လူဆိုးများကို ယေဟောဝါ တရားစီရင်တော့မည်
လူဆိုးများကို ယေဟောဝါ တရားစီရင်တော့မည်
“သင်၏ဘုရားသခင်နှင့်တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့။”—အာမုတ် ၄:၁၂။
၁၊ ၂။ ဘုရားသခင်သည် ဆိုးသွမ်းမှုကို အဆုံးတိုင်စေတော့မည်ဖြစ်ကြောင်း အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။
ယေဟောဝါသည် ဤကမ္ဘာမြေပေါ်ရှိ ဆိုးသွမ်းမှုနှင့် ဆင်းရဲဝေဒနာတို့ကို အဆုံးတိုင်စေတော့မည်လော။ ၂၁ ရာစုနှစ်စပိုင်းတွင် ထိုမေးခွန်းသည် ယခင်ကထက် ပို၍သင့်တော်ပေသည်။ နေရာတိုင်း၌ လူသားချင်း စာနာမှုမရှိကြောင်း ကျွန်ုပ်တို့ တွေ့မြင်နေကြရသည်။ ရက်စက်မှု၊ အကြမ်းဖက်မှုနှင့် ဖောက်ပြန်မှုတို့မရှိသည့် ကမ္ဘာကို ကျွန်ုပ်တို့ အမှန်ပင် တမ်းတကြ၏။
၂ သတင်းကောင်းမှာ ယေဟောဝါသည် ဆိုးသွမ်းမှုကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ လုံးလုံးလျားလျား ယုံကြည်စိတ်ချနိုင်ခြင်းဖြစ်၏။ ဘုရားသခင်သည် လူဆိုးတို့အား အရေးယူတော့မည်ကို ကိုယ်တော်၏အရည်အသွေးများက စိတ်ချစေ၏။ ယေဟောဝါသည် ဖြောင့်မတ်ပြီး တရားမျှတ၏။ ဆာလံ ၃၃:၅ အရ ကိုယ်တော်သည် “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏” ဟုသိရှိရသည်။ ဆာလံနောက်တစ်ပုဒ်က “မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို [ယေဟောဝါ၏] ဝိညာဉ်တော်သည် မုန်းတော်မူ၏” ဟုဆိုသည်။ (ဆာလံ ၁၁:၅) ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူသော တန်ခိုးကြီးရှင် ဘုရားသခင် ယေဟောဝါသည် မိမိမုန်းတီးသောအရာကို ထာဝစဉ်ခွင့်ပြုထားမည်မဟုတ်ပေ။
၃။ အာမုတ်ပရောဖက်ပြုချက်ကို ဆက်သုံးသပ်ရာတွင် အဘယ်အရာကို အလေးပေးဖော်ပြမည်နည်း။
၃ ယေဟောဝါသည် ဆိုးသွမ်းမှုကို ဖယ်ရှားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ စိတ်ချနိုင်သည့် နောက်ထပ်အကြောင်းရင်းတစ်ခုကို သုံးသပ်ကြည့်ပါ။ အတိတ်က လူသားတို့ကို ကိုယ်တော်ဆက်ဆံခဲ့သည့် မှတ်တမ်းက ယင်းကို အာမခံ၏။ လူဆိုးတို့နှင့် ယေဟောဝါဆက်ဆံခဲ့သည့် ထူးခြားထင်ရှားသောပုံနမူနာများကို အာမုတ်ကျမ်းက ဖော်ပြသည်။ အာမုတ်ပရောဖက်ပြုချက်ကို ဆက်သုံးသပ်ရာတွင် ဘုရားသခင်တရားစီရင်ခြင်းဆိုင်ရာ အချက်သုံးချက်ကို အလေးပေးဖော်ပြထားကြောင်း တွေ့ရှိရမည်။ ပထမတစ်ချက်မှာ၊ တရားစီရင်ချက်သည် အမြဲမှန်ကန်၏။ ဒုတိယ၊ ရှောင်တိမ်း၍ မရချေ။ တတိယ၊ စိစစ်၍ တရားစီရင်သည်၊ အကြောင်းမှာ ယေဟောဝါသည် လူဆိုးတို့ကို တရားစီရင်သော်လည်း နောင်တရသူ၊ စိတ်ထားမှန်သူများကို ကရုဏာပြတော်မူ၏။—ရောမ ၉:၁၇-၂၆။
