မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်မ၏ “စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်” ရရှိခဲ့

ကျွန်မ၏ “စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်” ရရှိခဲ့

ဘဝ​အတ္ထုပ္ပတ္တိ

ကျွန်မ​၏ “စိတ်နှလုံး​အလို​ပြည့်စုံ​ရသော​အခွင့်” ရရှိခဲ့

ဒေါ်​မ​နစ် မော်​ဂူး ပြောပြ​သည်

နောက်ဆုံး​တော့ ၁၉၉၈၊ ဒီဇင်ဘာ​လမှာ အာဖရိက​ကို ကျွန်မ​ရောက်နေ​ပါ​ပြီ။ ကလေး​ဘဝက စိတ်ကူးယဉ်​အိပ်မက်​လေး အခုတော့ တကယ်​ဖြစ်လာ​ပြီ။ အာဖရိကရဲ့ လွင်ပြင်ကျယ်​နဲ့ စိတ်ဝင်စားဖွယ် တောရိုင်း​တိရစ္ဆာန်​တွေ​အကြောင်း စဉ်းစားမိ​လေ​တိုင်း ကျွန်မ​စိတ်​လှုပ်ရှား​ခဲ့​ရတယ်။ အခုတော့ အဲဒီ​နေရာကို ကျွန်မ တကယ်​ရောက်နေပြီ​လေ။ တစ်ချိန်တည်း​မှာ စိတ်ကူးယဉ်​အိပ်မက် နောက်တစ်ခု​လည်း တကယ်​ဖြစ်လာ​တယ်။ ကျွန်မ​ဟာ တိုင်းတစ်ပါး​မှာ အမှုဆောင်​နေတဲ့ အချိန်ပြည့်​ဧဝံဂေလိတရား ဟောပြောသူ​တစ်ဦး ဖြစ်နေ​ပါ​ပြီ။ လူအများ​အတွက်​တော့ ဒါဟာ မဖြစ်​နိုင်​စ​ရာ​ပဲ။ ကျွန်မ​ရဲ့​မျက်စိ​က တော်​တော်​မှုန်နေတဲ့​အပြင် ကျွန်မ​ဟာ ဥရောပ​မြို့​ပြ​လမ်းမ​တွေ​မှာ သုံးဖို့ လေ့ကျင့်ပေး​ထား​တဲ့ လမ်းပြ​ခွေးအ​ကူ​အညီ​နဲ့ အာဖရိက​တောလမ်း​တွေ​မှာ လျှောက်​သွား​နေတာ​လေ။ အာဖရိက​မှာ အမှုဆောင်​နိုင်​ခဲ့​ပုံ​နဲ့ ကျွန်မ​ရဲ့ “စိတ်နှလုံး​အလို ပြည့်စုံ​ရသော​အခွင့်” ကို ယေဟောဝါ ပေးသနား​ခဲ့​ပုံ​အကြောင်း ပြောပြ​ပါ​ရစေ။—ဆာလံ ၃၇:၄

ကျွန်မ​ကို ၁၉၆၆၊ ဇွန်လ ၉ ရက်​နေ့မှာ ပြင်သစ်​နိုင်ငံ​တောင်ပိုင်း​မှာ မွေးဖွားခဲ့တယ်။ ယောက်ျားလေး​နှစ်ယောက်၊ မိန်းကလေး​ငါး​ယောက်​ပါ​တဲ့ သားသမီး​ခု​နစ်​ယောက်​ထဲမှာ ကျွန်မ​က အထွေးဆုံး​ပါ။ ကျွန်မ​တို့အားလုံး​ကို ချစ်ခင်​မြတ်နိုး​တတ်​တဲ့​မိဘတွေက ကြည့်ရှု​ပြုစုပေး​ခဲ့​ကြတယ်။ ဒါပေမဲ့ ကျွန်မ​ရဲ့​ငယ်​ဘဝမှာ ဝမ်းနည်းစရာ အဖြစ်အပျက်​တစ်ခု​ရှိခဲ့တယ်။ ကျွန်မ​ရဲ့​အဘွား၊ အမေနဲ့ အစ်မ​တစ်ယောက်​တို့​လို​ပဲ နောက်ဆုံး မျက်စိ​လုံးလုံး​ကွယ်​သွားမယ့် မျိုးရိုးလိုက်​တဲ့​ရောဂါ​တစ်ခု ကျွန်မ​မှာ စွဲကပ်​ခဲ့တယ်။

ဆယ်ကျော်သက်​အရွယ်မှာ လူမျိုးရေး​ခွဲခြား​မှု၊ ဘက်လိုက်မှု​နဲ့ အရေခြုံမှု​တွေ​ကို ကြုံတွေ့​ခဲ့​ရလို့ လူ့​အဖွဲ့အစည်း​ကို ကျွန်မ ဆန့်ကျင်​ပုန်ကန်​တတ်​လာတယ်။ ဒီလို​ခက်ခဲ​တဲ့​အချိန်​မှာပဲ အေ​ရိုး​နယ်​ဘက်​ကို ကျွန်မ​တို့ ပြောင်းရွှေ့​ခဲ့​ကြတယ်။ အဲဒီကို​ရောက်တော့ ဝမ်းသာစရာ​အဖြစ်အပျက်​တစ်ခု ဖြစ်ပျက်​ခဲ့တယ်။

