‘အချိန်တန်၍ပြောသောစကားသည် အလွန်လျောက်ပတ်ပေ၏’
‘အချိန်တန်၍ပြောသောစကားသည် အလွန်လျောက်ပတ်ပေ၏’
ယေဟောဝါသက်သေများ၏ တစ်ရက်စည်းဝေးပွဲတစ်ခုတွင် ကင်မ်သည် နှစ်နှစ်ခွဲအရွယ်သမီးလေးကို ငြိမ်ငြိမ်ထိုင်စေရန် ထိန်းနေရင်း အတတ်နိုင်ဆုံး အာရုံစိုက်နားထောင်ကာ မှတ်စုယူခဲ့သည်။ အစီအစဉ်ပြီးသွားသည့်အခါ ကင်မ်နှင့်တစ်တန်းတည်းထိုင်နေသော ခရစ်ယာန်ညီအစ်မတစ်ဦးက ကင်မ်တို့ဇနီးမောင်နှံအနေနှင့် မိမိတို့၏သမီးလေးကို စည်းဝေးအစီအစဉ်အတွင်း ကောင်းကောင်းထိန်းထားနိုင်သည့်အတွက် ချီးမွမ်းစကားဆိုခဲ့သည်။ ထိုချီးမွမ်းစကားသည် နှစ်အတန်ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့ထက်ထိပင် ကင်မ်အတွက် အလွန်အရေးပါလေသည်။ သူဤသို့ဆို၏– “အစည်းအဝေးတွေမှာ အရမ်းပင်ပန်းတဲ့အခါ အဲဒီညီမရဲ့စကားကို ပြန်ကြားယောင်မိတယ်။ သူ့ရဲ့ကြင်နာတဲ့စကားက ကျွန်မသမီးကို ဆက်လေ့ကျင့်သွန်သင်ပေးဖို့ အားပေးမှုဖြစ်စေတုန်းပဲ။” အခန့်သင့်စကားများသည် လူတစ်ဦးကို အားပေးမှုဖြစ်စေနိုင်ပါသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– ‘အချိန်တန်၍ပြောသောစကားသည် အလွန်လျောက်ပတ်ပေ၏။’—သု. ၁၅:၂၃။
အချို့သူတို့သည် သူတစ်ပါးကိုချီးမွမ်းရန် ဝန်လေးနေပေမည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ချွတ်ယွင်းချက်များကို အာရုံစိုက်နေခြင်းက ယင်းသို့ပြုရန် ခက်ခဲစေနိုင်သည်။ ခရစ်ယာန်တစ်ဦး ဤသို့ဆိုသည်– “ကျွန်တော့်အတွက်တော့ ချီးမွမ်းစကားပြောရတာက ရွှံ့နွံထဲရောက်နေသလိုပဲ။ သူများကိုဆွဲတင်လေလေ ကိုယ်ကတော့ နစ်ဝင်လေလေလို့ ခံစားရတယ်။” ရှက်ကြောက်ခြင်း၊ ယုံကြည်စိတ်ချမှုမရှိခြင်းနှင့် အခြားသူများ နားလည်မှုလွဲမည်ကို စိုးရိမ်ခြင်းစသည်တို့ကြောင့်လည်း သူတစ်ပါးကိုချီးမွမ်းရန် ဝန်လေးနိုင်သည်။ ထို့ပြင် မိမိကိုယ်တိုင်က ချီးမွမ်းမခံရဘဲ ကြီးပြင်းလာမည်ဆိုလျှင် သူတစ်ပါးကိုချီးမွမ်းရန် အခက်တွေ့နိုင်သည်။
မည်သို့ဆိုစေ၊ ချီးမွမ်းခြင်းကြောင့် နှစ်ဦးနှစ်ဖက်အကျိုးခံစားရကြောင်း သိထားခြင်းက အခန့်သင့်အချိန်တွင် သူတစ်ပါးကို အတတ်နိုင်ဆုံး ချီးမွမ်းစကားဆိုရန် လှုံ့ဆော်ပေးပါမည်။ (သု. ၃:၂၇) ထိုသို့ပြုခြင်းဖြင့် အဘယ်အကျိုးကျေးဇူးခံစားရမည်နည်း။ အကျိုးကျေးဇူးတချို့ကို အကျဉ်းချုပ်သုံးသပ်ကြည့်ကြစို့။
