ထိုစာအုပ်က အခိုင်အမာဆိုထားသည်။ ထိုအဆိုကို ယုံကြည်လက်ခံရန် မည်မျှခြေမြစ်ခိုင်လုံမှုရှိသနည်း။
ဂျူးတို့၏ထုံးတမ်းစဉ်လာရေချိုးကန်များ
ယေရုရှလင်မြို့ ဝတ်ပြုရာအိမ်တော်ရှိရာတောင်အနီး တူးဖော်နေကြသော ရှေးဟောင်းသုတေသနပညာရှင်များသည် ဘီစီပထမရာစုနှင့် အေဒီပထမရာစုအချိန်က ဘာသာရေးထုံးတမ်းစဉ်လာအရ အသုံးပြုခဲ့သောရေချိုးကန် ၁၀၀ နီးပါးကို တွေ့ရှိခဲ့ကြသည်။ အေဒီဒုတိယ သို့မဟုတ် တတိယရာစုအချိန်မှဖြစ်သော တရားဇရပ်တစ်ခုရှိ ကမ္ပည်းစာတွင် ထိုကန်များမှာ “ယင်းတို့ကို အသုံးပြုလိုသောဧည့်သည်များ” အတွက် ဖြစ်သည်ဟု ဖော်ပြထားသည်။ အခြားရေချိုးကန်များကိုမူ ယေရုရှလင်မြို့တွင်း၌ တွေ့ရပြီး လူကုံထံများနှင့် ယဇ်ပုရောဟိတ်မိသားစုများ ပိုင်ဆိုင်သည့်ကန်များဖြစ်သည်။ အိမ်တိုင်းနီးပါးတွင် မိမိတို့ကိုယ်ပိုင်အသုံးပြုသော ထုံးတမ်းစဉ်လာရေချိုးကန်ရှိကြသည်။
ယင်းကန်များသည် ကျောက်ကိုထွင်းထားသော သို့မဟုတ် မြေကြီးတွင်တူးထားသော ထောင့်မှန်စတုဂံပုံကန်များဖြစ်ပြီး အတွင်းပတ်လည်ကို အုတ် သို့မဟုတ် ကျောက်ပြားဖြင့် ခံထားသည်။ ရေမစိမ့်စေရန် အင်္ဂတေကိုင်ထား၏။ အများစုမှာ အနံခြောက်ပေ၊ အလျားကိုးပေခန့်ရှိကြသည်။ ရေသွယ်ပြွန်များဖြင့် ကန်ထဲသို့ရေသွင်းသည်။ ဝပ်လိုက်ရုံနှင့် တစ်ကိုယ်လုံးစုံးစုံးမြုပ်နိုင်ရန် ရေအနက်မှာ အနည်းဆုံးလေးပေရှိသည်။ အချို့လှေကားများ၏ ရေထဲသို့ဆင်းသော လှေကားထစ်များအလယ်တွင် ခပ်နိမ့်နိမ့်အကန့်ဖြင့် ပိုင်းထားကြသည်။ ရေချိုးသူမသန့်ရှင်းသောအခါ တစ်ဖက်လှေကားထစ်များမှ ရေထဲသို့ဆင်းကာ ရေချိုးသန့်စင်ပြီးနောက် ညစ်ညမ်းမှုမဖြစ်စေရန် လှေကားထစ်၏အခြားတစ်ဖက်မှတက်သည်ဟု ယူဆကြသည်။
ရေချိုးကန်များကို ဂျူးတို့၏ ဘာသာရေးထုံးတမ်းအရပြုရသော စင်ကြယ်ခြင်းနှင့် ဆက်စပ်အသုံးပြုရသည်။ ယင်းတွင် အဘယ်အရာများ ပါဝင်ပတ်သက်သနည်း။
ပညတ်တရားနှင့် ရေချိုးခြင်းဆိုင်ရာ ထုံးတမ်းဓလေ့
မောရှေပညတ်က ဘုရားသခင့်လူမျိုးသည် ဝိညာဉ်ရေးနှင့် ကာယရေးနှစ်ခုစလုံးတွင် သန့်ရှင်းမှုရှိရန်လိုကြောင်း အလေးပေးဖော်ပြခဲ့သည်။ ဣသရေလလူတို့သည် ရေချိုးခြင်းနှင့် အဝတ်အစားဝတ်ပြုရာ ၁၁:၂၈; ၁၄:၁-၉; ၁၅:၁-၃၁; တရားဟောရာ ၂၃:၁၀၊ ၁၁။