ဘုရားသခင်၏တရားစီရင်ချက် အမြဲထိုက်သင့်ရာ
၄။ ယေဟောဝါသည် အဘယ်နေရာသို့ အာမုတ်ကို စေလွှတ်ခဲ့သနည်း၊ အဘယ်ရည်ရွယ်ချက်အတွက်နည်း။
၄ အာမုတ်ခေတ်တွင် ဣသရေလလူမျိုးသည် နှစ်နိုင်ငံအဖြစ် ကွဲနေနှင့်ပြီဖြစ်သည်။ တစ်နိုင်ငံမှာ တောင်ပိုင်းယုဒနှစ်နွယ်နိုင်ငံဖြစ်၏။ နောက်တစ်နိုင်ငံမှာ မြောက်ပိုင်းဣသရေလဆယ်နွယ်နိုင်ငံဖြစ်၏။ ယေဟောဝါသည် အာမုတ်ကို သူ၏ဇာတိ ယုဒနိုင်ငံမှ ဣသရေလနိုင်ငံသို့ စေလွှတ်၍ ပရောဖက်ပြုစေခဲ့သည်။ ထိုတွင် ဘုရားသခင်၏တရားစီရင်ချက်ကို အာမုတ် ကြေညာရမည်ဖြစ်သည်။
၅။ အာမုတ်သည် အဘယ်နိုင်ငံများကို ပထမဦးစွာ ပရောဖက်ပြုခဲ့သနည်း၊ ၎င်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်း ခံထိုက်ရသည့် အကြောင်းရင်းတစ်ချက်ကား အဘယ်နည်း။
၅ အာမုတ်သည် ကလန်ကဆန်ပြုသော မြောက်ပိုင်းဣသရေလနိုင်ငံကို ယေဟောဝါ၏တရားစီရင်ချက် ကြွေးကြော်ခြင်းအားဖြင့် သူ၏လုပ်ငန်းကို စတင်ခဲ့ခြင်းမဟုတ်ချေ။ ယင်းအစား၊ အနီးပတ်ဝန်းကျင်ရှိ ခြောက်နိုင်ငံအပေါ် ဘုရားသခင်၏တရားစီရင်ချက်ကို ကြေညာခြင်းဖြင့် လုပ်ငန်းစတင်ခဲ့၏။ အဆိုပါနိုင်ငံများမှာ ရှုရိ၊ ဖိလိတ္တိ၊ တုရု၊ ဧဒုံ၊ အမ္မုန်၊ မောဘတို့ဖြစ်သည်။ သို့သော် ၎င်းတို့သည် ဘုရားသခင်၏တရားစီရင်ချက် အမှန်ပင် ခံထိုက်သလော။ ဧကန်မုချခံထိုက်၏။ တစ်ချက်အနေနှင့် ၎င်းတို့သည် ကြာမြင့်စွာအချိန်ကတည်းက ယေဟောဝါလူမျိုးတော်၏ ရန်သူများဖြစ်ခဲ့ကြသည်။
၆။ ဘုရားသခင်သည် ရှုရိ၊ ဖိလိတ္တိနှင့် တုရုတို့အပေါ် အဘယ်ကြောင့် ဘေးဆိုးကျရောက်စေတော့မည်နည်း။
၆ ဥပမာ၊ ရှုရိလူတို့သည် “ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့နှင့် ကြိတ်နယ်” သောကြောင့် ယေဟောဝါ ပြစ်တင်ရှုတ်ချခဲ့သည်။ (အာမုတ် ၁:၃) ရှုရိလူတို့သည် ယော်ဒန်မြစ်အရှေ့ဘက် ဣသရေလနိုင်ငံ၏ဒေသတစ်ခုဖြစ်သော ဂိလဒ်ပြည်ကို သိမ်းပိုက်ပြီး ထိုတွင်နေထိုင်သူ ဘုရားသခင့်လူမျိုးတော်ကို အကြီးအကျယ်ဆင်းရဲခက်ခဲစေခဲ့သည်။ ဖိလိတ္တိနှင့် တုရုတို့ကော အသို့နည်း။ ဖိလိတ္တိလူတို့သည် ဣသရေလလူမျိုးကို အဓမ္မခေါ်ဆောင်သွားသည့် သို့မဟုတ် ဖမ်းဆီး၍ ဧဒုံလူတို့ထံရောင်းချသည့် အပြစ်ရှိ၏၊ သို့ဖြင့် ဣသရေလလူအချို့သည် တုရုကျွန်ကုန်ကူးသူများ၏လက်သို့ ကျရောက်ခဲ့ရသည်။ (အာမုတ် ၁:၆၊ ၉) ဘုရားသခင့်လူမျိုးတော်ကို ကျွန်သပေါက်များအဖြစ် ရောင်းချနေကြသည်ကို စဉ်းစားကြည့်ပါ! ထို့ကြောင့် ယေဟောဝါသည် ရှုရိ၊ ဖိလိတ္တိနှင့် တုရုတို့အပေါ် ဘေးဆိုးကျရောက်စေခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။