တနင်္ဂနွေ​နေ့ တစ်မနက်​ခင်း​မှာ ကျွန်မ​တို့​အိမ်ကို ယေဟောဝါသက်သေ​နှစ်ယောက် ရောက်​လာတယ်။ သူတို့ကို အမေ​သိတဲ့​အတွက် အိမ်ထဲ​ကို ဖိတ်ခေါ်​လိုက်တယ်။ တစ်နေ့​ကျ​ရင် ကျမ်းစာ​လေ့လာ​ပါ​မယ်​လို့ ကတိပေး​ဖူး​တာ မှတ်မိသေးလား​ဆိုပြီး သက်သေခံ​အမျိုးသမီး​တစ်ယောက်​က အမေ့ကို​မေးတယ်။ အမေ မှတ်မိတယ်၊ ဒါနဲ့ “ကျွန်မ​တို့ ဘယ်တော့​စ​မလဲ” ဆိုပြီး ပြန်​မေးတယ်။ တနင်္ဂနွေ​နေ့​မနက်​တိုင်း ဆုံတွေ့ ကြဖို့ သဘောတူ​လိုက်ကြပြီး အဲ့ဒီ​နည်းနဲ့ ‘အမှန်တရား​နှင့်​ဆိုင်သော သတင်းကောင်း’ ကို အမေ စလေ့လာ​ခဲ့တယ်။—ဂလာတိ ၂:၁၄က​ဘ။

ထိုးထွင်း​သိမြင်​လာ​ခြင်း

အမေ​ဟာ သင်ယူ​သိရှိ​လာတာ​တွေ​ကို နားလည်၊ မှတ်မိ​ဖို့ အပတ်တကုတ် ကြိုးစား​ခဲ့တယ်။ မျက်မမြင်​ဖြစ်နေ​တဲ့​အတွက် သင်ပေး​သမျှ​ကို အမေ အလွတ်ကျက်​မှတ်​ရတယ်။ သက်သေခံတွေ​က​လည်း စိတ်ရှည်ရှည်​နဲ့ သင်ပေး​ကြတယ်။ ကျွန်မ​က​တော့ သက်သေခံတွေ​လာပြီ​ဆိုရင် အခန်း​ထဲ ဝင်ပုန်း​နေ​လိုက်ပြီး သူတို့​ပြန်​မှ အခန်း​ထဲ​က​ထွက်​လာတယ်။ ဒါပေမဲ့ တစ်နေ့​လယ်​ခင်း​မှာ သက်သေခံ​တစ်ယောက်​ဖြစ်​တဲ့ ယူ​ဂျင်းန်​နဲ့ ကျွန်မ တွေ့ဆုံ​စကားပြော​ဖြစ်တယ်။ ဘုရားသခင့်​နိုင်ငံတော်​ဟာ ကမ္ဘာ​ပေါ်မှာ​ရှိတဲ့ အရေခြုံမှု၊ မုန်းတီးမှု​နဲ့ ဘက်လိုက်မှု​မှန်သမျှကို ဖယ်ရှားပစ်​တော့​မယ်​လို့ သူ​ပြောပြ​တယ်။ “ဘုရားသခင်​ဆီ​မှာပဲ ဖြေရှင်း​နည်း​ရှိတယ်” လို့​ပြော​ပြီး အဲဒါနဲ့​ပတ်သက်​လို့ နောက်ထပ်​သိချင်​သေး​သလား​ဆိုပြီး မေးတယ်။ နောက်​တစ်နေ့​မှာ ကျွန်မ​ကျမ်းစာ စ​သင်​ပါ​တော့​တယ်။

လေ့လာ​သိရှိ​ရ​သမျှ​က ကျွန်မ​အတွက် အသစ်အဆန်း​တွေ​ချည်း​ပဲ။ ခိုင်လုံ​တဲ့ အကြောင်းရင်း​တွေ​ရှိလို့ ဆိုးသွမ်းမှု​တွေ​ကို ဘုရားသခင် ယာယီ​ခွင့်ပြု​ထား​တယ်​ဆိုတာ အခု ကျွန်မ နားလည်​လာပြီ။ (ကမ္ဘာဦး ၃:၁၅; ယောဟန် ၃:၁၆; ရောမ ၉:၁၇) ယေဟောဝါ​ဟာ ကျွန်မ​တို့ကို မျှော်လင့်ချက်မဲ့ ပစ်မထား​ဘူးဆို​တာ​ကိုလည်း ထပ်​သိလာ​ခဲ့​ရတယ်။ မြေကြီး​ပရဒိသု​မှာ ထာဝစဉ်​အသက်ရှင်​ရမယ်​လို့ ကိုယ်တော်​ကတိပြု​ထား​တယ်။ (ဆာလံ ၃၇:၂၉; ၉၆:၁၁၊ ၁၂; ဟေရှာယ ၃၅:၁၊ ၂; ၄၅:၁၈) အဲဒီ​ပရဒိသု​မှာ​ဆိုရင် တဖြည်းဖြည်း​ဆုံးရှုံး​နေတဲ့ ကျွန်မ​ရဲ့​အမြင်​အာရုံ ပြန်ကောင်း​လာမယ်။—ဟေရှာယ ၃၅:၅

အချိန်ပြည့်​လုပ်ငန်း​၌ ပါဝင်ခြင်း

ကျွန်မ​ရဲ့​အစ်မ မာ​ရီ​က​လဲ​ရ် နှစ်ခြင်း​ခံ​ခဲ့​သလိုပဲ ကျွန်မ​လည်း ၁၉၈၅၊ ဒီဇင်ဘာ​လ ၁၂ ရက်​နေ့မှာ ယေဟောဝါ​ထံ အပ်နှံ​နှစ်ခြင်း​ခံ​လိုက်တယ်။ သိပ်​မကြာ​ပါ​ဘူး၊ ကျွန်မ​ရဲ့​အစ်ကို ယန်း​ပြဲ​ရ်​နဲ့ ကျွန်မ​ရဲ့​ချစ်​မေမေ​တို့​ပါ နှစ်ခြင်း​ခံ​ခဲ့​ကြတယ်။