များလျှော်ခြင်းအားဖြင့် မသန့်ရှင်းမှုပုံစံအမျိုးမျိုးမှ မိမိတို့ကိုယ်ကို သန့်ရှင်းစင်ကြယ်စေကြရန် တောင်းဆိုခံရသည်။—ယေဟောဝါသည် အကြွင်းမဲ့စင်ကြယ်သန့်ရှင်းသောဘုရားသခင်ဖြစ်၏။ ယဇ်ပုရောဟိတ်များနှင့် လေဝိသားများသည် အသက်ဘေးမှလွတ်ရန် ကိုယ်တော့်ယဇ်ပလ္လင်နားသို့မချဉ်းကပ်မီ မိမိတို့၏ခြေလက်တို့ကို ဆေးကြောရန် တောင်းဆိုခံရသည်။—ထွက်မြောက်ရာ ၃၀:၁၇-၂၁။
အေဒီပထမရာစုတွင် ဂျူးဘာသာရေးသမားများသည် ယဇ်ပုရောဟိတ်နှင့်ဆိုင်သော သန့်ရှင်းစင်ကြယ်မှုဆိုင်ရာ တောင်းဆိုချက်များကို လေဝိသားမဟုတ်သူတို့နှင့်ပါ သက်ဆိုင်စေခဲ့သည်ဟု ကျမ်းပညာရှင်များယုံကြည်ကြသည်။ ဂျူးဘာသာရေးဂိုဏ်းတစ်ဂိုဏ်းဖြစ်သော အက်ဆင်းများနှင့် ဖာရိရှဲတို့သည် ထုံးတမ်းစဉ်လာအရ မကြာခဏဆေးကြောလေ့ရှိကြသည်။ ယေရှုအချိန်နှင့်ပတ်သက်၍ စာအုပ်တစ်အုပ်၌ ဤသို့မှတ်တမ်းတင်ထားသည်– “ဂျူးတစ်ဦးသည် ဝတ်ပြုရာအိမ်တော်တောင်သို့မတက်မီ၊ ပူဇော်ရာယဇ်မဆက်သမီ၊ ယဇ်ပုရောဟိတ်တစ်ဦး ပူဇော်သောယဇ်မှ အကျိုးမခံစားမီနှင့် အလားတူအရာများမပြုလုပ်မီ ဘာသာရေးထုံးတမ်းအရ သန့်ရှင်းစင်ကြယ်မှုပြုရန် တောင်းဆိုခံရသည်။” တာလ်မွဒ်ကျမ်းစောင်များက ရေချိုးသူများသည် တစ်ကိုယ်လုံးစုံးစုံးမြုပ်ရန်လိုသည်ဟု ဖော်ပြသည်။
ယေရှုက ဖာရိရှဲတို့၏ ထုံးတမ်းစဉ်လာသန့်ရှင်းစင်ကြယ်ခြင်းလုပ်ရပ်အပေါ် အလွန်အမင်းစိတ်ပါခြင်းကို အပြစ်တင်ခဲ့သည်။ သူတို့သည် “ခွက်၊ ဖလား၊ ကြေးဝါပန်းကန်” များအပါအဝင် “အမျိုးမျိုးသော” အရာများကို “နှစ်” သည့်ဓလေ့ရှိခဲ့ကြောင်း ထင်ရှားသည်။ ယေရှုက ဖာရိရှဲတို့သည် ကိုယ်ပိုင်နည်းဥပဒေသများကိုကျင့်ခြင်းဖြင့် ဘုရားသခင့်ပညတ်များကို ကျော်လွန်သည်ဟု မိန့်တော်မူခဲ့သည်။ (ဟေဗြဲ ၉:၁၀; မာကု ၇:၁-၉; ဝတ်ပြုရာ ၁၁:၃၂၊ ၃၃; လုကာ ၁၁:၃၈-၄၂) မောရှေပညတ်၏မည်သည့်နေရာတွင်မျှ ခန္ဓာကိုယ်တစ်ခုလုံး စုံးစုံးမြုပ်ရမည်ဟူ၍ မတောင်းဆိုထားပါ။
ခရစ်ယာန်နှစ်ခြင်း၏မူလအစကို ဂျူးတို့၏ဘာသာရေးထုံးတမ်းအရ ရေချိုးခြင်းတွင် တွေ့ရသလော။ မတွေ့ရပါ!
