မျက်မြင်အားဖြင့်မဟုတ် ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ကြလော့
မျက်မြင်အားဖြင့်မဟုတ် ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ကြလော့
“မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမူသည်။”—၂ ကောရိန္သု ၅:၇။
၁။ တမန်တော်ပေါလုသည် မျက်မြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ခဲ့ကြောင်း အဘယ်အရာက ဖော်ပြသနည်း။
အချိန်ကား စီ.အီး. ၅၅ ခုနှစ် ဖြစ်သည်။ ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းခဲ့သော ရှောလုအမည်ရှိသူသည် ခရစ်ယာန်ဘာသာကို လက်ခံယုံကြည်လာခဲ့သည်မှာ အနှစ် ၂၀ ခန့်ရှိလေပြီ။ ကုန်လွန်သွားခဲ့သည့် ထိုအချိန်ကာလအတွင်း ဘုရားသခင်အပေါ်ထားရှိသည့် သူ၏ယုံကြည်ခြင်း လျော့နည်းမသွားခဲ့ချေ။ ကောင်းကင်အရာများကို ပကတိမျက်စိဖြင့် မမြင်ရသော်လည်း သူသည် ယုံကြည်ခြင်းခိုင်မြဲသူဖြစ်၏။ ထို့ကြောင့် ကောင်းကင်မျှော်လင့်ချက်ရှိသည့် ဝိညာဉ်တော်ဖွားခရစ်ယာန်များထံ စာရေးသည့်အခါ တမန်တော်ပေါလုက “မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမူသည်” ဟု ဆိုလေသည်။—၂ ကောရိန္သု ၅:၇။
၂၊ ၃။ (က) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်နေကြောင်း မည်သို့ဖော်ပြကြသနည်း။ (ခ) မျက်မြင်အားဖြင့် ကျင့်ဆောင်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။
၂ ယုံကြည်ခြင်းဖြင့် ကျင့်ဆောင်ရန် ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင် လမ်းညွှန်နိုင်စွမ်း ရှိတော်မူသည်ကို အပြည့်အဝ ယုံကြည်ကိုးစားရန်လို၏။ ကျွန်ုပ်တို့အတွက် အဘယ်အရာ အကောင်းဆုံးဖြစ်သည်ကို ကိုယ်တော်အမှန်ပင် သိရှိတော်မူကြောင်း လုံးလုံးလျားလျား ယုံကြည်စိတ်ချရပေမည်။ (ဆာလံ ၁၁၉:၆၆) ဘဝတွင် ဆုံးဖြတ်ချက်များချ၍ ကျင့်ဆောင်ပြုမူသည့်အခါ ကျွန်ုပ်တို့သည် “မမြင်သေးသောအရာတို့ကို” ထည့်သွင်းစဉ်းစားကြသည်။ (ဟေဗြဲ ၁၁:၁) မမြင်သေးသောအရာတို့တွင် ကတိပြုထားသည့် “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ပါဝင်သည်။ (၂ ပေတရု ၃:၁၃) မျက်မြင်အားဖြင့် ကျင့်ဆောင်ခြင်းဟူမူကား ကျွန်ုပ်တို့၏ ပကတိအာရုံများဖြင့် သိရှိခံစားရသည့် အရာပေါ်၌သာ အသက်ရှင်ခြင်းကို ဆိုလို၏။ ယင်းသည် အန္တရာယ်ရှိ၏၊ အကြောင်းမှာ ဘုရားသခင့်အလိုတော်ကို လုံးလုံးလျားလျား လျစ်လျူရှုမိနိုင်၍ဖြစ်သည်။—ဆာလံ ၈၁:၁၂; ဒေ. ၁၁:၉။
၃ ကျွန်ုပ်တို့သည် ကောင်းကင်ခေါ်တော်မူခြင်းခံရသည့် “သိုးစုငယ်” အဝင်ဖြစ်ပါစေ၊ မြေကြီးမျှော်လင့်ချက်ရှိသည့် “အခြားသိုး” အဝင်ဖြစ်ပါစေ တစ်ဦးစီသည် မျက်မြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ပါဟူသော သတိပေးချက်ကို နှလုံးသွင်းသင့်သည်။ (လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆) ဘုရားသခင် မှုတ်သွင်းရေးသားစေသော ဤအကြံပေးစကားကို လိုက်နာခြင်းက “အပြစ်ရှိသော ကာမဂုဏ်ကိုခဏခံစားခြင်း၊” ပစ္စည်းဥစ္စာကိုအဓိကထားခြင်း၊ ဤအစီအစဉ်စနစ်၏အဆုံးကို မျက်ခြည်ပြတ်ခြင်းတို့မှ မည်သို့ကာကွယ်ပေးမည်ကို ကြည့်ကြပါစို့။ ထို့ပြင် မျက်မြင်အားဖြင့် ကျင့်ဆောင်ခြင်း၏ အန္တရာယ်များကိုပါ ဆန်းစစ်ကြပါမည်။—ဟေဗြဲ ၁၁:၂၅၊ ၂၆။
“အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်း” ကို ငြင်းပယ်ခြင်း
၄။ အဘယ်အရာကို မောရှေ ရွေးချယ်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၄ အာမရံ၏သား မောရှေ မွေ့လျော်ခဲ့ရသည့်ဘဝကို စဉ်းစားကြည့်ပါ။ ရှေးအီဂျစ်ပြည်တွင် မင်းညီမင်းသားတစ်ယောက်အနေနှင့် ကြီးပြင်းလာခဲ့သည့် မောရှေသည် စည်းစိမ်ဥစ္စာနှင့် ဩဇာအာဏာ ရနိုင်သည့် အလားအလာရှိခဲ့၏။ ‘နာမည်ကြီး အီဂျစ်အတတ်ပညာအားလုံးကို ငါတတ်မြောက်ထားတယ်။ နှုတ်သတ္တိ၊ လက်သတ္တိနဲ့လည်း ပြည့်စုံတယ်။ နန်းတွင်းမှာ ဆက်နေသွားမယ်ဆိုရင် ဖိနှိပ်ခံနေရတဲ့ ငါ့ဟေဗြဲညီအစ်ကိုတွေရဲ့ အကျိုးကိုသယ်ပိုးဖို့ ငါ့ရာထူးကို အသုံးချနိုင်မယ်’ ဟု မောရှေ တွေးကောင်းတွေးခဲ့ပေမည်။ (တမန်တော် ၇:၂၂) သို့သော် ထိုသို့တွေးမည့်အစား မောရှေသည် “ဘုရားသခင်၏ လူတို့နှင့်အတူ ညှဉ်းဆဲခံ” ရန် ရွေးချယ်ခဲ့၏။ အဘယ်ကြောင့်နည်း။ အဘယ်အရာက မောရှေအား အီဂျစ်ပြည်က ကမ်းလှမ်းသည့် အရာအားလုံးကို ငြင်းပယ်စေခဲ့သနည်း။ မောရှေသည် “ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ အဲဂုတ္တုပြည်ကို စွန့်သွား၏။ အကြောင်းမူကား မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏” ဟု သမ္မာကျမ်းစာကဖြေဆိုသည်။ (ဟေဗြဲ ၁၁:၂၄-၂၇) ဖြောင့်မတ်ခြင်းအတွက် ယေဟောဝါ ဆုချမည်ကို ယုံကြည်ခြင်းက မောရှေအား အပြစ်နှင့် အပြစ်ရှိသော တဒင်္ဂသာယာမှုကို တွန်းလှန်စေခဲ့၏။
၅။ မောရှေ၏ပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်သို့ အားပေးခံရသနည်း။
၅ ‘ကျမ်းစာမူများနှင့် အပြည့်အဝ မကိုက်ညီသည့် အလေ့အထ သို့မဟုတ် အကျင့်တစ်ခုခုကို ကျွန်ုပ်စွန့်လွှတ်သင့်သလော။ ပစ္စည်းဥစ္စာဘက်တွင် အရေးသာပုံပေါက်သော်လည်း ဝိညာဉ်ရေးတိုးတက်မှုကို နှောင့်နှေးစေမည့် အလုပ်အကိုင်ကို ကျွန်ုပ်လက်ခံသင့်သလော’ အစရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့လည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချရသည့်အခါများရှိ၏။ မောရှေ၏ပုံသက်သေက ကျွန်ုပ်တို့ကို ဤလောက၏ အမြော်အမြင်ကျဉ်းမြောင်းမှုမျိုး ထင်ဟပ်သည့် ရွေးချယ်မှုများ မပြုမိစေရန် အားပေးသည်။ သို့အစား ကျွန်ုပ်တို့သည် “မျက်မြင်မရသော ဘုရားသခင်” ယေဟောဝါ၏ အမြော်အမြင်ကြီးမားသည့် ဉာဏ်ပညာကို ယုံကြည်ကိုးစားသင့်သည်။ မောရှေကဲ့သို့ ဤလောကကမ်းလှမ်းသည့် အဘယ်အရာထက်မဆို ယေဟောဝါ၏ မိတ်သဟာယကို ကျွန်ုပ်တို့ အမြတ်တနိုး ထားနိုင်ကြပါစေ။