ကျွန်မ​ပူးပေါင်း​နေတဲ့ အသင်းတော်မှာ မှန်မှန်ရှေ့ဆောင် ဒါမှ​မဟုတ် အချိန်ပြည့်​ဧဝံဂေလိတရား ဟောပြောသူတွေ တော်​တော်​များတယ်။ ခရစ်ယာန်​ဓမ္မ​အမှု​လုပ်ငန်းမှာ သူတို့​ပျော်ပျော်ရွှင်ရွှင်၊ စိတ်အား​ထက်သန်​စွာ ပါဝင်​ကြ​တာ​ကို ကျွန်မ​အားကျမိ​တယ်။ မျက်စိ​ဝေဒနာ​ခံစား​နေရ​ပြီး ခြေ​တစ်ဖက်​မှာ ခြေ​ထိန်း​ကိရိယာ​တပ်ထား​ရတဲ့ မာ​ရီ​က​လဲ​ရ်​တောင် အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​ခဲ့တယ်။ ဒီ​က​နေ့​အထိ သူဟာ ကျွန်မ​ကို ဝိညာဉ်​ရေး​အရ အားပေး​ထောက်မ​နေတုန်းပဲ။ အသင်းတော်မှာ​ကော မိသားစုမှာ​ပါ ရှေ့ဆောင်​တွေ​ဝိုင်း​နေ​တော့ ကျွန်မ​လည်း အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​ချင်စိတ်​ပြင်းပြ​လာတယ်။ ဒါ​ကြောင့် ၁၉၉၀၊ နိုဝင်ဘာ​လမှာ ဘေ​ဇ်​ယာ​မြို့မှာ ရှေ့ဆောင်​စ​လုပ်ခဲ့တယ်။—ဆာလံ ၉၄:၁၇-၁၉

စိတ်ဓာတ်ကျ​မှု​ကို အနိုင်ယူ​ခြင်း

ခရစ်ယာန်​ဓမ္မ​အမှုမှာ တခြား​ရှေ့ဆောင်​တွေ​က ကျွန်မ​ကို ဂရုစိုက်​ကြ​ပါ​တယ်။ ဒါတောင်မှ ကျွန်မ​ရဲ့​ကန့်သတ်ချက်​တွေ​နဲ့ ဒီထက်​ပို​လုပ်ဆောင်​ချင်စိတ်​ကြောင့် မကြာမကြာ စိတ်ဓာတ်ကျ​မိတယ်။ ဒါပေမဲ့ ဒီလို​စိတ်ဓာတ်​ကျနေ​ချိန်​တွေ​မှာ ကျွန်မ​ကို ယေဟောဝါ​ထောက်မ​ပေး​ခဲ့​ပါ​တယ်။ ကျွန်မ​လို​ပဲ အမြင်​အာရုံ​ချို့ယွင်း​တဲ့ ရှေ့ဆောင်​တွေ​ရဲ့ ဘဝ​အတ္ထုပ္ပတ္တိ​ကို ကင်းမျှော်စင်​စာပေ​များ​အညွှန်း​မှာ ရှာဖွေ​လေ့လာ​တယ်။ အဲ့ဒီ​လို အတ္ထုပ္ပတ္တိ​တွေ အတော်များများ​ရှိတာ​သိရလို့ အံ့အားသင့်​ခဲ့​ရတယ်။ လက်တွေ့ကျ​ပြီး အားရှိစေတဲ့ အဲဒီ​မှတ်တမ်းတွေက ကျွန်မ​လုပ်နိုင်တာ​ကို တန်ဖိုး​ထား​ဖို့နဲ့ ကျွန်မ​ရဲ့​ကန့်သတ်ချက်​တွေ​ကို အသိအမှတ်ပြု​ဖို့ သင်ပေးခဲ့တယ်။

ကိုယ့်​ကိုယ်ကို​ထောက်ပံ့​နိုင်​ဖို့ ကုန်​တိုက်​တွေ​မှာ တခြား​သက်သေခံတွေ​နဲ့​အတူ ကျွန်မ​သန့်ရှင်းရေး​လုပ်ခဲ့တယ်။ တစ်နေ့​ကျ​တော့ ခု​လေး​တင် ကျွန်မ​သန့်ရှင်းရေး​လုပ်ခဲ့တဲ့ နေရာတွေကို ကျွန်မ​ရဲ့​အလုပ်ဖော်တွေက ပြန်​သန့်ရှင်း​ပေး​နေတာကို သတိထား​မိ​လိုက်တယ်။ ကျွန်မ​လုပ်တာ မ​ပြောင်​လို့​ပဲ​ဖြစ်​ရမယ်။ ဒါနဲ့ ကျွန်မ​တို့​ရဲ့ သန့်ရှင်းရေး​အဖွဲ့​ခေါင်းဆောင်​ဖြစ်​တဲ့ ရှေ့ဆောင်​ညီအစ်မ ဗာ​လေး​ရီ​ဆီ​သွားပြီး ကျွန်မ​ဟာ တခြား​သူတွေ​အတွက် အနှောင့်အယှက်​ဖြစ်နေ​ရင် ပွင့်ပွင့်လင်းလင်း​ပြော​ဖို့ ပြော​လိုက်တယ်။ သူက အဲ့ဒီ​အလုပ်ကို ကျွန်မ​ဆက်လုပ်​နိုင်​မ​လုပ်နိုင် ကိုယ့်​ဘာသာ​ပဲ ဆုံးဖြတ်​ပါ​လို့ ကြင်ကြင်နာနာ​ပြော​ခဲ့တယ်။ ၁၉၉၄၊ မတ်​လမှာ သန့်ရှင်းရေး​အလုပ်​ကနေ ကျွန်မ​နုတ်ထွက်​လိုက်တယ်။

