မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမူအကျင့်ကောင်းက အကျိုးကျေးဇူးဖြစ်ထွန်းစေ

အမူအကျင့်ကောင်းက အကျိုးကျေးဇူးဖြစ်ထွန်းစေ

အမူအကျင့်ကောင်း​က အကျိုးကျေးဇူး​ဖြစ်ထွန်း​စေ

ဂျပန်​နိုင်ငံ​တောင်ပိုင်း​ကမ်းခြေ​အနီး​မှ ကျွန်းငယ်​လေး​တစ်ကျွန်း​တွင် မိခင်​တစ်ဦး​နှင့် သူ၏​ကလေး​သုံးဦးသည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​စတင်​လေ့လာ​ခဲ့​ကြသည်။ သီးခြား​ဖြစ်နေ​ပြီး ရှေး​ရိုး​ဆန်​သည့် ဤ​ဒေသ​မှ အိမ်နီးနားချင်း​များသည် ကျမ်းစာ​လေ့လာ​နေသည်​ကို သိရှိ​သွားပြီး မိခင်​ဖြစ်သူ​အား​တွေ့​တိုင်း ရှောင်​ကြ​လေ​တော့​သည်။ “ကျွန်မ​ကို ရှောင်​တာ​ထက် ကျွန်မ​ခင်ပွန်း​နဲ့ ကလေး​တွေ​ကို စိမ်း​စိမ်းကား​ကား​ဆက်ဆံ​တာ​က ကျွန်မ​ကို​ပို​ပြီး​ဝမ်းနည်း​စေတယ်” ဟု​သူ​ပြောပြ​သည်။ သို့သော် “ယေဟောဝါ​ကြောင့် အမေတို့​ရဲ့​အိမ်နီးချင်းတွေကို အမြဲ​နှုတ်ဆက်​ရမယ်” ဟု ကလေး​များ​ကို သူ​ပြော​ခဲ့​သည်။—မဿဲ ၅:၄၇၊ ၄၈

အပယ်ခံ​ရ​သော်လည်း ယဉ်ကျေး​သိမ်မွေ့​ဖို့ သားသမီး​များ​ကို အိမ်​တွင် သူ​အမြဲ​သွန်သင်ပေး​၏။ သူတို့​ဒေသ​ရှိ ရေ​ပူ​စမ်း​သို့​ပုံမှန်​သွား​သည့်​အခါ ကား​ပေါ်​တွင် ကလေး​များ​က လူတိုင်းကို​နှုတ်ဆက်​ကြသည်။ အဆောက်အအုံ​ထဲ ဝင်​သည့်​အခါ​တွင်​လည်း ကလေး​များ​က “ကို​နီ​ချီ​ဝါ!”—“ကောင်းသော​နေ့​ပါ” ဟု အမြဲ​ပြုံးပြ​နှုတ်ဆက်​ကြသည်။ အိမ်နီးချင်း​များ​က အေး​တိ​အေးစက် တုံ့ပြန်​ဆဲ​ဖြစ်သော်လည်း သူတို့​မိသားစု​သည် စိတ်ရှည်​စွာ​ဖြင့် တွေ့ဆုံ​သူ​တိုင်း​ကို အမြဲ​နှုတ်ဆက်​ကြသည်။ သို့ဖြင့် လူတို့သည် ကလေး​များ​၏ ကောင်းသော​အမူအကျင့်ကို သတိပြုမိ​လာ​ခဲ့​ကြ​၏။

နောက်ဆုံး​တွင် အိမ်နီးချင်း​တစ်ဦး​နှစ်ဦး​က “ကို​နီ​ချီ​ဝါ” ဟု​ပြန်လည်​တုံ့ပြန်​ခဲ့​ကြသည်။ နှစ်နှစ်​ကြာပြီးနောက် ထို​မြို့ရှိ​လူတိုင်း​နီးပါး​က သူတို့​မိသားစု​နှုတ်ဆက်​သောအခါ တုံ့ပြန်​ခဲ့​ကြ​၏။ အိမ်နီးချင်း​များသည် သူတို့​အချင်းချင်း ရင်းနှီး​လာ​ကြ​သည့်​အပြင် ထို​မိသားစု​နှင့်​လည်း ရင်းနှီး​လာ​ကြသည်။ ကလေး​များ​၏ လုပ်ဆောင်မှု​က ဤသို့​ပြောင်းလဲ​စေ​ခဲ့​သောကြောင့် လက်ထောက်​မြို့တော်ဝန်​သည် သူတို့ကို ဂုဏ်ပြု​လို​ခဲ့​သည်။ သို့သော် မိခင်​ဖြစ်သူက ကလေး​များသည် ခရစ်ယာန်​များ​လုပ်သင့်ရာ​ကို လုပ်ဆောင်ခဲ့​ခြင်း​သာ​ဖြစ်​ကြောင်း သူ့​အား သေချာ​ရှင်းပြ​ခဲ့​လေ​သည်။ နောက်ပိုင်း ကျွန်း​တစ်ကျွန်း​လုံး​မှ စကားပြော​ပြိုင်ပွဲ​တွင် သား​တစ်ဦး​က အခြားသူများ​မည်သို့​ပင် တုံ့ပြန်​ပါစေ ယဉ်ကျေး​သိမ်မွေ့စွာ​နှုတ်ဆက်​ရန် သူ့​မိခင်​က မည်သို့​လေ့ကျင့်ပေး​ခဲ့​ကြောင်း ပြန်​ပြောပြ​ခဲ့​သည်။ သူ၏​ဟောပြောချက်သည် ပထမ​ဆု​ရရှိခဲ့​ပြီး ယင်းကို သတင်းစာ​တွင် ဖော်ပြ​ခဲ့​သည်။ ခရစ်ယာန်မူ​များ​ကို လိုက်လျှောက်ခြင်းက အကျိုးကျေးဇူးများ ဖြစ်ထွန်း​စေသော​ကြောင့် ယနေ့ ထို​မိသားစု​သည် အလွန်​ပျော်ရွှင်​နေကြ​သည်။ လူများ​က ဖော်ရွေ​ပျူ​ငှာ​မှု​ပြ​ကြသောအခါ သတင်းကောင်း​ဝေမျှ​ရန် ပို​၍​လွယ်ကူ​စေပါ​သည်။