လူတိုင်းဂုဏ်သိက္ခာရှိရှိဆက်ဆံခံရနိုင်
လူတိုင်းဂုဏ်သိက္ခာရှိရှိဆက်ဆံခံရနိုင်
“လူတို့၏တည်မြဲသော ဂုဏ်သိက္ခာကို လေးစားသွားမည့် သာ၍ကောင်းသောကမ္ဘာသစ်တစ်ခုကို ကျွန်ုပ်တို့တည်ထောင်ရမည်။”—အမေရိကန်သမ္မတ ဟယ်ရီထရူးမဲန်း၊ ၁၉၄၅၊ ဧပြီ ၂၅၊ ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယား၊ အမေရိကန်ပြည်ထောင်စု။
ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်းနှစ်များတွင် လူတို့သည် အတိတ်မှသင်ခန်းစာယူမည်ဆိုလျှင် အားလုံးဂုဏ်သိက္ခာရှိမည့် “ကမ္ဘာသစ်တစ်ခု” ရနိုင်မည်ဟု အများသောသူတို့ကဲ့သို့ပင် သမ္မတထရူးမဲန်းယုံကြည်ခဲ့သည်။ ဝမ်းနည်းစရာမှာ သင်ခန်းစာမယူကြကြောင်း ခေတ်သစ်သမိုင်းဖြစ်ရပ်များက ဖော်ပြသည်။ လူတို့နှင့်မပတ်သက်ဘဲ လူတို့၏အကြီးမားဆုံးရန်သူနှင့် ပတ်သက်နေသော ပြဿနာရင်းမြစ်ကြောင့် “တည်မြဲသောလူ့ဂုဏ်သိက္ခာ” မှာ ဆက်၍ထိပါးခံနေရသည်။
ပြဿနာ၏အစ
သမ္မာကျမ်းစာက အဆိုပါရန်သူကို လူ့သမိုင်းအစတွင် ဘုရားသခင့်အုပ်ချုပ်ပိုင်ခွင့်ကို စောဒကတက်ခဲ့သည့် ဆိုးညစ်သောဝိညာဉ်သတ္တဝါ၊ စာတန်ဟု ဖော်ပြသည်။ ဧဒင်ဥယျာဉ်တွင် ဧဝကို စာတန်စကားပြောသည့် ရည်ရွယ်ချက်မှာ ဖန်ဆင်းရှင်အား ဝတ်မပြုရန် လူတို့ကို သွေးဆောင်ဖို့ဖြစ်သည်။ (ကမ္ဘာဦး ၃:၁-၅) အာဒံနှင့်ဧဝတို့သည် စာတန်ပြောသည့်စကားကို မငြင်းဆန်ဘဲ အလျှော့ပေးလိုက်လျောသောအခါ သူတို့ခံစားရသည့် ဆိုးကျိုးများကို စဉ်းစားကြည့်လိုက်ပါ။ တားမြစ်ထားသောအသီးကို မစားနှင့်ဟူသည့် ဘုရားသခင့်ပညတ်ကို သူတို့မလိုက်နာခဲ့၍ ရရှိလိုက်သော လက်ငင်းဆိုးကျိုးမှာ ၎င်းတို့နှစ်ဦးစလုံး ‘ထာဝရအရှင်ဘုရားသခင်ကို ပုန်းကွယ်လျက်နေကြ’ ခြင်းဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ပုန်းကွယ်ရသနည်း။ “အဝတ်အချည်းစည်းရှိသောကြောင့် ကြောက်၍ ပုန်းလျက်နေပါသည်” ဟုအာဒံက ဝန်ခံခဲ့သည်။ (ကမ္ဘာဦး ၃:၈-၁၀) ကောင်းကင်ခမည်းတော်နှင့်ရှိထားသည့် အာဒံ၏ဆက်ဆံရေးအပြင် သူ့ကိုယ်သူရှုမြင်ပုံလည်း ပြောင်းလဲသွားလေပြီ။ သူသည် ရှက်ရွံ့နေကာ ယေဟောဝါ၏ရှေ့မှောက်တော်တွင် သက်သောင့်သက်သာမရှိတော့ချေ။