အကျိုးကျေးဇူးများ
လျောက်ပတ်သော ချီးမွမ်းစကားသည် ချီးမွမ်းခံရသူအား ယုံကြည်စိတ်ချမှုရှိစေသည်။ ခရစ်ယာန်ဇနီးသည် အီလင်းက ဤသို့ဆိုသည်– “လူတွေ ကျွန်မကိုချီးမွမ်းကြတဲ့အခါ ငါ့ကို သူတို့ယုံကြည်စိတ်ချကြပါလားလို့ ခံစားရတယ်။” မိမိကိုယ်ကို ယုံကြည်စိတ်ချမှုမရှိသူကို ချီးမွမ်းစကားဆိုခြင်းက ထိုသူအား အခက်အခဲများကိုရင်ဆိုင်နိုင်ရန် ရဲစွမ်းသတ္တိရှိစေကာ ပျော်ရွှင်မှုခံစားရစေသည်။ အထူးသဖြင့် ချီးမွမ်းထိုက်သောလူငယ်များသည် ချီးမွမ်းစကားမှ အကျိုးခံစားကြရသည်။ မိမိ၏အပျက်သဘောထားကြောင့် စိတ်ဓာတ်ကျနေသူ ဆယ်ကျော်သက်တစ်ဦး ဤသို့ဝန်ခံသည်– “ဘုရားသခင့်မျက်နှာသာရအောင် ကျွန်မ အတတ်နိုင်ဆုံးကြိုးစားတယ်။ ဒါပေမဲ့ တစ်ခါတလေ ဘာပဲလုပ်လုပ် မထူးပါဘူးလို့ ခံစားရတယ်။ တစ်ယောက်ယောက်ဆီက ချီးမွမ်းစကားကြားရတဲ့အခါ ကျွန်မပျော်တယ်။” ကျမ်းစာပါ ဤပညာရှိစကားက အလွန်မှန်ပေသည်– “လျောက်ပတ်သောစကားသည် ငွေအပြောက်မှာစီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏။”—သု. ၂၅:၁၁။
ချီးမွမ်းစကားသည် လူတစ်ဦးကို အားပေးလှုံ့ဆော်မှုဖြစ်စေနိုင်သည်။ “ချီးမွမ်းစကားကြားရတာက ပိုပြီးကြိုးစားလုပ်ဆောင်စေတယ်၊ ကျွန်တော့်ရဲ့ခရစ်ယာန်ဓမ္မအမှုအရည်အသွေးကိုလည်း တိုးတက်စေတယ်” ဟုအချိန်ပြည့်အမှုဆောင်တစ်ဦးက ပြောသည်။ ကလေးနှစ်ဦးမိခင်က မိမိ၏ကလေးများသည် အစည်းအဝေးတွင် အဖြေပေးသည့်အတွက် အခြားသူများထံမှ ချီးမွမ်းစကားကြားရသောအခါ သူတို့ ပို၍အဖြေပေးလိုကြကြောင်း သတိပြုမိခဲ့သည်။ ချီးမွမ်းစကားသည် လူငယ်များအား ခရစ်ယာန်အသက်တာတွင် တိုးတက်မှုရှိစေသည်။ အမှန်မှာ ကျွန်ုပ်တို့အားလုံးသည် တန်ဖိုးထားလေးစားခံရကြောင်း ယုံကြည်စိတ်ချဖို့လိုသည်။ စိတ်ဖိစီးမှုပြည့်နေသည့် ဤလောကတွင် ကျွန်ုပ်တို့ စိတ်ပျက်အားလျော့မိနိုင်သည်။ ခရစ်ယာန်အကြီးအကဲတစ်ဦးက “တစ်ခါတလေ စိတ်ဓာတ်ကျတဲ့အခါ ချီးမွမ်းစကားကြားရတာက ကျွန်တော့်ရဲ့ဆုတောင်းချက် ဖြေကြားခံရသလိုပဲ” ဟုဆိုသည်။ အလားတူ အီလင်းကလည်း “တစ်ခါတလေ ဘုရားသခင်ဟာ ကျွန်မကိုချစ်ခင်နှစ်သက်ကြောင်း အခြားသူတွေကတစ်ဆင့် ဖော်ပြနေတယ်လို့ ခံစားမိတယ်” ဟုဆိုသည်။