၇။ ဧဒုံ၊ အမ္မုန်နှင့် မောဘတို့သည် ဣသရေလလူမျိုးနှင့် မည်သို့တော်စပ်ကြသနည်း၊ သို့သော် သူတို့သည် ဣသရေလလူမျိုးကို မည်သို့ဆက်ဆံခဲ့ကြသနည်း။
၇ ဧဒုံ၊ အမ္မုန်နှင့် မောဘလူမျိုးတို့၌ ဣသရေလလူမျိုးနှင့်လည်းကောင်း၊ အချင်းချင်းနှင့်လည်းကောင်း တူညီသောအရာတစ်ခုရှိသည်။ ထိုလူမျိုးသုံးမျိုးစလုံးသည် ဣသရေလလူမျိုးနှင့် ဆွေမျိုးတော်စပ်ကြသည်။ ဧဒုံလူမျိုးသည် ယာကုပ်၏အမြွှာညီနောင် ဧသောမှဆင်းသက်လာသော အာဗြဟံ၏သားစဉ်မြေးဆက်များဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် ဣသရေလလူမျိုး၏ညီအစ်ကိုများဖြစ်ကြသည်။ အမ္မုန်နှင့် မောဘလူမျိုးတို့သည် အာဗြဟံ၏တူ လောတ၏သားစဉ်မြေးဆက်များဖြစ်ကြသည်။ သို့သော် ဧဒုံ၊ အမ္မုန်နှင့် မောဘလူမျိုးတို့သည် သူတို့၏ဆွေမျိုးသားချင်း ဣသရေလလူတို့ကို ညီအစ်ကိုချင်းကဲ့သို့ ဆက်ဆံခဲ့သလော။ ဆက်ဆံဖို့ဝေးစွ! ဧဒုံသည် သူ၏ “ညီအစ်ကို” ကိုသနားကြင်နာမှုကင်းမဲ့စွာ ဓားနှင့်လိုက်၍ အမ္မုန်သည် ဣသရေလသုံ့ပန်းများကို ရက်ရက်စက်စက် ပြုမူဆက်ဆံကြ၏။ (အာမုတ် ၁:၁၁၊ ၁၃) ဘုရားသခင်၏လူမျိုးတော်ကို မောဘလူမျိုးက နှိပ်စက်သည့်အကြောင်း အာမုတ် တိုက်ရိုက်မဖော်ပြသော်လည်း မောဘလူမျိုးသည် ဣသရေလလူမျိုးကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်မှာ ကြာမြင့်ပြီ။ သို့ဖြစ်၍ ဆွေမျိုးတော်စပ်သည့် အဆိုပါလူမျိုးသုံးမျိုးကို ပြင်းထန်စွာ အပြစ်ပေးရလိမ့်မည်။ ယေဟောဝါသည် သူတို့ကို မီးဖြင့်ဖျက်ဆီးပါလိမ့်မည်။
ဘုရားသခင်၏တရားစီရင်ချက်ကို ရှောင်တိမ်း၍မရ
၈။ ဣသရေလနိုင်ငံအနီးရှိ ခြောက်နိုင်ငံသည် ဘုရားသခင်၏တရားစီရင်ချက်များကို အဘယ်ကြောင့် မရှောင်တိမ်းနိုင်ခဲ့ကြသနည်း။
၈ အာမုတ်ပရောဖက်ပြုချက်၏ အစပိုင်းတွင်ဖော်ပြထားသော ထိုခြောက်နိုင်ငံသည် ဘုရားသခင်၏တရားစီရင်ခြင်းကို ခံထိုက်သည်မှာ သေချာ၏။ ထို့ပြင် ထိုတရားစီရင်ခြင်းကို သူတို့ မခံရဘဲနေရစရာအကြောင်းမရှိချေ။ အာမုတ်ကျမ်းအခန်းကြီး ၁၊ အခန်းငယ် ၃ မှအခန်းကြီး ၂၊ အခန်းငယ် ၁ အထိ ယေဟောဝါက “ငါသည် ဒဏ်မပေးဘဲမနေ” ဟုခြောက်ကြိမ်မိန့်ဆို၏။ ကိုယ်တော်၏စကားတော်နှင့်အညီ အဆိုပါနိုင်ငံများကို တရားစီရင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုနိုင်ငံအသီးသီးအပေါ် ဘေးဆိုးကျရောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းက သက်သေထူ၏။ နောက်ဆုံးတွင် ၎င်းတို့မှ အနည်းဆုံး လေးနိုင်ငံဖြစ်သည့် ဖိလိတ္တိ၊ မောဘ၊ အမ္မုန်နှင့် ဧဒုံတို့သည် လုံးဝပျောက်ကွယ်သွားလေသည်!