ကိုယ့်သိက္ခာကို မလေးစားတော့သည့်အဖြစ်သို့ အာဒံကျရောက်သွားသည်ကို စာတန် အဘယ်ကြောင့်မြင်လိုသနည်း။ လူကို ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသည်ဖြစ်ရာ ဘုရားသခင်၏ဂုဏ်တော် ညှိုးနွမ်းစေသည့်နည်းဖြင့် လူတို့ပြုမူသည်ကို စာတန်မြင်လိုသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၇; ရောမ ၃:၂၃) ယင်းက လူ့သမိုင်းတွင် အသရေပျက်စေသည့်လုပ်ရပ်များ အဘယ်ကြောင့် စိမ့်ဝင်ပျံ့နှံ့လာသည်ကို နားလည်စေပါသည်။ လူတို့သည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးသောအချိန်” ကာလအတွင်း “ဤလောကကိုအစိုးရသော” မင်း စာတန်သည် ဤစိတ်ထားကို အားပေးအားမြှောက်ပြုခဲ့ပြီ။ (၂ ကောရိန္သု ၄:၄; ဒေ. ၈:၉; ၁ ယောဟန် ၅:၁၉) သို့ဖြစ်၍ လူ့ဂုဏ်သိက္ခာသည် ထာဝစဉ် ပျောက်ဆုံးသွားခဲ့ပြီဟု ဆိုလိုပါသလော။
ယေဟောဝါသည် ဖန်ဆင်းရာတို့ကို ဂုဏ်သိက္ခာရှိရှိဆက်ဆံတော်မူ
အာဒံနှင့်ဧဝတို့ အပြစ်မပြုမီက ဧဒင်ဥယျာဉ်ရှိအခြေအနေကို ပြန်စဉ်းစားကြည့်လိုက်ပါ။ သူတို့တွင် စားစရာအလျှံပယ်နှင့် ကျေနပ်ဖွယ်ကောင်းသည့်အလုပ်ရှိပြီး သူတို့ရော သူတို့၏သားစဉ်မြေးဆက်ပါ ကျန်းကျန်းမာမာဖြင့် ထာဝစဉ်အသက်ရှင်သွားရမည့် အလားအလာ ရရှိထားကြသည်။ (ကမ္ဘာဦး ၁:၂၈) သူတို့တည်ရှိနေခြင်းက ဘုရားသခင်သည် လူသားတို့ကိုမေတ္တာရှိပြီး ဂုဏ်သိက္ခာဖြင့် ဆက်ဆံတော်မူလိုကြောင်း ပေါ်လွင်စေပါသည်။
အာဒံနှင့်ဧဝတို့ အပြစ်ပြုပြီးသည့်နောက် လူ့ဂုဏ်သိက္ခာနှင့်ပတ်သက်သော ဘုရားသခင်၏အမြင်သည် ပြောင်းလဲသွားပါသလော။ ပြောင်းလဲမသွားချေ။ အဝတ်အချည်းစည်းဖြစ်နေသည်ကို သူတို့ရှက်နေကြရာ ယင်းကို ကိုယ်တော် ထောက်ထားတော်မူ၏။ သင်္ဘောသဖန်းရွက်များကို သီ၍ ဝတ်ထားသည့် သူတို့၏ခါးစည်းအစား ‘သားရေဝတ်လုံ’ ကို ကိုယ်တော် မေတ္တာရှိရှိ ပြုလုပ်ပေးတော်မူသည်။ (ကမ္ဘာဦး ၃:၇၊ ၂၁) ဘုရားသခင်သည် သူတို့ကို ရှက်ရွံ့အားငယ်နေစေမည့်အစား ဂုဏ်သိက္ခာရှိရှိ ဆက်ဆံတော်မူ၏။