၆၊ ၇။ (က) ဧသောသည် မျက်မြင်အားဖြင့် ကျင့်ဆောင်လိုကြောင်း မည်သို့တင်ပြခဲ့သနည်း။ (ခ) ဧသော၏ပုံနမူနာမှ အဘယ်သတိပေးချက် ရရှိသနည်း။
၆ ဘိုးဘေးဣဇာက်၏ သားတစ်ဦးဖြစ်သူ ဧသောနှင့် မောရှေတို့၏ ခြားနားမှုကို နှိုင်းယှဉ်ကြည့်ပါ။ ဧသောသည် လတ်တလော လိုဘပြည့်ရေးကိုသာကြည့်သည်။ (ကမ္ဘာဦး ၂၅:၃၀-၃၄) ဧသောသည် “တစ်နပ်စာအဖိုးနှင့်” သားဦးအရာကို ရောင်းပစ်ခြင်းဖြင့် မြင့်မြတ်သောအရာများကို “မရိုမသေပြု” ခဲ့သည်။ (ဟေဗြဲ ၁၂:၁၆) သားဦးအရာကိုရောင်းရန် ဆုံးဖြတ်လိုက်ခြင်းသည် ယေဟောဝါနှင့် မိမိ၏ဆက်ဆံရေးကို မည်သို့ထိခိုက်နိုင်ကြောင်း၊ မိမိ၏လုပ်ရပ်သည် သားမြေးများအပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း သူမစဉ်းစားခဲ့ချေ။ သူ့တွင် ဝိညာဉ်ရေးအမြင် မရှိခဲ့ပေ။ ဧသောသည် ဘုရားသခင်၏ အဖိုးထိုက်သော ကတိတော်များကို တန်ဖိုးမရှိသည့်အလား သဘောထားကာ ဥပေက္ခာပြုခဲ့၏။ သူသည် ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ မျက်မြင်အားဖြင့် ကျင့်ဆောင်ခဲ့၏။
၇ ဧသော၏ပုံနမူနာသည် ယနေ့ ကျွန်ုပ်တို့အတွက် သတိပေးချက်တစ်ခုဖြစ်၏။ (၁ ကောရိန္သု ၁၀:၁၁) ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက် ကြီးကြီးငယ်ငယ် ချသည့်အခါ လိုချင်ရာကို ချက်ချင်းရရမည်ဟူသော စာတန့်လောက၏ ဝါဒဖြန့်လှည့်စားမှု မခံရအောင် သတိထားရမည်။ ‘ငါ့ရဲ့ဆုံးဖြတ်ချက်တွေက ဧသောရဲ့သဘောထားမျိုး တင်ပြနေသလား။ အခုလိုချင်တာကို ရဖို့ကြိုးစားမယ်ဆိုရင် ဝိညာဉ်ရေးရာကို ဒုတိယနေရာမှာ ထားရာရောက်သွားမလား။ ငါ့ရဲ့ရွေးချယ်မှုတွေဟာ ဘုရားသခင့် မိတ်သဟာယနဲ့ အနာဂတ်ဆုကျေးဇူးတွေကို အန္တရာယ်ပြုနေသလား။ တခြားလူတွေအတွက် ဘယ်လိုစံနမူနာမျိုး ငါပြနေသလဲ’ ဟူ၍ မိမိကိုယ်ကို မေးသင့်ပေသည်။ ကျွန်ုပ်တို့၏ ရွေးချယ်မှုများသည် မြင့်မြတ်သောအရာများကို လေးမြတ်ကြောင်းပြမည်ဆိုလျှင် ကျွန်ုပ်တို့အား ယေဟောဝါ ကောင်းချီးပေးပါလိမ့်မည်။—သု. ၁၀:၂၂။
ပစ္စည်းဥစ္စာအဓိကထားသည့် ကျော့ကွင်းကို ရှောင်ကြဉ်ခြင်း
၈။ လောဒိကိ ခရစ်ယာန်များသည် အဘယ်သတိပေးချက် ရရှိခဲ့ကြသနည်း။ ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသနည်း။
၈ ပထမရာစု ကုန်ခါနီးတွင် တမန်တော်ယောဟန်အား ပေးခဲ့သည့် ဖွင့်ပြချက်တစ်ခု၌ ဘုန်းထင်ရှားသော ယေရှုခရစ်သည် အာရှမိုင်းနား၊ လောဒိကိမြို့ရှိ အသင်းတော်ထံသို့ သတင်းစကား ပါးလိုက်၏။ ယင်းသတင်းစကားသည် ပစ္စည်းဥစ္စာ အဓိကထားခြင်းကို သတိပေးထား၏။ လောဒိကိ ခရစ်ယာန်များသည် ရုပ်ပစ္စည်းဘက်တွင် ကြွယ်ဝကြသော်လည်း ဝိညာဉ်ရေးဘက်တွင်မူ ချွတ်ခြုံကျနေ၏။ သူတို့သည် ယုံကြည်ခြင်းအားဖြင့် ဆက်လက်ကျင့်ဆောင်မည့်အစား ရုပ်ပစ္စည်းများဖြင့် မိမိတို့၏ ဝိညာဉ်ရေးအမြင်ကို ကွယ်စေကြ၏။ (ဗျာ. ၃:၁၄-၁၈) ယနေ့လည်း ပစ္စည်းဥစ္စာ အဓိကထားခြင်းသည် ထပ်တူဆိုးကျိုးမျိုး ဖြစ်ပေါ်စေသည်။ ယင်းသည် ကျွန်ုပ်တို့ကို ယုံကြည်ခြင်းအားနည်းစေပြီး အသက်ပြေးပွဲမှ တစ်ဝက်တစ်ပျက်နှင့် ထွက်သွားစေသည်။ (ဟေဗြဲ ၁၂:၁) ကျွန်ုပ်တို့ သတိမထားပါက ဤဘဝ၏ “ကာမဂုဏ်ခံစားခြင်း” သည် ဝိညာဉ်ရေးလုပ်ငန်းဆောင်တာများ ရပ်တန့်သွားသည်အထိ လွှမ်းမိုးသွားနိုင်သည်။—လုကာ ၈:၁၄။