၉။ ယုဒနိုင်ငံသားများသည် အဘယ်အရာ ခံထိုက်သနည်း၊ အဘယ်ကြောင့်နည်း။
၉ ထို့နောက် အာမုတ်၏ပရောဖက်ပြုချက်က သတ္တမမြောက်နိုင်ငံဖြစ်သည့် သူ၏နေရင်းပြည် ယုဒနိုင်ငံကို အလေးပေးဖော်ပြခဲ့သည်။ မြောက်ပိုင်းဣသရေလနိုင်ငံရှိ အာမုတ်၏ပရောဖက်ပြုချက်ကို နားဆင်နေသူများသည် ယုဒနိုင်ငံအပေါ် ကျရောက်မည့် တရားစီရင်ချက်အကြောင်း ကြားရသည့်အခါ အံ့အားသင့်ကြပေမည်။ ယုဒနိုင်ငံသားများသည် အဘယ်ကြောင့် တရားစီရင်ခြင်းခံထိုက်သနည်း။ ‘ယေဟောဝါစီရင်တော်မူချက်တို့ကို မစောင့်’ သောကြောင့်ဖြစ်သည်ဟု အာမုတ် ၂:၄ ကဆို၏။ ယေဟောဝါသည် မိမိ၏ပညတ်တရားကို ဤသို့တမင်တကာမလိုက်လျှောက်ခြင်းကို ဥပေက္ခာမပြုနိုင်ချေ။ အာမုတ် ၂:၅ အရ ကိုယ်တော် ဤသို့ ကြိုဟောခဲ့သည်– “ယုဒပြည်အပေါ်သို့ မီးကိုလွှတ်၍ ယေရုရှလင်မြို့၏[ဝတ်ပြုရာအိမ်တော်]တို့ကို လောင်စေမည်။”
၁၀။ ယုဒနိုင်ငံသည် ဘေးဆိုးမှ အဘယ်ကြောင့် မလွတ်မြောက်နိုင်ခဲ့သနည်း။
၁၀ သစ္စာမဲ့ယုဒနိုင်ငံသည် ကျရောက်တော့မည့်ဘေးဆိုးမှ မလွတ်မြောက်နိုင်ခဲ့ချေ။ ယေဟောဝါသည် ခုနစ်ကြိမ်တိုင် ဤသို့မိန့်ဆိုခဲ့၏– “ငါသည် ဒဏ်မပေးဘဲမနေ။” (အာမုတ် ၂:၄) ဘီ.စီ.အီး. ၆၀၇ ခုနှစ်၌ ယုဒနိုင်ငံကို ဗာဗုလုန်လူမျိုး ဖျက်ဆီးချိန်တွင် ကြိုတင်ဟောထားသောအပြစ်ဒဏ်ကို သူတို့ခံခဲ့ရ၏။ လူဆိုးများသည် ဘုရားသခင်၏တရားစီရင်ခြင်းမှ မလွတ်ခဲ့ကြောင်း ဤတွင် တစ်ဖန် သိရှိရပြန်၏။
၁၁-၁၃။ အာမုတ်သည် အဘယ်နိုင်ငံအကြောင်း အထူးသဖြင့် ပရောဖက်ပြုခဲ့သနည်း၊ ထိုအချိန်က အဘယ်ဖိနှိပ်ချုပ်ချယ်မှုများ ရှိခဲ့သနည်း။
၁၁ ယေဟောဝါသည် ခုနစ်နိုင်ငံကို တရားစီရင်တော့မည့်အကြောင်း ပရောဖက်အာမုတ် ကြေညာပြီးခါစရှိသေးသည်။ သို့သော် အာမုတ် ပရောဖက်ပြုစရာအကြောင်း မရှိတော့ဟု တစ်ဦးတစ်ယောက်က ယူဆခဲ့လျှင် မှားသွားလိမ့်မည်။ ပရောဖက်ပြုစရာများစွာ ကျန်ရှိသေးသည်! သူသည် မြောက်ပိုင်းဣသရေလနိုင်ငံကို တရားစီရင်မည့်အကြောင်း ခါးခါးသီးသီးကြေညာရန် အထူးတာဝန်အပ်နှင်းခံခဲ့ရသည်။ ဣသရေလနိုင်ငံသည် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးယိုယွင်းပျက်ပြားမှုတို့ကြောင့် ဘုရားသခင်၏တရားစီရင်ခြင်းကို ခံထိုက်၏။
၁၂ အာမုတ်၏ပရောဖက်ပြုချက်က ဣသရေလနိုင်ငံတွင် ပြုလေ့ပြုထရှိသော ဖိနှိပ်ချုပ်ချယ်မှုကို ဖော်ထုတ်သည်။ ယင်းနှင့်စပ်လျဉ်း၍ အာမုတ် ၂:၆-၈ တွင်ဤသို့ဖတ်ရသည်– ‘တစ်ဖန် ယေဟောဝါမိန့်တော်မူသည်ကား ဣသရေလအမျိုးသည် ဖြောင့်မတ်သောသူကို ငွေနှင့်လည်းကောင်း၊ ဆင်းရဲသောသူကို ခြေနင်းတစ်ရန်နှင့်လည်းကောင်း ရောင်းသောအပြစ်၊ ဆင်းရဲသောသူတို့၏ခေါင်းကို မြေမှုန့်နှင့်ဖုံးလွှမ်းစေခြင်းငှာ အလွန်အလိုကြီး၍ နှိမ့်ချသောသူကို မတရားသဖြင့်စီရင်သော အပြစ်သုံးပါးမက အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။’