နောက်ပိုင်းတွင် ဣသရေလလူမျိုးနှင့်ဆက်ဆံသည့်အခါ ယေဟောဝါသည် မတရားပြုခံရလေ့ရှိသည့် မိဘမဲ့၊ မုဆိုးမများနှင့် တစ်ပါးအမျိုးသားများကို သနားကြင်နာမှုပြတော်မူခဲ့သည်။ (ဆာလံ ၇၂:၁၃) ဥပမာ၊ ကောက်ပဲသီးနှံများ၊ သံလွင်သီးများ၊ စပျစ်သီးများကို ရိတ်သိမ်းသည့်အခါ အကျန်အကြွင်းများကို ပြန်၍မသိမ်းယူကြဖို့ ဣသရေလလူတို့ကို မိန့်မှာထားသည်။ အဆိုပါအကျန်အကြွင်းများကို “တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ထားရမည်” ဟု ဘုရားသခင်မိန့်တော်မူသည်။ (တရားဟောရာ ၂၄:၁၉-၂၁) အဆိုပါပညတ်များကို ကျင့်သုံးသည့်အခါ အဆင်းရဲဆုံးသူတို့ပင် တောင်းစားစရာမလိုတော့ဘဲ သိက္ခာရှိသည့်အလုပ်ရစေသည်။
အခြားသူတို့ကို ယေရှု ဂုဏ်သိက္ခာရှိရှိဆက်ဆံခဲ့
ဘုရားသခင့်သားတော် ယေရှုခရစ်သည် ကမ္ဘာမြေပေါ်ရှိစဉ်က အခြားသူတို့၏ဂုဏ်သိက္ခာကို လေးစားကြောင်း ပြသခဲ့သည်။ ဥပမာ၊ ဂါလိလဲနယ်တွင်ရှိစဉ် တစ်ကိုယ်လုံးနူနာစွဲသူတစ်ဦး ကိုယ်တော့်အနားသို့ ချဉ်းကပ်လာသည်။ မောရှေပညတ်အရ နူနာစွဲသူသည် အခြားသူတို့ ရောဂါမကူးစက်စေရန် “မစင်ကြယ်၊ မစင်ကြယ်” ဟုဟစ်ကြော်ရသည်။ (ဝတ်ပြုရာ ၁၃:၄၅) သို့သော် ဤအမျိုးသားမှာမူ ယေရှုအနားသို့ ချဉ်းကပ်စဉ် မဟစ်ကြော်ခဲ့ချေ။ သို့အစား ထိုသူသည် ပျပ်ဝပ်၍ “သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟုယေရှုအား တောင်းပန်လေ၏။ (လုကာ ၅:၁၂) ယေရှု မည်သို့တုံ့ပြန်တော်မူခဲ့သနည်း။ ပညတ်ကိုချိုးဖောက်သည့်အတွက် သူ့ကို ယေရှု အပြစ်တင်ခြင်းမပြု၊ လျစ်လျူရှုခြင်း၊ ရှောင်ထွက်သွားခြင်းလည်း မပြုခဲ့ချေ။ သို့အစား ကိုယ်တော်သည် ထိုနူနာစွဲသူကို တို့ထိ၍ “ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ” ဟုမိန့်ဆိုခြင်းဖြင့် ဂုဏ်သိက္ခာရှိရှိဆက်ဆံခဲ့သည်။—လုကာ ၅:၁၃၊ သမ္မာ။
အခြားအချိန်အခါများတွင် ယေရှုသည် ဝေဒနာသည်များကို ကိုယ်ထိလက်ရောက် တို့ထိခြင်းမရှိဘဲ အဝေးမှ ကုသပေးနိုင်စွမ်းရှိကြောင်း ပြသခဲ့၏။ သို့သော် ဤဖြစ်ရပ်တွင်မူ အဆိုပါနူနာစွဲသူကို ကိုယ်တော်တို့ထိခဲ့သည်။ (မဿဲ ၁၅:၂၁-၂၈; မာကု ၁၀:၅၁၊ ၅၂; လုကာ ၇:၁-၁၀) ထိုသူသည် “တစ်ကိုယ်လုံးနူနာစွဲသော” ကြောင့် အခြားသူတစ်ဦးနှင့် အသားချင်းထိတွေ့မှုမရှိသည်မှာ ကြာပြီဖြစ်သည်။ လူတစ်ဦး၏တို့ထိမှုကို ပြန်ခံစားလိုက်ရသည့်အတွက် အလွန်နှစ်သိမ့်မှုရလိုက်မည်ဖြစ်ခြင်း။ ထိုသူသည် ရောဂါကုသခံရဖို့သာ မျှော်လင့်ထားသော်လည်း သူ့အား ယေရှုကုသပေးပုံက သူ၏ဂုဏ်သိက္ခာကိုပါ ပြန်ရရှိစေခဲ့သည်။ အခြားသူတို့၏ဂုဏ်သိက္ခာကို ထိုသို့လေးစားခြင်းမျိုး မျက်မှောက်ခေတ် လူ့ဘောင်အဖွဲ့အစည်းတွင် ရှိနိုင်မည်ဟု မျှော်လင့်ခြင်းက လက်တွေ့ကျပါသလော။ လက်တွေ့ကျပါက ယင်းကို မည်သို့တင်ပြကြမည်နည်း။
ဂုဏ်သိက္ခာရှိစေသည့်စည်းမျဉ်း
လူလူချင်းဆက်ဆံရေးနှင့်စပ်လျဉ်းသော ယေရှု၏ အကျော်ကြားဆုံး လမ်းညွှန်ချက်တစ်ခုမှာ ဤသို့ဖြစ်သည်– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။” (မဿဲ ၇:၁၂) အမူအကျင့်ဆိုင်ရာ ဤစည်းမျဉ်းက ကိုယ်တိုင်လေးစားခံရမည်ဟုမျှော်လင့်လျက် သူတစ်ပါးကိုလေးစားရန် လှုံ့ဆော်ပေးသည်။
လူ့သမိုင်းကဖော်ပြသကဲ့သို့ ဤစည်းမျဉ်းကိုကျင့်သုံးခြင်းသည် အလိုအလျောက်မဖြစ်နိုင်ချေ။ အများအားဖြင့် ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်တတ်သည်။ ဟာရယ်လ်ဟု အမည်ပြောင်းထားသည့် လူတစ်ဦးက “တခြားသူတွေကို အရှက်ခွဲရတာ ကျွန်တော်တကယ်ပျော်တယ်။ စကားတစ်ခွန်းနှစ်ခွန်းနဲ့ တခြားသူတွေကို ပျာယာခတ်သွားအောင်၊ အနေရခက်အောင်၊ မျက်ရည်ကျအောင် ကျွန်တော်လုပ်နိုင်ခဲ့တယ်” ဟုပြောပြသည်။ သို့သော် အခြားသူတို့အပေါ် ဟာရယ်လ်၏ဆက်ဆံပုံကို ပြောင်းလဲပေးသည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့၏။ “ယေဟောဝါသက်သေအတော်များများ ကျွန်တော့်ဆီကို လာလည်ပတ်ကြတယ်။ သူတို့ကို ကျွန်တော်ပြောဆိုခဲ့၊ ဆက်ဆံခဲ့တာတွေကို ပြန်တွေးကြည့်ရင် ရှက်စရာကောင်းတယ်။ ဒါပေမဲ့ သူတို့ ဇွဲမလျှော့ကြဘူးဗျ။ ကျမ်းစာအမှန်တရားက တဖြည်းဖြည်း ကျွန်တော့်နှလုံးကိုလာထိပြီး ပြောင်းလဲဖို့ လှုံ့ဆော်ပေးခဲ့တယ်။” ယနေ့ ဟာရယ်လ်သည် ခရစ်ယာန်အသင်းတော်တွင် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေပါသည်။