၉။ ဝိညာဉ်အစာကို လေးမြတ်ပြီး ကျေနပ်ရောင့်ရဲခြင်းက ကျွန်ုပ်တို့ကို မည်သို့ကာကွယ်ပေးသနည်း။
၉ ဝိညာဉ်ရေးကိုကာကွယ်ရန် အဓိကလိုအပ်သည့်အချက်မှာ ရုပ်ပစ္စည်းကြွယ်ဝရေးအတွက် ဤလောကကို အပြည့်အဝမသုံးဘဲ ရောင့်ရဲခြင်းဖြစ်၏။ (၁ ကောရိန္သု ၇:၃၁; ၁ တိမောသေ ၆:၆-၈) ကျွန်ုပ်တို့သည် မျက်မြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်မည်ဆိုလျှင် လက်ရှိဝိညာဉ်ရေးပရဒိသုတွင် ပျော်ရွှင်မှုရကြမည်။ အာဟာရပြည့်ဝသည့် ဝိညာဉ်အစာကို မှီဝဲစားသုံးသည်နှင့်အမျှ “ရွှင်လန်းသောစိတ်နှင့် သီချင်းဆို” ရန် လှုံ့ဆော်ခံရသည် မဟုတ်ပေလော။ (ဟေရှာယ ၆၅:၁၃၊ ၁၄) ထို့ပြင် ဘုရားသခင့် ဝိညာဉ်တော်အသီး သီးနေသူတို့နှင့် ပေါင်းသင်းရခြင်းအတွက် ကျွန်ုပ်တို့ နှစ်ထောင်းအားရ ဖြစ်ကြ၏။ (ဂလာတိ ၅:၂၂၊ ၂၃) ဝိညာဉ်ရေးအရ ယေဟောဝါ ပြင်ဆင်ပေးရာများမှ ကျေနပ်မှုနှင့် လန်းဆန်းမှုရရှိရန် အလွန်အရေးကြီးပေသည်။
၁၀။ မိမိကိုယ်ကို အဘယ်မေးခွန်းများမေးသင့်သနည်း။
၁၀ မိမိကိုယ်ကို အောက်ပါအတိုင်း ဆန်းစစ်ကြည့်ပါ– ‘ကျွန်တော့်ဘဝမှာ ရုပ်ပစ္စည်းတွေဟာ ဘယ်လောက်အရေးပါသလဲ။ ဥစ္စာပစ္စည်းကို အပျော်အပါးအတွက် အသုံးပြုနေသလား၊ စစ်မှန်တဲ့ကိုးကွယ်မှု တိုးပွားရေးအတွက် အသုံးပြုနေသလား။ ငါ့ကို ဘာက စိတ်ကျေနပ်မှု အများဆုံးပေးသလဲ။ ခရစ်ယာန် အစည်းအဝေးတွေမှာ ကျမ်းစာလေ့လာရတာ၊ ပေါင်းသင်းဆက်ဆံရတာတွေလား၊ ဒါမှမဟုတ် ခရစ်ယာန်တာဝန်တွေနဲ့ ကင်းဝေးတဲ့ စနေတနင်္ဂနွေ အားလပ်ရက်တွေလား။ စနေတနင်္ဂနွေ အားလပ်ရက်တွေ ခပ်များများကို လယ်ကွင်းဓမ္မအမှုအတွက်၊ စင်ကြယ်တဲ့ ကိုးကွယ်မှုနဲ့ဆိုင်တဲ့ လုပ်ငန်းတွေအတွက် အသုံးပြုမယ့်အစား အပန်းဖြေဖို့အတွက်သာ ဖယ်ထားသလား။’ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ခြင်းဟူသည်မှာ ယေဟောဝါ၏ ကတိတော်များကို အပြည့်အဝ ယုံကြည်ကိုးစား၍ နိုင်ငံတော်လုပ်ငန်းတွင် အလုပ်များနေခြင်းဖြစ်သည်။—၁ ကောရိန္သု ၁၅:၅၈။
အဆုံးကို မျက်ခြည်မပြတ်နှင့်
၁၁။ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ခြင်းက အဆုံးကို မျက်ခြည်မပြတ်ရန် မည်သို့ကူညီပေးသနည်း။
၁၁ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ခြင်းက အဆုံးဝေးပါသေးသည်၊ လုံးဝလာမည်မဟုတ်ပါဟူသော ဇာတိအမြင်သဘောမျိုး မရှိအောင် ကျွန်ုပ်တို့ကို ကူညီပေးသည်။ ကျွန်ုပ်တို့သည် ကျမ်းစာပရောဖက်ပြုချက်ကို အလေးမထားသည့် မယုံကြည်သူများနှင့်မတူဘဲ ကမ္ဘာ့ဖြစ်ရပ်များသည် ယခုခေတ်အတွက် ကျမ်းစာကြိုဟောထားသည့်အတိုင်း ဖြစ်နေသည်ကို သိမြင်ကြ၏။ (၂ ပေတရု ၃:၃၊ ၄) ဥပမာ၊ လူအများစု၏ သဘောထားနှင့် အပြုအမူတို့က ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေကြောင်း သက်သေထူနေသည် မဟုတ်ပေလော။ (၂ တိမောသေ ၃:၁-၅) လတ်တလော ကမ္ဘာ့ဖြစ်ရပ်များသည် သမိုင်းတစ်ပတ်လည်ခြင်းမျှသာ မဟုတ်ဘဲ ခရစ်တော် ‘ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောနိမိတ်’ ဖြစ်ကြောင်း ယုံကြည်ခြင်းမျက်စိဖြင့် ကျွန်ုပ်တို့သိမြင်ကြ၏။—မဿဲ ၂၄:၁-၁၄။
၁၂။ လုကာ ၂၁:၂၀၊ ၂၁ တွင် မှတ်တမ်းတင်ထားသည့် ယေရှု၏စကားသည် ပထမရာစုတွင် မည်သို့ပြည့်စုံခဲ့သနည်း။
၁၂ ကျွန်ုပ်တို့ခေတ်နှင့်ဆင်တူသည့် ပထမရာစုနှစ်မှ အဖြစ်အပျက်တစ်ခုကို သုံးသပ်ကြည့်ပါ။ ယေရှုခရစ်သည် မြေကြီးပေါ်ရှိစဉ်က “ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ” ဟု နောက်လိုက်များကို သတိပေးခဲ့၏။ (လုကာ ၂၁:၂၀၊ ၂၁) ဤပရောဖက်ပြုချက် ပြည့်စုံသည့်အနေနှင့် စီ.အီး. ၆၆ ခုနှစ်တွင် စက်စ်တီးယပ်စ် ဂဲလပ်စ် ဦးစီးသည့် ရောမစစ်တပ်သည် ယေရုရှလင်မြို့ကို ဝိုင်းရံပိတ်ဆို့ခဲ့သည်။ သို့သော် ရောမစစ်တပ် ရုတ်တရက် တပ်ခေါက်သွားခြင်းက ထိုဒေသတွင်ရှိသော ခရစ်ယာန်များအား “တောင်ပေါ်သို့ပြေး” ရန် အချိန်တန်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။ တစ်ချိန်တည်း၌ ထွက်ပြေးရန်အတွက်လည်း လမ်းပွင့်သွားသည်။ စီ.အီး. ၇၀ ပြည့်နှစ်တွင် ရောမစစ်တပ်သည် ပြန်လာ၍ ယေရုရှလင်မြို့နှင့် ဝတ်ပြုရာအိမ်တော်ကို တိုက်ခိုက်ဖျက်ဆီးလိုက်သည်။ ဂျူးလူမျိုး တစ်သန်းကျော်သေဆုံးကာ ၉၇,၀၀၀ သုံ့ပန်းအဖြစ် ဖမ်းသွားခံရသည်ဟု ဂျိုစီဖပ်စ်ကဆို၏။ ထိုအချိန်တွင် ဂျူးအစီအစဉ်စနစ်ကို ဘုရားသခင် တရားစီရင်ခဲ့သည်။ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ပြီး ယေရှု၏သတိပေးချက်ကို လိုက်နာသူတို့သည် ဘေးဆိုးမှလွတ်မြောက်ခဲ့၏။
၁၃၊ ၁၄။ (က) အဘယ်အရာများ ဖြစ်ပျက်လာတော့မည်နည်း။ (ခ) ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံခြင်းကို သတိပြုရန် အဘယ်ကြောင့် နိုးကြားနေသင့်သနည်း။
၁၃ ကျွန်ုပ်တို့ခေတ်တွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပျက်လာတော့မည်။ ဘုရားသခင် တရားစီရင်ချိန်၌ ယူအဲန်အဖွဲ့ဝင် နိုင်ငံတချို့ ပါဝင်ပတ်သက်ပေလိမ့်မည်။ ပထမရာစုမှ ရောမစစ်တပ်ကို ပက်ခ်စ် ရိုမာနာ (ရောမငြိမ်းချမ်းရေး) ထိန်းသိမ်းရန် ရည်ရွယ်ဖွဲ့စည်းခဲ့သကဲ့သို့ ယနေ့လည်း ယူအဲန်ကို ငြိမ်းချမ်းမှုထိန်းသိမ်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထား၏။ ရောမစစ်တပ်သည် ထိုစဉ်ကသိထားသောကမ္ဘာကို အတော်အတန် လုံခြုံမှုရှိအောင် ထိန်းသိမ်းနိုင်ခဲ့သော်လည်း ယေရုရှလင်မြို့ကိုမူ ဖျက်ဆီးပစ်ခဲ့သည်။ ယနေ့လည်း ယူအဲန်အတွင်းရှိ စစ်အင်အားစုများသည် ဘာသာရေးကို အနှောင့်အယှက်ပေးသူအဖြစ် ရှုမြင်လာပြီး ခေတ်သစ်ယေရုရှလင်ဖြစ်သော ခရစ်ယာန်ဘောင်နှင့်တကွ မဟာဗာဗုလုန်၏ ကျန်အစိတ်အပိုင်းအားလုံးကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ကျမ်းစာပရောဖက်ပြုချက်က ညွှန်ပြသည်။—ဗျာ. ၁၇:၁၂-၁၇။ မှားယွင်းသော ကမ္ဘာ့ဘာသာရေး အင်ပါယာတစ်ခုလုံးသည် ဖျက်ဆီးခြင်း ခံရလုနီးပြီ။