၁၃ ဖြောင့်မတ်သောသူများကို “ငွေနှင့်” ရောင်းခြင်းဟူသည် တံစိုးလက်ဆောင်အဖြစ် ငွေလက်ခံသော တရားသူကြီးများက အပြစ်မဲ့သူများအား အပြစ်ဒဏ်စီရင်နေကြကြောင်းကို ဆိုလိုနိုင်ဖွယ်ရှိ၏။ ကြွေးရှင်များသည် အကြွေးအနည်းငယ်အတွက် “ခြေနင်းတစ်ရန်” ၏တန်ဖိုးနှင့် ဆင်းရဲသားများကို ကျွန်သပေါက်အဖြစ် ရောင်းခဲ့ကြသည်။ “ဆင်းရဲသောသူတို့” သည် ဆင်းရဲဝေဒနာ၊ ဝမ်းနည်းပူဆွေးခြင်း၊ အရှက်တကွဲအကျိုးနည်းရခြင်း အမှတ်အသားအဖြစ် သူတို့ခေါင်းပေါ် မြေမှုန့်နှင့်ဖုံးလွှမ်းစေမည့် အဖြစ်မျိုးသို့ရောက်ရသည့်အထိ အကြင်နာကင်းမဲ့သူတို့သည် “အလွန်အလိုကြီး” ငမ်းငမ်းတက်ဖြစ်နေကြသည်။ “နှိမ့်ချသောသူ” များ တရားမျှတခြင်းကို ရှာမတွေ့နိုင်တော့သည့်အထိ ဤမျှအကျင့်ပျက်ပြားခဲ့ကြ၏။
၁၄။ ဣသရေလဆယ်နွယ်နိုင်ငံတွင် မည်သူတို့သည် မတရားဖိနှိပ်ခံနေကြရသနည်း။
၁၄ မတရားဖိနှိပ်ခံရသူများကို သတိပြုပါ။ သူတို့သည် ဖြောင့်မတ်၊ ဆင်းရဲ၊ နှိမ့်ချသော နိုင်ငံသားများဖြစ်ကြသည်။ ဣသရေလလူမျိုးနှင့် ယေဟောဝါဖွဲ့ထားသော ပညတ်ပဋိညာဉ်က အားနည်းပြီး ဆင်းရဲသူများကို သနားကြင်နာမှုပြရန် တောင်းဆိုသည်။ သို့သော် ဣသရေလဆယ်နွယ်နိုင်ငံရှိ ဤသို့သောသူများ၏အခြေအနေသည် အလွန်အလွန့်ဆိုးရွားနေ၏။
“သင်၏ဘုရားသခင်နှင့်တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့”
၁၅၊ ၁၆။ (က) “သင်၏ဘုရားသခင်နှင့်တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့” ဟူ၍ ဣသရေလလူမျိုး အဘယ်ကြောင့် သတိပေးခံခဲ့ရသနည်း။ (ခ) လူဆိုးတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းကို မရှောင်တိမ်းနိုင်ကြောင်း အာမုတ် ၉:၁၊ ၂ ကမည်သို့ဖော်ပြသနည်း။ (ဂ) ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် ဣသရေလဆယ်နွယ်နိုင်ငံသည် မည်သို့ဖြစ်သွားသနည်း။
၁၅ ဣသရေလနိုင်ငံတွင် အကျင့်ယိုယွင်းမှုနှင့် တခြားအပြစ်များ ပြုနေကြသောကြောင့် ပုန်ကန်လိုသောထိုနိုင်ငံကို ပရောဖက်အာမုတ် ဤသို့သတိပေးခြင်းသည် အကြောင်းကောင်းရှိ၏– “သင်၏ဘုရားသခင်နှင့်တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့။” (အာမုတ် ၄:၁၂) ယေဟောဝါက “ငါသည် ဒဏ်မပေးဘဲမနေ” ဟုရှစ်ကြိမ်မြောက် ကြေညာလိုက်ပြန်ရာ တည်ကြည်မှုမရှိသော ဣသရေလလူမျိုးသည် ကျရောက်လာတော့မည့် ဘုရားသခင်၏တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။ (အာမုတ် ၂:၈) ပုန်းရှောင်ရန် ကြိုးစားနေကြမည့် လူဆိုးများနှင့်စပ်လျဉ်း၍ ဘုရားသခင်က ဤသို့မိန့်ဆိုခဲ့၏– “ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကိုမတွေ့ရ။ မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနုတ်ယူမည်။ မိုးကောင်းကင်သို့တက်သော်လည်း ငါချမည်။”—အာမုတ် ၉:၁၊ ၂။
