စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
လက်နက်ကိုင်ဆောင်ရသည့် အလုပ်အကိုင်မျိုးကို ခရစ်ယာန်တစ်ဦး လက်ခံမည်ဆိုပါက ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်နိုင်ပါမည်လော။
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် မိသားစု၏စားဝတ်နေရေးကို ထောက်ပံ့ပေးရန်ဟူသော ဘုရားသခင်ပေးတာဝန်ကို အလေးအနက်ထားကြပါသည်။ (၁ တိမောသေ ၅:၈) သို့ရာတွင် အချို့သောအလုပ်အကိုင်မျိုးမှာ ကျမ်းစာမူများကို လုံးလုံးချိုးဖောက်ရာရောက်သဖြင့် ရှောင်ကြဉ်သင့်ပေသည်။ ထိုတွင် လောင်းကစားခြင်း၊ သွေးကိုအလွဲသုံးစားပြုခြင်းနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးရန် အားပေးအားမြှောက်ပြုခြင်းတို့နှင့်ဆက်နွှယ်သော အလုပ်အကိုင်များပါဝင်သည်။ (ဟေရှာယ ၆၅:၁၁; တမန်တော် ၁၅:၂၉; ၂ ကောရိန္သု ၇:၁; ကောလောသဲ ၃:၅) သမ္မာကျမ်းစာတွင် အတိအလင်းတားမြစ်ထားခြင်း မရှိသော်လည်း လူတစ်ဦး၏ကိုယ်ကိုသိသောစိတ်ကိုဖြစ်စေ၊ အခြားသူများ၏စိတ်ကိုဖြစ်စေ အနှောင့်အယှက်ပေးနိုင်သည့် အလုပ်အကိုင်မျိုးလည်းရှိပါသေးသည်။
သေနတ် သို့မဟုတ် အခြားလက်နက်တစ်မျိုး ကိုင်ဆောင်ရသည့် လောကအလုပ် လုပ်ကိုင်ခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်၏။ သို့သော် လက်နက်ကိုင်ဆောင်ရသောအလုပ်သည် လက်နက်သုံးဖို့လိုအပ်လာပါက လူတစ်ဦးကို သွေးပြစ်မကင်းသူဖြစ်လာစေရန် အကြောင်းများသည်။ ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် လူ့အသက် ပါဝင်ပတ်သက်နေသော အရေးပေါ်ဆုံးဖြတ်ချက်ချရမည့်ကိစ္စကို လက်ခံနိုင်မနိုင် ဆုတောင်းပြီးသုံးသပ်ဖို့လိုသည်။ ထို့ပြင် လက်နက်ကိုင်ဆောင်ထားခြင်းသည် တိုက်ခိုက်သည့်အခါ သို့မဟုတ် ခုခံသည့်အခါ ဒဏ်ရာရစေ သို့မဟုတ် သေစေနိုင်သည်။
လူတစ်ဦး၏ဆုံးဖြတ်ချက်သည် အခြားသူများကိုလည်း အကျိုးသက်ရောက်နိုင်သည်။ ဥပမာ၊ ခရစ်ယာန်တစ်ဦး၏အဓိကတာဝန်မှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄) လက်နက်ကိုင်ဆောင်သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေစဉ် “လူအပေါင်းတို့နှင့် အသင့်အတင့်နေ” ရန် အခြားသူများကို သူသွန်သင်ပေးနိုင်ပါမည်လော။ (ရောမ ၁၂:၁၈) သူ၏သားသမီးများနှင့် ကျန်မိသားစုဝင်များနှင့်ပတ်သက်၍ကော။ အိမ်တွင် သေနတ်ရှိထားခြင်းက သူတို့အတွက် အသက်အန္တရာယ်ရှိနိုင်မည်လော။ ထို့ထက်ကား အဆိုပါကိစ္စတွင် သူ၏ရပ်တည်ပုံကြောင့် အခြားသူများကို ထိမိ၍လဲစေနိုင်သလော။—ဖိလိပ္ပိ ၁:၁၀၊ ၁၁။
ဤ “နောက်ဆုံးသောနေ့ရက်များ” တွင် ‘ကြမ်းကြုတ်သော၊ အကောင်းကိုမုန်းသော’ သူများ များသည်ထက်များလာသည်။ (၂ တိမောသေ ၃:၁၊ ၃၊ သမ္မာ) ယင်းကိုသိရှိထားသူတစ်ဦးသည် ထိုသို့သောသူများနှင့် ပဋိပက္ခဖြစ်စေနိုင်သော လက်နက်ကိုင်ဆောင်ရသည့်အလုပ်ကို လုပ်ကိုင်မည်ဆိုလျှင် “အပြစ်တင်ခွင့်နှင့်ကင်းလွတ်” နိုင်ပါမည်လော။ (၁ တိမောသေ ၃:၁၀) ဝေးလေစွ။ ထိုအကြောင်းကြောင့် သမ္မာကျမ်းစာဖြင့် ကြင်နာစွာဆုံးမခံရပြီးနောက် ဆက်၍လက်နက်ကိုင်ဆောင်နေသူတစ်ဦးကို အသင်းတော်က ‘အပြစ်ဆိုဖွယ်မရှိသူ’ အဖြစ် ယူမှတ်လိမ့်မည်မဟုတ်ပါ။ (၁ တိမောသေ ၃:၂; တိတု ၁:၅၊ ၆) ထို့ကြောင့် ထိုသို့သောအမျိုးသား၊ အမျိုးသမီးတစ်ဦးသည် အသင်းတော်တွင် မည်သည့်အခွင့်အရေးကိုမျှ ရရှိမည်မဟုတ်ပါ။
မိမိတို့ဘဝတွင် ဘုရားသခင့် နိုင်ငံတော်အကျိုးစီးပွားကို ဦးစားထားပါက ဘဝလိုအပ်ရာများအတွက် အစိုးရိမ်လွန်ဖို့မလိုကြောင်း တပည့်များကို ယေရှုအာမခံခဲ့သည်။ (မဿဲ ၆:၂၅၊ ၃၃) မှန်ပါသည်၊ ယေဟောဝါ၌ အကြွင်းမဲ့ယုံကြည်ကိုးစားပါက “[ကျွန်ုပ်တို့] ကို မစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။”—ဆာလံ ၅၅:၂၂။