၁၄ မှားယွင်းသောဘာသာရေး ဖျက်ဆီးခံရခြင်းသည် ကြီးစွာသောဆင်းရဲခြင်း၏အစဖြစ်မည်။ ကြီးစွာသောဆင်းရဲခြင်း၏ အဆုံးပိုင်းတွင် ဆိုးယုတ်သော ဤအစီအစဉ်စနစ်၏ ကျန်ကြွင်းသည့် အစိတ်အပိုင်းများသည် ဖျက်ဆီးခံရမည်။ (မဿဲ ၂၄:၂၉၊ ၃၀; ဗျာ. ၁၆:၁၄၊ ၁၆) ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ခြင်းက ကျွန်ုပ်တို့အား ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံခြင်းကို သတိပြုရန် နိုးကြားစေသည်။ ကျွန်ုပ်တို့သည် ယူအဲန်ကဲ့သို့သော မည်သည့်လူ့အဖွဲ့အစည်းကိုမျှ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် လုံခြုံမှုကို ဆောင်ကြဉ်းပေးသည့် ဘုရားသခင့်နည်းလမ်းဟု ယူမှတ်ကြမည်မဟုတ်ပေ။ သို့ဖြစ်၍ “ထာဝရဘုရား၏နေ့ကြီး နီးပြီ” ဟူ၍ ယုံကြည်လက်ခံကြောင်း ကျွန်ုပ်တို့၏ အသက်ရှင်နေထိုင်ပုံက ဖော်ပြသင့်သည် မဟုတ်ပေလော။—ဇေဖနိ ၁:၁၄။
မျက်မြင်အားဖြင့် ကျင့်ဆောင်ခြင်းသည် မည်မျှအန္တရာယ်ရှိသနည်း
၁၅။ ဣသရေလလူမျိုးသည် ဘုရားသခင်ထံတော်မှ ကောင်းချီးများ ခံစားရလင့်ကစား အဘယ်ထောင်ချောက်ထဲ ကျရောက်သွားခဲ့ကြသနည်း။
၁၅ မျက်မြင်အားဖြင့် ကျင့်ဆောင်ခြင်းသည် လူတစ်ဦး၏ယုံကြည်ခြင်းကို အားနည်းသွားစေနိုင်သည့် အန္တရာယ်ရှိကြောင်း ရှေးဣသရေလလူမျိုး၏ အတွေ့အကြုံများက ဖော်ပြသည်။ ဣသရေလလူမျိုးသည် အီဂျစ်ပြည်၏ မှောက်မှားသော နတ်ဘုရားများ အရှက်ရစေသည့် ကပ်ဘေးဆယ်ပါးကို တွေ့ မြင်လိုက်ရသည့်အပြင် ပင်လယ်နီမှ အံ့မခန်းဖွယ် ကယ်လွှတ်ခံခဲ့ရသော်လည်း စကားနားမထောင်ဘဲ ရွှေနွားရုပ်ပြုလုပ်ကာ ကိုးကွယ်ခဲ့ကြသည်။ သူတို့သည် “တောင်ပေါ်မှာ ကြာမြင့်စွာရှိနေ” သည့် မောရှေအား စောင့်ရသည့်အတွက် စိတ်မရှည်နိုင် ဖြစ်လာကြ၏။ (ထွက်မြောက်ရာ ၃၂:၁-၄) စိတ်မရှည်ခြင်းကြောင့် သူတို့သည် ပကတိမျက်စိဖြင့်မြင်ရသည့် အရုပ်ကို ကိုးကွယ်ခဲ့ကြ၏။ ထိုကဲ့သို့ မျက်မြင်အားဖြင့် ကျင့်ဆောင်ခြင်းကြောင့် ယေဟောဝါအား မထီမဲ့မြင်ပြုရာရောက်သဖြင့် “လူသုံးထောင်လောက်” အသတ်ခံလိုက်ရသည်။ (ထွက်မြောက်ရာ ၃၂:၂၅-၂၉) ယနေ့ ယေဟောဝါအား ကိုးကွယ်သူတစ်ဦးသည် ယေဟောဝါကို မကိုးစားကြောင်း၊ ကတိတော်များကို ပြည့်စုံစေနိုင်စွမ်း ကိုယ်တော်၌မရှိကြောင်း ထင်ဟပ်သည့် ဆုံးဖြတ်ချက်များချမည်ဆိုလျှင် မည်မျှဝမ်းနည်းစရာ ကောင်းမည်တကား။
၁၆။ အပြင်ပန်းသဏ္ဌာန်က ဣသရေလလူမျိုးကို အဘယ်ဆိုးကျိုး ပေးခဲ့သနည်း။
၁၆ အပြင်ပန်းသဏ္ဌာန်က ဣသရေလလူမျိုးအား အခြားနည်းလမ်းများဖြင့် ဆိုးကျိုးပေးခဲ့၏။ သူတို့သည် မျက်မြင်အားဖြင့် ကျင့်ဆောင်သည့်အတွက် ရန်သူများကို ကြောက်ရွံ့တုန်လှုပ်ခဲ့ကြသည်။ (တောလည်ရာ ၁၃:၂၈၊ ၃၂; တရားဟောရာ ၁:၂၈) သို့နှင့် သူတို့သည် ဘုရားသခင်ထံမှ မောရှေရရှိထားသည့်အာဏာကို စောဒကတက်ကာ မိမိတို့၏ ဘဝအခြေအနေနှင့်ပတ်သက်၍ ညည်းညူခဲ့ကြသည်။ ဤသို့ယုံကြည်ခြင်း ကင်းမဲ့မှုကြောင့် သူတို့သည် ကတိထားရာပြည်တော်ထက် နတ်ဆိုးထိန်းချုပ်သည့် အီဂျစ်ပြည်ကို ပို၍နှစ်ခြိုက်ခဲ့ကြသည်။ (တောလည်ရာ ၁၄:၁-၄; ဆာလံ ၁၀၆:၂၄) လူမျိုးတော်သည် သူတို့၏ မျက်မြင်မရသော ရှင်ဘုရင်ဖြစ်သည့် မိမိအား ကမ်းကုန်အောင် မထီမဲ့မြင်ပြုကြသည်ကို ယေဟောဝါ တွေ့မြင်တော်မူသောအခါ မည်မျှစိတ်နာလိုက်မည်ဖြစ်ခြင်း။
၁၇။ ရှမွေလလက်ထက်တွင် အဘယ်အရာက ဣသရေလလူမျိုးအား ယေဟောဝါ၏ လမ်းညွှန်မှုကို ငြင်းပယ်စေခဲ့သနည်း။
၁၇ ပရောဖက် ရှမွေလလက်ထက်တွင် မျက်နှာသာရ ဣသရေလလူမျိုးသည် မျက်မြင်အားဖြင့် ကျင့်ဆောင်သည့် ထောင်ချောက်ထဲ နောက်တစ်ဖန် ကျဆင်းသွားပြန်သည်။ သူတို့သည် မြင်နိုင်သည့် ရှင်ဘုရင်တစ်ပါး လိုချင်လာကြသည်။ ယေဟောဝါသည် သူတို့၏ရှင်ဘုရင်ဖြစ်ကြောင်း ပြသခဲ့သော်လည်း သူတို့အတွက် ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ရန် မလုံလောက်စေခဲ့ချေ။ (၁ ဓမ္မရာဇဝင် ၈: ၄- ၉) သူတို့သည် ပတ်ဝန်းကျင်နိုင်ငံများနှင့် တူလိုသည့်အတွက် အပြစ်အနာအဆာကင်းသော ယေဟောဝါ၏ လမ်းညွှန်မှုကို မိုက်မိုက်မဲမဲ ငြင်းပယ်ခြင်းဖြင့် မိမိတို့ကိုယ်ကို အကျိုးယုတ်စေခဲ့ကြ၏။—၁ ဓမ္မရာဇဝင် ၈:၁၉၊ ၂၀။
၁၈။ မျက်မြင်အားဖြင့် ကျင့်ဆောင်ခြင်း၏ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အဘယ်သင်ခန်းစာများ ရနိုင်သနည်း။
၁၈ ကျွန်ုပ်တို့သည် ယေဟောဝါ၏ မျက်မှောက်ခေတ် အစေခံများအနေနှင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ကောင်းသောဆက်ဆံရေးကို မြတ်နိုးကြသည်။ ကျွန်ုပ်တို့သည် အတိတ်ကဖြစ်ရပ်များမှ အဖိုးတန်သင်ခန်းစာများ ရယူ၍ ဘဝတွင် လက်တွေ့ကျင့်သုံးလိုကြသည်။ (ရောမ ၁၅:၄) ဣသရေလလူမျိုးသည် မျက်မြင်အားဖြင့် ကျင့်ဆောင်ခဲ့စဉ်က သူတို့ကို မောရှေမှတစ်ဆင့် ဘုရားသခင် လမ်းညွှန်နေကြောင်း မေ့လျော့သွားခဲ့ကြသည်။ ကျွန်ုပ်တို့သည်လည်း သတိမထားပါက ယနေ့ ခရစ်ယာန်အသင်းတော်ကို ယေဟောဝါဘုရားသခင်နှင့် သာ၍ကြီးမြတ်သော မောရှေဖြစ်သည့် ယေရှုခရစ်တို့ ညွှန်ကြားနေသည်ကို မေ့လျော့သွားနိုင်၏။ (ဗျာ. ၁:၁၂-၁၆) ကျွန်ုပ်တို့သည် ယေဟောဝါ၏ မြေကြီးဆိုင်ရာ အဖွဲ့အစည်းကို လူ့ရှုထောင့်ဖြင့် မရှုမြင်ရန် သတိပြု ရှောင်ရှားကြရမည်။ လူ့ရှုထောင့်ဖြင့် ရှုမြင်မည်ဆိုလျှင် ညည်းညူသည့်သဘော ဝင်လာနိုင်ပြီး ယေဟောဝါ၏ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ‘သစ္စာနှင့် သတိပညာရှိသောကျွန်’ မှ ပြင်ဆင်ပေးသည့် ဝိညာဉ်အစာကိုလည်းကောင်း တန်ဖိုးထားလေးစားသည့်စိတ် ပျောက်ဆုံးသွားနိုင်သည်။—မဿဲ ၂၄:၄၅။
ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ရန် သန္နိဋ္ဌာန်ချလော့