၁၆ လူဆိုးတို့သည် “မရဏာနိုင်ငံတိုင်အောင်” တွင်းတူးခြင်းကို တင်စားသည့် မြေကြီးထဲ တွင်းနက်တူး၍ ပုန်းရှောင်ရန် ကြိုးစားသော်လည်း ယေဟောဝါ၏တရားစီရင်ချက်မှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။ “မိုးကောင်းကင်သို့” တက်ခြင်းဟုဆိုသည့် မြင့်မားသောတောင်များပေါ် ခိုလှုံရာရှာတွေ့ရန် ကြိုးစားသော်လည်း ဘုရားသခင်၏စီရင်ချက်ကို ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။ ယေဟောဝါ၏သတိပေးချက်သည် ရှင်းလင်းပြတ်သားသည်– ကိုယ်တော်မရောက်ရှိနိုင်သည့်အထိ ပုန်းရှောင်ရာနေရာမရှိချေ။ ဘုရားသခင်သည် တရားမျှတသောကြောင့် ဣသရေလနိုင်ငံရှိ ဆိုးညစ်သူများ၏ အပြုအမူများအတွက် စာရင်းရှင်းရမည်ဖြစ်သည်။ စာရင်းရှင်းရမည့်အချိန် ရောက်ရှိလာခဲ့သည်။ အာမုတ်၏ပရောဖက်ပြုချက်ကို မှတ်တမ်းတင်ပြီး အနှစ် ၆၀ ခန့်အကြာ ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် ဣသရေလနိုင်ငံသည် အာရှုရိလက်သို့ ကျရောက်ခဲ့လေသည်။
စိစစ်၍ ဘုရားသခင် တရားစီရင်
၁၇၊ ၁၈။ အာမုတ်ကျမ်းအခန်းကြီး ၉ သည် ဘုရားသခင့်ကရုဏာတော်အကြောင်း မည်သို့ဖော်ပြသနည်း။
၁၇ ဘုရားသခင်၏ တရားစီရင်ချက်သည် အမြဲထိုက်သင့်ရာဖြစ်ပြီး ၎င်းမှ မလွတ်မြောက်နိုင်ဟု အာမုတ်၏ပရောဖက်ပြုချက်က ကျွန်ုပ်တို့အား သိမြင်စေသည်။ သို့သော် ယေဟောဝါသည် စိစစ်၍ တရားစီရင်တော်မူကြောင်းလည်း အာမုတ်ကျမ်းက ဖော်ပြ၏။ လူဆိုးတို့သည် အဘယ်နေရာတွင် ပုန်းရှောင်နေပါစေ သူတို့ကို ဘုရားသခင် တွေ့မြင်ပြီး တရားစီရင်နိုင်၏။ ကိုယ်တော် ကရုဏာပြလိုသည့် နောင်တရသူများနှင့် ဖြောင့်မတ်သူများကိုလည်း ရှာတွေ့နိုင်သည်။ အာမုတ်ကျမ်း၏ နောက်ဆုံးအခန်းကြီးတွင် ၎င်းကို အလေးပေးဖော်ပြထားသည်။
၁၈ အာမုတ်ကျမ်းအခန်းကြီး ၉၊ အခန်းငယ် ၈ အရ ယေဟောဝါက “ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီး” ဟုမိန့်တော်မူ၏။ အခန်းငယ် ၁၃ မှ ၁၅ တွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို “တစ်ဖန် ငါဆောင်ခဲ့” ဦးမည်ဟု ကတိပြုခဲ့သည်။ သူတို့သည် ကရုဏာပြခံရပြီး လုံခြုံချမ်းသာကြပါလိမ့်မည်။ ‘လယ်ထွန်သောသူသည် စပါးရိတ်သောသူကို မီလိမ့်မည်’ ဟု ယေဟောဝါ ကတိပြုတော်မူ၏။ နောက်တစ်ကြိမ် ထွန်ယက်မျိုးကြဲချိန်တွင် ရိတ်သိမ်း၍မပြီးပြတ်နိုင်သေးသည့်အထိ ရိတ်သိမ်းစရာ ဤမျှများပြားသည်ကို မြင်ယောင်ကြည့်လိုက်ပါ!
၁၉။ ဣသရေလနှင့် ယုဒအကြွင်းအကျန်သည် မည်သို့ဖြစ်ပျက်ခဲ့သနည်း။
၁၉ ယုဒနှင့် ဣသရေလနိုင်ငံတို့ရှိ လူဆိုးတို့ကို ယေဟောဝါတရားစီရင်ရာတွင် နောင်တရသူများနှင့် စိတ်ထားမှန်သူများကို ကရုဏာပြတော်မူခဲ့ရာ ကိုယ်တော်သည် စိစစ်၍ တရားစီရင်သည်ဟု ဆိုနိုင်၏။ အာမုတ်ကျမ်းအခန်းကြီး ၉ တွင်မှတ်တမ်းတင်ထားသော ပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်ပြည့်စုံသည့်အခါ နောင်တရကြသော ဣသရေလနှင့် ယုဒအကြွင်းအကျန်သည် ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ဗာဗုလုန်၏ချုပ်နှောင်မှုအောက်မှ လွတ်မြောက်လာခဲ့ကြသည်။ သူတို့မြတ်နိုးသော နေရင်းတိုင်းပြည်သို့ ပြန်ရောက်လာပြီး စင်ကြယ်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခဲ့ကြ၏။ လုံခြုံစိတ်ချရသော အခြေအနေမျိုးတွင်လည်း သူတို့၏အိမ်များကို ဆောက်ပြီး စပျစ်ခြံများနှင့် ဥယျာဉ်များကို စိုက်ပျိုးခဲ့ကြသည်။
ယေဟောဝါ ပြစ်ဒဏ်စီရင်တော့မည်!