ဘာသာရေးထုံးတမ်းအရ ရေချိုးခြင်းနှင့် ခရစ်ယာန်နှစ်ခြင်း
ဂျူးတို့သည် ဘာသာရေးထုံးတမ်းအရ မိမိတို့ကိုယ်ကို သန့်ရှင်းစင်ကြယ်စေရန် ပြုကြသည်။ သို့သော် ယောဟန်ပေးသည့်နှစ်ခြင်းမှာမူ ဂျူးတို့၏ဘာသာရေးထုံးတမ်းအရ ပြုလုပ်သောရေချိုးခြင်းမျိုးမဟုတ်ပါ။ ယောဟန်ကို နှစ်ခြင်းဆရာအဖြစ် လူသိများလာခြင်းက သူပေးသည့်နှစ်ခြင်းမှာ ဘာသာရေးထုံးတမ်းအရ သန့်ရှင်းစင်ကြယ်ခြင်းနှင့်မတူကြောင်း ဖော်ပြသည်။ ဂျူးဘာသာရေးခေါင်းဆောင်များပင် ကိုယ်စားလှယ်တစ်စုကို စေလွှတ်ကာ ဤသို့စုံစမ်းမေးမြန်းစေ၏– ‘သင်သည် အဘယ်ကြောင့်နှစ်ခြင်းပေးသနည်း’။—ယောဟန် ၁:၂၅။
မောရှေပညတ်တောင်းဆိုသည့် သန့်ရှင်းစင်ကြယ်မှုတွင် ဝတ်ပြုသူတစ်ဦး မသန့်ရှင်းသည့်အခါတိုင်း ပြန်၍သန့်ရှင်းအောင်ပြုလုပ်ရသည်။ ယောဟန်ပေးသည့်နှစ်ခြင်းနှင့် နောက်ပိုင်း ခရစ်ယာန်နှစ်ခြင်းတွင်မူ ထိုသို့မဟုတ်ပါ။ ယောဟန်ပေးသည့်နှစ်ခြင်းက နောင်တရကြောင်းနှင့် ယခင်ဘဝလမ်းစဉ်ကိုစွန့်လွှတ်ကြောင်း တင်ပြရာရောက်သည်။ ခရစ်ယာန်နှစ်ခြင်းမှာမူ လူတစ်ဦး ဘုရားသခင်ထံ မိမိကိုယ်ကိုအပ်နှံကြောင်း ဖော်ပြသည်။ အကြိမ်ကြိမ်မဟုတ်၊ တစ်ကြိမ်သာပြုရ၏။
ဂျူးယဇ်ပုရောဟိတ်များအိမ်နှင့် ဝတ်ပြုရာအိမ်တော်ရှိရာတောင်အနီးရှိ အများသုံးရေချိုးကန်တို့တွင်ပြုလုပ်သော ဘာသာရေးထုံးတမ်းအရ ရေချိုးခြင်းသည် အပေါ်ယံသဘောအရ ခရစ်ယာန်နှစ်ခြင်းနှင့် ဆင်တူချက်ရှိသည်ကလွဲ၍ မည်သို့မျှမသက်ဆိုင်ချေ။ ထိုနစ်မြုပ်ခြင်းနှစ်ခုစလုံး၏ ဆိုင်ရာအဓိပ္ပာယ်များမှာ လုံးဝကွဲပြားခြားနားသည်။ အဘိဓာန်တစ်ခု (The Anchor Bible Dictionary) က ဤသို့ဖော်ပြသည်– “ယောဟန် [နှစ်ခြင်းဆရာ] သည် သူ့ပတ်ဝန်းကျင် [ယုဒဘာသာ] မှ မည်သည့်နှစ်ခြင်းပုံစံကိုမျှ လွှဲယူခြင်းမဟုတ်ကြောင်း ပညာရှင်များ တညီတညွတ်တည်း သဘောတူကြသည်။” ခရစ်ယာန်အသင်းတော်တွင် ကျင့်သုံးကြသည့်နှစ်ခြင်းသည်လည်း ထိုသို့ပင်ဖြစ်သည်ဟု ပြောနိုင်သည်။
ခရစ်ယာန်နှစ်ခြင်းသည် “ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်၍ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်း” ကိုဆိုလိုသည်။ (၁ ပေတရု ၃:၂၁) ယင်းက လူတစ်ယောက်သည် ယေရှု၏တပည့်တစ်ဦးအဖြစ် ယေဟောဝါ၏အမှုတော်ထမ်းဆောင်ရန် ကိုယ်တော့်ထံ မိမိကိုယ်ကို လုံးလုံးအပ်နှံခြင်းကို ဆိုလိုသည်။ ရေထဲစုံးစုံးမြုပ်ခြင်းသည် ထိုသို့သောအပ်နှံခြင်း၏ သင့်လျော်သောအမှတ်သင်္ကေတဖြစ်သည်။ လူတစ်ယောက်ကို ရေထဲမြုပ်လိုက်ခြင်းက သူသည် ယခင်ဘဝလမ်းစဉ်ဟောင်းအတိုင်း အသက်မရှင်တော့ကြောင်းနှင့် ရေထဲမှထွက်လာခြင်းက ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ရန် အသက်ရှင်လာခြင်းကို ဆိုလိုသည်။
ထိုသို့အပ်နှံပြီး နှစ်ခြင်းခံသူတို့ကို ယေဟောဝါဘုရားသခင်သည် ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်ကို ပေးတော်မူသည်။ ထို့ကြောင့် မှုတ်သွင်းခံတမန်တော်ပေတရုက ယုံကြည်သူချင်းများကို ဤသို့ပြောနိုင်ခဲ့သည်– ‘ယခုတွင် နှစ်ခြင်းက သင်တို့အားကယ်တင်၏။’ ၎င်းသည် ဂျူးတို့၏ဘာသာရေးထုံးတမ်းအရ ရေချိုးခြင်းဖြင့် မရရှိနိုင်သောအရာပင်တည်း။