ချီးမွမ်းခံရခြင်းသည် ရင်းနှီးဖော်ရွေမှုကို ဖြစ်ပေါ်စေနိုင်သည်။ စိတ်ရင်းမှန်ဖြင့်ချီးမွမ်းခြင်းက ထောက်ထားစာနာကြောင်းပြရာရောက်ပြီး ဖော်ရွေမှု၊ လုံခြုံမှုနှင့် လေးစားမှုတို့လွှမ်းခြုံသောဝန်းကျင်ကို ဖြစ်ပေါ်စေ၏။ ယင်းက ကျွန်ုပ်တို့၏ခရစ်ယာန်ရောင်းရင်းများကို အမှန်တကယ်ချစ်ကြောင်း၊ တန်ဖိုးထားကြောင်း တင်ပြရာရောက်သည်။ မိခင်ဖြစ်သူဂျိုစီက ဤသို့ဆိုသည်– “အရင်တုန်းက ဘာသာမတူတဲ့မိသားစုမှာ အမှန်တရားဘက် မားမားမတ်မတ်ရပ်တည်ခဲ့ရတယ်။ အဲဒီတုန်းက ဝိညာဉ်ရေးရင့်ကျက်သူတွေရဲ့ ချီးမွမ်းစကားတွေကြောင့် လက်မလျှော့ဖို့ ကျွန်မ စိတ်ဒုန်းဒုန်းချလိုက်တယ်။” ကျွန်ုပ်တို့သည် အမှန်ပင် “အချင်းချင်းအင်္ဂါချင်းဖြစ်ကြ၏။”—ဧဖက် ၄:၂၅။
ချီးမွမ်းစကားပြောလိုခြင်းက သူတစ်ပါး၏ကောင်းကွက်ကို တွေ့ မြင်စေသည်။ ကျွန်ုပ်တို့သည် သူတစ်ပါး၏အားနည်းချက်ကို မဟုတ်ဘဲ အရည်အသွေးကောင်းကို ရှာဖွေကြသည်။ “အခြားသူတွေရဲ့လုပ်ဆောင်မှုကို တန်ဖိုးထားမယ်ဆိုရင် သူတို့ကိုချီးမွမ်းဖို့ ကူညီပေးမှာဖြစ်တယ်” ဟုခရစ်ယာန်အကြီးအကဲဖြစ်သူ ဒေးဗစ်က ဆိုသည်။ ယေဟောဝါနှင့် ကိုယ်တော်၏သားတော်ပင် မစုံလင်သူလူသားများအား အလွန်ချီးမွမ်းခဲ့သည်ကို သတိရနေခြင်းက ကျွန်ုပ်တို့လည်း သူတစ်ပါးကိုချီးမွမ်းရန် စေ့ဆော်ပေးသည်။—မဿဲ ၂၅:၂၁-၂၃; ၁ ကောရိန္သု ၄:၅။
ချီးမွမ်းခံထိုက်သူများ
ယေဟောဝါဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သောကြောင့် ချီးမွမ်းခံထိုက်သူများတွင် ဦးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသည်။ (ဗျာ. ၄:၁၁) ကိုယ်တော်သည် မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိရန် သို့မဟုတ် အားပေးလှုံ့ဆော်မှုဖြစ်စေရန် ကျွန်ုပ်တို့ထံမှ ချီးမွမ်းစကားများ မလိုအပ်ချေ။ သို့သော် ယေဟောဝါ၏စိုးရွံ့ဖွယ်ကောင်းခြင်းနှင့် ချစ်ခင်ကြင်နာခြင်းတို့ကို ကျွန်ုပ်တို့ချီးမွမ်းကြသည့်အခါ ကိုယ်တော်သည် ကျွန်ုပ်တို့ထံ ချဉ်းကပ်လာပြီး ကိုယ်တော်နှင့်ကောင်းသောဆက်ဆံရေး ရရှိစေသည်။ ထို့ပြင် ဘုရားသခင်အား ချီးမွမ်းခြင်းက ကျွန်ုပ်တို့၏အောင်မြင်ပြီးမြောက်မှုများအပေါ် တော်ရုံသင့်ရုံရှုမြင်စေပြီး ယေဟောဝါကြောင့်သာ ထိုသို့အောင်မြင်နေရခြင်းဖြစ်သည်ဟု ခံစားစေသည်။ (ယေရမိ ၉:၂၃၊ ၂၄) ယေဟောဝါအား ချီးမွမ်းရန် လှုံ့ဆော်ပေးသည့် နောက်အကြောင်းရင်းတစ်ခုမှာ ကိုယ်တော်သည် ထိုက်တန်သူအားလုံးကို ထာဝရအသက်ရမည့်အလားအလာ ကမ်းလှမ်းထားခြင်းဖြစ်ပေသည်။ (ဗျာ. ၂၁:၃၊ ၄) ရှေးခေတ်မှဘုရင်ဒါဝိဒ်သည် “ဘုရားသခင်၏နာမတော်ကို ထောမနာသီချင်းဆို” လိုစိတ်နှင့် “ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်း” လိုစိတ်ပြင်းပြခဲ့သည်။ (ဆာလံ ၆၉:၃၀) ကျွန်ုပ်တို့၏သဘောထားလည်း အလားတူဖြစ်ပါစေ။