၂၀။ အာမုတ်ကြေညာသော တရားစီရင်ခြင်းသတင်းတရားတို့ကို ကျွန်ုပ်တို့ သုံးသပ်ခြင်းက အဘယ်အရာကို စိတ်ချစေသင့်သနည်း။
၂၀ အာမုတ်ကြေညာခဲ့သည့် ဘုရားသခင်၏တရားစီရင်ခြင်းသတင်းတရားကို ကျွန်ုပ်တို့ သုံးသပ်ခြင်းက ကျွန်ုပ်တို့ခေတ်ရှိ ဆိုးသွမ်းမှုကို ယေဟောဝါ အဆုံးတိုင်စေတော့မည်ဟု စိတ်ချစေသင့်သည်။ ၎င်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။ ပထမတစ်ချက်အနေနှင့် အတိတ်မှ လူဆိုးများကို ဘုရားသခင်စီရင်ခဲ့ပုံက ကျွန်ုပ်တို့ခေတ်တွင် ကိုယ်တော် မည်သို့ပြုမူမည်ကို ဖော်ပြ၏။ ဒုတိယကား၊ ဖောက်ပြန်သည့် ဣသရေလနိုင်ငံကို ဘုရားသခင် တရားစီရင်ခဲ့ခြင်းက မှောက်မှားသောဘာသာရေး ကမ္ဘာ့အင်ပါယာ ‘မဟာဗာဗုလုန်’ ၏အပြစ်တင်အထိုက်ဆုံး ခရစ်ယာန်ဘောင်ကို ဘုရားသခင် ဖျက်ဆီးတော့မည်ဖြစ်ကြောင်း စိတ်ချစေသည်။—ဗျာ. ၁၈:၂။
၂၁။ ခရစ်ယာန်ဘောင်သည် ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်းကို အဘယ်ကြောင့် ခံထိုက်သနည်း။
၂၁ ခရစ်ယာန်ဘောင်သည် ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်း ခံထိုက်ကြောင်း ထင်ရှား၏။ သူ၏အလွန်ဆိုးရွားလှသည့် ဘာသာရေးနှင့် ကိုယ်ကျင့်တရား အခြေအနေများက စီရင်ခံထိုက်ကြောင်း ဖော်ပြနေသည်။ ခရစ်ယာန်ဘောင်နှင့် စာတန်၏ကျန်ရှိသည့်လောကသည် ယေဟောဝါ၏တရားစီရင်ခြင်း ခံထိုက်၏။ ရှောင်တိမ်း၍လည်း ရနိုင်မည်မဟုတ်၊ အကြောင်းမှာ တရားစီရင်ချိန်ရောက်သည့်အခါ အာမုတ်ကျမ်းအခန်းကြီး ၉၊ အခန်းငယ် ၁ ပါဤစကားများပြည့်စုံလာလိမ့်မည်– “ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကိုမတွေ့ရ။” မှန်ပါသည်၊ လူဆိုးများ အဘယ်နေရာတွင် ပုန်းနေပါစေ၊ သူတို့ကို ယေဟောဝါ ရှာတွေ့တော်မူလိမ့်မည်။
၂၂။ ၂ သက်သာလောနိတ် ၁:၆-၈ တွင်ဘုရားသခင်၏တရားစီရင်ခြင်းနှင့်စပ်လျဉ်း၍ အဘယ်အချက်များကို ရှင်းပြထားသနည်း။
၂၂ ဘုရားသခင်၏တရားစီရင်ခြင်းသည် အမြဲထိုက်သင့်ရာဖြစ်သည်၊ ယင်းကို ရှောင်တိမ်း၍လည်းမရ၊ စိစစ်၍ တရားစီရင်၏။ ယင်းကို တမန်တော်ပေါလု၏ ဤစကားကဖော်ပြသည်– “သခင်ယေရှုခရစ်သည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ သင်တို့ကို ဆင်းရဲစေဖူးသောသူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုလည်းကောင်း ဘုရားသခင်ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။” (၂ သက်သာလောနိတ် ၁:၆-၈) ကိုယ်တော်၏ဝိညာဉ်တော်ဖွားများအား ဆင်းရဲစေသည့်အတွက် တရားစီရင်ခြင်းခံထိုက်သူများကို “ဘုရားသခင်ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။” ထိုတရားစီရင်ချက်ကို ရှောင်တိမ်း၍မရ၊ အကြောင်းမှာ ‘ယေရှုသည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ မီးလျှံအားဖြင့် ပေါ်ထွန်းတော်မူ’ သည့်အခါ လူဆိုးများသည် လွတ်မြောက်လိမ့်မည်မဟုတ်။ ယေရှုသည် “ဘုရားသခင်ကို မသိသောသူ၊ . . . ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို” အရေးယူမည်ဖြစ်ရာ ဘုရားသခင်၏တရားစီရင်ချက်သည် စိစစ်၍ စီရင်ကြောင်းထင်ရှားလိမ့်မည်။ ဆင်းရဲဝေဒနာခံရသော ဘုရားသခင်အား ကြောက်ရွံ့သူများသည် ကိုယ်တော်၏တရားစီရင်ခြင်းကြောင့် စိတ်ချမ်းသာကြလိမ့်မည်။
ဖြောင့်မတ်သူများအတွက် မျှော်လင့်ချက်
၂၃။ အာမုတ်ကျမ်းမှ အဘယ်မျှော်လင့်ချက်နှင့် စိတ်သက်သာမှု ရရှိနိုင်သနည်း။