“ဘုရားသခင်၏နှုတ် [မြွက်] တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်” ကြောင်း ဟာရယ်လ်၏အတွေ့အကြုံက သက်သေထူနေသည်။ (ဟေဗြဲ ၄:၁၂) ဘုရားသခင်၏နှုတ်မြွက်တရားတော်သည် လူတစ်ဦး၏နှလုံးကို ထိမိပြီး သူ၏အတွေးအခေါ်နှင့် အပြုအမူကို ပြောင်းလဲပေးနိုင်စွမ်းရှိသည်။ အခြားသူတို့ကို ထိခိုက်နစ်နာစေမည့်အစား ကူညီပေးလိုသော၊ အရှက်ခွဲမည့်အစား ဂုဏ်တင်ချီးမွမ်းလိုသော လှိုက်လှဲသည့်စိတ်ဆန္ဒက အခြားသူတို့ကို ဂုဏ်သိက္ခာရှိရှိဆက်ဆံရာတွင် အဓိကအချက်ဖြစ်သည်။—တမန်တော် ၂၀:၃၅; ရောမ ၁၂:၁၀။
ထိုက်သင့်သောဂုဏ်သိက္ခာ ပြန်ရလာမည်
ယေဟောဝါသက်သေများသည် ထိုစိတ်ဆန္ဒမျိုးရှိသောကြောင့် ကျမ်းစာပါထူးမြတ်သည့် မျှော်လင့်ချက်အကြောင်း အခြားသူတို့ကို ပြောပြနေသည်။ (တမန်တော် ၅:၄၂) လူလူချင်းကို ဂုဏ်သိက္ခာရှိရှိဆက်ဆံရန်၊ လေးစားကြောင်းပြရန် “သာ၍ကောင်းသောအရာ၏သတင်းကောင်း” ကိုပြောပြခြင်းထက် ပို၍မွန်မြတ်သောနည်း မရှိတော့ချေ။ (ဟေရှာယ ၅၂:၇၊ ကဘ) “သာ၍ကောင်းသောအရာ” တွင် အခြားသူတို့ကို အရှက်ခွဲရန်ဟူသော “ထိခိုက်နစ်နာစေလိုသည့်စိတ်ဆန္ဒ” ကိုသေစေမည့် ‘လူသစ်’ ကိုယူတင်ဝတ်ဆောင်ခြင်း ပါဝင်သည်။ (ကောလောသဲ ၃:၅-၁၀၊ ကဘ) လူသားတို့ကို ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အခြေအနေ၊ သဘောထားများနှင့်အတူ ၎င်းတို့ကို သွေးထိုးလှုံ့ဆော်ပေးသူ စာတန်အား မကြာမီဖယ်ရှားပစ်မည့် ယေဟောဝါ၏ရည်ရွယ်ချက်လည်း ပါဝင်သည်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀; ဗျာ. ၂၀:၁၊ ၂၊ ၁၀) ကမ္ဘာမြေကြီးသည် ‘ထာဝရဘုရားသခင်ကို သိကျွမ်းခြင်းပညာနှင့်ပြည့်စုံ’ သည့်အခါမှသာ လူသားအားလုံး ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခံရပေတော့မည်။—ဟေရှာယ ၁၁:၉။
ထူးမြတ်လှသည့် ဤမျှော်လင့်ချက်အကြောင်း သင်ယူလေ့လာရန် သင့်ကို ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ ကျမ်းစာမူများကိုကျင့်သုံးခြင်းက အခြားသူများကို ဂုဏ်သိက္ခာရှိရှိဆက်ဆံစေကြောင်း ယေဟောဝါသက်သေများနှင့်ပေါင်းသင်းခြင်းအားဖြင့် သင်သိမြင်လာပါလိမ့်မည်။ ထို့ပြင် မကြာမီ ဘုရားသခင့်နိုင်ငံတော်သည် ‘သာ၍ကောင်းသောကမ္ဘာသစ်’ ကိုဖြစ်ပေါ်စေတော့မည့်အကြောင်း၊ ထိုကမ္ဘာတွင် “လူတို့၏တည်မြဲသောဂုဏ်သိက္ခာ” အမှန်ရှိလာကာ ဘယ်တော့မျှ ထိပါးခံရတော့မည်မဟုတ်ကြောင်း သင်သိလာရပါလိမ့်မည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သမာဓိစောင့်ထိန်းခြင်းက သူတို့ကို ဂုဏ်သိက္ခာရှိစေခဲ့
ဒုတိယကမ္ဘာစစ်အတွင်းက ယေဟောဝါသက်သေ ၂,၀၀၀ ကျော်သည် ၎င်းတို့၏ယုံကြည်ချက်ကြောင့် နာဇီချွေးတပ်စခန်းများသို့ အပို့ခံကြရသည်။ ၎င်းတို့၏ထူးခြားသောသမာဓိကို သတိပြုမိသော ရာဗန်စ်ဘရုခ်အကျဉ်းသားဟောင်း ဂမ္မာလာဂွာဒီယာဂလက်ခ်က ကျွန်မ၏ဘဝအတ္ထုပ္ပတ္တိ ဟူသည့်စာအုပ်တွင် ဤသို့ပြောပြ၏– “မိမိ၏ယုံကြည်ချက်ကိုစွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးသော မည်သည့်ကျမ်းစာကျောင်းသားမဆို လွတ်မြောက်ခွင့်ရပြီး နှိပ်စက်ညှဉ်းပန်းခံရတော့မည်မဟုတ်ကြောင်း ဂတ်စတာပိုက ကြေညာခဲ့သည်။” လက်မှတ်မထိုးခဲ့ကြသူတို့နှင့်စပ်လျဉ်း၍ သူဤသို့ရေးသားဖော်ပြထား၏– “သူတို့သည် ဆက်၍နှိပ်စက်ညှဉ်းပန်းခံကာ ကမ္ဘာသစ်ရောက်လာမည့်အချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်မျှော်လိုကြသည်။” အဘယ်ကြောင့် ထိုသို့ရပ်တည်ခဲ့ကြသနည်း။ ယခု အသက် ၈၀ ကျော်ပြီဖြစ်သော ရှေ့ဆောင်းပါးပါ မဂ္ဂဒါလေးနာက ဤသို့ရှင်းပြသည်– “ယေဟောဝါအပေါ် သစ္စာရှိနေခြင်းက မည်သည့်နည်းနဲ့မဆို အသက်ရှင်နေရတာထက် ပိုပြီးအရေးကြီးတယ်။ ကျွန်မတို့ရဲ့ဂုဏ်သိက္ခာကို ဆက်ထိန်းထားခြင်းက ကျွန်မတို့ရဲ့သမာဓိကို စောင့်ထိန်းတာနဲ့အတူတူပဲ။” *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 23 ကူစရိုမိသားစုအကြောင်း ထပ်ဆင့်သိလိုပါက ကင်းမျှော်စင် ၁၉၈၅၊ စက်တင်ဘာ ၁ ရက် [လိပ်]၊ စာမျက်နှာ ၁၀-၁၅ ကိုရှု။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယေရှုသည် မိမိကုသပေးခဲ့သူတို့ကို ဂုဏ်သိက္ခာရှိရှိဆက်ဆံခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေတို့သည် “သာ၍ကောင်းသောအရာ၏သတင်းကောင်း” ကိုဝေမျှခြင်းဖြင့် သူတစ်ပါးအားဂုဏ်သိက္ခာရှိရှိဆက်ဆံကြ