အသုံးမကျ​ဘူးဆို​တဲ့​ခံစားချက်​က ကျွန်မ​ကို ဖိစီး​နှောင့်ယှက်​လာ​ပြန်​တယ်။ ယေဟောဝါ​ထံ ထက်သန်​စွာ​ဆုတောင်း​လိုက်တယ်။ ကျွန်မ​ရဲ့​အသနားခံချက်​တွေ​ကို ကိုယ်တော်​နားညောင်း​ပေး​တယ်​ဆိုတာ သိရ​ပါ​တယ်။ ဒီ​တစ်ခါ​လည်း သမ္မာကျမ်းစာ​နဲ့ ခရစ်ယာန်​စာပေ​တွေ​ကို လေ့လာခြင်း​တို့​က အများကြီး​ထောက်ကူ​ပေး​ပြန်​တယ်။ ကျွန်မ​ရဲ့​အမြင်​အာရုံ ဆုတ်ယုတ်​နေတာ​တောင်​မှ ယေဟောဝါ​ရဲ့ အမှုတော်ကို​ဆောင်​လို​စိတ်​က ပို​ပြင်းပြ​လာတယ်။ ကျွန်မ​ဘာလုပ်​ရ​ပါ့​မလဲ။

စောင့်ဆိုင်း​စာရင်း​မှ ရုတ်ခြည်း​ဆုံးဖြတ်ချက်​သို့

နင်း​မ်စ်​မြို့မှာ​ရှိတဲ့ မျက်မမြင်​နဲ့ အမြင်​အာရုံ​ချို့ယွင်း​သူတွေကို ပြုစု​စောင့်ရှောက်​တဲ့​ဌာန​မှာ သင်တန်းတက်​ဖို့ ကျွန်မ​လျှောက်လွှာတင်​ထား​တာ နောက်ဆုံး​တော့ သုံးလ​သင်တန်း ဝင်ခွင့်​ရခဲ့တယ်။ အဲဒီမှာ​နေရ​တာ အကျိုးနပ်​ခဲ့​ပါ​တယ်။ ကျွန်မ​ရဲ့​အားနည်းချက်တွေကို နားလည်​လာပြီး အခြေအနေ​နဲ့​အညီ အလိုက်အထိုက် နေတတ်​လာတယ်။ ဒုက္ခိ​တ​အမျိုးမျိုးနဲ့ ပေါင်းဖော်​ရတဲ့​အတွက် ကျွန်မ​ရဲ့​ခရစ်ယာန်​မျှော်လင့်ချက်ဟာ ဘယ်လောက်​အဖိုးတန်တယ်​ဆိုတာ သိခဲ့ရတယ်။ ယု​တ်စွ​အဆုံး ကျွန်မ​မှာ ပန်းတိုင်​တစ်ခု​ရှိ​ထားပြီး ဖြစ်မြောက်အောင် လုပ်နိုင်ပါတယ်။ ပြင်သစ်​မျက်မမြင်​စာ​ကို​တောင် သင်ယူ​လိုက်​သေး​တယ်။

အိမ်ကို​ပြန်​ရောက်တော့ သင်တန်း​က ကျွန်မ​ကို​တော်တော်လေး အထောက်အကူ​ပြု​ခဲ့​တာ​ကို အိမ်သားတွေ သတိထား​မိ​ကြတယ်။ ဒါပေမဲ့ ကျွန်မ မကြိုက်တာ​တစ်ခု​က​တော့ မျက်မမြင်​သုံး​တုတ်​ကောက်​ကြီး​ကိုပဲ။ အဲဒီ “တုတ်​ကောက်” ကို​သုံးဖို့ တော်​တော်​အခက်တွေ့​ခဲ့တယ်။ လမ်းပြ​ခွေး​လို​မျိုး တခြား​အထောက်အကူ​တစ်မျိုး​ရ​ရင် ကောင်း​မှာပဲ။

ခွေး​တစ်ကောင်​ရဖို့ ကျွန်မ​စာရင်း​သွင်း​လိုက်တယ်။ ဒါပေမဲ့ စောင့်ဆိုင်း​စာရင်း​က အရှည်ကြီး​ပဲ​တဲ့။ ပြီး​တော့ အဲဒီ​အေဂျင်စီ​က လူတွေ့​စစ်ဆေး​ဦး​မယ်။ မျက်မမြင်​တိုင်း​ကို လမ်းပြ​ခွေး​မပေးဘူးလို့​ပြော​တယ်။ တစ်နေ့​ကျ​တော့ အရပ်​ထဲမှာ​ရှိတဲ့ တင်းနစ်​အသင်း​က ကျွန်မ​တို့​ရပ်ကွက်​ထဲမှာ​ရှိတဲ့ မျက်မမြင်​သူ ဒါမှ​မဟုတ် မျက်စိမှုန်​တဲ့​သူတစ်ယောက်ကို လမ်းပြ​ခွေး​တစ်ကောင်​လှူ​မယ့်​အကြောင်း မျက်မမြင်​သင်တန်းကို ကူညီပေး​နေတဲ့ အဖွဲ့ဝင်​အမျိုးသမီး​တစ်ယောက်​က ကျွန်မ​ကို​ပြောပြ​တယ်။ ဒါနဲ့ သူ​ကျွန်မ​ကို စဉ်းစား​မိတယ်​တဲ့။ ကျွန်မ​လက်ခံ​မလား။ ယေဟောဝါ​လမ်းဖွင့်​ပေး​တာ​ပဲ​ဆိုတာ ကျွန်မ​ရိပ်မိ​လို့ ကြင်နာ​တဲ့​ကမ်းလှမ်းချက်​ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ ခွေး​ရဖို့ တော်တော်လေး​စောင့်​ရဦးမယ်။