၂၃ အာမုတ်၏ပရောဖက်ပြုချက်တွင် စိတ်ရင်းမှန်သူများအတွက် အလွန်ကောင်းသည့် မျှော်လင့်ချက်နှင့် စိတ်သက်သာစေသော သတင်းတရားပါရှိ၏။ အာမုတ်ကျမ်း၌ ကြိုဟောထားသည့်အတိုင်း ယေဟောဝါသည် ရှေးခေတ်က မိမိ၏လူမျိုးတော်ကို ရှင်းရှင်းမဖျက်ဆီးခဲ့ချေ။ နောက်ဆုံးတွင် ကိုယ်တော်သည် ဣသရေလနှင့် ယုဒကျွန်သပေါက်များကို ပြန်စုသိမ်းကာ သူတို့၏နေရင်းပြည်သို့ ပို့ဆောင်၍ လုံခြုံစိတ်ချပြီး ချမ်းသာကြွယ်ဝစေခြင်းဖြင့် ကောင်းချီးပေးခဲ့၏။ ယင်းသည် ကျွန်ုပ်တို့ခေတ်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယေဟောဝါသည် တရားစီရင်ချိန်တွင် လူဆိုးတို့အဘယ်နေရာတွင်ပင် ပုန်းနေကြပါစေ ရှာတွေ့မည်ဖြစ်ပြီး ကိုယ်တော်၏ကရုဏာခံထိုက်သူများလည်း ဤကမ္ဘာမြေ၏ အဘယ်နေရာတွင်ပင် နေထိုင်ပါစေ ရှာတွေ့နိုင်သည်ကို စိတ်ချစေ၏။
၂၄။ ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များသည် အဘယ်နည်းများဖြင့် ကောင်းချီးရနေကြသနည်း။
၂၄ လူဆိုးတို့ကို ယေဟောဝါတရားစီရင်တော့မည့်အချိန်ကို ကျွန်ုပ်တို့ စောင့်မျှော်နေကြစဉ် ကိုယ်တော်၏တည်ကြည်သော ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့ အဘယ်အရာ တွေ့ကြုံရသနည်း။ ကျွန်ုပ်တို့ကို ဝိညာဉ်ရေးကြွယ်ဝချမ်းသာမှု အလျှံပယ်ဖြင့် ယေဟောဝါ ကောင်းချီးပေးနေ၏။ ခရစ်ယာန်ဘောင်၏ မှားယွင်းသောသွန်သင်ချက်များကြောင့် ဖြစ်ပေါ်လာသည့် လိမ်လည်မှုနှင့် အထင်မှားမှုတို့မရှိသည့် ဝတ်ပြုကိုးကွယ်ရေးတွင် ကျွန်ုပ်တို့ ပျော်မွေ့နေကြသည်။ ထို့ပြင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအစာ အလျှံပယ်ကျွေးမွေးတော်မူသည်။ သို့သော် ယေဟောဝါထံမှရရှိသော အဆိုပါကောင်းချီးများနှင့်အတူ ကြီးမားသောတာဝန်တစ်ခု ဒွန်တွဲလိုက်ပါလာသည်ကို သတိရပါ။ ဘုရားသခင်သည် ကျရောက်လာတော့မည့် တရားစီရင်ခြင်းအကြောင်း အခြားသူများကို သတိပေးစေလိုသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့အားလုံးသည် “ထာဝရအသက်ကို တလိုတလားရှိသူ” များအား ရှာတွေ့ရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်လိုကြ၏။ (တမန်တော် ၁၃:၄၈၊ ကဘ) မှန်ပါသည်၊ ယခု ကျွန်ုပ်တို့ပျော်မွေ့နေကြရသည့် ဝိညာဉ်ရေးချမ်းသာကြွယ်ဝမှုကို တတ်နိုင်သလောက် လူများများကို ဝေမျှပေးလိုကြ၏။ ထို့ပြင် လူဆိုးတို့အပေါ် ကျရောက်တော့မည့် ဘုရားသခင်၏တရားစီရင်ခြင်းမှ သူတို့ကို လွတ်မြောက်စေလိုသည်။ အဆိုပါကောင်းချီးများကို ဝေမျှရန် ကျွန်ုပ်တို့တွင် စိတ်ရင်းမှန်ရှိရမည်ဖြစ်သည်။ နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့ တွေ့ရှိရမည့်အတိုင်း အာမုတ်၏ပရောဖက်ပြုချက်က ယင်းကိုလည်း အလေးပေးဖော်ပြထားသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ယေဟောဝါ၏ပြစ်ဒဏ်စီရင်ခြင်းသည် အမြဲထိုက်သင့်ရာ ဖြစ်ကြောင်း အာမုတ်၏ပရောဖက်ပြုချက်က မည်သို့ ဖော်ပြသနည်း။
• အာမုတ်သည် ဘုရားသခင်၏တရားစီရင်ခြင်းကို ရှောင်တိမ်း၍မရနိုင်ကြောင်း အဘယ်အထောက်အထားပြသ,သနည်း။
• ဘုရားသခင်သည် စိစစ်၍ တရားစီရင်ကြောင်း အာမုတ်ကျမ်းက မည်သို့ဖော်ပြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ဣသရေလနိုင်ငံသည် ဘုရားသခင်၏တရားစီရင်ချက်မှ မလွတ်မြောက်ခဲ့
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ဣသရေလနှင့် ယုဒအကြွင်းအကျန်သည် ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်ခဲ့