လူ့ဂုဏ်သိက္ခာ ထိပါးခံနေရ
လူ့ဂုဏ်သိက္ခာ ထိပါးခံနေရ
“ချွေးတပ်စခန်းမှာ နေ့စဉ်ကြုံရသမျှဟာအရှက်ခွဲခံနေရတာ၊ သိက္ခာချခံနေရတာချည်းပဲ။”—မဂ္ဂဒါလေးနာ ကူစရိုရွိုင်တာ၊ နာဇီချွေးတပ်စခန်းမှ လွတ်မြောက်လာသူ။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီချွေးတပ်စခန်းများ၏ ရက်စက်ယုတ်မာမှုများသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ယင်းတို့သည် လူ့ဂုဏ်သိက္ခာကို ထိပါးစော်ကားခြင်း၏ အစမဟုတ်သကဲ့သို့ အဆုံးလည်းမဟုတ်ချေ။ အတိတ်ကို ပြန်ပြောင်းကြည့်သည်ဖြစ်စေ၊ ပစ္စုပ္ပန်ကို ဆင်ခြင်ကြည့်သည်ဖြစ်စေ ‘အရှက်ခွဲခံရခြင်းနှင့် သိက္ခာချခံရခြင်း’ တို့သည် ကာလကြာမြင့်စွာကပင် တည်ရှိခဲ့ပြီဖြစ်ကြောင်း ထင်ရှားနေပါသည်။
သို့သော် လူ့ဂုဏ်သိက္ခာကို ထိပါးစော်ကားရာတွင် လူ့သမိုင်းကို အကျည်းတန်စေခဲ့သည့် ရက်စက်ယုတ်မာသော လုပ်ရပ်များသာ မကချေ။ ပို၍စဉ်းလဲပါးနပ်သည့် နည်းများလည်း ပါဝင်လေ့ရှိသည်။ ပုံပန်းသဏ္ဌာန်ကြောင့် သရော်လှောင်ပြောင်ခံရသည့် ကလေးတစ်ဦးအကြောင်း စဉ်းစားကြည့်ပါ။ သို့ မဟုတ် “ထူးခြား” သည့် ဓလေ့ထုံးတမ်းအချို့ကြောင့် ပြက်ရယ်ပြုခံရသည့် နိုင်ငံပြောင်းရွှေ့လာသူကော။ သို့မဟုတ် အသားအရောင်၊ လူမျိုးရေးကြောင့် ခွဲခြား ဆက်ဆံခံနေရသူကော။ ပြက်ရယ်ပြုသူတို့သည် အဆိုပါကိစ္စကို ရယ်စရာဟာသအဖြစ် ရှုမြင်ကြမည်ဖြစ်သော်လည်း အနှိမ်ခံလိုက်ရ၍ အရှက်တကွဲဖြစ်ကာ နာကြည်းသွားသူတို့အတွက်မူ ယင်းသည် ရယ်စရာမဟုတ်ချေ။—သု. ၂၆:၁၈၊ ၁၉။
လူ့ဂုဏ်သိက္ခာဟူသည် အဘယ်နည်း
အဘိဓာန်တစ်အုပ်တွင် ဂုဏ်သိက္ခာကို “တန်ဖိုးထားခံရသော၊ ဂုဏ်တင်ခံရသော၊ အထင်ကြီးလေးစားခံရသော အရည်အချင်း သို့မဟုတ် အခြေအနေ” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ သို့ဖြစ်၍ လူ့ဂုဏ်သိက္ခာဟုဆိုရာတွင် ကိုယ့်ကိုယ်ကိုရှုမြင်ပုံရော ကိုယ့်အပေါ် အခြားသူတို့၏ဆက်ဆံပုံပါ အကျုံးဝင်သည်။ ကိုယ်ကိုယ်တိုင်နှင့်ပတ်သက်သော ခံစားချက်များအပေါ် အကျိုးသက်ရောက်နိုင်သည့်အကြောင်းရင်း အမျိုးမျိုးရှိသော်လည်း ကျွန်ုပ်တို့အပေါ် အခြားသူတို့၏ရှုမြင်ပုံ သို့မဟုတ် ပြုမူဆက်ဆံပုံက ကိုယ့်ကိုယ်ကိုရှုမြင်ပုံနှင့် ကိုယ့်ကိုယ်ကိုတန်ဖိုးထားပုံတို့အပေါ် အကြီးအကျယ်သြဇာလွှမ်းမိုးထားသည်။
လူ့အဖွဲ့အစည်းတိုင်းတွင် ဆင်းရဲနွမ်းပါးသူ၊ ခိုကိုးရာမဲ့သူတို့ရှိစမြဲပင်။ သို့သော် ထိုသို့သောအခြေအနေမျိုးတွင် ရှိနေခြင်းကြောင့် ဂုဏ်သိက္ခာကျစရာအကြောင်းမရှိပါ။ အခြားသူတို့၏ အပြုအမူနှင့် တုံ့ပြန်ပုံတို့ကသာ လူတစ်ဦး၏ဂုဏ်သိက္ခာကို ထိပါးနိုင်သည်။ အထင်သေးခံရပြီး ဂုဏ်သိက္ခာ အကြီးအကျယ် ထိပါးစော်ကားခံနေရသူများမှာ အခြေမလှသူများဖြစ်လေ့ရှိခြင်းက ဝမ်းနည်းစရာပင်။ သက်ကြီးရွယ်အိုများ၊ ဆင်းရဲသားများ၊ စိတ်ပိုင်း သို့မဟုတ် ကာယပိုင်းချို့တဲ့နေသူများကို မတော်မတရားဆက်ဆံရာတွင် “အသုံးကိုမကျဘူး၊” “မတန်မရာ၊” “သိက္ခာကိုမရှိဘူး” ဟူသောစကားလုံးများကို မကြာခဏ ကြားရတတ်သည်မဟုတ်လော။
လူတို့သည် တစ်ဦးကိုတစ်ဦး အဘယ်ကြောင့် အရှက်ခွဲနေကြသနည်း။ လူတို့သည် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခံရပါဦးမည်လော။ ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာတွင်ပါရှိသော ကျေနပ်ဖွယ်အဖြေကို နောက်ဆောင်းပါးတွင် ဖော်ပြပေးပါမည်။