အာဖရိက​ကို စွဲလမ်း​နေဆဲ

စောင့်နေ​တုန်း​မှာ ကျွန်မ​အာရုံပြောင်း​လိုက်တယ်။ အစောပိုင်းမှာ​ပြော​ခဲ့​သလိုပဲ ကျွန်မ​ကလေး​ဘဝက​တည်း​က အာဖရိက​ကို အရမ်း​စိတ်ဝင်စား​တယ်။ ကျွန်မ​မျက်စိမှုန်​လာပေမဲ့ အဲဒီ​စိတ်ဝင်စားမှု​က ပို​ပြင်းပြ​လာတယ်။ အထူးသဖြင့် အာဖရိက​မှာ သမ္မာကျမ်းစာ​ကို​စိတ်ဝင်စား​ပြီး ယေဟောဝါ​ကို​ဝတ်ပြုလို​သူတွေ အများကြီး​ရှိကြောင်း ကြားသိ​ရချိန်​က​စ​လို့​ပေါ့။ အဲ့ဒီ​မတိုင်ခင်​က အာဖရိက​ကို အလည်သွား​ချင်​တဲ့​အကြောင်း ဗာ​လေး​ရီ​ကို ကျွန်မ စကား​မ​စပ်​ပြော​ခဲ့​ဖူး​တယ်။ ကျွန်မ​နဲ့​လိုက်​ချင်​သလား​လို့ မေးကြည့်​တော့ လိုက်မယ်​လို့ ပြန်​ဖြေတယ်။ ဒါနဲ့ ကျွန်မ​တို့ အာဖရိက​မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ ပြင်သစ်​စကားပြော​ဌာနခွဲရုံး​တွေ​ဆီ စာရေး​ကြတယ်။

တို​ဂို​နိုင်ငံ​ကနေ ပြန်စာ​တစ်စောင်​ရတယ်။ စိတ်​လှုပ်ရှား​စွာ​နဲ့ ဗာ​လေး​ရီ​ကို ဖတ်ပြ​ခိုင်းတယ်။ စာ​က​တော့ အားရှိစရာ​ပဲ။ ဒါနဲ့ “သွား​ရမှာ​ပေါ့” လို့ ဗာ​လေး​ရီ​က​ပြော​တယ်။ ဌာနခွဲ​က​ညီအစ်ကို​တွေ​နဲ့ စာ​အဆက်အသွယ်​လုပ်ပြီး​တဲ့​နောက် လို​မေ​မြို့တော်​က ရှေ့ဆောင်​ညီအစ်မ​စ​န္ဒြာ​နဲ့ ကျွန်မ​အဆက်အသွယ်​ရခဲ့တယ်။ ၁၉၉၈၊ ဒီဇင်ဘာ​လ ၁ ရက်​နေ့မှာ ထွက်ခွာ​ဖို့ ကျွန်မ​တို့ ရက်​သတ်မှတ်​လိုက်ကြတယ်။

အစစအရာရာ မတူ​ပေမဲ့ ပျော်စရာ​ကောင်း​လိုက်တာ။ လို​မေ​မြို့တော်​ကို​ရောက်တော့ လေယာဉ်​ပေါ်​က​ဆင်း​တာ​နဲ့ အာဖရိကရဲ့​အပူရှိန်​က ကျွန်မ​တို့​အပေါ် စောင်​နဲ့​လွှမ်းခြုံ​လိုက်​သလိုပဲ။ ကျွန်မ​တို့ကို စ​န္ဒြာ​လာကြို​တယ်။ ကျွန်မ​တို့​အချင်းချင်း တစ်ခါ​မှ​မမြင်ဖူး​ပေမဲ့ ချက်ချင်းပဲ မိတ်ဟောင်းဆွေဟောင်း​တွေ​လို​ဖြစ်သွား​တယ်။ ကျွန်မ​တို့​ရောက်​ပြီး​မကြာခင် စ​န္ဒြာ​နဲ့ သူ့​တွဲဖက်​ခရစ္စတင်း​တို့​နှစ်ယောက် အနီးတစ်ဝိုက်​က တာ​ဘ​လီဘို​မြို့လေးမှာ အထူး​ရှေ့ဆောင်​တွေ​အဖြစ် ခန့်အပ်​ခံ​ခဲ့​ရတယ်။ အခု သူတို့​တာဝန်ကျ​ရာ​နေရာ​သစ်​ကို ကျွန်မ​တို့​ပါ လိုက်​ခွင့်​ရခဲ့တယ်။ အဲဒီမှာ ကျွန်မ​တို့ နှစ်လ​လောက်​နေပြီး ပြန်လာ​ကြတယ်။ ဒါပေမဲ့ အဲ့ဒီ​ကို ကျွန်မ​ပြန်သွား​ဦး​မယ်​ဆိုတာ သိနေ​တယ်။