ခရစ်ယာန်ရောင်းရင်းများလည်း သင့်တော်သလို ချီးမွမ်းခံထိုက်ပါသည်။ ကျွန်ုပ်တို့ချီးမွမ်းပေးသည့်အခါ “အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြ” ပါဟူသည့် ဘုရားသခင်၏မိန့်မှာချက်ကို လိုက်နာနေကြခြင်းဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄) ဤကိစ္စတွင် စံပြုထိုက်သူမှာ တမန်တော်ပေါလုဖြစ်သည်။ ရောမအသင်းတော်ထံ သူဤသို့ရေးခဲ့၏– “သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတစ်ပြင်လုံး၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ သင်တို့အကြောင်းကြောင့် ယေရှုခရစ်အားဖြင့် ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေးဦးစွာငါချီးမွမ်း၏။” (ရောမ ၁:၈) အလားတူ တမန်တော်ယောဟန်သည် ခရစ်ယာန်ချင်းဖြစ်သူ ဂါယု၏ “သမ္မာတရား၌ကျင်လည်” သည့် ပုံသက်သေကောင်းကို ချီးမွမ်းခဲ့သည်။—၃ ယောဟန် ၁-၄။
ယနေ့ ခရစ်ယာန်ရောင်းရင်းတစ်ဦးသည် ခရစ်ယာန်အရည်အသွေးတစ်ခုကို ထူးထူးခြားခြားတင်ပြသည့်အခါ၊ အစည်းအဝေးတွင် ကောင်းစွာဟောပြောတင်ဆက်သည့်အခါ သို့မဟုတ် လှိုက်လှိုက်လှဲလှဲဖြေဆိုသည့်အခါ သူ့အား ကျေးဇူးတင်ကြောင်းပြောရန် အခွင့်ကောင်းဖြစ်၏။ ကလေးတစ်ဦးသည် အသင်းတော်အစည်းအဝေးတွင် ကျမ်းချက်များကို လိုက်ဖွင့်ရန် ကြိုးစားသည့်အခါ ကျွန်ုပ်တို့ ချီးမွမ်းစကားဆိုနိုင်သည်။ အစပိုင်းတွင်ဖော်ပြခဲ့သော အီလင်းက ဤသို့ဆိုသည်– “ကျွန်မတို့ရဲ့ အရည်အချင်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ သူတစ်ပါးရဲ့လုပ်ဆောင်မှုကို သတိပြုခြင်းအားဖြင့် ဘုရားသခင့်လူမျိုးတွေရဲ့ အရည်အချင်းအမျိုးမျိုးကို ကျေးဇူးတင်ကြောင်းပြနိုင်တယ်။”
မိသားစုတွင်
