ဘုရားသခင့်နိုင်ငံတော်ဟူသည် အဘယ်နည်း
ဘုရားသခင့်နိုင်ငံတော်ဟူသည် အဘယ်နည်း
လူ့သမိုင်းအစတွင် လူသားများကို ဂယက်ရိုက်ခဲ့သည့် ထိတ်လန့်ကြောက်ရွံ့ဖွယ် အဖြစ်အပျက်ပင်! ကောင်းကင်တမန်တစ်ပါးသည် မိမိအားဖန်ဆင်းသောပုဂ္ဂိုလ်၏ အခွင့်အာဏာကို ဆန့်ကျင်ပုန်ကန်ခဲ့သည်။ ထိုပုန်ကန်သူသည် တားမြစ်ထားသောအသီးစားရန် ကနဦးမိန်းမဧဝကို သွေးဆောင်ခဲ့သည်။ ထိုကောင်းကင်တမန်က ဧဝနှင့် ခင်ပွန်းဖြစ်သူအာဒံကို ဤသို့ဆို၏– “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁-၅) ပုန်ကန်သူကောင်းကင်တမန်သည် စာတန်ဟူ၍ အမည်တွင်လာခဲ့သည်။—ဗျာ. ၁၂:၉။
ဧဝသည် စာတန်၏စကားကို နားထောင်ခဲ့သလော။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ထိုအပင်သည် စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ နှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင် အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်းစား၏။” (ကမ္ဘာဦး ၃:၆) သို့နှင့် ကနဦးမောင်နှံ အာဒံနှင့်ဧဝလည်း စာတန်၏ပုန်ကန်မှုတွင် အမှန်ပင်ပူးပေါင်းပါဝင်ခဲ့သည်။ ရလဒ်အနေနှင့် သူတို့ကိုယ်တိုင်နှင့် သူတို့၏သားစဉ်မြေးဆက်များ ပရဒိသုတွင်နေထိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။ မွေးဖွားလာမည့်သားသမီးများသည် စုံလင်၍ ထာဝစဉ်အသက်ရှင်မည့်အစား အပြစ်နှင့်သေခြင်းကို အမွေခံရလေသည်။—ရောမ ၅:၁၂။
ယင်းကို စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင် မည်သို့တုံ့ပြန်သနည်း။ အပြစ်များကိုဖြေလွှတ်ရန် ပြင်ဆင်ပေးဖို့ ကိုယ်တော်ရည်ရွယ်ခဲ့သည်။ (ရောမ ၅:၈) ယေဟောဝါဘုရားသခင်သည် ယင်းပြဿနာကို ဖြေရှင်းရန် အုပ်ချုပ်မှုအစီအစဉ်တစ်ရပ် တည်ထောင်ခဲ့သည်။ ယင်းကို “ဘုရားသခင်၏နိုင်ငံတော်” ဟုခေါ်သည်။ (လုကာ ၂၁:၃၁) ဘုရားသခင့်စကြဝဠာပိုင်သအုပ်စိုးမှုကို ထောက်ပံ့ပေးရန် ဖွဲ့စည်းထားသည့် ယင်းနိုင်ငံတော်တွင် အထူးရည်ရွယ်ချက်ရှိသည်။
ဘုရားသခင့်နိုင်ငံတော်၏ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်း၏အသွင်အပြင်အချို့ကား အဘယ်အရာများဖြစ်ပြီး လူ့အုပ်စိုးမှုနှင့် မည်သို့နှိုင်းယှဉ်နိုင်သနည်း။ အဘယ်အချိန်တွင် ဘုရားသခင့်နိုင်ငံတော် စတင်အုပ်စိုးနေပြီနည်း။ ယင်းမေးခွန်းများကို နောက်ဆောင်းပါးတွင် သုံးသပ်ပါလိမ့်မည်။