ပြန်သွား​ချင်​နေဆဲ

ပြင်သစ်​ကို ပြန်ရောက်​ရောက်​ချင်း တို​ဂို​နိုင်ငံ​ကို ဒုတိယ​အကြိမ်​ပြန်​သွားဖို့ ပြင်ဆင်​ခဲ့တယ်။ မိသားစုရဲ့​ထောက်ပံ့မှု​ကြောင့် အဲဒီမှာ ခြောက်​လ​လောက်​နေဖို့ ကျွန်မ​စီစဉ်​နိုင်​ခဲ့တယ်။ ဒါ​ကြောင့် ၁၉၉၉၊ စက်တင်ဘာ​လမှာ တို​ဂို​နိုင်ငံ​ကို​သွားတဲ့​လေယာဉ်​ပေါ် ကျွန်မ​ရောက်နေ​ပြန်​ပြီ။ ဒီ​တစ်ခေါက်​တော့ ကျွန်မ​တစ်ယောက်တည်း​ပဲ။ အမြင်​အာရုံ​ချို့ယွင်း​နေတဲ့​ကျွန်မ တစ်ယောက်တည်း​ထွက်သွား​တဲ့​အတွက် ကျန်​တဲ့​အိမ်သားတွေ ဘယ်လောက်​စိတ်ပူ​မယ်​ဆိုတာ စဉ်းစား​ကြည့်​ပါ။ ဒါပေမဲ့ စိတ်ပူ​စ​ရာ​အကြောင်း​မရှိပါဘူး။ မိသားစု​လို​ဖြစ်လာ​တဲ့ ကျွန်မ​ရဲ့​မိတ်ဆွေ​တွေ​က လို​မေ​မြို့မှာ​စောင့်နေ​မယ်​ဆိုတာ​ကို မိဘတွေ​စိတ်ချ​အောင် ပြော​ခဲ့တယ်။

သမ္မာကျမ်းစာ​ကို​စိတ်ဝင်စားသူ အများကြီး​ရှိတဲ့​ဒေသ​ကို ပြန်ရောက်​တာ အားရ​ကျေနပ်စရာ​ပဲ။ လမ်းပေါ်​သွားတဲ့အခါ ကျမ်းစာ​ဖတ်နေ​သူတွေကို မြင်ရ​တာ အဆန်း​တော့​မဟုတ်ဘူး။ တာ​ဘ​လီဘို​မြို့မှာ အိမ်ရှင်​တွေ​က ကျမ်းစာ​ဆွေးနွေး​ဖို့​အတွက် ခေါ်ဖိတ်​တတ်ကြ​တယ်။ ရိုးရိုး​အိမ်​လေးမှာ အထူး​ရှေ့ဆောင်​ညီအစ်မ​နှစ်ယောက်​နဲ့​အတူ နေထိုင်ခွင့်​လည်း​ရခဲ့တယ်။ ကိစ္စရပ်​တွေ​အပေါ် ကြည့်မြင်​ပုံ​မတူတဲ့ ယဉ်ကျေးမှု​နောက်​တစ်မျိုး​ကို ကျွန်မ​သိလာ​ရတယ်။ ဦးဆုံး အာဖရိက​မှာ​ရှိတဲ့ ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​တွေ​ဟာ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ဦးစား​ထား​ကြ​တာ ကျွန်မ​သတိပြုမိ​ခဲ့တယ်။ ဥပမာ၊ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို မိုင်​ပေါင်း​များစွာ လမ်းလျှောက်သွား​ရ​လည်း အစည်းအဝေးတွေကို မ​တက်​ပဲ​မနေကြဘူး။ သူတို့ရဲ့​လှိုက်လှဲ​ပျူ​ငှာ​မှု​နဲ့ ဧည့်ဝတ်​ကျေပွန်​မှု​ကနေ ကျွန်မ သင်ခန်းစာ​အများကြီး​ရခဲ့တယ်။

တစ်နေ့ လယ်ကွင်း​အမှုဆောင်​က​အပြန်​မှာ ကျွန်မ​ပြင်သစ်​ကို​ပြန်​ရမှာ စိုးရိမ်​တဲ့​အကြောင်း စ​န္ဒြာ​ကို ရင်ဖွင့်​မိတယ်။ ကျွန်မ​ရဲ့​မျက်စိ​က ကြာ​လာ​လေ ပို​မှု​န်​လာ​လေ​ပဲ။ ဘေ​ဇ်​ယာ​မြို့ရဲ့ ဆူညံ​ပြည့်ကျပ်​နေတဲ့​လမ်း​တွေ၊ တိုက်ခန်းတွဲ​လှေကား​တွေ​နဲ့ မျက်စိမှုန်​သူ​အတွက် တခြား​အခက်အခဲ​တွေ​အကြောင်း ကျွန်မ​စဉ်းစား​ကြည့်​တယ်။ တာ​ဘ​လီဘို​မြို့မှာတော့ ခင်း​ထား​တဲ့​လမ်း​တွေ​မရှိပေမဲ့ တိတ်ဆိတ်​ငြိမ်သက်​တယ်။ လူနဲ့ ကား​အသွားအလာ​ကျဲ​တယ်။ တာ​ဘ​လီဘို​မြို့မှာ ကျွန်မ​နေသားကျ​နေပြီ​ဆိုတော့ ပြင်သစ်​မှာ ဘယ်လို​ပြန်နေ​ရ​ပါ့​မလဲ။

အဲ့ဒီ​နောက် နှစ်​ရက်​လောက်​ကြာ​တော့ လမ်းပြ​ခွေး​တွေ​ကို လေ့ကျင့်ပေး​တဲ့​ကျောင်း​က ကျွန်မ​ကို​စောင့်နေ​တယ်​ဆိုပြီး အမေ့​ဆီက ဖုန်း​လာတယ်။ အို​စီ​ရဲ​န်း​လို့​ခေါ်​တဲ့ လက်​ဗ​ရာ​ဒေါ​ခွေး​လေး​တစ်ကောင်​ဟာ ကျွန်မ​ရဲ့ “မျက်စိ” ဖြစ်လာ​ပါ​တော့​မယ်။ ကျွန်မ​လိုအပ်​တာ​တွေ ထပ်​ရရှိတဲ့​အခါ စိုးရိမ်စိတ်​တွေ ပျောက်လွင့်​သွား​ပြန်​တယ်။ တာ​ဘ​လီဘို​မြို့မှာ ခြောက်​လ​ကြာ ပျော်ရွှင်စွာ​အမှုဆောင်​ပြီး​တဲ့​နောက် အို​စီ​ရဲ​န်း​ကို​တွေ့​ဖို့ ပြင်သစ်​ကို ပြန်လာ​ခဲ့တယ်။