ကျွန်ုပ်တို့၏မိသားစုဝင်များကို ကျေးဇူးတင်ကြောင်း ပြောဆိုခြင်းကော မည်သို့နည်း။ ဇနီးနှင့်ခင်ပွန်းတို့သည် မိသားစု၏ဝိညာဉ်ရေး၊ စိတ်ဓာတ်ရေးနှင့် ရုပ်ပစ္စည်းအရထောက်ပံ့ပေးရန် အချိန်၊ ခွန်အားနှင့် မေတ္တာပါပါဂရုစိုက်ပေးမှု များစွာလိုသည်။ ၎င်းတို့အချင်းချင်းနှင့် ကလေးများထံမှ ချီးမွမ်းစကား ကြားထိုက်သည်မှာ သေချာသည်။ (ဧဖက် ၅:၃၃) ဥပမာ၊ အရည်အချင်းရှိ ဇနီးသည်တစ်ဦးနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သူ၏သားသမီးတို့သည် ထ၍ အမိကိုကောင်းချီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း . . . သူ့ကိုချီးမွမ်းတတ်၏။”—သု. ၃၁:၁၀၊ ၂၈၊ ၂၉။
ကလေးများလည်း ချီးမွမ်းခံထိုက်ပါသည်။ ဝမ်းနည်းစရာမှာ မိဘအချို့သည် မိမိတို့ဖြစ်စေချင်ရာကိုသာ တောင်းဆိုတတ်ကြသော်လည်း ကလေးများ၏ နာခံမှုရှိရှိနှင့် တလေးတစား ကြိုးစားအားထုတ်မှုကိုကား မချီးမွမ်းပေးတတ်ကြချေ။ (လုကာ ၃:၂၂) ကလေးတစ်ဦးငယ်ရွယ်စဉ်တွင် ချီးမွမ်းပေးခြင်းက ကလေးအား တန်ဖိုးရှိသည်၊ လုံခြုံသည်ဟု ခံစားစေသည်။
သူတစ်ပါးကိုချီးမွမ်းရန် ကြိုးစားအားထုတ်ရသည်မှန်သော်လည်း ထိုသို့ပြုခြင်းမှ အကျိုးများစွာ ခံစားရပါလိမ့်မည်။ ချီးမွမ်းခံထိုက်သူတို့အား ကြိုးစားချီးမွမ်းလေလေ ပျော်ရွှင်မှု ပိုခံစားရလေလေဖြစ်သည်။—တမန်တော် ၂၀:၃၅။
စိတ်ထားမှန်ဖြင့် ချီးမွမ်းပေးခြင်း၊စိတ်ထားမှန်ဖြင့် ချီးမွမ်းခံခြင်း
ချီးမွမ်းခံရခြင်းက အချို့သောသူတို့အတွက် စမ်းသပ်မှုတစ်ခုဖြစ်နိုင်၏။ (သု. ၂၇:၂၁) ဥပမာ၊ မာနထောင်လွှားသူတစ်ဦးအဖို့မူ ယင်းသည် ဘဝမြင့်သွားစေနိုင်သည်။ (သု. ၁၆:၁၈) ထို့ကြောင့် သတိထားစရာလိုပါသည်။ တမန်တော်ပေါလုက ဤလက်တွေ့ကျအကြံပေးခဲ့သည်– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင်ဘဲ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည်အကြောင်း ငါသည် ကိုယ်ခံရသောကျေးဇူးတော်ကို အမှီပြုလျက် သင်တို့တွင်ရှိသမျှသောသူတို့ကို မှာထား၏။” (ရောမ ၁၂:၃) ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းခြင်းထောင်ချောက်ထဲ ကျမသွားဖို့ အခြားသူတို့ကို ကူညီပေးရန် ဉာဏ်ထက်မြက်မှု သို့မဟုတ် ရုပ်ရည်လှပမှုစသည့် ထူးခြားချက်များအပေါ် အာရုံမစိုက်ခြင်းက ပညာရှိရာရောက်သည်။ သို့အစား ၎င်းတို့၏အကျင့်ကောင်းများကို ချီးမွမ်းပေးသင့်သည်။
စိတ်ထားမှန်ဖြင့် ချီးမွမ်းပေးသည့်အခါနှင့် စိတ်ထားမှန်ဖြင့် ချီးမွမ်းခံရသည့်အခါ ထိုချီးမွမ်းစကားများက အကျိုးဖြစ်ထွန်းစေနိုင်သည်။ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့် ကောင်းမှုမှန်သမျှအတွက် ယေဟောဝါထံ အကြွေးတင်နေကြောင်း အသိအမှတ်ပြုရန် လှုံ့ဆော်ခံရနိုင်သည်။ ထို့ပြင် ချီးမွမ်းစကားက အကျင့်ကောင်းများကို ဆက်ကျင့်ကြံရန် အားပေးမှုဖြစ်စေနိုင်သည်။