၁၉၊ ၂၀။ သင်သည် အဘယ်အရာကို လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားသနည်း၊ အဘယ်ကြောင့်နည်း။
၁၉ သမ္မာကျမ်းစာက “ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏” ဟုဆို၏။ (ဧဖက် ၆:၁၂) စာတန်သည် ကျွန်ုပ်တို့၏ မဟာရန်သူကြီးဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ ယေဟောဝါအပေါ်ထားရှိသည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ရန်ဖြစ်၏။ ဘုရားသခင်အား ဝတ်ပြုရန် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ကို ယိမ်းယိုင်စေမည့် မည်သည့်သွေးဆောင်မှုကိုမဆို စာတန် လက်လွတ်ခံမည်မဟုတ်။ (၁ ပေတရု ၅:၈) စာတန့်စနစ်၏ အပြင်ပန်းသဏ္ဌာန်၏ လှည့်ဖြားမှုကိုမခံရအောင် ကျွန်ုပ်တို့ကို အဘယ်အရာက ကာကွယ်ပေးမည်နည်း။ မျက်မြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ခြင်းဖြစ်သည်။ ယေဟောဝါ၏ကတိတော်များကို ယုံကြည်ကိုးစားမည်ဆိုလျှင် “ယုံကြည်ခြင်းသင်္ဘောပျက်” စီးခြင်းမှ ကာကွယ်ခံရမည်။ (၁ တိမောသေ ၁:၁၉) သို့ဖြစ်သောကြောင့် ယေဟောဝါပေးမည့် ကောင်းချီးကို အပြည့်အဝယုံကြည်စိတ်ချပြီး ယုံကြည်ခြင်းဖြင့် ဆက်လက်ကျင့်ဆောင်နေရန် သန္နိဋ္ဌာန်ချကြပါစို့။ မဝေးတော့သည့် အနာဂတ်တွင် မလွဲမသွေ ဖြစ်ပျက်လာမည့် အမှုအရာတို့နှင့် ကင်းလွတ်နိုင်ရန် အစဉ်ဆုတောင်းလျက် နေကြပါစို့။—လုကာ ၂၁:၃၆။
၂၀ မျက်မြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ရာတွင် ကျွန်ုပ်တို့အတွက် အကောင်းဆုံး စံနမူနာရှင်တစ်ဦး ရှိသည်။ ‘ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍ ခြေရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ’ ဟုကျမ်းစာကဆိုသည်။ (၁ ပေတရု ၂:၂၁) ကိုယ်တော် ကျင့်ဆောင်ခဲ့သည့်အတိုင်း ကျွန်ုပ်တို့ မည်သို့ဆက်၍ ကျင့်ဆောင်နိုင်သည်ကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။
သင်မှတ်မိသလော
• မျက်မြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ခြင်းနှင့်ပတ်သက်၍ မောရှေနှင့် ဧသောတို့၏ စံနမူနာများမှ အဘယ်အရာ သိရှိခဲ့ရသနည်း။
• ပစ္စည်းဥစ္စာ အဓိကထားခြင်းကိုရှောင်ရန် သော့ချက်မှာ အဘယ်နည်း။
• ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ခြင်းက အဆုံးဝေးသေးသည်ဟူသော အမြင်မျိုးမရှိစေရန် မည်သို့ကူညီပေးသနည်း။
• မျက်မြင်အားဖြင့် ကျင့်ဆောင်ခြင်းက အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
မောရှေသည် ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ခဲ့
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အပန်းဖြေခြင်းက သင့်အား သီအိုကရက်တစ်လုပ်ငန်းများ မလုပ်ဆောင်နိုင်အောင် ဟန့်တားလေ့ရှိသလော
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကို အာရုံစိုက်ခြင်းက သင့်ကို အဘယ်သို့ ကာကွယ်ပေးသနည်း