အို​စီ​ရဲ​န်း​ကို လအနည်းငယ် လေ့ကျင့်ပေး​ပြီး​နောက် ကျွန်မ​လက်ထဲ လွှဲအပ်​လိုက်ကြတယ်။ အစပိုင်း​မှာ မလွယ်​ဘူး။ အချင်းချင်း နားလည်မှု​ရှိအောင် ကျွန်မ​တို့ သင်ယူ​ခဲ့​ကြတယ်။ ဒါပေမဲ့ အို​စီ​ရဲ​န်း​ကို ကျွန်မ​ဘယ်လောက်​လိုအပ်​တယ်​ဆိုတာ တဖြည်းဖြည်း​သိလာ​ရတယ်။ အခုတော့ အို​စီ​ရဲ​န်း​ဟာ ကျွန်မ​အတွက် မရှိလို့​မဖြစ်​တော့​ဘူး။ ဘေ​ဇ်​ယာ​မြို့က​လူတွေ ကျွန်မ​ကို သူတို့​အိမ်ပေါက်ဝ​မှာ ခွေး​တစ်ကောင်​နဲ့​မြင်တဲ့အခါ ဘယ်လို​တုံ့ပြန်​ကြသလဲ။ သူတို့ လေးလေးစားစား၊ ကြင်ကြင်နာနာ​ဆက်ဆံ​ကြတယ်။ အို​စီ​ရဲ​န်း​ဟာ အနီးတစ်ဝိုက်​က လူတွေ​အတွက် “ဇာတ်​လိုက်” ဖြစ်လာ​တယ်။ လူ​အတော်များများဟာ ကိုယ်​အင်္ဂါ​ချို့တဲ့​သူ​တစ်ဦး​ရှေ့မှာ အနေရခက်​ကြ​တဲ့​အတွက် ခွေး​တစ်ကောင်​ရှိ​ထားခြင်း​က ကျွန်မ​ရဲ့​မျက်မမြင်​အဖြစ်ကို အလိုလို​သိရှိစေတယ်။ လူတွေ သက်သောင့်သက်သာ​ဖြစ်သွား​ပြီး ကျွန်မ​ပြော​တာ​ကို နားထောင်​ကြတယ်။ တကယ်​ပါ​ပဲ၊ အို​စီ​ရဲ​န်း​ဟာ စကားပြော​ဆို​ဖို့ လမ်းစ​ဖွင့်ပေး​သူ ဖြစ်လာ​ခဲ့တယ်။

အို​စီ​ရဲ​န်း​နှင့်အတူ အာဖရိကတွင်

အာဖရိက​ကို ကျွန်မ​မေ့​လို့​မရတဲ့​အတွက် တတိယ​အကြိမ်​သွားဖို့ စတင်​ပြင်ဆင်​ခဲ့တယ်။ ဒီ​တစ်ခေါက်​တော့ အို​စီ​ရဲ​န်း​လည်း​ပါ​တယ်။ ကျွန်မ​လို​ပဲ ရှေ့ဆောင်​တွေ​ဖြစ်​ကြ​တဲ့ အန်​တ​နီ​နဲ့ အော်ရိုရာ​တို့​မောင်နှံစုံ​အပြင် ကျွန်မ​ရဲ့​သူငယ်ချင်း​ကယ်ရိုလင်း​ပါ အဖော်​လိုက်ခဲ့ကြတယ်။ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ​လ ၁၀ ရက်​နေ့မှာ လို​မေ​မြို့ကို ကျွန်မ​တို့​ရောက်သွား​တယ်။

အစပိုင်း​မှာ လူ​အတော်​တော်​များများ​က အို​စီ​ရဲ​န်း​ကို ကြောက်​ကြတယ်။ တို​ဂို​နိုင်ငံ​က ခွေး​အများစုက အကောင်​သေး​တဲ့​အတွက် ဒီလောက်​ကြီး​တဲ့​ခွေး​မျိုးကို လို​မေ​မြို့မှာ သိပ်​မမြင်ဖူး​ကြဘူး။ သူ့ရဲ့​သိုင်း​ကြိုး​ကို​မြင်​တော့ ထိန်းချုပ်ဖို့​လို​တဲ့ ခွေး​ဆိုး​တစ်ကောင်​လို့ တချို့က ယူဆ​ခဲ့​ကြတယ်။ အို​စီ​ရဲ​န်း​က​တော့ ကျွန်မ​အတွက် အန္တရာယ်​လို့ သူ​မြင်​တဲ့​အရာ​မှန်သမျှ​ကနေ ကာကွယ်​ပေးဖို့​အသင့်​ပဲ။ ဒါပေမဲ့ မကြာခင်​မှာ သူလည်း ဝန်းကျင်​အသစ်​မှာ နေသားကျ​လာတယ်။ သိုင်း​ကြိုး​တပ်ထား​ပေး​ရင် သူ့ရဲ့​တာဝန်​ချိန်​ဖြစ်​ပြီး စည်းကမ်း​ရှိ​ရှိ၊ တာဝန်​သိ​သိ ကျွန်မ​ဘေးမှာ​နေတယ်။ သိုင်း​ကြိုး​ဖြုတ်​လိုက်ရင်​တော့ ခုန်ပေါက်​ဆော့​ကစား​နေပြီး တစ်ခါ​တ​လေ ဆိုး​တတ်တယ်။ ကျွန်မ​တို့​မှာ ပျော်စရာ​တွေ အများကြီး​ရှိခဲ့တယ်။