ကျွန်ုပ်တို့အားလုံးပေးနိုင်သည့် လက်ဆောင်တစ်မျိုးမှာ စိတ်ရင်းမှန်နှင့် ထိုက်တန်သော ချီးမွမ်းစကားဆိုခြင်းဖြစ်၏။ တစ်ဦးတစ်ယောက်ကို လေးလေးနက်နက် ချီးမွမ်းစကားဆိုသောအခါ ထိုသူအတွက် ကျွန်ုပ်တို့သိထားသည်ထက် ပို၍တာသွားပေမည်။
[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
နှလုံးထိမိခဲ့သည့် စာတစ်စောင်
နယ်လှည့်ကြီးကြပ်မှူးတစ်ဦးသည် ဆောင်းရာသီ၏ အေးစိမ့်သည့်နေ့တစ်နေ့တွင် ၎င်းတို့ဇနီးမောင်နှံ အမှုဆောင်လုပ်ငန်းမှ နေအိမ်သို့ပြန်လာစဉ်က အဖြစ်အပျက်တစ်ခုကို ကောင်းကောင်းမှတ်မိသည်။ သူဤသို့ပြောသည်– “ကျွန်တော့်ဇနီးက အရမ်းချမ်းနေပြီး စိတ်ဓာတ်ကျနေတယ်။ ဆက်မလုပ်နိုင်တော့ဘူးလို့ ပြောတယ်။ ‘အသင်းတော်တစ်ခုမှာပဲ အချိန်ပြည့်အမှုဆောင်တွေအနေနဲ့ တစ်နေရာတည်းမှာပဲနေပြီး ကျမ်းစာသင်အံမှုတွေကျင်းပရင် ဘယ်လောက်ကောင်းမလဲ’ လို့သူပြောတယ်။ ကျွန်တော်က ဘာဆုံးဖြတ်ချက်မှမချသေးဘဲ ‘ဒီအပတ်အဆုံးအထိ ဆက်လုပ်ရအောင်၊ ဒီတော့မှ မင်းဘယ်လိုခံစားရမလဲဆိုတာ ကြည့်မယ်။ အကယ်၍ ရပ်နားလိုက်ဖို့ ဆန္ဒပြင်းပြနေသေးတယ်ဆိုရင် မင်းခံစားချက်ကို စဉ်းစားပေးမယ်’ လို့ပြောလိုက်တယ်။ အဲဒီနေ့ပဲ စာတိုက်မှာ ကျွန်တော့်ဇနီးနာမည်နဲ့ စာတစ်စောင် ဌာနခွဲရုံးက ရောက်နေတယ်။ လယ်ကွင်းလုပ်ငန်းမှာ ခံနိုင်ရည်ရှိရှိနဲ့ ကြိုးစားလုပ်ဆောင်နေတာကို လှိုက်လှိုက်လှဲလှဲချီးမွမ်းထားပြီး အပတ်တိုင်း အိပ်ရာပြောင်းအိပ်ရတဲ့ အခက်အခဲကိုနားလည်ကြောင်း အဲဒီစာထဲမှာ ရေးထားတယ်။ အဲဒီချီးမွမ်းစကားကြောင့် သူ့ရဲ့နှလုံးထိမိသွားပြီး နယ်လှည့်လုပ်ငန်းက ရပ်နားမယ်လို့ တစ်ခါမှမပြောတော့ဘူး။ ကျွန်တော်က နားချင်တယ်လို့ပြောရင်တောင် ဆက်လုပ်ဖို့ အကြိမ်ကြိမ်အားပေးခဲ့တယ်။” ဤမောင်နှံသည် နယ်လှည့်လုပ်ငန်းတွင် အနှစ် ၄၀ နီးပါး ပါဝင်ခဲ့သည်။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
သင့်အသင်းတော်တွင် မည်သူတို့သည် ချီးမွမ်းခံထိုက်သနည်း
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
သားသမီးများသည် မေတ္တာပါပါ ဂရုစိုက်ခြင်းနှင့် ချီးမွမ်းပေးခြင်းကို ရလိုကြ