တာ​ဘ​လီဘို​မြို့မှာ​ရှိတဲ့ စ​န္ဒြာ၊ ခရစ္စတင်း​တို့​နဲ့​အတူ​နေဖို့ ကျွန်မ​တို့အားလုံး ဖိတ်ခေါ်​ခံ​ခဲ့​ရတယ်။ အို​စီ​ရဲ​န်း​နဲ့ ရင်းနှီး​လာအောင် ဒေသခံ​ညီအစ်ကို၊ ညီအစ်မ​တွေ​ကို အိမ်ကို​ဖိတ်ပြီး လမ်းပြ​ခွေး​တစ်ကောင်​ရဲ့​တာဝန်​တွေ၊ သူ့ကို ကျွန်မ​လိုအပ်​ရတဲ့​အကြောင်း​နဲ့ သူ့​နား​မှာ ဘယ်လို​နေ​သင့်တဲ့​အကြောင်း ရှင်းပြ​ပေး​တယ်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို ကျွန်မ​နဲ့​အတူ အို​စီ​ရဲ​န်း​လိုက်​လာတာကို အကြီးအကဲ​တွေ ခွင့်ပြု​ခဲ့​ကြတယ်။ တို​ဂို​နိုင်ငံ​မှာ သိပ်​ပြီး​ထူးခြားတဲ့​အစီအစဉ်​ဖြစ်​လို့ အဲဒီ​ကိစ္စ​ကို အသင်းတော်မှာ​ကြေညာ​ပေး​ခဲ့တယ်။ အမှုဆောင်​သွား​ရင်​တော့ သူ့ကို​နားလည်​ပေး​မယ့် နေရာ​မျိုး​တွေ​ဖြစ်​တဲ့ ပြန်လည်ပတ်မှု၊ ကျမ်းစာ​သင်အံမှု​တွေ သွားတဲ့အခါ​လောက်​ပဲ အို​စီ​ရဲ​န်း​ကို ကျွန်မ​ခေါ်​သွားတယ်။

ဒီ​နယ်မြေမှာ ဟောပြော​ရတာ တော်​တော်​ပျော်စရာ​ကောင်းတယ်။ ကျွန်မ​ကို ထိုင်​စ​ရာ​နေရာ​ပေး​တာ​စတဲ့ ကြင်နာ​တတ်​တဲ့​လုပ်ရပ်တွေ​နဲ့ ဖော်ပြ​ကြ​တဲ့ သူတို့ရဲ့​စာနာ​ထောက်ထား​မှု​တွေ​ကို ကျွန်မ​အမြဲ​တန်ဖိုး​ထား​တယ်။ ၂၀၀၁၊ အောက်တိုဘာ​လမှာ တို​ဂို​နိုင်ငံ​ကို စတုတ္ထ​အကြိမ်​သွားတဲ့အခါ အမေ​လည်း​လိုက်​လာတယ်။ သုံး​ပတ်​လောက်​နေပြီး​တဲ့​နောက် ကျွန်မ​ကို စိတ်ချ​လက်ချ​ထားခဲ့​ပြီး ပြင်သစ်​ကို အမေ ပျော်ရွှင်စွာ​နဲ့ ပြန်​သွားခဲ့တယ်။

တို​ဂို​နိုင်ငံ​မှာ အမှုဆောင်​နိုင်​ခဲ့​တဲ့​အတွက် ယေဟောဝါ​ကို ကျွန်မ​ကျေးဇူး​တင်​လို့ မဆုံး​ပါ​ဘူး။ ယေဟောဝါ​ရဲ့​အမှုတော်ကို အစွမ်းကုန်​ထမ်းဆောင်​နေစဉ်​မှာ ကျွန်မ​ရဲ့ “စိတ်နှလုံး​အလို ပြည့်စုံ​ရသော​အခွင့်” ကို ကိုယ်တော်​ဆက်လက်​ပေးသနား​မယ်​ဆိုတာ ကျွန်မ​ယုံကြည်​စိတ်ချ​တယ်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 37 ညီအစ်မ​မော်​ဂူး​သည် ပြင်သစ်​နိုင်ငံ​သို့​ပြန်​ပြီး​နောက် ပဉ္စမ​အကြိမ်​အဖြစ် ၂၀၀၃၊ အောက်တိုဘာ​လ ၆ ရက်​နေ့​မှ ၂၀၀၄၊ ဖေဖော်ဝါရီ​လ ၆ ရက်​နေ့​အထိ တို​ဂို​နိုင်ငံ​၌ နေထိုင်​နိုင်​ခဲ့​သည်။ ဝမ်းနည်းစရာမှာ ထပ်​တိုးလာ​သော​ရောဂါ​များ​ကြောင့် ထို​ခရီးစဉ်​သည် ဤ​အစီအစဉ်​စနစ်​တွင် တို​ဂို​နိုင်ငံ​သို့ သူ၏ နောက်ဆုံး​ခရီးစဉ်​ဖြစ်​နိုင်​သည်။ သို့ရာတွင် သူ၏​အပြင်းပြဆုံး​ဆန္ဒ​မှာ ယေဟောဝါ​၏​အမှုတော်ကို ဆက်​ထမ်းဆောင်​ရန်ဖြစ်​သည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အာဖရိက​၏ လွင်ပြင်ကျယ်​နှင့် စိတ်ဝင်စားဖွယ် တောရိုင်း​တိရစ္ဆာန်​များ​အကြောင်း စဉ်းစားမိ​တိုင်း ကျွန်မ​စိတ်​လှုပ်ရှား​ခဲ့​ရ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ပြန်လည်ပတ်မှု​များ​သွားရာတွင် အို​စီ​ရဲ​န်း​လည်း​အတူ​လိုက်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အစည်းအဝေး​များ​သို့ အို​စီ​ရဲ​န်း​လိုက်​လာ​သည်ကို အကြီးအကဲ​များ​က​ခွင့်ပြု​ခဲ့